စိမ်းလန်းစိုပြေသော ဆည်များ ဆိုတာ ဖြစ်နိုင်ချေရှိလား

Greening-Dams
  • ကီလိုမီတာ ၁၀၀၀ ကျော်ရှည်လျားသော မြစ်များသည် ပြတ်တောက်ခြင်း၊ မြစ်လမ်းကြောင်းများပြောင်းသွားခြင်း သို့မဟုတ် ရေစီးဆင်းမှုမရှိတော့ပဲ လုံးဝခမ်းခြောက်သွားကုန်ကြသည်အထိ ဖြစ်နေပြီဖြစ်သည်။
  • ဆည် တာတမံများ တည်ဆောက်ခြင်းနှင့်ပတ်သတ်၍ မြစ်များတွင် သက်စောင့်ရေထားရှိရန်နှင့် ရေဝေရေလဲဒေသစီမံခန့်ခွဲမှုများအား ဆွေးနွေးရန်လိုအပ်သည်။
  • ကြီးမားသောဆည်ကြီးများမှ ရေချို ဇီဝမျိုးစုံ မျိုးကွဲများ နှင့်ပတ်သတ်၍ ခြိမ်းခြောက်မှုများ မြင့်မားနေသော်လည်း ၎င်းတို့ကို လျှော့ချရန်အတွက် နည်းလမ်းများရှိပါသည်။

ရေအားလျှပ်စစ်စက်ရုံများသည် စိမ်းလန်းသော စွမ်းအင်ထုတ်လုပ်ခြင်းတွင် ကြီးမားများပြားသော အကျိုးကျေးဇူးများ ရရှိစေနိုင်သည်။ စိမ်းလန်းသော စွမ်းအင်ထုတ်လုပ်ခြင်း ဆိုသည်မှာ အမှန်တကယ်လိုအပ်ချက်အပေါ် မူတည်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ချိန်ညှိနိုင်ကာ သန့်ရှင်းပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ခြင်းဖြစ်သည်။ သို့ရာတွင် ကြီးမားသော ဆည်ကြီးများသည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ပြဿနာများဖြစ်သော မြေယာရှင်းလင်းခြင်းနှင့် ရေကြီးရေလွှမ်းခြင်း၊ ကျေးရွာများအား ရွာလုံးကျွတ် ပြန်လည်နေရာချထားခြင်း၊ တောင်စောင်းများအား တိုက်စားခြင်း နှင့် မြစ်အနည်ထိုင်ခြင်း၊ ရေလှောင်ကန်များမှ မီသိန်းဓာတ်ငွေ့များထုတ်လွှတ်ခြင်း နှင့် မြစ်များ၏ ဂေဟစနစ်ဆက်နွယ်မှုများ ပြတ်တောက်ခြင်း တို့ကို ဖြစ်ပေါ်စေနိုင်သည်မှာလည်း ထင်ရှားပေသည်။ ငါးမျိုးစိတ်များအပေါ် သက်ရောက်မှုကဲ့သို့ ဇီဝမျိုးစုံမျိုးကွဲများအပေါ် သက်ရောက်နိုင်သည့် အကျိုးသက်ရောက်မှုများကို လျှော့တွက်ထား၍မရသော အနေအထားတွင်လည်းရှိသည်။

 

ကြီးမားသောဆည်ကြီးများကို ကျွန်ုပ်တို့ လိုအပ်နေသေးပါသလား။

ရှေးခေတ် ဂရိအတွေးအခေါ်ပညာရှင် ဟဲရာကလစ်တပ်စ် (Heraclitus) သည် ကျော်ကြားသောယုံကြည်ကိုးကွယ်မှု "Panta rei" ("အရာအားလုံးစီးဆင်းနေသည်") ကို ဖန်တီးစဉ်အခါက သူမခန့်မှန်းမိခဲ့သော အရာတစ်ခုမှာ နောက် ၁၅ ရာစုနှစ်ခန့်အကြာတွင် ကီလိုမီတာ ၁၀၀၀ ကျော်သော ကမ္ဘာ့မြစ်များ၏ ၃၇ % မျှသာ ၎င်းတို့၏ မြစ်ကြောင်း အရှည်အတိုင်း အပြည့်အဝစီးဆင်းနေခြင်း ဖြစ်သည်။ အခြားသော မြစ်များအားလုံးသည် ရေအားလျှပ်စစ်စက်ရုံကြီးများ၊ ဆည်မြောင်းနှင့် ရေကြီးရေလွှမ်းခြင်းများ ကာကွယ် ထိန်းချုပ်ရေးဆည်များ ကဲ့သို့သော ကြီးမားသည့် အခြေခံအဆောက်အဦများကြောင့် ပြတ်တောက်ခြင်း၊ မြစ်လမ်းကြောင်းများပြောင်းသွားခြင်း သို့မဟုတ် ရေစီးဆင်းမှု လုံးဝမရှိတော့ပဲ ခမ်းခြောက်သွားသည်တို့အထိ ဖြစ်နေသည်။ အကြမ်းဖျင်းအားဖြင့် ကမ္ဘာတစ်ဝှမ်းတွင် ဆည်ပေါင်း ၂.၈ သန်းခန့်ရှိပါသည် (ထိုအထဲတွင်မှ ဆည်ပေါင်း ၆၀,၀၀၀ သည် "ကြီးမားသောဆည်ကြီးများ" ဟုယူဆရသည်။) ထိုဆည်များထဲတွင် အများစုသည် ခေတ်နောက်ကျနေပြီး အလုပ်လုပ်သော စနစ်များကောင်းမွန်စွာ လည်ပတ်မှုမရှိခြင်း သို့မဟုတ် အနည်ထိုင်မှုများ လွန်ကဲခြင်းတို့ ဖြစ်ပေါ်နေသည်။ ဥရောပ၌ လာမည့်နှစ်အနည်းငယ်အတွင်း ထောင်နှင့်ချီသော ဆည်များကိုဖယ်ရှားရမည်။ သို့သော် တချိန်တည်းမှာပင် အဓိကအားဖြင့် စီးပွားရေးတိုးတက်မှု အရှိန်အဟုန်မြင့်မားနေသော နိုင်ငံများတွင် ၃၇၀၀ ထက်မနည်းသော ရေအားလျှပ်စစ်ဆည်များကို ဆောက်လုပ်ရန် စီစဉ်ထားပြီးသား သို့မဟုတ် ဆောက်လုပ်နေဆဲ အနေအထားတွင် ဖြစ်သည်။ ထိုဆည်များထဲမှ အချို့သည် ဒေါ်လာဘီလီယံနှင့်ချီသော တန်ဖိုးရှိဇီဝမျိုးစုံ မျိုးကွဲများနှင့် ကုန်းတွင်းပိုင်းငါးဖမ်းလုပ်ငန်းများကို ခြိမ်းခြောက်နေပြီး ဘေးဒဏ်သင့်ဒေသများမှ ပြည်သူလူထုများရဲ့ ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရသည်။

စွမ်းအင်လိုအပ်ချက်များနှင့် ဈေးကွက်တွင်ရရှိနိုင်သော ကွဲပြားခြားနားသည့်စွမ်းအင်ရွေးချယ်မှုများကို ထည့်သွင်းစဉ်းစားသည့် ဘက်ပေါင်းစုံ မဟာဗျူဟာစီမံကိန်း ရေးဆွဲခြင်းအားဖြင့် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း၊ ဒေသတွင်နေထိုင်ကြသူများ၏ သက်မွေးဝမ်းကျောင်းမှုနှင့် မြစ်များ၏ဂေဟစနစ်ဆက်နွယ်မှုများအကြား ကာလရှည်ကြာစွာတည်ရှိခဲ့သော ပဋိပက္ခကို ဖြေရှင်းနိုင်သည်။ ရေဝေရေလဲဒေသတစ်ခုလုံး၏ ဒေသဆိုင်ရာ လုပ်ပိုင်ခွင့်များကို ထည့်သွင်းစဉ်းစားခြင်းမရှိပဲ များစွာသော ကြီးမားသည့်ဆည်ကြီးများကို ပြင်ဆင်နေကြခြင်းသည် ပြဿနာဖြစ်သည်။ စွမ်းအင်ရင်းမြစ်တစ်ခုတည်းအစား မြစ်လက်တက်များပေါ်တွင် အသေးစားရေအားလျှပ်စစ်ထုတ်လုပ်သောဆည်များအပါအဝင် ပြန်လည်ဖွံ့ဖြိုးမြဲစွမ်းအင်အမျိုးမျိုးကို တပ်ဆင်အသုံးပြုခြင်းအားဖြင့် စွမ်းအင်ကို ယုံကြည်စိတ်ချစွာနှင့် ဈေးနှုန်းသက်သာစွာ ထုတ်လုပ်နိုင်မည့်အပြင် ဂေဟစနစ်များနှင့် ဒေသခံလူမှုအဖွဲ့အစည်းများကိုလည်း ကာကွယ်စောင့်ရှောက်ရာ ရောက်သည်။ အချို့သော အခြေအနေများတွင် နေရောင်ခြည်/ဆိုလာစွမ်းအင် နှင့် လေစွမ်းအင်မှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားဈေးနှုန်းသည် ရေအားလျှပ်စစ်မှထုတ်လုပ်သော လျှပ်စစ်ဓာတ်အားဈေးနှုန်းထက် ပိုမိုသက်သာပြီး ကြီးမားသော ဆည်ကြီးများ ကြောင့်ဖြစ်ပေါ်လာသော သဘာပတ်ဝန်းကျင်ဆိုင်ရာ နောက်ဆက်တွဲများကဲ့သို့ အခြေအနေများမတွေ့ရှိရပါ။

ရေများ စီးဆင်းပါစေ  

ထိုသို့သော ပြောင်းလဲမှုများ၏ ဆိုးကျိုးသက်ရောက်မှုများကို တစ်စိတ်တစ်ပိုင်းမျှ လျှော့ပါးစေရန် အမျိုးသားဥပဒေများက ဂေဟစနစ်ဟန်ချက်ညီမျှစွာ လည်ပတ်နိုင်ရန်နှင့် မြစ်ခြေ (downstream) ဘက်ရှိ ဒေသခံလူမှုအဖွဲ့အစည်းများသည် လိုအပ်ချက်များအတွက် လုံလောက်သောရေရရှိရန် မြစ်အတွင်း ထားရှိရန်လိုအပ်သော သက်စောင့်ရေစီးဆင်းနေစေရန် ရည်ညွှန်းပါသည်။ ထိုသက်စောင့်ရေကို မြစ်၏နှစ်စဉ်စီးဆင်းရေ၏ တစိတ်တပိုင်းအဖြစ်သတ်မှတ်လေ့ရှိသော်ငြားလည်း ကံမကောင်းအကြောင်းမလှစွာပင် လိုအပ်ချက်နှစ်ခုစလုံးကို မရရှိပေ။ အပြည်ပြည်ဆိုင်ရာ ရန်ပုံငွေအဖွဲ့များသည် မြစ်တွင်း အနည်းဆုံးရှိရမည့်ရေစီးဆင်းမှုကို သတ်မှတ်ရန် မြစ်၏ဇလဗေဒ၊ ရေချိုမျိုးစုံမျိုးကွဲများ နှင့် လူမှုစီးပွားဆိုင်ရာအချက်အလက်များကဲ့သို့ များပြားလှစွာသော သုံးသပ်ချက်များကို ထည့်သွင်းစဉ်းစားကာ ပိုမိုကျယ်ပြန့်သော ချဉ်းကပ်မှုကို ဦးတည်ဆောင်ရွက်နေကြပါသည်။


အကောင်းဆုံးဆိုရလျှင် သက်စောင့်ရေကို ဆည်စီမံကိန်းများအတွက်သာမဟုတ်ပဲ မြစ်ကြောင်းတစ်လျှောက်လုံးအတွက် တွက်ချက်သင့်ပါသည်။ ထိုကဲ့သို့လုပ်ဆောင်ခြင်းသည် ရှေ့ဆက်သွားမည့် အဖိုးတန်သော ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းများအတွက် ခိုင်မာသော အခြေခံတစ်ခုဖြစ်ပြီး ဆုံးဖြတ်ချက်ချခြင်းဆိုင်ရာ လုပ်ငန်းစဉ်များတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို စနစ်တကျ ထည့်သွင်းတွက်ချက်ခြင်းအားဖြင့် "စိမ်းလန်းစိုပြေသော" ဆည်များ ဖြစ်လာစေနိုင်သည်။ စီမံကိန်း၏ ဘဏ္ဍာရေးချမှတ်မှု သေချာစေရန် သက်စောင့်ရေထားရှိမှု မလုံလောက်ပါက ထောက်ခံသူများ ( အစိုးရဖြစ်စေ၊ ပုဂ္ဂလိကလုပ်ငန်းဖြစ်စေ) အနေဖြင့် တည်နေရာ သို့မဟုတ် အထက်တွင်ဖော်ပြခဲ့သော အခြားပြန်လည် ဖွံ့ဖြိုးမြဲစွမ်းအင်ရင်းမြစ်များ အစရှိသည့် အခြားရွေးချယ်စရာများအား ပြန်လည်သုံးသပ်သင့်ပေသည်။ အချို့သောမြစ်များသည် အဟန့်အတားမရှိလွတ်လပ်စွာ စီးဆင်းနေသင့်သည်။ သို့မှသာ ၎င်းတို့သည် ဒေသခံများအားရေချိုပေးဝေနိုင်ပြီး ဂေဟစနစ်လည်ပတ်မှုများအတွက်အာမခံနိုင်ကာ ရေဝေရေလဲဒေသများမှ စီးဆင်းလာသော အနည်အနှစ်များဖြင့် မြစ်ဝကျွန်းပေါ်ဒေသများကို မြေဆီမြေနှစ်ကြွယ်ဝနေစေမည်ဖြစ်သည်။

 

ငါးမျိုးစိတ်များအတွက်ပဲမဟုတ်ပါဘူး

ရေချိုဇီဝမျိုးစုံမျိုးကွဲတို့အပေါ် အကျိုးသက်ရောက်မှုများကို ထည့်သွင်းစဉ်းစားခြင်းမရှိပဲ ဆည်ကြီးများကို တည်ဆောက်နေခြင်းသည် အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည်။ အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးဆိုင်ရာ အသင်း (The International Union for Conservation of Nature, IUCN)က ရေချိုမျိုးစိတ်များ၏သုံးပုံတစ်ပုံခန့်သည် မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်ရှိနေခြင်း၊ ၎င်းတို့၏ ကျက်စားရာနေရာဒေသများ ပျက်စီးခြင်း၊ မြစ်ရေစီးဆင်းမှုများပြတ်တောက်ခြင်း၊ ဓာတုညစ်ညမ်းခြင်း၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းဆိုင်ရာပြဿနာများ ဆည်ကြီးများကဖြစ်စေနိုင်သော သို့မဟုတ် ပိုမိုဆိုးရွားစေနိုင်သော ပြဿနာများရှိနေသည်ဟု ခန့်မှန်းထားပါသည်။

ဆည်ကြီးများ တည်ဆောက်ခြင်းကြောင့် စိုးရိမ်ဖွယ်အခြေအနေရှိသည့် ရေချိုဇီဝမျိုးစုံမျိုးကွဲများထဲတွင် ငါးများသာမက ပုစွန်မျိုးစိတ်များ၊ ဂဏန်းမျိုးစိတ်များနှင့် ကုန်းနေရေနေသတ္တဝါများ၊ နို့တိုက်သတ္တဝါများအထိ ပါဝင်ပါသည်။ ရောဂါဖြစ်ပွားနေသောလူဦးရေကို ထိန်းချုပ်ထားသကဲ့သို့ ကျောရိုးမဲ့သတ္တဝါအချို့သည် အရေးကြီး သော်လည်း လျစ်လျူရှုခံထားရသော အခန်းကဏ္ဍတွင်ရှိနေသည်။ ထို့အပြင် ဒေသခံအမြောက်အမြားသည် စားနပ်ရိက္ခာ နှင့် အသက်မွေးဝမ်းကျောင်းမှုများအတွက် မြစ်၏ရင်းမြစ်များအပေါ် မှီခိုအားထားနေကြရသည်။

ငါးများ၏ ဝင်ရောက်သွားလာကျက်စားရာ စားကျက်များကိုအတားအဆီးဖြစ်စေခြင်းကလဲ ငါးဖမ်းလုပ်ငန်းကို သိသိသာသာ လျော့ကျလာစေသည်။ ထိုအတားအဆီးများကြောင့် ငါးဖမ်းလုပ်ငန်းများကျဆင်းလာခြင်းကို အကြောင်းပြု၍ အလွန်အကျွံအမြတ်ထုတ်ကာ ကူးစက်ရောဂါများဖြစ်စေသော ငါးအတုများဖန်တီးခြင်းကိုလည်း အားပေးရာရောက်သည်။ ဤငါးများသည် မှားသောနေရာ၊အချိန်၌ ပေါက်ဖွားခြင်း၊ သို့မဟုတ် မြစ်ကြမ်းပြင်အား အလွန်အကျွံပြုပြင်ခြင်းကြောင့် လုံးဝမပေါက်ဖွားနိုင်တော့သည် အထိပင်ဖြစ်နိုင်သည်။ ဆည်များသည်ငါးလုပ်ငန်း (နှင့် ဇီဝမျိုးကွဲများ)ကို အကြီးအကျယ် အကျိုးသက်ရောက်စေနိုင်ပါသည်။ သို့သော် စီမံခန့်ခွဲမှု အေဂျင်စီများ သို့မဟုတ် စီမံကိန်းရေးဆွဲသူများက ဆည်များ၏ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများကို လျှော့ချရန် မလိုအပ်ကြောင်း (သို့မဟုတ် အလွန်အကျွံ) ကုန်ကျစရိတ်များကြောင်း ယူဆကြပြီး အကျိုးဆက်အနေဖြင့် ဇီဝမျိုးစုံမျိုးကွဲများနှင့်သက်ဆိုင်သော ထည့်သွင်းစဉ်းစားမှုများမရှိပဲ စီမံကိန်းများစွာကို ဆက်လက် လုပ်ဆောင်ကြမည်ဖြစ်သည်။

ရွှေ့ပြောင်းမျိုးစိတ်များနှင့် မြစ်များ၏ဆက်သွယ်ချက်များအတွက် အရင်းအမြစ်များကို လုံလောက်စွာခွဲဝေထားမည်ဆိုလျှင် ၎င်းတို့အပေါ် အကျိုးသက်ရောက်မှုများကို လျှော့ချနိုင်မည်ဖြစ်သည်။ ရေချိုဇီဝမျိုးစုံမျိုးကွဲများ အကြွယ်ဝဆုံးဒေသများ ထဲတွင် တစ်ခုဖြစ်သောလာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံတော်၏ ရေဝေရေလဲဒေသစီမံခန့်ခွဲမှု စီမံကိန်းများတွင် ငါးများအတွက် အကောင်အထည်ဖော်ဆောင်ရွက်ထားသည်။ ငါးမျိုးစိတ်များအတွက် ကောင်းသော မှန်ကန်သောတာဘိုင်များကို ရွေးချယ်တပ်ဆင်ခြင်းသည်လည်း အရေးကြီးလှပါသည်။ မည့်သည့်ဆည်စီမံကိန်းသစ်များအတွက်မဆို ပတ်ဝန်းကျင်အကဲဖြတ်မှုများ တွက်ချက်ရာတွင် ငါးမျိုးစိတ်များနှင့် အခြားသောတောရိုင်းတိရိစ္ဆာန်များ၏ နေထိုင်မှုအတွက် မြစ်ညာနှင့် မြစ်ခြေစီးဆင်းမှုကို ဘက်ပေါင်းစုံမှ ချည်းကပ်ခြင်းသည် အစိတ်အပိုင်းတစ်ခု အဖြစ်ပါဝင်သင့်သည်။ ဆည်ကြီးများအကြောင်း ဆွေးနွေးတင်ပြခဲ့သည့်အတိုင်း သက်စောင့်ရေ နှင့်ရေချိုဇီဝမျိုးစုံမျိုးကွဲများအား ပါဝင်ထည့်သွင်းစဉ်းစားခြင်းသည် ဆည်ကြီးများ တည်ဆောက်ခြင်းကြောင့် ဖြစ်လာနိုင်သော လူမှုရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို လျော့ပါးစေရန် အထောက်အကူပြုနိုင်ပါသည်။

Original Article - Greening Dams is it possible - Water Science Policy

Translated by Htet Htet Linn, a member of Myanmar Water Portal Translation Community

Myanmar Water Journal - February/March 2021
EU suspends development funds for Myanmar
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal