မြစ်ဝကျွန်းပေါ်များကို ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်းမှ ကာကွယ်ရန် နည်းလမ်း ၄ သွယ်

Four-ways-to-save-deltas-from-sea-level-raise

အလျင်အမြန်မြင့်တက်နေသော ပင်လယ်ရေမျက်နှာပြင်၏ြခိမ်းခြောက်မှုဒဏ်ကိုခံနေရသော မြစ်ဝကျွန်းပေါ်တို့သည် ရေအောက်နစ်မြုပ်တော့မည့် အခြေအနေနှင့်ရင်ဆိုင်နေရသည်။ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာမှု၏ သက်ရောက်မှုဒဏ်ကိုကာကွယ်နိုင်ရန်အတွက်ဆိုလျှင် မြစ်ဝကျွန်းပေါ်မြေများကို မြစ်တို့မှရရှိသော သဲများ၊ ရွှံ့မြေများနှင့် မြှင့်တင် ထားရန်လိုအပ်သည်။ သို့သော်ငြား မြစ်များမှ ပံ့ပိုးပေးနိုင်သော သဲနဲ့ ရွှံ့မြေ တို့မှာ ကမ္ဘာနှင့်အဝှမ်း လျော့နည်းကျဆင်းလာပြီဖြစ်ပြီး မြစ်ဝကျွန်းပေါ် များအထိ မရောက်ရှိနိုင်တော့သည့်အတွက် ရေကြီးမှုများ၊ မြေဆုံးရှုံးမှုများနှင့်ရင်ဆိုင်လာနေရသည်။

Utrecht တက္ကသိုလ်သည် ဤပြဿနာကိုဖြေရှင်းရန်အတွက် ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံများမှ ကျွမ်းကျင် ပညာရှင်များပါဝင်သည့် အဖွဲ့ တစ်ခုုကိုဖွဲ့စည်းခဲ့သည်။ သူတို့သည် မြစ်ဝကျွန်းပေါ်များကို ခြောက်သွေ့ စေနိုင်မည့် (ရေမလွှမ်းစေမည့်) နည်းလမ်း လေးခုကိုရှာတွေ့ခဲ့ကြသည်။

အဖွဲ့ထဲမှ ကျွမ်းကျင်ပညာရှင်နှစ်ဦးဖြစ်သည့် Bas van Maren နှင့် Eveline van der Deijl တို့သည် နယ်သာလန်နိုင်ငံ (Biesbosch နှင့်Eems မြစ်ဝ) နှင့် ဘင်္ဂလားဒေ့ရှ့်နိုင်ငံတို့ရှိ မတူညီသောအခြေအနေအမျိုးမျိုးအောက်တွင်ရှိသော အနည်အနှစ်ဆိုင်ရာပို့ချမှုများနှင့်ပတ်သက်၍ သုတေသနလုပ်ဆောင် ခဲ့ကြသည်။ နုန်းအနည်အနှစ်ပို့ချခြင်းအားဖြင့် မြစ်ဝှမ်းအခြေအနေကို ထိထိရောက်ရောက် ပြန်လည်ကောင်းမွန်လာစေရန်အတွက်ဆိုလျှင် လုံလောက်သော နုန်းအနည်အနှစ်များ ပြန်လည်ဖြည့်တင်းပေးနိုင်ရန် လိုအပ်သည်သာမက ထိုဖြည့်တင်းထားသော နုန်းအနည်အနှစ်များကို ရေရှည် ထိန်းသိမ်းထားနိုင်ရန် အခြေအနေများလည်းလိုအပ်ပေသည်ဟု Eveline van der Deijl ကဆိုသည်။ ဥပမာအားဖြင့် Biesbosch သည် ရေကြီးရေလျှံခြင်းအန္တရာယ်မှ လုံခြုံမှုရှိစေရေးနှင့် သဘာဝ ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုတို့ကို ဦးတည်ထားသည့် ရေလွှမ်းနယ်မြေ နေရာပေးခြင်း ကြောင့် စမ်းသပ်ကွင်းအဖြစ် လုပ်ဆောင်ရန် သင့်လျော်သည့်နေရာဖြစ် သည်။ အမှုန်အနည်အနှစ်သည် ကမ်းရိုးတန်းဧရိယာများတွင် ပေါပေါ များများတည်ရှိတတ်သော်လည်း နောက်ကျိမှု မြင့်မားခြင်းနှင့် သောင်တူး လုပ်ငန်းများလုပ်ဆောင်ရခြင်းများကြောင့် ၎င်းကို ဝန်ထုပ်ဝန်ပိုးအနေနှင့် ရှုမြင်ကြသော်လည်း ယခု အခါ ကမ္ဘာနှင့်တဝန်း အနည်အနှစ်ကို အကျိုးရှိရှိ အသုံးချခြင်းနှင့်ပတ်သက်၍ စမ်းသပ်မှုများတိုးမြင့်လုပ်ဆောင်လာကြပြီဖြစ်၍ ဝမ်းမြောက်ဖွယ်ကောင်း လှသည်ဟု Bas van Maren ကဆိုသည်။

မြစ်ဝှမ်းများကို ခြောက်သွေ့စေရန် နည်းလမ်းလေးသွယ် 

မြစ်ဝှမ်းများကို ရေနစ်မြုပ်မည့်ရန်မှ ကာကွယ်နိုင်ရန် လုပ်ဆောင်နို်င်မည့် ဗျူဟာ လေးခုကို ပညာရှင်များ ရှာတွေ့ခဲ့ကြသည်။ Utrecht တက္ကသိုလ်မှ ဦးဆောင်သုတေသနစာတမ်းရေးသူနှင့် မြစ်ဝှမ်း သုတေသနပညာရှင် Jana Cox က "ဒီနည်းဗျူဟာ လေးခုလုံးဟာသဲနဲ့ နုန်းတွေကို ဖမ်းယူသိုလှောင်ထားပြီး မြစ်ဝှမ်းမြေတွေပေါ်ပို့ချစေရင်း ပင်လယ်ရေမျက်နှာပြင်အထက် မြှင့်တင်ပေးပါတယ်. သူတို့ဟာ ထိရောက်ပြီး အစွန်းရောက်ပြင်းထန်တဲ့ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု အခြေအနေတွေကိုပါ ပြန်ထေနိုင်စွမ်းရှိပါတယ်. မတူညီတဲ့ မြစ်ဝှမ်းအရွယ်အစားတွေအတွက် မတူညီတဲ့ အတိုင်းအတာခွင်ရှိတဲ့ ကွဲပြားခြားနားတဲ့ စီမံကိန်းတွေရှိပါ တယ်. စီမံကိန်းတွေဟာ လိုချင်တဲ့ အဆုံးသတ်ရလဒ်အပေါ်မူတည်ပြီး ၁ဝ နှစ်ကနေ နှစ် ၁၀ဝ အထိကို ကြာရှည်ခံနိုင်ပါတယ်" ဟူ၍ရှင်းပြသည်။ ထိုလုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ မြစ်လမ်းကြောင်းခွဲခြင်း

မြစ်၏ အဓိက ရေစီးလမ်းကြောင်းမှနေ၍ ရေနှင့်နုန်းအနည်အနှစ် အချို့ကို နီးစပ်ရာ ရေလွှမ်းလွင်ပြင်များဆီ ခွဲထုတ်ပို့ဆောင်စေခြင်းဖြစ်ပါသည်။

၂။ ဒီရေကြီးခြင်း
နဂိုရှိပြီးသား တမံများကို ကျိုးပေါက်စေကာ ရေနှင့်နုန်းအနည်အနှစ်များကို ရေလွှမ်းလွင်ပြင်များထဲသို့ ဒီရေအားဖြင့် ဝင်ရောက်ခွင့် ပြုစေခြင်းဖြစ်သည်။

၃။ နုန်းအနည်အနှစ်ဖမ်းသည့် ဖွဲ့စည်းတည်ဆောက်ပုံများ
မြစ်ကြောင်းများအတွင်း willow dam ကဲ့သို့ ဖွဲ့စည်းတည်ဆောက်မှု များကို နေရာချထားခြင်းဖြင့် ရေထဲရှိ နဂိုရှိပြီးသား နုန်းအနည်အနှစ်များ ကိုဖမ်းယူသိုလှောင်လိုက်ခြင်းဖြစ်သည်။

၄။ အပင်များစိုက်ပျိုးခြင်း
အပင်များကို အပိုဆောင်းစိုက်ပျိုးခြင်းဖြင့် အပင်အမြစ်များအတွင်း အနည်အနှစ်ကို ဖမ်းယူသိုလှောင်လိုက်ခြင်းဖြစ်သည်။

အပြုသဘောဆောင် ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုနှင့် မြို့ပြနှင့် လယ်ယာမြေ အဖိုးအခ 

အဖွဲ့သည် အပြုသဘောနှင့် အနုတ်သဘောဆောင် ပတ်ဝန်းကျင် ဆိုင်ရာ သက်ရောက်မှုများနှင့် ထိုဗျူဟာများအတွက် လိုအပ်မည့် မြေအသုံးပြုမှုဆိုင်ရာ အပြောင်းအလဲကို လေ့လာဆန်းစစ်ခဲ့သည်။ "ဗျူဟာတွေဟာ ယေဘုယျအားဖြင့် အပြုသဘောဆောင် ပတ်ဝန်းကျင်ဆို်င်ရာနဲ့ ဂေဟဗေဒစနစ်ဆိုင်ရာ သက်ရောက်မှုတွေအများ ကြီးရှိပြီး သတ္တဝါတွေ နေထို်င်ရာ ဌာနေအသစ်တွေဖန်တီးပေးခြင်း၊ ရေလုပ်ငန်းဆိုင်ရာ အခွင့်အလမ်းတွေနဲ့ ရေကြီးမှု အန္တရာယ်ကိုလျှော့ချပေးတဲ့ ရေသိုလှောင်မှုနေရာအသစ်တွေကို ဖန်တီးပေးပါတယ်။ ဒါပေမယ့် ကိစ္စတော်တော်များများမှာ မြို့ပြနဲ့ စိုက်ပျိုးမြေတွေ ဆုံးရှုံးရတဲ့ အခြေ အနေတော့ရှိတယ်. မြစ်ဝှမ်းတစ်ခုချင်းစီအတွက် ဖြစ်နိုင်ခြေတွေကို စိစစ်ဆုံးဖြတ်ရာမှာ ဗျူဟာတွေကို အသုံးချဖို့အတွက် ကျန်ရှိတဲ့ မြေပမာဏဟာ အဓိက သော့ချက်ရှုထောင့်ဖြစ်ပါတယ်" လို့ Cox ကရှင်းပြသည်။ 

ရေရှည် ဖြေရှင်းချက်များ 

လေ့လာမှုအရ စရိတ်နည်းဗျူဟာများသည် ၁၀-၁၅ နှစ်လောက်သာ ခံပြီး မြစ်ဝှမ်းဧရိယာ၏ အစိတ်အပို်င်းအနည်းငယ်ကိုသာ လွှမ်းခြုံနိုုင်ပါသည်။ တစ်ဖက်တွင်မူ နှစ် ၁၀ဝ အထက်ရေရှည်ခံသော ပရောဂျက်များသည် အလွန်တရာ စရိတ်ကြီး(ယူရို မီလီယံသန်းပေါင်းများစွာမှ ဘီလီယံအထိ)သော်လည်း မြစ်ဝှမ်း ဧရိယာ၏ နယ်ပယ်ကျယ်ကျယ်ပြန့်ပြန့်ကို လွှမ်းခြုံမှုရှိသည်။ ကျန်ရှိသော မြေဧရိယာ နည်းပါးသည့် မြစ်ဝှမ်းများတွင် စကေးပိုသေးသော ပရောဂျက်များ စုပေါင်းလုပ်ဆောင်ရန် လိုအပ်ပါလိ့မ်မည်။ (ဥပမာ - ဥရောပနှင့် အရှေ့တောင် အာရှ)

သို့သော်လည်း ပရောဂျက်များအားလုံးသည် စီမံချက်ချပြီး အကောင်အထည်ဖော်ဖို့ရာအတွက် နှစ်ကာလအချို့ကြာမြင့်ကာ အောင်မြင်သော နို်င်ငံရေးနှင့် ဥပေဒရေးဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်များလိုအပ်ပြီး အောင်မြင်မှု တိုးမြင့်စေရန်အတွက် ပါဝင်ပတ်သတ်သူများအကြား ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်ပေသည်။ ထို့ကြောင့် အလျင်အမြန် မြင့်တက်နေသော ပင်လယ်ရေမျက်နှာ ပြင်အခြေအနေကို ထေမိအောင်ကိုင်တွယ်နိုင်ရန်အတွက် မြစ်ဝှမ်းများရှိ ဆုံးဖြတ်ချမှတ်ရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စစ်ဆေးခြင်း၊ စီမံချက်ချခြင်းနှင့် စီမံကိန်းများကို အကောင်အထည်ဖော်ခြင်းတို့ကို မြန်နိုင် သမျှမြန်မြန် စတင်ရန် လိုအပ်ပေသည်။

သို့သော်လည်း စီမံကိန်းများအားလုံး ပေါင်းစည်းလျှင်ပင် မြစ်ဝှမ်း နယ်မြေ၏ ဝ.၁% ကိုသာလွှမ်းခြုံနိုင်ေသးကာ နည်းဗျူဟာများသည် လည်း ၎င်းတို့ ကိုအကောင်အထည်ဖော်ဆောင်ရွက်သည့် သေးငယ်သောဧရိယာများအတွက် ထိရောက်စေကာမူ ဧရိယာကိုပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်ရန် လိုအပ်နေသည်ဟု Utrecht တက္ကသိုလ်မှ မြစ်ဝှမ်းသုတေသနပညာရှင် Jaap Nienhuis ကဆိုသည်။

Translated by Tin Sanpai Win, a final Year Student from Myanmar Maritime University.


Digital adoption by water utilities, reflections f...
How water-smart agricultural solutions can help us...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal