ကမ္ဘာကြီးပူနွေးလာမှု၊ ရေသံသရာစက်ဝန်းနှင့် သမုဒ္ဒရာ ဆားအငန်ဓာတ်ကြား ချိတ်ဆက်မှုများ

photo_2022-03-03_23-04-37 Photo: UNSW Newsroom.com

တိမ်တိုက်၊ ကုန်းမြေနှင့် သမုဒ္ဒရာများအကြား ရေချိုများ အဆက်အပြတ် ရွှေ့လျားလည်ပတ်နေမှု (တစ်နည်း) ကမ္ဘာ့ရေသံသရာစက်ဝန်းဟာ လူသားတွေရဲ့ နေ့စဉ်ဘဝမှာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ ဒီထိလွယ်ရှလွယ် စနစ်သည် သမုဒ္ဒရာမှ ရေများကို ကုန်းမြေဆီ သယ်ယူပို့ဆောင်ပေးခြင်းဖြင့် လူသားတို့၏ ပတ်ဝန်းကျင်ကို နေထိုင်ရန်သင့်တော်သည့် အခြေအနေ ဖြစ်လာအောင် ဖန်တီးပေးပြီး မြေဩဇာကောင်းမွန်တဲ့ မြေဆီလွှာဖြစ်လာ အောင်လည်း ပြုလုပ်ပေးပါတယ်။

သို့သော်လည်း ကမ္ဘာ့အပူချိန် မြင့်တက်လာမှုများသည် ရေသံသရာ စက်ဝန်းစနစ်ကို ပိုမိုပြင်းထန်အစွန်းရောက်သည့် အခြေအနေဖြစ်လာအောင် လုပ်ဆောင်နေပါတယ်။ ရေတွေဟာ ခြောက်သွေ့တဲ့ အရပ်ဒေသဆီမှ စိုစွတ်တဲ့ အရပ်ဒေသဆီကို ရွေ့လျားပြောင်းရွှေ့နေတဲ့အတွက် ကမ္ဘာ့ရဲ့ မိုးခေါင်ရေရှား အရပ်ဒေသတွေမှာ ပိုမို မိုးခေါင်လာပြီး တစ်ဖက်ခြမ်းမှာလည်း မိုးသည်းထန် စွာ ရွာသွန်းတဲ့ဖြစ်စဉ်တွေ ပိုမိုများပြားလာကာ ရေကြီးရေလျှံမှုဖြစ်ရပ်တွေ တိုးပွားလာပါတော့တယ်။ တစ်နည်းဆိုရလျှင် စိုစွတ်တဲ့ ဒေသတွေက ပိုမို စိုစွတ်လာပြီး ခြောက်သွေ့တဲ့ ဒေသတွေက ပိုမိုခြောက်သယောင်း ဖြစ်လာပါတယ်။

ကမ္ဘာ့ မိုးရွာသွန်းမှုဖြစ်စဉ်များနှင့် ရေငွေ့ပြန်မှုများ၏ ၈၀% ခန့်သည် သမုဒ္ဒရာ အထက်မှာ ဖြစ်ပေါ်သည့်အတွက် ရေသံသရာစက်ဝန်း၏ပြောင်းလဲလာမှုများကို တိုက်ရိုက် လေ့လာဆန်းစစ်ဖို့က ခက်ခဲခဲ့ပါတယ်။

သို့သော်လည်း မကြာသေးမီကပင် ထွက်ရှိလာသည့် New South Wales တက္ကသိုလ် (UNSW) မှ သုတေသီများ၏ လေ့လာတွေ့ရှိချက်အသစ်အရ သမုဒ္ဒရာထဲက ဆားများ၏ ပြောင်းလဲမှု ပုံစံများကို အသုံးပြုပြီး ၁၉၇ဝ ခုနှစ်မှစ၍ သမုဒ္ဒရာထဲမှ ရေချိုပမာဏ ဘယ်လောက်များများသည် အီကွေတာမှ ဝင်ရိုးစွန်းဒေသများဆီ ရွှေ့ပြောင်း ရောက်ရှိသွားသလဲဆိုတာကို ခန့်မှန်းနိုင်ခဲ့ပါတယ်။ ရွှေ့ပြောင်းသွားသော ရေချိုပမာဏသည် ရာသီဥတု ပုံစံငယ် model များမှ ခန့်မှန်းထွက်ရှိလာသည့် ရလဒ်များထက် နှစ်ဆမှ လေးဆလောက်ထိကို ပိုမို များပြားနေကြောင်း တွေ့ရှိချက်တွေက ဖော်ပြနေပါတယ်။ ဒီလေ့လာ တွေ့ရှိချက်ကို ကြည့်ခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ ရေသံသရာ စက်ဝန်းကြီးသည် မည်မျှထိအောင် တိုးမြှင့် မြန်ဆန်လာပြီလဲဆိုတာ ကိုမြင်နိုင်ပါတယ်။

"ကမ္ဘာ့ ရေသံသရာစက်ဝန်းလည်ပတ်မှု ပိုမိုပြင်းထန်လာတယ်ဆိုတာကို အရင်သုတေသနတွေကနေ ကျွန်တော်တို့သိခဲ့ပြီးသားပါ။ ဒါပေမယ့် ဘယ်လောက်ထိအောင် ပြင်းထန်နေပြီလဲဆိုတာကိုတော့ ယခုမှ သိရတာပါ" လို့ သုတေသနစာတမ်းကို ဦးဆောင်ရေးသားသူ သင်္ချာပညာရှင်လည်းဖြစ်၊ UNSW Science မှ Post-doctoral research associate လည်းဖြစ်တဲ့ Dr Taimoor Sohail က ဆိုပါတယ်။

" ပူနွေးတဲ့ ဒေသတွေကနေ အေးတဲ့ ဒေသတွေဆီကို ရေချိုတွေ ရွေ့လျားသွားမှုဟာ ရေသယ်ယူပို့ဆောင်မှု၏ အဓိက အစိတ်အပိုင်းကြီးတစ်ရပ်အနေနဲ့ ပါဝင်နေပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာ့ရေသံသရာစက်ဝန်းမှာ ဖြစ်ပေါ်နေတဲ့ ကြီးမားတဲ့ပြောင်းလဲမှုတွေကို ရှာဖွေတွေ့ရှိခဲ့တာပါ" လို့ Dr Taimoor Sohail မှ ထပ်မံပြောဆိုပါတယ်။

၎င်းသုတေသနအဖွဲ့သည် ၁၉၇ဝ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ အချိန်ကာလကို လွှမ်းခြုံမိစေသည့် data အချက်အလက် အစုအဖွဲ့သုံးခုကို လေ့လာဆန်းစစ်ပြီး သုတေသနလုပ်ခဲ့ကြပါတယ်။ သို့ရာတွင် မိုးရွာသွန်းမှု ဖြစ်စဉ်များကို တိုက်ရိုက်လေ့လာဆန်းစစ်မည်ဆိုလျှင် သမုဒ္ဒရာတစ်ပြင်လုံးကို တိုင်းတာရမည်ဖြစ်ပြီး အခက်အခဲရှိသည့်အတွက် ၎င်းတို့သည် တမူထူးခြား ကွဲထွက်သည့် ရှုထောင့်တစ်ခုမှနေ ထိုးဖောက်စဉ်းစားပြီး သမုဒ္ဒရာဧရိယာ တစ်ခုစီက ဆားအငန်ဓာတ်ပမာဏကို လေ့လာဆန်းစစ်သည့်နည်းဖြင့် ချဉ်းကပ်ခဲ့ကြပါတယ်။

"ပိုပြီး ပူနွေးတဲ့ အရပ်ဒေသတွေမှာ ရေငွေ့ပြန်မှုက သမုဒ္ဒရာထဲက ရေချိုတွေကို ဖယ်ထုတ်ယူဆောင်ကာ ဆားတွေကို ချန်ရစ်ခဲ့သည့်အတွက် သမုဒ္ဒရာဟာ အငန်ဓာတ်ပိုများလာပါတယ်။ ရေသံသရာစက်ဝန်းဟာ ရေချိုကို အေးသော ဒေသများဆီယူဆောင်သွားပြီး မိုးအဖြစ်ရွာသွန်းတဲ့အတွက် ထိုအေးသောအရပ်မှ သမုဒ္ဒရာသည် အငန်ဓာတ် ပျော့သွားပြီး ဆားပါဝင်မှုပမာဏ နည်းသွားပါတယ်။" ဟု သုတေသန စာတမ်းကို တွဲဖက်ပြုစုသူ UNSW သင်္ချာနှင့် စာရင်းအင်းပညာကျောင်းမှ တွဲဖက်ပါမောက္ခ Jan Zika ကဆိုပါတယ်။

တစ်နည်းအားဖြင့်ဆိုလျှင် ရေသံသရာစက်ဝန်းသည် သမုဒ္ဒရာထဲမှ ဆားဓာတ်ပါဝင်မှု ပုံစံတွေအပေါ်မှာ အမှတ်အသားတစ်ခု ထားရစ်ခဲ့ပါတယ်။ ဒီပုံစံတွေကို လေ့လာဆန်းစစ်ခြင်းအားဖြင့် ရေသံသရာစက်ဝန်းကြီးဟာ အချိန်နဲ့ အမျှ မည်သို့မည်ပုံပြောင်းလဲနေလဲ ဆိုတာကို သုတေသီတွေက ခြေရာခံနိုင်မှာဖြစ်ပါတယ်။

"၁၉၇ဝ နှင့် ၂၀၁၄ ခုနှစ်အတွင်းမှာ အီကွေတာမှ ဝင်ရိုးစွန်းဒေသများဆီ ရွှေ့ပြောင်းသွားသည့် ရေချိုပမာဏသည် မျှော်မှန်းထားသော ပမာဏထက် ၄၆၀၀ဝ မှ ၇၇၀၀ဝ ကုဗကီလိုမီတာ အထိကို ပိုမိုများပြားခဲ့တယ်" လို့ သုတေသနအဖွဲ့မှ ခန့်မှန်းထားပါတယ်။ ဒါဟာ အပူပိုင်းနဲ့ သမပိုင်းဒေသတွေက ရေချိုပမာဏရဲ့ ၁၈-၃ဝ စင်တီမီတာဝန်းကျင် သို့မဟုတ် ဆစ်ဒနီဆိပ်ကမ်းက ရေပမာဏ ရဲ့ ၁၂၃ ဆလောက်အထိကို ရှိနေတာဖြစ်ပါတယ်။

"ရေသံသရာစက်ဝန်းအတွင်း ပြောင်းလဲမှုများသည် ရေအခြေခံအဆောက်အအုံ၊ စိုက်ပျိုးရေးနဲ့ ဇီဝမျိုးစုံမျိုးကွဲများအပေါ်တွင် ကြီးမားသည့် သက်ရောက်မှုကို ဖြစ်ပေါ်စေပါတယ်။ ထို့အတွက်ကြောင့် လက်ရှိနှင့် နောင်အနာဂတ်ကာလတွင် ဖြစ်ပေါ်လာမည့် ရေသံသရာစက်ဝန်းအပေါ် ရာသီဥတုပြောင်းလဲမှုက မည်သို့ သက်ရောက်မှုရှိနေမလဲကို နားလည်သဘောပေါက်ဖို့ အရေးကြီးပါတယ်"

"ယခုရှာတွေ့မှုက ကျွန်တော်တို့ကို ဒီရေသံသရာစက်ဝန်းရဲ့ ခြေတံလက်တံတွေက ဘယ်လောက်ထိပြောင်းလဲနေပြီလဲဆိုတာကို သိရှိသွားစေပြီး အနာဂတ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပုံစံမော်ဒယ်တွေကို ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ ကူညီပေးပါ လိ့မ်မယ်" ဟု Dr Sohail ကဆိုပါတယ်။


အနာဂတ်ခန့်မှန်းချက်များကို တိုးတက်စေခြင်း

Dr Sohail နှင့် သူ၏အဖွဲ့သည် ၎င်းတို့၏ ရှာဖွေတွေ့ရှိချက်များကို မတူညီသော ရာသီဥတုဆိုင်ရာပုံစံငယ် ( model ) အခု ၂ဝ နှင့် နှိုင်ယှဉ်လေ့လာကြည့်သည့်အခါ model များ အားလုံးသည် ပူနွေးဒေသမှ အေးသောဒေသဆီ ရေချို ကူးပြောင်းမှု၏ အမှန်တကယ်ပြောင်းလဲမှုများကို လျှော့တွက်ခဲ့မိကြကြောင်း ဖော်ပြနေသည်ကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

"ဒီရှာဖွေတွေ့ရှိချက်တွေအရ ရာသီဥတုပြောင်းလဲမှုများ၏ မိုးရွာသွန်းမှုဖြစ်စဉ်အပေါ်အကျိုးသက်ရောက်မှုများကို ကျွန်ုပ်တို့ လူသားတွေ လျှော့တွက်ခဲ့မိတယ်ဆိုတာ ဖော်ပြနေတယ်" ဟု Dr Sohali က ဆိုပါတယ်။

"ကျွန်တော်တို့ဟာ မော်ဒယ်တွေကို အဆင့်မြှင့်တင်မှု စဉ်ဆက်မပြတ်ပြုလုပ်ရင်း ယခုရှာဖွေတွေ့ရှိချက်များကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ Modelling အသစ်တစ်ခုစီတိုင်းဟာ အရင်မော်ဒယ်များထဲတွင် နောက်ဆုံးရရှိထားသော ပကတိ data အစစ်အမှန်တွေကို ထည့်သွင်းပြီး လိုက်လျောညီထွေဖြစ်အောင် အဆင့်တိုးမြှင့်ပြင်ဆင်ရင်းဖြင့် ဖန်တီးထားခြင်းဖြစ်လို့ ဒီအချက်သည် ရာသီဥတုဆိုင်ရာ modelling ၏ သဘာဝကျတဲ့ တိုးတက်ပြောင်းလဲလာမှုပဲ ဖြစ်ပါတယ်"

သိပ္ပံပညာရှင်များသည် ရာသီဥတုဆိုင်ရာ modelling ၏ ခြောက်ခု မြောက်မျိုးဆက် (ခြောက်ခုမြောက် ရာသီဥတုမော်ဒယ် မတူကွဲပြားမှု နှိုင်းယှဉ်ပရောဂျက် သို့မဟုတ် CMIP6) ကို လက်ရှိ အသုံးပြုနေကြပါတယ်၊ ယခု ပရောဂျက်ဟာ ငါးခုမြောက်မျိုးဆက်ကို နောက်ဆုံးရရှိထားသည့် အချက်အလက်များ ထည့်သွင်းပေါင်းစပ်ပြီး ပြုလုပ်ထားခြင်းဖြစ်ပါတယ်။

ယခု နောက်ဆုံးရှာဖွေတွေ့ရှိချက်သည် နောင်အနာဂတ်တွင် ပြုလုပ်မည့် ခန့်မှန်းချက်များကို ပိုမိုတိုးတက်လာစေပြီး မှန်ကန်မှုနှင့် ပိုမိုနီးစပ်လာစေဖို့အတွက် ကူညီပေးနိုင်လိမ့်မည်။ "ပူနွေးဒေသများမှ အအေးပိုင်းဒေသများသို့ ရေချိုပို့ဆောင်မှုတွင် ဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို ရှာဖွေတွေ့ရှိလိုက်ရသည့်အတွက် ရာသီဥတုပြောင်းလဲမှုသည် ကျွန်ုပ်တို့၏ ကမ္ဘာလုံးဆိုင်ရာ ရေသံသရာစက်ဝန်းအပေါ် မည်မျှအထိ သက်ရောက်မှုရှိလာနိုင်မည်နှင့် ပတ်သက်ပြီး အရေးပါသော ခန့်မှန်းချက်များ ဆက်လက်ထုတ်နိုင်တော့မှာ ဖြစ်ပါတယ်" လို့ Dr Sohali က ဆိုပါတယ်။

လက်ရှိအချိန်မှ နောင်လာမည့် ၁ဝ နှစ် ၊ နှစ် ၂ဝ အတွင်းတွင် သိပ္ပံပညာရှင်များသည် ယခုရှာဖွေတွေ့ရှိချက်များကို ကိုးကားပြီး သမုဒ္ဒရာအတွင်း ဆားဓာတ်ပါဝင်မှုပုံစံများသည် အချိန်နှင့်အမျှ မည်သို့ ပြောင်းလဲလာသနည်း၊ မည်မျှထိ ပြောင်းလဲလာမည်နည်း ကို အဖြေရှာနိုင်တော့မည် ဖြစ်ပါသည်။


Translated by Tinsanpaiwin, a member of the MWP translation community


"Waterfuturism : ရေနှင့်ပတ်သက်ပြီး ရှုထောင့်အမြင်သ...
“မမြင်နိုင်သော” မြေအောက်ရေကို “မြင်နိုင်အောင်“ ပြု...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal