UC Berkeley မှ ပါမောက္ခတစ်ဦးလည်းဖြစ်၊ ရေ ၄.၀ (water 4.0) ကို ရေးသားသူလည်းဖြစ်တဲ့ ပါမောက္ခ David Sedlak သည် ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှု အတွက် လာမယ့် အနာဂတ်ရေလမ်းကြောင်းအပေါ်မှာ သူ့ရဲ့ အမြင်ကို ဝေမျှခဲ့ပါတယ်။

ပထမဦးဆုံးကတော့ လူသားတွေဟာ ရေအရင်းအမြစ်များကို ရယူခြင်း၊ သန့်စင်ခြင်း နှင့် ပေးဝေခြင်းများအတွက် ရေအခြေခံအဆောက်အအုံများကို လုံးလုံးလျားလျား မှီခိုရသည့် ခက်ခဲသော လမ်းကြောင်း (hard path) နှင့် စတင်ခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး နောက်ပိုင်းနှစ်များမှာဆိုရင် တဟုန်ထိုးတိုးပွားလာသော လူဦးရေ နှင့် စီးပွားရေး ကျယ်ပြန့်လာမှု များကြောင့် လိုအပ်လာတဲ့ ရေလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လူ့အဖွဲ့အစည်းတစ်ခုလုံးသည် ရေအရင်းအမြစ် အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းများ အပေါ်တွင် များစွာ အကုန်အကျခံခဲ့ကြတယ်။ ၁၉၅၀ နှင့် ၂၀၀၀ ခုနှစ်အတွင်းတွင် ကျွန်ုပ်တို့သည် ကြီးမားသော ဆည်ပေါင်း ၄၀,၀၀၀ ခန့်ကို တည်ဆောက်ခဲ့ပြီးပြီ။ ဒါ့အပြင် ရောမအင်ပါယာကြီးရဲ့ ရေနုတ်မြောင်းများ (သို့မဟုတ်) ရှေးကျသော ပါရှားလူမျိုးများရဲ့ မြေအောက်ရေထုတ်မြောင်းများ မှတစ်ဆင့် ရေစုပ်စက် (သို့) ရေတွင်းမှ ရေမျက်နှာပြင်သို့ သယ်ယူပို့ဆောင်သောစနစ် (qanats) တွေကိုတောင် သေးငယ်သွားစေသည့် မြစ်ဝှမ်းအချင်းချင်း အပြန်အလှန်ရေလွှဲပြောင်းနိုင်သော (ရေသွယ်တံတား) စီမံကိန်း အမြောက်အမြားကို ဖန်တီးတည်ဆောက်ခဲ့ကြပါတယ်။

ဒီလို ရေအခြေခံအဆောက်အအုံများအားလုံး ကို ဖန်တီးတည်ဆောက်ဖို့ လိုအပ်လာတဲ့ ကွန်ကရစ် နဲ့ သံမဏိ ကုန်ကျစရိတ်များကို ကျော်လွန်ပြီး ကမ္ဘာကြီးက ခက်ခဲသောလမ်းကြောင်းလို့ ခေါ်တဲ့အရာတွေကို လုပ်ဆောင်ဖို့အတွက် များစွာ ငွေကြေးကုန်ကျခံခဲ့ကြရတယ်။ သန်းပေါင်းများစွာသော လူတွေဟာလည်း ဆည်တည်ဆောက်မှုနဲ့ ရေစီမံကိန်းများရဲ့ နောက်ဆက်တွဲ သက်ရောက်မှုများအနေဖြင့် နေထိုင်ရာ နေရာ ရွှေ့ပြောင်းခံရခြင်းကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရတယ်။ ရေစိမ့်ဝင်နိုင်သော မြေအောက်ရေအောင်းလွှာများလည်း ခမ်းခြောက်တဲ့အထိ ထုတ်ယူခြင်းခံရပြီး ကန်များအားလုံးလည်း ကွယ်ပျောက်ခဲ့ရတယ်။ ယင်းကဲ့သို့ အကန့်အသတ်၊ အထိန်းအချုပ်မရှိ ရေအခြေခံအဆောက်အအုံများ တိုးပွားဖွံ့ဖြိုးလာခြင်းဟာ ငါးများ ကျင်လည်ကျက်စားသွားလာမှုကို ဟန့်တားပိတ်ဆို့ခြင်း၊မြစ်ဝှမ်း‌ဒေသများတွင် နှုန်းပို့ချမှုကို ဆုံးရှုံးလျော့နည်းစေခြင်း နဲ့ ထိခိုက်လွယ်သော ဂေဟစနစ်များကို ပြိုလဲစေနိုင်သော အခြေအနေများ ဖန်တီးပေးခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်အပေါ်မှာလည်း များစွာထိခိုက်မှုများ ဖြစ်စေခဲ့တယ်။ နှစ်ဆယ်ရာစုအကုန်ပိုင်းမှာ ကမ္ဘာတစ်ဝှမ်းလုံးက ရေအခြေခံအဆောက်အအုံများရဲ့ အမှန်တကယ် ကုန်ကျမှုများကို ပိုမိုသတိပြုမိလာကြပြီး ဒီလို ရေအခြေခံဆောက်အအုံ တည်ဆောက်ခြင်းများကို မှီတည်ရတဲ့ ခက်ခဲသောလမ်းကြောင်းဟာ မှေးမှိန်လာခဲ့ပါတယ်။ 

ထိုအခြင်းအရာကို ပြန်လည်တုန့်ပြန်သည့်အနေနဲ့ ရေစီမံခန့်ခွဲသူများက ရေအရင်းအမြစ်အသစ်များ ရှာဖွေခြင်းထက် အလုံးစုံကုန်ထုတ်စွမ်းအား တိုးတက်စေရန် နှင့် ပြည်တွင်းသုံးစွဲသူများရဲ့ လိုအပ်ချက်များနှင့် လိုက်ဖက်ကိုက်ညီသော ၀န်ဆောင်မှုများကို ဖြန့်ဝေပေးနိုင်မယ့် အနုနည်းဖြေရှင်းနိုင်တဲ့ လမ်းကြောင်း (soft path) ပေါ်သို့ ပြန်လည် ဦးတည်လာခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်အတွင်းမှာ ကမ္ဘာ့မြို့ပြကြီးများဟာဆိုရင် ရေအခြေခံအဆောက်အအုံများကို ထပ်မံတည်ဆောက်ခြင်းမပြုကြတော့ဘဲ တိုးပွားလာသောလူဦးရေများရဲ့ ရေလိုအပ်ချက်များကို ကောင်းစွာ ဖြည့်ဆည်းပေးနိုင်ခဲ့ကြပါတယ်။ ဒါဟာလည်း ရေသုံးစွဲမှုကို သက်သာစေတဲ့ အသုံးအဆောင်ပစ္စည်းများ ဝယ်ယူသုံးစွဲကြသူများအတွက် ပြန်လည်အကျိုးခံစားနိုင်မည့် မက်လုံးများပေးခြင်းကဲ့သို့ လုပ်ဆောင်မှုများမှတစ်ဆင့် အောင်မြင်စွာ ‌ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ရေအသုံးချခြင်းဝန်ဆောင်မှုများ နှင့် စီမံအုပ်ချုပ်သူများဟာဆိုရင် သုံးစွဲသူများအား ရေကို ပိုမိုအကျိုးရှိစွာ သုံးစွဲရန် လိုအပ်ကြောင်း နှင့် အခြားလိုအပ်သော စီမံခန့်ခွဲမှုများအကြောင်း အသိပညာပေး ဖြန့်ဝေမှုများတွင် တိုးတက်မှုအချို့ပင် လုပ်ဆောင်နိုင်ခဲ့ ကြပါတယ်။ 

သုံးစွဲသူများရဲ့ လိုအပ်ချက်များနှင့် လိုက်ဖက်ကိုက်ညီသော ၀န်ဆောင်မှုများကို ဖြန့်ဝေပေးနိုင်မည့် အနုနည်းဖြေရှင်းနိုင်သော လမ်းကြောင်း (soft path) ပထမဦးဆုံး စတင်ကျော်ြကားလာသည့် လွန်ခဲ့သော ဆယ်စုနှစ် လေးစုခန့်အချိန် တွင် ရေစီမံခန့်ခွဲ ထောက်ပံ့ပေးသူများသည် အားနည်း၊ လျော့ရဲလာသော ရေပေးဝေရေးစနစ်များကြောင့် ဒီလမ်းကြောင်းအပေါ်ကို စတင်ဦးတည်လာခဲ့ကြပါတယ်။ များစွာသော ဖြစ်စဉ်များတွင် ရေလိုအပ်မှုအပေါ် ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခြင်းသည် လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး ငွေကြေးကုန်ကျမှု နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်စေခဲ့တာကိုလည်း တွေ့ရပါတယ်။ ယခုလက်ရှိတွင် ဤကိစ္စရပ်များသည် ပြဿနာတစ်ရပ်အဖြစ် ဆက်လက်တည်ရှိတော့မည် မဟုတ်ဘဲ ပိုမိုလွယ်ကူသော ခြေလှမ်းများအဖြစ် စတင်တက်လှမ်းနေပါပြီ။ လူဦးရေတိုးပွားလာခြင်း နှင့် ရာသီဥတုပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသော ရေအရင်းအမြစ်ထောက်ပံ့မှုများ လျော့နည်းလာမှု၊ ရေလိုအပ်ချက်မြင့်တက်လာမှု စတဲ့ စိန်ခေါ်မှု အခက်အခဲများကို ဖြေရှင်းရာတွင် ကျွန်ုပ်တို့သည် အထက် ဖေါ်ြပပါအချက်များ အားလုံးပါ၀င်တဲ့ ချဉ်းကပ်မှုမျိုး လိုအပ်ပါတယ်။

"လာမယ့် အနာဂတ်လမ်းကြောင်းကတော့ ရေအခြေခံအဆောက်အအုံတွေ တည်ဆောက်တဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဖြည့်ဆည်းခြင်းကိုပဲ မှီတည်နေရတဲ့ ခက်ခဲသော လမ်းကြောင်း (hard path) ကို ပြန်သွားခြင်းလည်းမဟုတ်၊ သုံးစွဲသူများရဲ့ လိုအပ်ချက်များနှင့် လိုက်ဖက်ကိုက်ညီသော ၀န်ဆောင်မှုများကို ဖြန့်ဝေပေးနိုင်မည့် အနုနည်းဖြေရှင်းနိုင်သော လမ်းကြောင်း (soft path) သီးသန့်လည်းပဲ မဟုတ်ပေ။ အရင်က ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကနေလည်း သင်ခန်းစာယူပြီး လူမှုပတ်ဝန်းကျင်ရဲ့ အခြားရှုထောင့်၊ အမြင်များကို ထည့်သွင်းစဉ်းစားပြီး ပြောင်းလဲ ဖော်ဆောင်ပေးနိုင်တဲ့ ခေတ်မှီနည်းပညာများနဲ့ပါ ချဉ်းကပ်သွားရမည့် ပေါင်းစပ်မှုတစ်ခုဖြစ်ပါတယ်"

အသစ်အသစ်သော နည်းပညာများကို အသုံးပြုပြီး ယခုလာမယ့် အနာဂတ် ရေလမ်းကြောင်းကို တွန်းအားပေးနိုင်မည့် အလားအလာများကို ဖော်ဆောင်ရန်အတွက် ကျွန်ုပ်တို့သည် အဓိကဆိုလိုရင်း အဖြေ သုံးမျိုးကို စဉ်းစားနိုင်ပါတယ်။ ထိုသုံးမျိုးသည် ခေတ်မှီရေသန့်စင်ခြင်း (Advanced Water Treatment) ၊ ပင်လယ်ရေငန်ကို ရေချိုအဖြစ် ရှာဖွေဖော်ထုတ်မှုများ (desalination) နှင့် ပတ်သက်ဆက်နွယ်သည့် လိုအပ်ချက်များကို သုသေသနပြုထားမှုများအား ပြန်လည်လေ့လာ ဆန်းစစ်ခြင်းမှ ရရှိထွက်ပေါ်လာသည့် အဖြေသုံးမျိုးဖြစ်ပါတယ်။ မကြာသေးမီကပင် ကျွန်ုပ်ကိုယ်တိုင် ကံကောင်းစွာဖြင့် National Alliance for Water Innovation (NAWI) မှ ဦးစီးဆောင်ရွက်နေသည့် သုတေသန လမ်းကြောင်းရေးဆွဲခြင်း ကြိုးပမ်းမှုတွင် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။ NAWI သည် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရေမလုံလောက်မှုကို ဖြေရှင်းဖော်ဆောင်ရန်အတွက် အမေရိကန် စွမ်းအင်ဝန်ကြီးဌာန (US Department of Energy) မှ ပဏာမစတင်သော အစီအစဉ်အသစ်တစ်ရပ် ဖြစ်ပါတယ်။ (See nawihub.org/roadmaps)

သုတေသနဆောင်ရွက်မှု၏ အဓိကသော့ချက် ဧရိယာတစ်ခုအဖြစ် ပေါ်ထွက်လာသော ပထမဦးဆုံး အကြောင်းအရာသည် ခေတ်မှီနည်းကျသော သတင်းအချက်အလက် နည်းပညာများ ကျယ်ပြန့်စွာ အသုံးချနိုင်မှု (IT revolution) ဖြစ်တယ်။ ရေအရည်အသွေး၊ အရေအတွက်များနဲ့ ပတ်သက်လျှင် အာရုံခံကိရိယာများ၊ အချက်ပြစနစ်များ၊ ဒေတာ စီမံခန့်ခွဲမှုနည်းလမ်းများသည် ကျွန်ုပ်တို့ကို ရှိပြီးသား အခြေခံအဆောက်အအုံများ အပေါ် ပိုမိုနားလည်လာနိုင်စေပြီး အသေးစား အလိုအလျောက် လည်ပတ်နိုင်သော စနစ်များကို ဖန်တီးလာနိုင်မယ်။ ကျွန်ုပ်တို့အနေနဲ့ ဒီလိုအကြောင်းအရာတွေကို ဆယ်စုနှစ်တစ်စုကျော် သိရှိခဲ့ပြီးသော်လည်း အမှန်တကယ် သွားလိုသော နေရာကို ရောက်ရှိဖို့ တွန်းအားတစ်ခု လိုအပ်နေဆဲဖြစ်ပါတယ်။ ရေစီမံခန့်ခွဲမှုတွင် ခေတ်မှီ သတင်းအချက်အလက်နည်းပညာများ အသုံးပြုခြင်းကို ပိုမို အားစိုက်ထုတ်လိုက်မယ် ဆိုရင် ရေရရှိမှု၊ ရေလုံခြုံမှုကို အာမခံချက်ပေးနိုင်ရန် လူကိုယ်တိုင်သွားရောက် ဆောင်ရွက်စရာမလိုသော ရေပေး‌ဝေမှု နည်းလမ်းအသစ်များကို နောက်ဆုံးတွင် ပိုမိုသိရှိလာနိုင်လိမ့်မယ်။

ယခုလက်ရှိတွင် အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးနေမည့် ဒစ်ဂျစ်တယ် နည်းပညာများ နှင့် အလိုအလျောက် ထိန်းချုပ်စနစ်များကို အကောင်အထည်ဖော်ရန် ကနဦး သုတေသန နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှု (R & D) များလည်း များစွာ ရှိနေပါပြီ။ အဓိကစိန်ခေါ်မှုတစ်ခုကတော့ အသစ်ဖြစ်သော သတင်းအချက်အလက် စီးဆင်းမှုအသွင်အဖြစ် အကောင်းဆုံး ပြန်လည်အသုံးချနိုင်ရန် အရင်းအမြစ်များစွာမှ ဒေတာများကို ဘုံ ပလက်ဖောင်းတစ်ခုတွင် ကောင်းစွာ လည်ပတ်နိုင်ဖို့ဖြစ်တယ်။ အကယ်၍ ဒီသတင်းအချက်အလက် စီးဆင်းမှုအသစ်များကို သုတေသီများ အတွက် လုပ်ငန်းလည်ပတ်မှု ကောင်းမွန်စေရန် လိုအပ်သော နည်းစနစ်များ ဖန်တီးခြင်း၊ လုပ်ငန်းစဉ်များအား ကြိုတင်ခန့်မှန်း တွက်ချက်ခြင်း၊ ပြန်လည်တုန့်ပြန်ခြင်းတွေ အတွက် လက်တွေ့စမ်းသပ်ခန်းများ အဖြစ်ဖွင့်ပေးနိုင်လျှင် ဒစ်ဂျစ်တယ် ရေဖွံ့ဖြိုးမှု (Development of digital water) သည်လည်း တိုးတက်လာမှာဖြစ်ပါတယ်။

ဒုတိယအရေးကြီးဆုံး အကြောင်းအရာအဖြစ် ကျွန်ုပ်တို့ တွေ့ရှိသောအရာသည် ပင်လယ်ရေငန်ကို ရေချိုအဖြစ် ရှာဖွေ ဖော်ထုတ်ခြင်းနည်းပညာများ၏ ဖြစ်နိုင်ခြေအလားအလာ အပြည့်အဝကို လမ်းဖွင့်ပေးရန် လိုအပ်မှုဖြစ်တယ်။ နေရောင်ခြည်နှင့် လေစွမ်းအင်တို့ ဖြစ်စဉ်မှာလိုပဲ ဖြတ်သန်းလာခဲ့တဲ့ နှစ်တိုင်းမှာ ပင်လယ်ရေငန်ကို ရေချိုအဖြစ် ပြောင်းလဲထုတ်ယူမှု ကုန်ကျစရိတ်ဟာ ချမှတ်ထားသော ချဉ်းကပ်မှုများဖြင့် လုပ်ဆောင်လျှင် ကုန်ကျစရိတ်သက်သာသွားတာ ကိုတွေ့ရပါတယ်။ဥပမာအားဖြင့် နည်းပညာများ ဖွံ့ဖြိုးရင့်သန်လာသည် နှင့်အမျှ ၁၉၇၀ မှ ၂၀၀၀ ခုနှစ်အကြားတွင် ပင်လယ်ရေငန်မှ ရေချိုထုတ်ယူခြင်းအတွက် တပ်ဆင်ရသည့် ကုန်ကျစရိတ်သည် သုံးဆခန့် ကျဆင်းသွားတယ်။အစ္စရေး၊ သြစတေးလျနှင့် မကြာသေးမီကပင် ကယ်လီဖိုးနီယားတောင်ပိုင်းတို့၌ ရရှိခဲ့သောအတွေ့အကြုံများမှ သက်သေ အထောက်အထားများ အရ ၎င်းနည်းပညာများသည် ရေပြဿနာများ ကြုံတွေ့နေရသောမြို့များတွင် အရင်းအမြစ်အသစ်များ ရှာဖွေခြင်းထက် ကုန်ကျစရိတ်သက်သာသည့် အခြေအနေတစ်ခု သို့ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီးဖြစ်တယ်။

ကျွန်ုပ်တို့ ဖော်ထုတ်ခဲ့သော နောက်ဆုံးအကြောင်းအရာသည် အသေးစား ရေသန့်စင်ခြင်း ဝန်ဆောင်မှုများ (Small-scale treatment facilities) ၏ ချိတ်ဆက်လမ်းကြောင်းများကို လုံခြုံစိတ်ချစွာ လည်ပတ်နိုင်ရန် စံနှုန်းကိုက်ညီသော ရေသန့်စင်မှုနည်းပညာများတွင် (modular water treatment technologies) ခေတ်မီတိုးတက်သော သတင်းအချက်အလက် နှင့် နည်းပညာများကို အသုံးချခြင်းပင်ဖြစ်ပါတယ်။ ၎င်းသည် အသုံးပြုသူရဲ့ လိုအပ်ချက်များနှင့် အံဝင်ခွင်ကျ ကိုက်ညီမည့် ဖြစ်နိုင်သော သန့်စင်မှု ပေးခြင်း၊ဗဟိုရေသန့်စင် စက်ရုံ နှင့် ကုန်ကျစရိတ်များသော မြေအောက်ရေသွယ်လမ်းကြောင်းတို့ မလိုအပ်တဲ့ အလွယ်တကူ ပြုပြင်ပြောင်းလဲနိုင်သောစနစ်များကို ဖန်တီးပေးနိုင်မှာ ဖြစ်တယ်။ ယခုလို ပြောင်းလွယ် ပြင်လွယ်သော ဖြေရှင်းချက်များ၊ ဗဟိုရေသန့်စင်မှု နှင့်အတူ သီးခြားတစ်နိုင်တစ်ပိုင် ရေသန့်စင်မှုများ၏ ပေါင်းစပ်အသုံးချမှုသည် မိလ္လာရေဆိုးများမှ အရင်းအမြစ်ပြန်လည်ရရှိရေး နှင့် ရေဆိုးနုတ်စနစ်များ (Sewage)ရဲ့ စိန်ခေါ်မှုကို ဖြေရှင်းရာတွင် အာရုံစိုက်မှု ပိုမိုရရှိခဲ့ပြီးလည်းဖြစ်တယ်။ ထို့အပြင် ရေသန့်စင်မှု နောက်ဆက်တွဲ လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးပို့မှု သည်လည်း သန့်စင်သော ရေများဖြန့်ဖြူး ပေးဝေမှုတွင် အဓိကအခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။

လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုအကျော်တွင်ကျွန်ုပ်တို့သည် ရေစီမံခန့်ခွဲမှု အနာဂတ်အတွက် မျှော်မှန်းချက်များကို ဖော်ပြရန်ဝေါဟာရများ ကို ပြောဆိုလာခဲ့ကြတယ်။ "ရေ (water)" ၊ ပြန်လည်ဖြည့်တင်းလည်ပတ်နိုင်သော စီးပွားရေးစနစ် (circular economy of water)၊ ဘက်ပေါင်းစုံပါဝင်သော ‌ရေအရင်းအမြစ်စီမံခန့်ခွဲမှု (integrated water resources management)" စသည့် အခေါ်အ‌ဝေါ်များ တွင်ကျယ်လာတယ်။ ၎င်းအသုံးအနှုန်းများအရ အစဉ်အလာမဟုတ်သော အရင်းအမြစ်များ (Non-traditional resources) ကို ရယူရန် နှင့် အခြားသူများနဲ့ သဘာဝပတ်ဝန်းကျင် အပေါ် ကျွန်ုပ်တို့ ရေသုံးစွဲမှုရဲ့ အကျိုးသက်ရောက်မှုများ အကြောင်းကို ပိုမိုစနစ်ကျသောနည်းလမ်းဖြင့် စဉ်းစားရန်တို့အတွက် စုံလင်သောဖြေရှင်းနည်းများကို ချဲ့ထွင်ရန် လိုအပ်ကြောင်းကိုလည်း သိရှိနိုင်ပါတယ်။

လာမယ့် အနာဂတ်လမ်းကြောင်းသည် ချဉ်းကပ်မှု လမ်းကြောင်းနှစ်မျိုးစလုံးမှ (hard & soft paths) သင်ခန်းစာများကို မှတ်သားယူဆောင်လာပြီး ကျွန်ုပ်တို့ရဲ့ ရှုမြင်မှုများကို ချဲ့ထွင်ရန်လည်းလိုအပ်ပါတယ်။ ကျွန်ုပ်တို့သည် လက်ရှိ ရှိနေပြီးသား ရေအရင်းအမြစ်စနစ်များ၊ ဆောင်ရွက်နေသော အဖွဲ့အစည်းများ နဲ့ ခေတ်မီနည်းပညာ အသစ်များအား ပေါင်းစပ် ထည့်သွင်းအသုံးပြုရန် လိုအပ်ပြီး တစ်ချိန်တည်းမှာပင် ရာသီဥတုပြောင်းလဲမှု နှင့် လိုက်လျောညီထွေပြုပြင်ခြင်း၊ ‌ထောက်ပံ့ပေးနေသော ရေပေး‌ဝေရေးစနစ် ၀န်ဆောင်မှုများနဲ့ ပတ်သက်၍ ကွဲပြားသော မျှော်လင့်ချက်များ လည်းထားရှိရန် လိုအပ်ပါတယ်။ IWA ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ရေပညာရှင်များကလည်း ဒီစိန်ခေါ်မှုများကို လက်ခံဖြေရှင်းရန် အဆင်သင့် ဖြစ်နေပြီလို့ ကျွန်ုပ် များစွာ ယုံကြည်ပါတယ်။

ဤဆောင်းပါသည် IWA ၏ ၂၀၂၁ ခုနှစ် ဒစ်ဂျစ်တယ် ကမ္ဘာ့ရေ အစည်းအဝေး (Digital World Water Congress 2021) တွင် ပြောကြားခဲ့သော ပါမောက္ခ David Sedlak ၏ မိန့်ခွန်းမှ ကောက်နုတ်ချက်ဖြစ်ပါသည်။ မိန့်ခွန်းအလုံးစုံကို အောက်ပါလင့်တွင် ၁၆း၄၇ မိနစ်မှစ၍ ကြည့်ရှုနိုင်ပါသည်။ 

ကြည့်ရှုရန် လင့်။ ။https://youtu.be/GLe8VPtGTQI?t=1007 

Translated by Thandar, The Water Agency

Original Source: https://iwa-network.org/the-next-path-for-water/

ထပ်မံကိုးကားချက်။ ။

  • Two paths lie before us: a 'hard path' that will rely almost exclusively on centralized infrastructure to capture, treat and deliver water supplies; and a 'soft path' that will complement the former by investing in decentralized facilities, efficient technologies and policies, and human capital. The soft path seeks to improve the overall productivity of water use and deliver water services matched to the needs of end users, rather than seeking sources of new supply. (source)
  • Circular Economy of water (source)