ဒီရေတောများတွင် တွေ့ရတတ်သည့် သဘာဝဇီဝစနစ်များကို သဏ္ဍာန်ယူတုပထားသည့် ပင်လယ်ရေကိုရေချိုအဖြစ်ပြောင်းလဲခြင်း နည်းပညာသစ်

PUB-Membranesjpg

စင်ကာပူနိုင်ငံရှိ Public Utilities Board (PUB) သည် စွမ်းအင်အများအပြားအသုံးပြုရသည့် ပင်လယ်ရေငန်ကိုရေချိုအဖြစ်ပြောင်းလဲခြင်း လုပ်ငန်းစဉ်အား ပိုမို ထိရောက်လာစေရန် ရည်ရွယ်၍ နည်းပညာအသစ်တစ်ခုကို တီထွင်ဖော်ဆောင်လျက်ရှိသည်။ ထိုနည်းပညာကို တီထွင်ပြီးမြောက်သွားပါက နိုင်ငံ၏ ရေနှင့်စွမ်းအင် ဆိုင်ရာ ဖူလုံမှုကို မြှင့်တင်ပေးနိုင်လာမည်ဖြစ်ပြီး ရုပ်ကြွင်း လောင်စာမှ ရသောစွမ်းအင်ကို မှီတည်နေရမှုအား လျှော့ချနိုင်တော့မည်ဖြစ်သည်။

ပင်လယ်ရေငန်မှ သောက်သုံးနိုင်သောရေအဖြစ်သို့ ပြောင်းလဲခြင်း လုပ်ငန်းစဉ်တွင် အသုံးပြုမည့် အသစ်တီထွင်လိုက်သည့် membrane အလွှာ အမျိုးအစားသစ်နှစ်မျိုးသည် ယခုလက်ရှိသုံးစွဲနေသည့် သမားရိုးကျ polymeric အလွှာများ နှင့်နှိုင်းယှဉ်ပါက အကြမ်းခံနိုင်မှု၊ ကုန်ကျစရိတ်သက်သာထိရောက်မှုနှင့် စွမ်းအင်ချွေတာမှုတို့တွင် မည်ရွေ့ မည်မျှ သာလွန်သနည်းဆိုသည်ကို Tuas ရှိ PUB ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် စမ်းသပ်လေ့လာမည်ဟု PUB ၏ အင်ဂျင်နီယာနှင့်နည်းပညာဆိုင်ရာ အရာရှိချုပ် Dr Pang Chee Meng က ဆိုသည်။

ထိုအမျိုးအစားသစ်နှစ်မျိုးမှာ ကြွေ membrane လွှာနှင့် သဘာဝတွင် တွေ့ရသည့် ပရိုတင်းတစ်မျိုးကို တုပယူထားသော ပစ္စည်း တစ်မျိုးမှ ထုတ်လုပ်ထားသည့် membrane လွှာ ဖြစ်သည်။

သဘာဝရေအရင်းအမြစ်များ ချို့တဲ့သည့် စင်ကာပူသည် ရေငန်ကိုရေချိုအဖြစ်ပြောင်းလဲခြင်း၊ မလေးရှားမှ ရေတင်သွင်းခြင်း၊ ရေလှောင်ကန်များဖြင့် မိုးရေကိုစုဆောင်းခြင်းနှင့် အသုံးပြုပြီးသားရေကို ပြန်လည်သန့်စင်ကာသုံးစွဲခြင်းတို့ဖြင့် ရေလုံခြုံမှု ကိုကာကွယ်လျက်ရှိသည်။ သို့ရာတွင် ဆားငန်ရေကို ရေချိုပြောင်းလဲခြင်းလုပ်ငန်းစဉ်မှာ စွမ်းအင် အကုန်အကျများသည့် နည်းလမ်းဟုသိထားကြပြီး သမားရိုးကျ လုပ်ဆောင်နေသည့် နည်းလမ်းများသည် ရေ ၁ ကုဗမီတာ အတွက် ၁နာရီလျှင် လျှပ်စစ်ဓာတ်အား ၃.၅ ကီလိုဝပ် (kWh) အသုံးပြုရသည်။

ထိုမျှအထိ စွမ်းအင်အသုံးပြုမှုကြီးမားရခြင်းမှာ reverse osmosis လုပ်ငန်းစဉ်အတွင်း polymetric membrane လွှာထဲသို့ ရေကိုတွန်းပို့ကာ ဆားများကို စစ်ချရာတွင် ဖိအားအလွန်မြင့်မားရန်လိုအပ်သောကြောင့်ဖြစ်သည်။ ရေငန်မှရေချိုပြောင်းလဲရာတွင် စနစ်အဆင့်တစ်ခုလုံး အနေနှင့် သုံးစွဲရမည့် စွမ်းအင်ပမာဏကို ၁ ကုဗမီတာလျှင် ၂ kWh အောက်ထိ လျော့နည်းသွားစေရန် PUB က ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်သည်။

အခြား ရေသန့်စင် စက်ရုံများတွင် စမ်းသပ်စစ်ဆေးနေမှုအရ ကြွေလွှာ membrane များမှာ သက်တမ်းပိုမြင့်ပြီး စိမ့်ဝင်မှုအား ပိုကောင်းသည့်အပြင် ဓာတုဗေဒနည်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများပါ ပိုမိုကောင်းမွန်သည်ဟု လေ့လာတွေ့ရှိရသည်။

ထို ကြွေလွှာ membrane များအနေဖြင့် ပြင်းထန်သော ရေညှိ ပေါက်ဖွားမှုများကို ကြံ့ကြံ့ခံနိုင်စွမ်းရှိမရှိ သေချာစေရန်အတွက် ဂျပန်ရေဘက်ဆိုင်ရာ နည်းပညာ ကုမ္ပဏီ Meiden Singapore ကရေညှိ သိပ်သည်းမှုပမာဏ အမျိုးမျိုးအပေါ် ceramic membrane များ၏ကြံ့ကြံ့ ခံနိုင်စွမ်းကို သိရှိအောင် စမ်းသပ်လေ့လာနေကြသည်ဟု Dr Pang က ဆိုသည်။ ပင်လယ်သမုဒ္ဒရာတွင်းတွင် ထိုကဲ့သို့ ရေညှိများ အစုအပြုံလိုက် ပေါက်ဖွားခြင်းဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိသည်။

နောက် အမျိုးအစားသစ်တစ်မျိုးဖြစ်သော ဇီဝတုပ membrane လွှာများသည် ဒီရေတောများတွင် တွေ့ရတတ်သည့် သဘာဝ ဇီဝစနစ်များ ကို သဏ္ဍာန်တူ တုပကာ တီထွင်ထားသည်။

ပင်လယ်ရေငန်ပိုင်းတွင် ပေါက်ရောက်သော ဒီရေတောပင်များသည် သူတို့စုပ်ယူသော ရေမှ မြင့်မားလှသော ဆားဓာတ်ပါဝင်မှု ပမာဏကို စစ်ထုတ်နိုင်သည့် တမူထူးသောစွမ်းရည်ရှိကြသည်။ ထို့အပြင် သူတို့ စုပ်ယူထားသောရေကို အမြစ်မှ အခြားအပင်အစိတ်အပိုင်း များအားလုံးဆီသို့ ခုခံမှု အနည်းဆုံးဖြင့် ပို့ဆောင်နိုင်စွမ်းရှိကြသည်။ ထိုစွမ်းရည်များကို တုပထားသော ဤmembrane သည် ဆားဓာတ် ဖယ်ရှားခြင်းလုပ်ငန်းစဉ်ကို လုပ်ဆောင်ရာတွင် လိုအပ်မည့် ဖိအားပမာဏ ကို ပိုမိုနည်းပါးစွာသာ လိုအပ်သောကြောင့် သိသာကြီးမားလှသော စွမ်းအင် သုံးစွဲမှု ပမာဏကို လျှော့ချပေးနိုင်လိ့မ်မည်။

PUB သည် Nanyang Technological University (NTU) မှ Nanyang Environment And Water Research Institute (Newri) နှင့်လက်တွဲလုပ်ဆောင်နေပြီး စိမ့်ဝင်နိုင်စွမ်းတိုးစေမည့် aquaporin ပရိုတင်း သို့မဟုတ် synthetic biomolecule များနှင့် ထည့်သွင်းအားဖြည့် ထားသည့် membrane များကို တီထွင်နေကြသည်။ Aquaporin ဆိုသည်မှာ ဇီဝသက်ရှိများတွင် တွေ့ရသည့် ပရိုတင်း တစ်မျိုးဖြစ်ပြီး ဆဲလ်အမြှေးပါးကိုဖြတ်၍ ရေစီးဆင်းပို့ဆောင်နိုင်စွမ်းကို တိုးမြှင့် ပေးသည်။ synthetic biomolecule များမှာ ထို aquaporin တို့၏ သက်ရောက်မှုအတိုင်းကို စရိတ်စက သက်သာစွာဖြင့် ပုံတူလုပ်ဆောင် နိုင်စေမည့် တီထွင်မှုအသစ်တစ်ခုဖြစ်သည်။

Newri ရှိ Singapore Membrance Technology Centre ၏ဒါရိုက်တာ ဖြစ်သူ ပရော်ဖက်ဆာ Wang Rong က ထို အမြှေးပါး membrane များသည် ပင်လယ်ရေကို ရေချိုအဖြစ် ပြောင်းလဲရာတွင် စီးပွားဖြစ် membrane များထက် အနည်းဆုံး ၅ဝ ရာခိုင်နှုန်းထိ ပိုမို ရေစိမ့်ဝင်နိုင်စွမ်းရှိသည်ဟု ဆိုသည်။ Newri ၏ aquaporin အခြေခံ ဇီဝတုပ membrane လွှာများကို အဆချဲ့ရန်အတွက် တစ်နေ့ကို ၁ဝ ကုဗမီတာ ထုတ်နိုင်စွမ်းရှိသည့် ရှေ့ပြေး pilot ကို Tuas R&D Facility တွင် တည်ဆောက်နေပြီဖြစ်သည်။ ထို pilot သည် ယခုနှစ် စက်တင်ဘာတွင် ပြီးစီးမည်ဖြစ်ပြီး ခြောက်လကြာ ခံမည် ဖြစ်သည်။

PUB သည် ရာစုနှစ်ဝက်အရောက်တွင် စင်ကာပူရှိ ရေသန့်စင်ခြင်း လုပ်ငန်းစဉ်များမှ ထွက်ရှိသည့် ထုတ်လွှတ်မှုများကို အသားတင်-သုည ဖြစ်စေရမည်ဟု ပြီးခဲ့သည့် အောက်တိုဘာလက ရည်မှန်းချက် ချမှတ်ခဲ့သည်။ အေဂျင်စီသည် နည်းပညာအသစ်များကို သုတေသနပြု လုပ်ဆောင် နေသည့်အပြင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုမှုကို တိုးမြှင့်ကာ ရေအခန်းကဏ္ဍ၏ carbon footprint ကိုဖြတ်ချပစ်ရန်လည်း ကြိုးစားလျက်ရှိသည်။ 

Translated by Tin Sanpai Win, a member of the MWP translation community


The perspectives of local marginalized groups upon...
Launching new website for WASAG – the Global Frame...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal