ရေရှားပါးမှုနှင့် ပတ်သက်သည့် စိတ်ဝင်စားဖွယ် အချက်(၁၀)ချက်

Myanmar-Water-Portal

သန့်ရှင်းသော ရေရှိမှုသည် အထူးအခွင့်အရေး ရယူခြင်းတစ်ခု မဟုတ်ပေ။ ၎င်းသည် မဖြစ်မနေလိုအပ်ချက်တစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့ကမ္ဘာကြီး၏ အစိတ်အပိုင်း တော်တော်များများကို ရေထုဖြင့် လွှမ်းခြုံထားသော်လည်း ထိုရေအများစုမှာ လူသားများ သောက်သုံးရန်အတွက် မသင့်တော်ပေ။ World Widlife Federation ၏ အဆိုအရ ကမ္ဘာ့ရေထု၏ ၃ရာခိုင်နှုန်းမျှကသာ ရေချိုအရင်းအမြစ်ဖြစ်ပြီး ပိုပြီးထင်ရှားသည်မှာ ထိုသန့်ရှင်းသော ရေ၏ ၃ပုံ၂ပုံမှာလည်း အလွယ်တကူရရှိရန် မဖြစ်နိုင်ပေ။ ရေချိုရင်းမြစ်အများစုမှာ ဝင်ရိုးစွန်းရှိ ရေခဲတောင်များ နှင့် ရေခဲမြစ်များ အတွင်းတွင်တည်ရှိနေပါသည်။

Healing Waters ကဲ့သို့သော အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များ မရှိပါက ရေရှားပါးမှုသည် လူသားများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ နောက် ၅နှစ်မှ ၁၀နှစ်အတွင်း ရေရှားပါးမှုသည် ကမ္ဘာ့လူဦးရေ၏ ၃ပုံ၂ပုံကို ဆိုးရွားစွာ သက်ရောက်လာစေနိုင်ပါသည်။ အောက်တွင် ရေနှင့် ပတ်သက်၍ ထိတ်လန့်ဖွယ် အချက်(၁၀)ချက်နှင့် ရေရှားပါးမှုသည် ဘာကြောင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်နေသည်ကို ဖော်ပြပါမည်။

(၁) သန့်စင်သော ရေရှားပါးမှုကြောင့် ကလေးသူငယ်များ သေဆုံးမှုနှုန်းများ မြင့်တက်ခြင်း

နှစ်စဉ် ၅နှစ်အောက် ကလေးသူငယ်ပေါင်း ၄၄၆,၀၀၀ခန့်သည် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးနေကြသည်။ ထိုကလေးအများစုသည် ဝင်ငွေ အလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံများမှဖြစ်ကြပြီး သန့်ရှင်းကောင်းမွန်သော ရေအရင်းအမြစ်များကို မရရှိကြပါ။ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေနိုင်သည့် ဘေးကင်းမှုမရှိသော ရေများသည် ကလေးများ မသောက်သုံးခင်ကပင် ညစ်ညမ်းခံရပြီး ဖြစ်နေပါသည်။ ဝမ်းပျက်ရောဂါကြောင့် ကလေးများ သေဆုံးနှုန်းသည် ငှက်ဖျား၊ ဝက်သက်နှင့် AIDS တို့ကြောင့် ကလေးများ သေဆုံးမှုနှုန်းပေါင်းထက်များနေပါသည်။ ဝမ်းပျက်ရောဂါနှင့် ဆက်စပ်သော ရောဂါများတွင် ကာလဝမ်းရောဂါနှင့် သွေးဝမ်းသွားရောဂါများလည်း ပါဝင်ပါသည်။ ဘေးကင်းသော စိတ်ချရသော ရေသန့်စင်မှုများ မရှိပါက မစင်ကဲ့သို့သော အညစ်အကြေးများသည် ရေအရင်းအမြစ်များ အတွင်းသို့ ဝင်ရောက်လာနိုင်မှာဖြစ်ပါသည်။

(၂) အခြေခံ မိလ္လာနှင့် ရေဆိုးစနစ်သည် ကမ္ဘာ့လူဉီးရေ၏ ၂၁%အပေါ် သက်ရောက်နေခြင်း 

နိုင်ငံတော်တော်များများတွင် နိုင်ငံသားများအတွက် အခြေခံ မိလ္လာနှင့် ရေဆိူးစနစ် ထောက်ပံ့ခြင်းများနှင့် ပတ်သက်၍ ကြီးမားပြင်းထန်သော ပြဿနာများကို ရင်ဆိုင်နေရပါသည်။ ခန့်မှန်းခြေလူပေါင်း ၁.၇ ဘီလီယံခန့်သည် အခြေခံ မိလ္လာနှင့် ရေဆိုးစနစ်အတွက် လိုအပ်သော ဝန်ဆောင်မှုများနှင့် အသုံးအဆောင်များ မရရှိကြပေ။ ၎င်းသည် ကမ္ဘာ့လူဉီးရေ၏ ၂၁% နီးပါးဖြစ်သည်။ အခြေခံ မိလ္လာနှင့် ရေဆိုးစနစ်ဆိုသည်မှာ လူများ၏ အညစ်အကြေးစွန့်ပစ်မှုဆိုင်ရာ အသုံးအဆောင်များနှင့် ပုံမှန်သိမ်းဆည်းပေးခြင်း စနစ်များရှိသည့် သန့်ရှင်းကောင်းမွန်သော နေရာတွင် လူသားများနေထိုင်နိုင်ခြင်းကို ဆိုလိုသည်။

(၃) ကလေးသူငယ်အာဟာရချို့တဲ့မှု၏ ၅၀%သည် မသန့်ရှင်းသော ရေများနှင့် ချိတ်ဆက်နေခြင်း

လူတစ်ဦး၏ အစားအစာ စားသောက်မှုတွင် လုံလောက်သော အာဟာရဓာတ်များ မရရှိပါက အာဟာရချို့တဲ့မှု (Malnutrition) ဖြစ်ပေါ်လာပါသည်။ မသန့်ရှင်းသော ရေကြောင့် ကလေးတွင် ဝမ်းရောဂါဖြစ်သည့်အခါ ကြီးထွားဖွံ့ဖြိုးရန် လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များကို မစုပ်ယူနိုင်တော့ပေ။ အာဟာရချို့တဲ့သော ကလေးများသည် သက်တူရွယ်တူ ကျန်းမာသော ကလေးများနှင့် နှိုင်းယှဉ်လိုက်ပါက ပိုပိန်ပြီး ပိုပုနေတတ်သည်။ ထို့အပြင် ခုခံအားနည်းခြင်းနှင့် ရောဂါကူးစက်ခံရနိုင်မှု မြင့်မားခြင်းများလည်း ဖြစ်ပေါ်နိုင်သည်။ ထိုကလေးများသည် အရိုးများ ပိုမိုပျော့နေခြင်းကြောင့် အရိုးကျိုးခြင်းများလည်း ပိုမိုဖြစ်ပေါ်စေနိုင်သည်။

(၄) ကောင်းမွန်သော ရေနှင့် မိလ္လာစနစ်သည် ကုန်ထုတ်စွမ်းအား တိုးတက်စေခြင်း

ရေနှင့် မိလ္လာစနစ်အတွက် ရင်းနှိးမြှုပ်နှံမှုများသည် လူထုနှင့် ပြည်တွင်းစီးပွားရေးများကို တိုးတက်စေနိုင်သည်။ ေရေနှင့် မိလ္လာစနစ်အတွက် ၁ ဒေါ်လာ ရင်းနှိးမြှုပ်နှံပါက အနည်းဆုံး ပျှမ်းမျှ ၄ ဒေါ်လာခန့်ကို ကုန်ထုတ်စွမ်းအားတိုးလာခြင်းမှတစ်ဆင့် ပြန်လည်ရရှိနိုင်ပါသည်။ သန့်ရှင်းသောရေ မရရှိပါက အလုပ်သမားများသည် ဖျားနာနိုင်ပြီး အိမ်မှာနေ၍ အလုပ်ပျက်ရနိုင်သည်။ ကလေးငယ်များကလည်း မသန့်ရှင်းသော ရေများကြောင့် ဖျားနာနိုင်ပြီး ထိုကလေးများကို ပြုစုရန် မိဘများ အနေဖြင့် အလုပ်မသွားနိုင်ဘဲ အိမ်မှာနေ၍ ပြုစုရခြင်းများလည်း ရှိမည်ဖြစ်သည်။ ပိုမိုကောင်းမွန်သော ရေနှင့် မိလ္လာစနစ်သာရှိပါက တစ်နှစ်လျှင် အလုပ်လုပ်ရန်နှင့် ကျောင်းသွားရန် အချိန်ပို နာရီ၁,၀၀၀ခန့် ပိုမိုရရှိနိုင်ကြောင်း လေ့လာမှုများက ဖော်ပြလျက်ရှိသည်။

(၅) မသန့်ရှင်းသော ရေများကြောင့် နှစ်စဉ်သေဆုံးမှုပေါင်း ၈၂၉,၀၀၀ခန့် ဖြစ်ပေါ်နေခြင်း

မသန့်ရှင်းသောရေ၊ မိလ္လာစနစ်မလုံလောက်မှု နှင့် တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်းကြောင့် ဖြစ်သော ကျန်းမာရေး အခြေအနေများကြောင့် နှစ်စဉ် ကလေးနှင့် လူကြီးများ သေဆုံးနေကြရသည်။ ကာလဝမ်းရောဂါ၊ သွေးဝမ်းသွားရောဂါ၊ ဝမ်းပျက်ရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ အူ‌ရောင်ငန်းဖျားရောဂါနှင့် ပိုလီယိုရောဂါများသည် ကုသမှုမပြုလုပ်ပါက သေဆုံးစေနိုင်သည့် ရောဂါများဖြစ်သည်။ သန့်ရှင်းသောရေနှင့် မိလ္လာစနစ်အသုံးအဆောင်များ မရှိသောနေရာများတွင် ကူးစက်ရောဂါများ ပိုမိုဖြစ်ပွားနိုင်သည်။ စွန့်ပစ်ရေအတွက် စီမံခန့်ခွဲမှု အားနည်းခြင်းသည်လည်း တစ်ဦးတစ်ယောက်စီတိုင်းတွင် ကျန်းမာရေးပြဿနာများကို ဖြစ်စေသည်။ ရေထဲတွင် ခဲနှင့် အာဆင်းနစ်ကဲ့သို့သော အန္တရာယ်ဖြစ်စေနိုင်သည့် ဓာတုပစ္စည်းများ ပါဝင်နိုင်မှုကြောင့် သန့်စင်ထားခြင်း မရှိသော ရေများသည် လူတစ်ဦးချင်းစီအတွက် အဆိပ်အတောက်ဖြစ်စေနိုင်သည်။

(၆) လွန်ခဲ့သောနှစ်ပေါင်း ၂၀အတွင်း လူပေါင်း ၆ ဘီလီယံသည် ကောင်းမွန်သော သောက်သုံးရေကို ရရှိခဲ့ကြခြင်း

၁၉၉၀ခုနှစ်မှစ၍ လူပေါင်း၅.၈ဘီလီယံသည် ဘေးကင်းစိတ်ချရသော သောက်သုံးရေများကို ရရှိခဲ့ကြသည်။ သန့်စင်စစ်ထုတ်ခြင်းစနစ်ပါဝင်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို တတ်နိုင်သမျှ တိုးတက်အောင် ပြုလုပ်ခဲ့ကြသည်။ ဘေးကင်းသောသောက်သုံးရေဆိုသည်မှာ လိုအပ်သလို အသုံးပြုနိုင်သော အိမ်သုံးရေအရင်းအမြစ်များကို ဆိုလိုသည်။ ရေသည် မစင်အညစ်အကြေးနှင့် အန္တရာယ်ရှိ ဓာတုပစ္စည်းပါဝင်မှုများ ကင်းစင်ရမည်။ အခြေခံသောက်သုံးရေ ဝန်ဆောင်မှုများရှိသည့် နေရာများသည် သန့်ရှင်းသော ရေအရင်းအမြစ်တစ်ခုရှိရပြီး အသွားအပြန် မိနစ်၃၀အတွင်း သို့မဟုတ် မိနစ် ၃၀ထက်နည်းသော အချိန်အတွင်း ရောက်ရှိနိုင်ရန် လိုအပ်သည်။ အကန့်အသတ်ရှိသော ရေဝန်ဆောင်မှုများတွင် ရေရယူစုဆောင်းခြင်း ပြီးစီးရန် မိနစ် ၃၀ထက်ပို၍ ကြာမည်ဖြစ်သည်။

(၇) ၂၀၂၅တွင် ကမ္ဘာ့လူဉီးရေ၏ ထက်ဝက်ခန့်သည် ရေရှားပါးသော ဒေသများတွင် နေထိုင်ရနိုင်ခြင်း

နောက်နှစ်အနည်းငယ်အတွင်း ကမ္ဘာ့လူဉီးရေ၏ ထက်ဝက်ခန့်သည် ရေရှားပါးသော ဒေသများတွင် နေထိုင်ရနိုင်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါသည်။ ကမ္ဘာလုံးဆိုင်ရာ အခြေခံရေရရှိမှု ကြိုးပမ်းရာတွင် လက်ရှိဆောင်ရွက်မှုများကို၂၀၃၀တွင် နှစ်ဆတိုးမြှင့်ဆောင်ရွက်ရန် လိုအပ်သည်။ သို့သော် ကမ္ဘာလုံးဆိုင်ရာ ဘေးကင်းသော သောက်ရေရရှိမှုကို စိန်ခေါ်မှုများက တားဆီးနေသည်။ ထိုစိန်ခေါ်မှုများတွင် ရာသီဥတု ပြောင်းလဲမှုနှင့် လူဦးရေ အဆမတန်တိုးပွားလာမှုတို့ ပါဝင်သည်။ တိုးပွားလာသော လူဦးရေနှင့် ရာသီဥတု ပြောင်းလဲမှုများ၏ သက်ရောက်မှုများကို တုံ့ပြန်ဆောင်ရွက်ရန် ပြင်ပအဖွဲ့အစည်းများက ကူညီရန် လိုအပ်သည်။

(၈) ဝင်ငွေနည်းပါးသော နိုင်ငံများတွင် အမျိုးသမီးများသည် ရေစုဆောင်းရန် နာရီပေါင်း ၄၀ဘီလီယံအထက် အသုံးပြုနေရခြင်း

ဝင်ငွေနည်းပါးသော နိုင်ငံများ နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ အရွယ်ရောက် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် အိမ်တွင်သုံးရန် နာရီပေါင်း ဘီလီယံနှင့်ချီကာ ရေများကို စုဆောင်းရသည်။ ‌ရေများကို အရင်းအမြစ်များမှ စုဆောင်း၍ အိမ်သို့သယ်ဆောင်ရန် အမျိုးသမီးများသည် အမျိုးသားများထက် နှစ်ဆပို၍ တာဝန်ရှိသကဲ့သို့ ဖြစ်နေသည်။ အိမ်များသည် ရေအရင်းအမြစ်များနှင့် မည်မျှနီးကြောင်းနှင့် ထိုရေများကို မိသားစုအတွက် သယ်ယူစုဆောင်းရန် ကြာမြင့်ချိန်များသည် ကျောင်းတက်ရောက်နိုင်မှုများကို တိုက်ရိုက်သက်ရောက်‌နေသည်။

(၉) စွန့်ပစ်ရေ၏ ၈၀%နီးပါး ဂေဟစနစ်အတွင်းသို့ ပြန်လည်စီးဝင်ခြင်း

အထုးသဖြင့် စက်မှုဇုံနှင့် စိုက်ပျိုးရေး ဧရိယာများတွင် ရေထုညစ်ညမ်းမှုသည် ပုံမှန်နှုန်းဖြင့် မြင့်တက်နေပြီး ပြဿနာတစ်ရပ်ဖြစ်လာသည်။ ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာ အသုံးပြုမှုသည် ရေထုကို ညစ်ညမ်းစေသည်။ ပြုပြင်သန့်စင်ထားခြင်းမရှိသော မိလ္လာစွန့်ပစ်ရေများသည် ပြန်လည်စီးဆင်းသွားပြီး မြေပေါ်မြေအောက်ရေများကို ညစ်ညမ်းစေသည်။ စွန့်ပစ်ရေပမာဏ အများအပြားကို အနီးဆုံးရေမြောင်းများနှင့် ရေအရင်းအမြစ်များအတွင်းသို့ ပြုပြင်သန့်စင်ခြင်းမရှိဘဲ တိုက်ရိုက်စွန့်ပစ်နေသည်။ စွန့်ပစ်ရေအတွင်းရှိ အညစ်အကြေးများတွင် အိမ်သုံးဓာတုပစ္စည်းများ၊ ဆီး နှင့် မစင်ကဲ့သို့ ခန္ဓာကိုယ်မှ စွန့်ပစ်အညစ်အကြေးများနှင့် အခြားအဆိပ်အတောက်များ ပါဝင်သည်။

(၁၀) တစ်ရက်လျှင် လူတစ်ဦးလျှင်အနည်းဆုံးရေ ၂၀ လီတာမှ-၅၀ လီတာ လိုအပ်ခြင်း

စာရင်းအများစုတွင် ရေသည် လူတစ်ယောက်နေ့စဉ် လိုအပ်ချက်ကို မခြုံငုံမိသော အချက်များ ပါဝင်သည်။ လူတစ်ယောက်သည် အခြေခံလိုအပ်ချက်အဖြစ် တစ်နေ့လျှင် ရေ၂၀-၅၀လီတာနီးပါး လိုအပ်ကြောင်း UNမှ အကြံပြုထားသည်။ လူတိုင်း တစ်နေ့လျှင် အနည်းဆုံး ရေသန့် ၄ လီတာ မှ ၇လီတာအထိ သောက်သင့်သည်။ နို့တိုက်မိခင်များအနေဖြင့် တစ်နေ့လျှင် ရေသန့် ၇.၅လီတာ ခန့် သောက်သင့်သည်။ အစားအသောက်များ ပြင်ဆင်ချက်ပြုတ်ရန် တစ်ဦးလျှင် ရေ ၂ လီတာခန့် လိုအပ်ပါသည်။ ကျန်သော ရေပမာဏမှာ တစ်ကိုယ်ရည် မိလ္လာသုံး၊ အဝတ်လျှော်ရန်နှင့် သန့်ရှင်းရေးဆောင်ရွက်မှုများအတွက် လိုအပ်ပါသည်။

Translated by Chan Myae Naing, an intern at The Water Agency


As the demand for water rises, we need to re-think...
Google Takes on Flooding with Satellites, Machine ...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal