ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်မှု အပေါ် ပြောင်းလဲမှု ဖြစ်ပေါ်စေမည့် ဆားငန်မြေစိုက်ပျိုးရေး

Saline

ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှု နှင့် ခြောက်သွေ့ကာလများ ပိုမိုရှည်ကြာလာမှုများသည် ကမ်းရိုးတန်းဒေသများရှိ ကမ္ဘာ့ရေချိုအရင်းအမြစ်များအပေါ် ခြိမ်းခြောက်လျှက်ရှိနေပြီး အကျိုးဆက်အနေဖြင့် ၎င်းသည် မြေဆီလွှာတွင် ဆားဓာတ်ပါဝင်မှုကို တိုးလာစေခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာထုတ်လုပ်မှုအပေါ် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်နေပေသည်။ ထို့ကြောင့် အဆမတန်တိုးပွားလာသော လူဦးရေကို အစာလုံလောက်စွာ ကျွေးမွေးထောက်ပံ့နိုင်ရန်အတွက် ရေရှည်တည်တံ့နိုင်မည့် နည်းလမ်းဖြင့် သင်မည်သို့ စိုက်ပျိုးထုတ်လုပ်မည်နည်း။ ဤနေရာတွင် "ဆားငန်မြေစိုက်ပျိုးရေး" သည် အစွမ်းထက်သော ဖြေရှင်းချက်တစ်ခု ဖြစ်လာသည်။ 

(ဟယ်သာ မွန်းတက်ခ်)

IHE Delft သည် မကြာသေးမီကပင် The Salt Doctors ဟူသည့် ဒတ်ခ်ျကုမ္ပဏီ၊ ဗီယက်နမ်နိုင်ငံရှိ ကန်သို တက္ကသိုလ် (Can Tho University) တို့နှင့် ပူးပေါင်း၍ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ ဆားငန်မြေစိုက်ပျိုးရေး လုပ်ငန်းများကို ဗဟိုပြုသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာဗဟုသုတ လွှဲပြောင်းမျှဝေမှု စီမံကိန်းတွင် ပါ၀င်ခဲ့သည်။

 

မြေဆီလွှာ ဆားဓာတ်ပါဝင်မှုတိုးပွားလာခြင်း (salinization) နှင့်အတူ လိုက်လျောညီထွေ ပြုမူဆောင်ရွက်ခြင်း

ဆားဓာတ်များသည် ရေ နှင့် မြေဆီလွှာနှစ်မျိုးစလုံးတွင် သဘာဝအလျောက် တွေ့ရှိရသော ပါဝင်ပစ္စည်းတစ်ခုဖြစ်သည်။ မြေဆီလွှာတွင် ဆားဓာတ်ပါဝင်မှုတိုးပွားလာခြင်း သည် ပင်လယ်ရေမှ ရေငန်းများလွှမ်းခြင်း၊ မြေဆီလွှာထဲသို့ ရေငန်တိုးဝင်ခြင်း၊ စိုက်ပျိုးရေပေးဝေခြင်း နှင့် ဓာတ်မြေသြဇာသုံးစွဲမှု သံသရာများ အဖန်တလဲလဲဖြစ်ပေါ်ခြင်းတို့ အပါအဝင် များစွာသော အကြောင်းအရင်းများကြောင့် ဖြစ်နိုင်သည်။ ကံမကောင်းစွာပင် ထိုကဲ့သို့သော မြေဆီလွှာ ဆားပေါက်သည့်အခြေအနေများတွင် ကောက်ပဲသီးနှံများစွာ ရှင်သန်ကြီးထွားနိုင်ခြင်းမရှိခြင်းကြောင့် ဤဖြစ်စဉ်သည် စိုက်ပျိုးရေးလုပ်ငန်းအပေါ် ဆိုးကျိုးများစွာ သက်ရောက်စေသည်။ ထို့အပြင် မြေဆီလွှာဆားငန်မှုတိုးလာခြင်းမှာ ကမ္ဘာအနှံ့တွင် မြင့်တက်လာသည်နှင့်အမျှ စိုက်ပျိုးရေးအတွက် သင့်လျော်သော မြေပမာဏမှာ ဆက်လက်ကျဆင်းလာသည်။ ဤကဲ့သို့ လယ်သမားများအနေဖြင့် ၎င်းတို့၏မြေယာများကို ပို၍ အသုံးမပြုနိုင်လာသောကြောင့် စားနပ်ရိက္ခာမလုံလောက်မှု နှင့် စီးပွားရေးစိန်ခေါ်မှုများကို ဖြစ်ပေါ်လာစေနိုင်သည်။

သမာရိုးကျလယ်ယာစိုက်ပျိုးရေး နည်းစနစ်များတွင် စိုက်ပျိုးရေပေးဝေရေးအတွက် ရေချိုကိုသာ အသုံးပြုကြသည်။ သို့ရာတွင် ရေချိုသည် အရင်းအမြစ် နည်းပါးလာခြင်းကြောင့် ၎င်းအတွက် လိုက်လျောညီထွေဖြစ်စေရန်နှင့် အခြားနည်းလမ်းများ ရှာဖွေရန် ပို၍ပင်အရေးကြီးလာသည်။ ဆားငန်မြေ စိုက်ပျိုးခြင်းမှာ အစားအစာကို ဆားပေါက်နေသော မြေဆီလွှာပေါ်တွင် စိုက်ပျိုးထုတ်လုပ်ပြီး ဆားငန်ရေကို စိုက်ပျိုးရေ ပေးဝေရေးအတွက် အသုံးပြုသည်။ ဆားငန်ရေသည် ကမ္ဘာပေါ်တွင် ရေချိုကဲ့သို့ ပေါများလျက် ရှိနေပေသည်။

ထို့ကြောင့် ကမ္ဘာပေါ်ရှိ ရေငန်အားလုံးကို စိုက်ပျိုးရေပေးဝေရေး အတွက်သာ အသုံးပြုမည်ဆိုပါက ၎င်းသည် စိုက်ပျိုးရေးအတွက် ရရှိနိုင်သော ရေပမာဏကို ထိရောက်စွာ နှစ်ဆတိုးပေးနိုင်မည်ဖြစ်ပြီး ဒေသများစွာ၌ ကြုံတွေ့နေရသော ရေပြဿနာများကို လျှော့ချပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် ကမ္ဘာတစ်ဝန်းရှိ ဟက်တာသန်းပေါင်းများစွာသော ယိုယွင်းပျက်စီးနေသည့် မြေဆီလွှာများအတွက်လည်း ဤဆားငန်မြေစိုက်ပျိုးရေးမှာ အလွန်ကြီးမားသော အလားအလာကောင်း တစ်ခုဖြစ်လာမည်ဖြစ်သည်။

 

ကောက်ပဲသီးနှံများ အကြောင်းသိရုံနဲ့ လုံလောက်ပြီလား။

ဆားငန်ဒဏ်ခံနိုင်သော ကောက်ပဲသီးနှံများကို မှန်ကန်စွာ ရွေးချယ်တတ်ခြင်းသည် ဆားငန်မြေစိုက်ပျိုးရေး၏ အရေးကြီးသော အခန်းကဏ္ဍတစ်ခု ဖြစ်သည်။ သို့ရာတွင် ထိုသို့ ရွေးချယ်နိုင်ရန်အတွက် ပထမဦးစွာ စိုက်ပျိုးမည့် မြေဆီလွှာအနေအထား၊ ရေရရှိမှုနှင့် ၎င်း၏အရည်အသွေး၊ ဒေသတွင်းရာသီဥတုအခြေအနေများ စသည်တို့ကို အထူးနားလည်ရန် လိုအပ်ပါသည်။ ကမ်းရိုးတန်းဒေသများတွင်သာမက ကုန်းတွင်းပိုင်းဒေသများတွင်ပါ တွေ့ရှိရသော ဆားဓာတ်လွန်ကဲမှုဒဏ်ခံထားရသော မြေဆီလွှာသည် တစ်ကမ္ဘာလုံးအနေဖြင့် ဟက်တာ ၁ ဘီလီယံနီးပါး ရှိသည်။ ဆားဓာတ်များအဖြစ် ခွဲခြားသတ်မှတ်ထားသော ဓာတ်သတ္တုအမြောက်အများ ရှိပေသည်။ ထို့ကြောင့် မြေဆီလွှာ နှင့် ရေတွင် မည်သို့သော ဆားဓာတ်သတ္တုများ အဓိကပါဝင်နေသည်ကို ကောင်းစွာ သိရှိနားလည်ထားခြင်းသည်လည်း ဆားငန်မြေစိုက်ပျိုးရေးအတွက် အကောင်းဆုံးနည်းလမ်းကို သတ်မှတ်ဆုံးဖြတ်ရာတွင် ကူညီပေးနိုင်သည်။

"သို့သော် ရာသီဥတုအခြေအနေများအား ထည့်သွင်းစဉ်းစားရန်လည်း အရေးကြီးသည်" ဟု Salt Doctors ကို တည်ထောင်သူ ဒေါက်တာ Arjen de Vos ကပြောကြားသည်။ "ဥပမာအားဖြင့် မုတ်သုန်ရာသီဥတုရှိတဲ့ နိုင်ငံတွေမှာဆိုရင် မိုးရာသီမှာ ရေချိုရရှိမှု ပေါများတာကြောင့် ၎င်းတို့က မြေဆီလွှာအပေါ်ယံရှိ ဆားငန်တွေကို မြေဆီလွှာရဲ့ နက်ရှိုင်းတဲ့အလွှာတွေအထိ စိမ့်ဝင်ရောက်ရှိသွားအောင် ပို့ဆောင်ပေးတယ်။ ဒါပေမယ့် မြောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသများကဲ့သို့ မုတ်သုန်ရာသီဥတု မရှိတဲ့ နေရာများမှာဆိုရင် မိုးကို မှီခို၍ စိုက်ပျိုးရန် လုံလောက်သော မိုးရေကို မရရှိနိုင်ဘူး။ ထို့အတွက်ကြောင့် လွန်ကဲသော ဆားဓာတ်များအား မိုးရေစိမ့်ဝင်စစ်ထုတ်ပေးနိုင်ခြင်း မရှိသောကြောင့် စိုက်ပျိုးရေးအတွက် မှန်ကန်သော နည်းစနစ်ချဉ်းကပ်မှုတစ်ခုလုံးသည် မိုးရေလုံလောက်စွာရရှိခြင်း နှင့် မရရှိခြင်းပေါ်မူတည်၍ လုံးဝ ကွဲပြားသွားနိုင်သည်။"

"နည်းပညာပိုင်းဆိုင်ရာအချက်အလက်များအပြင်ဆားငန်မြေစိုက်ပျိုးရေးလုပ်ငန်းတွင် သီးနှံရွေးချယ်မှုအပေါ် လွှမ်းမိုးသက်ရောက်နိုင်သည့် လူမှုစီးပွားရေးအကြောင်းအချက်များလည်း ရှိသေးသည်" ဟု ဒေါက်တာ Arjen de Vos က ဆက်လက်ပြောကြားသည်။ တောင်သူလယ်သမားများ၏ သီးနှံဦးစားပေးမှု၊ မျိုးစေ့များရရှိနိုင်မှု၊ စျေးကွက်အလားအလာ (ဒေသတွင်း/ ပြည်နယ်တွင်း / နိုင်ငံခြား ပို့ကုန်) နှင့် မူဝါဒများကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။

ကြီးမားသော သက်ရောက်အောင်မြင်မှုများ ရရှိရန်အတွက် မူဝါဒရေးဆွဲချမှတ်သူများ၊ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုလုံး၏ တန်ဖိုး မြှင့်တင်သတ်မှတ်ပေးသူများ စသည့် မိတ်ဖက်အဖွဲ့အစည်းများစွာ ပါ၀င်ပတ်သက်မှုရှိစေရန်လည်း အရေးကြီးသည်။

 

ရေ၏ အကျိုးသက်ရောက်မှု

ရေအခက်အခဲများသည် ကမ္ဘာတစ်ဝှမ်းရှိ လူများ၏ အသက်မွေး၀မ်းကျောင်းလုပ်ငန်းများ အပေါ် တိုက်ရိုက်သက်ရောက်မှု ရှိနေသည်မှာ ထင်ရှားလှသည်။ ဥပမာအားဖြင့် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် ရေချိုများစွာရရှိသောကြောင့် ကမ်းရိုးတန်းဒေသများရှိ များစွာသောလယ်ယာမြေများသည် မိုးရာသီအတွင်း ဆန်စပါးကို စိုက်ပျိုးကြသည်။ သို့သော် ခြောက်သွေ့သောရာသီ (ဒီဇင်ဘာလ မှ ဧပြီလ) အစတွင် ဆားငန်ရေတိုးဝင် ဝင်ရောက်မှုကြောင့် မြေပေါ်ရေ နှင့် မြေအောက်ရေနှစ်မျိုးစလုံးအတွက် ဆားငန်ပါဝင်မှုပြဿနာများ ဖြစ်ပေါ်စေသည်။ မိုးရွာသွန်းသည့်အခါ ၎င်းမိုးရေများသည် ဆားငန်ရေများကို တစ်ဖန်ပြန်လည် ဆေးကြောသန့်စင်ပေးပြီး ဆားလွန်ကဲမှုဒဏ်မခံနိုင်သော ဆန်စပါးများကို ပြန်လည်စိုက်ပျိုးနိုင်ရန် စွမ်းဆောင်ပေးသည်။

သို့သော် ခြောက်သွေ့သောရာသီတွင် ဤကမ်းရိုးတန်းဒေသများသည် လယ်ထွန်ယက်စိုက်ပျိုးမှု ပြုလုပ်ရန် မဖြစ်နိုင်သောကြောင့် လယ်သမားများသည် မိမိတို့၏ လယ်ယာမြေများကို အလွတ်ထားရှိခဲ့ပြီး မကြာခဏဆိုသလို အခြားအလုပ်အကိုင်များကို ရှာဖွေလုပ်ကိုင်နေကြရသည်။

"ဒါဟာ သန်းနဲ့ချီတဲ့ လယ်သမားတွေကို ဆိုးကျိုးသက်ရောက်လျက်ရှိနေပါတယ်။ များသောအားဖြင့် တစ်နိုင်တစ်ပိုင် အသေးစားလယ်သမားတွေကို ပိုလို့ထိခိုက်စေနေတာပါ " ဟု ဒေါက်တာ Arjen de Vos မှ ပြောကြားခဲ့သည်။ "ယခုအချိန်အထိ သင့်မှာ နည်းဗျူဟာက အတန်အသင့်သာရှိပြီး ဆားဓာတ်လွန်ကဲမှု ပြဿနာများ များလွန်းရင် မင်းဟာဆက်လက်လုပ်ကိုင်နိုင်တော့မှာ မဟုတ်ပါဘူး။ ယခုအခါတွင် လိုက်လျောညီထွေရှိအောင် ပြုပြင်ပြောင်းလဲခြင်းနှင့်အတူ ကမ္ဘာ့ဆားငန်အရင်းအမြစ်များကို ပို၍ အသုံးပြုနိုင်အောင် အာရုံစိုက်လာကြပြီး အသုံးပြုနိုင်မည့် အလားအလာလည်း ရှိလာသည်။ အကယ်၍ သင်သည် ဤအရာကို ပမာဏ များများဖြင့် စတင်နိုင်မည်ဆိုလျှင် စဉ်ဆက်မပြတ်တိုးပွားလာနေသော ကမ္ဘာ့လူဦးရေကို ကျွေးမွေးထောက်ပံ့ထားနိုင်ပေမည်။ ထို့အပြင် အခြေခံလူတန်းစားများဖြစ်သည့် သန်းပေါင်းများစွာသော လယ်သမားများ၏ အသက်မွေး၀မ်းကျောင်းလုပ်ငန်းများကို တိုးတက်အောင် ပြုလုပ်ပေးနိုင်လိမ့်မည်။"

 

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ လုပ်ဆောင်ခြင်း

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ၌ ရေချိုလုံလောက်စွာရရှိစဉ် လယ်သမားများသည် ယေဘုယျအားဖြင့် တစ်နှစ်လျှင် နှစ်ကြိမ် ဆန်စပါးကို စိုက်ပျိုးကြသည်။ "ခြောက်သွေ့ရာသီတွင် မြစ်ရေအလွန်နိမ့်သောကြောင့် မြစ်ဝမှ အထက် ကီလိုမီတာ ၄၀ အထိပင် ပင်လယ်ဆားငန်ရေ ဝင်ရောက်မှုများရှိနေကြောင်း"IHE Delft မှ ရေဘူမိဗေဒ ပညာရှင်၊ တွဲဖက်ပါမောက္ခ ဒေါက်တာ Yangxiao Zhou မှ ပြောကြားခဲ့သည်။ " ဒါကြောင့် မြစ်ရေသည် ဆားငန်လာပြီး လူအများသည် ရေချိုရရှိရေးအတွက် မြေအောက်ရေကို ပိုမို သုံးစွဲလာကြတယ်" ဤသို့သော အခြေအနေတွင် ဆားဒဏ်ခံနိုင်မည့် ကောက်ပဲသီးနှံများကို မျိုးစုံပြောင်းလဲ အသုံးပြုခြင်းသည် ရေချိုအသုံးပြုမှုကို လျော့နည်းသွားစေပြီး စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် အကျိုးကျေးဇူး နှစ်မျိုးစလုံးဖြစ်ထွန်းစေမည့် ရေရှည်တည်တံ့ခိုင်မြဲသော နှစ်စဉ် စိုက်ပျိုးရေးစနစ်တစ်ခုကို ဖော်ဆောင်ပေးနိုင်လိမ့်မည်။

ကန်သိုတက္ကသိုလ် (Can Tho University)၊ IHE Delft မှ ရေပညာရှင်များနှင့် ဆားငန်မြေလယ်ယာစိုက်ပျိုးရေး ကျွမ်းကျင်သူ Dr. de Vos တို့မှ ပူးပေါင်း၍ ဒေသခံများအား ဆားငန်မြေစိုက်ပျိုးရေးအတွက် မည်သို့အကောင်အထည်ဖော်ရမည်ကို လေ့ကျင့်ပေးရန် နှစ်ပတ်ကြာ လေ့ကျင့်သင်ကြားရေး အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့သည်။ NUFFIC Orange Knowledge Programme မှ ငွေကြေးထောက်ပံ့မှုပေးခဲ့ပြီး ဤသင်တန်းတွင် သီအိုရီပိုင်းဆိုင်ရာ သင်ယူမှုနှင့်အတူ လက်တွေ့ လုပ်ကိုင်ရသော အတွေ့အကြုံများပါ ပါ၀င်သင်ကြားပေးခဲ့သည်။ တက်ရောက်သူ ၂၆ ဦးတွင် ကန်သိုတက္ကသိုလ် (Can Tho University)၊ ပြည်နယ်ပေါင်းစုံနှင့် ကန်သိုမြို့သားများ ပါဝင်တက်ရောက်ခဲ့ကြသည်။ တက်ရောက်သူများအားလုံးသည် ပညာရေးနှင့် အစိုးရအဖွဲ့အစည်းများကို ကိုယ်စားပြုသူများဖြစ်ပြီး ၎င်းတို့သည် ရေပညာရှင်များ၊ မြေဆီလွှာသိပ္ပံပညာရှင်များနှင့် ကောက်ပဲသီးနှံဆိုင်ရာ အထူးပညာရှင်များ ဖြစ်ကြသည်။

သင်တန်းပေးသူ ပညာရှင်များ၏ ပို့ချချက်များ၊ လက်တွေ့ လုပ်ဆောင်ပြသမှုများ မှတစ်ဆင့် သင်တန်းသားများသည် ဆားငန်ဒဏ်ခံနိုင်သော သီးနှံစိုက်ပျိုးခြင်း၊ ဆားဓာတ်ပါဝင်နေသော မြေအောက်ရေအရင်းအမြစ်များကို အကဲဖြတ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်းများနှင့် မြေအောက်ရေငန်ကို အသုံးပြုပြီး စိုက်ပျိုးရေပေးဝေရေးစနစ်များ နှင့်ပတ်သက်၍ ဗဟုသုတများ များစွာရရှိခဲ့သည်။ သင်တန်းတက်ရောက်သူအဖွဲ့သည် ကွင်းဆင်းလေ့လာမှုများပြုလုပ်ခဲ့ပြီး မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် ဆားဒဏ်ခံနိုင်သော သီးနှံများကို တိုးမြှင့်စိုက်ပျိုးနိုင်ရေး မဟာဗျူဟာတစ်ခု ဖော်ထုတ်ရန် အပြန်အလှန်အကျိုးပြုသည့် အလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင်ခဲ့ကြသည်။

 

ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များ

  ဒေါက်တာ Yangxiao Zhou အဆိုအရ သင်တန်းအစီအစဉ်၏ အရေးကြီးသော ရလဒ်တစ်ခုမှာ လူထုအသိပညာ တိုးပွားလာခြင်းဖြစ်သည်။ "ဒီသင်တန်းက လူတွေကို အခြားရွေးချယ်စရာ အဖြေတစ်ခု ရှိနေသေးတယ်ဆိုတာ ပြသနိုင်ခဲ့တယ်" ဟု သူက ဆိုသည်။ "ဆန်စပါးနှင့် အခြားကောက်ပဲသီးနှံများအစား ဤဆားဒဏ်ခံနိုင်သော ကောက်ပဲသီးနှံများသည် အလွန်ကောင်းသော အလားအလာများ ရှိနေတယ်။"သို့သော် စီးပွားရေးအကျိုးသက်ရောက်မှုကိုအမှန်တကယ်မြင်နိုင်ရန် နောက်ထပ် အလုပ်များစွာ ဆောင်ရွက်ရန် လိုအပ်နေသေးသည်။ ထို့အပြင် ၎င်းအတွက် ဒေသတွင်းအသိပညာပေး အဖွဲ့အစည်းများ၊ စိုက်ပျိုးရေးဌာနများ၊ပြည်နယ်နှင့် မြို့တော်စည်ပင်သာယာရေးဌာနများမှ လူများပါဝင်မှုသည် အဓိကကျသော့ချက် ဖြစ်လိမ့်မည်။ "၎င်းတို့သည် ကောက်ပဲသီးနှံများကို အဆင့်မြှင့်တင်ပေးနိုင်သော အနေအထား မှာရှိနေပြီး တစ်ဖက်တွင်လည်း ဆားငန်ရေ၀င်ရောက်မှုကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် သီးနှံစိုက်ပျိုးမှု ပုံစံအမျိုးမျိုးကို ကြိုးစားပြောင်းလဲဖို့ ဖိအားပေးမှုတွေခံနေကြရတယ်" ဟု ဒေါက်တာ Yangxiao Zhou ကပြောကြားခဲ့သည်။

ထိုသင်တန်းအစီအစဉ်ကို ဒေါက်တာ Yangxiao Zhou မှ သဘောကျသော်လည်း ကွင်းဆင်းလုပ်ဆောင်စစ်ဆေးမှုတွင် ၎င်းတို့သည် စိန်ခေါ်မှုအသစ်တစ်ရပ် နှင့် ရင်ဆိုင်ခဲ့ရသည်။ ဒေသခံလယ်သမားတစ်ဦးနှင့်အတူ ဆားဒဏ်ခံနိုင်မည့် ကောက်ပဲသီးနှံများ စမ်းသပ်စိုက်ပျိုးရေး ရှေ့ပြေးစီမံကိန်းအသေးစားတစ်ခုကို ပြုလုပ်ခဲ့ကြသည်။ ဖေဖော်ဝါရီလတွင် Dr. de Vos သည် လယ်သမားများ၊ ဒေသခံပြည်သူများအား အချို့သော သီးနှံမျိုးစေ့များအား ပျိုးကြဲခြင်း နှင့် ထိန်းသိမ်းခြင်းဆိုင်ရာ သင်တန်းများကို ပြသပေးခဲ့သည်။ သို့သော် မတ်လတွင် ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်(စ်) Covid-19 ဖြစ်ပွားမှုကြောင့် အရာအားလုံးရပ်တန့်ခဲ့ရသည်။ "ဒါကြောင့် စမ်းသပ်မှုရလဒ်များဟာ စံနှုန်းမကိုက်ညီ ဖြစ်ခဲ့ရတယ်" ဟု ဒေါက်တာ Yangxiao Zhou မှ ပြောကြားခဲ့သည်။ "သို့သော် ယခုလက်ရှိတွင် ကျောင်းသားအချို့က ထိုဒေသရှိမြေဆီလွှာကို ယူဆောင်ပြီး ကောက်ပဲသီးနှံတစ်မျိုးတည်းအတွက် မတူညီသောဆားဓာတ်ပမာဏ ပါဝင်နေသည့်ရေကို အသုံးပြုကာ ဖန်လုံအိမ်တစ်ခုတွင် စမ်းသပ်မှုများ ပြုလုပ်နေကြတယ်။ ဒါကြောင့် ဒီစမ်းသပ်မှုကနေ ရရှိတဲ့ ရလဒ်တွေက လယ်သမားတွေကို လက်တွေ့ စိုက်ပျိုးရေးစစ်ဆေးများမှာ အထောက်အကူပြုလိမ့်မယ်။ " 

မကြာမီ ရောက်ရှိလာတော့မည့် ခြောက်သွေ့ရာသီတွင် တက္ကသိုလ်သည် လယ်သမားများနှင့် နီးကပ်စွာ ဆက်လက်လုပ်ကိုင်ရန် စီစဉ်ထားသည်။ စီမံကိန်း၏ မျှော်မှန်းရလဒ်အနေဖြင့် အကြီးစားအကောင်အထည်ဖော်မှု၊ စိုက်ပျိုးနိုင်မှုများအတွက် အစီအမံ မဟာဗျူဟာရေးဆွဲ သတ်မှတ်ရာတွင် ကူညီနိုင်ရန် ဘွဲ့လွန်ကျောင်းသားတစ်ဦးကို အလုပ်သင်အနေနှင့် ဆက်လက်လေ့လာလုပ်ကိုင်ခွင့် ပြုမည်ဖြစ်သည်။

 

ဆက်လက်လုပ်ဆောင်ရန် များစွာကျန်ရှိနေပါသေးသည်

ကန်သိုတက္ကသိုလ် (Can Tho University) မြေဆီလွှာသိပ္ပံဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာ Khoi Chau Minh မှ "နယ်သာလန်နိုင်ငံက မြေအနေအထားအရ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသနှင့် ဆင်တူတော့ ဒတ်ခ်ျစီမံကိန်းမိတ်ဖက်များ၏ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံတွေကနေ အကျိုးအမြတ်များ များစွာရတယ်" ဟု ပြောကြားခဲ့သည်။ ၎င်းသည် "သင်ယူမှုကဤနေရာမှာတင် ရပ်တန့်သွားမှာ မဟုတ်ဘဲ ဒီအလုပ်ရုံဆွေးနွေးပွဲဟာကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်ရန်၊ ပိုမိုခိုင်မြဲရန် အစပြုပေးသည့် ဆွေးနွေးပွဲတစ်ခု ဖြစ်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဆက်လက်ပြောကြားခဲ့ပါသည်။

"အနာဂတ်ကို ကြည့်ခြင်းအားဖြင့် ဆက်လက်လုပ်ဆောင်စရာတွေ အများကြီးကျန်နေပါသေးတယ်။ ကျွန်ုပ်တို့၏ စီမံကိန်းရည်မှန်းချက်များ ရရှိအောင်မြင်ခဲ့ပြီးဖြစ်သော်လည်း လက်တွေ့မြေပြင်မှာ အမှန်တကယ် အကျိုး သက်ရောက်မှု ကို မြင်တွေ့ချင်ပါတယ်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတစ်ခုလုံးတွင် တိုးချဲ့လုပ်ဆောင်နိုင်ရန် ဖြစ်ပါသည်။ အကယ်၍ လယ်သမားတစ် ဦးတစ်ယောက်တွင် စတင်စမ်းသပ်စိုက်ပျိုးမှု အောင်မြင်သွားပါက ၎င်းနှင့် တစ်ရွာထဲရှိ အိမ်နီးချင်းများမှ လိုက်ပါလုပ်ဆောင်မည်ဖြစ်ပြီး နောက်ဆုံးတွင် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတစ်ခုလုံးရှိ အခြားသူများလည်း မလွဲမသွေ ပါဝင်လာပေလိမ့်မည်။ ကျနော်တို့ ရည်မှန်းချက်ကြီးစွာဖြင့် အကြီးစားစမ်းသပ်စိုက်ပျိုးမှု စီမံကိန်းများ လုပ်ဆောင်နိုင်ရန် အလားအလာကောင်းများ ပေါ်ပေါက်လာဖို့ မျှော်လင့်နေပါတယ်" ဟု ဒေါက်တာ Yangxiao Zhou မှ ပြောကြားခဲ့သည်။

ဆားငန်မြေစိုက်ပျိုးရေးလုပ်ငန်း ကျယ်ပြန့်ပျံ့နှံ့လာရန်အတွက် ၎င်းသည် ရေရှည်တည်တံ့ခိုင်မြဲမှုရှိပြီး ကုန်ကျစရိတ်အားဖြင့် ထိရောက်မှုရှိကြောင်း ပြသရန် အလွန်အရေးကြီးကြောင်း Dr. de Vos မှ ပြောကြားခဲ့သည်။ "သိပ္ပံနည်းကျရှုထောင့် မှသာမက လက်တွေ့ဆန်သောရှုထောင့် နှစ်ခုစလုံးမှ ဖော်ပြနေသည်မှာ ကျွန်ုပ်တို့သည် ကွဲပြားခြားနားသောအဖွဲ့အစည်းများနှင့် ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်ဖွဲ့မှုရရှိရန် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများစွာ၌ ပြုလုပ်ရန် လိုအပ်သည်။ ဆားငန်မြေစိုက်ပျိုးရေးကို တောင်သူလယ်သမားများ၏ အဓိကအသက်မွေး၀မ်းကျောင်းမှုအတွက် အမှန်တကယ် အထောက်အကူပြုနိုင်သည့်အပြင် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးကိုလည်း ဖော်ဆောင်ပေးနိုင်မည့် အဓိကစိုက်ပျိုးရေးပုံစံတစ်ခုဖြစ်အောင် ဖော်ဆောင်သွားချင်ပါတယ်" ဟု Dr. de Vos မှ အားတက်သရော ဆက်လက်ပြောကြားခဲ့ပါသည်။

Translated by Thandar, The Water Agency

Original Article - Saline agriculture has the power to change (and feed) the world

Ramsar Wetlands Conservation Awards 2021
Join the Ozwater 2021 Young Water Professional Pro...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal