ရေကိုမျှမျှတတရရှိအသုံးပြုနိုင်ခြင်းသည် အဘယ်ကြောင့် အရေးကြီးကြောင်းနှင့် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း ကိုဗစ်-၁၉ က သက်သေပြ

Photo: Flashpop / Getty Images Photo: Flashpop / Getty Images

သန့်ရှင်းသောရေကို ရရှိအသုံးပြုနိုင်ခြင်းသည် လူ့အခွင့်အရေးတစ်ရပ်ဖြစ်သည်နှင့်အညီ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအတွက် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ရရှိအသုံးပြုနိုင်ရန် မရှိမဖြစ်လိုအပ်သည်။ ဤလိုအပ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ထိရောက်သော‌ရေစီမံကိန်းရေးဆွဲခြင်းက ကျွန်ုပ်တို့အား ကူညီနိုင်ပေလိမ့်မည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုသည် ကမ္ဘာတစ်ဝှမ်းရှိ မြို့ကြီးများနှင့် ဒေသ အသီးသီးကို ခြိမ်းခြောက်နေသောကြောင့် ‌ ရောဂါပြန့်ပွားမှုကို ကာကွယ်ရန်အတွက် အားလုံးပါဝင်လုပ်ဆောင်နိုင်သည့် လုပ်ဆောင်ချက်တစ်ခုမှာ လက်ကိုဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့် ၂၀ ခန့် မကြာခဏ ဆေးကြောပေးခြင်းပင်ဖြစ်သည်။

အကယ်၍ သန့်ရှင်းသောရေကိုမရရှိလျှင် သင်တို့၏လက်များကို ဆေးကြောရန်မှာ ခဲယဉ်းလှပေသည်။ ကမ္ဘာပေါ်ရှိ လူဦးရေ ၇၈၀သန်းသည် သန့်ရှင်းသောရေ ရရှိအသုံးပြုနိုင်ခြင်းဟူသော အခြေခံလူ့အခွင့်အရေးကို မရရှိကြပေ။ ထိုကဲ့သို့သော မမျှတမှုများသည် ကျွန်ုပ်တို့အားလုံးအပေါ် အကျိုးသက်ရောက်နေသည်ကို ကိုဗစ်ရောဂါပျံ့နှံ့ဖြစ်ပွားနေသော ယခုအချိန်ကာလများတွင် အသိသာအထင်ရှားဆုံးဖြစ်ပေလိမ့်မည်။

အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သော ကပ်ရောဂါများ၊ ရေပဋိပက္ခများကို တားဆီးရန် ကျွန်ုပ်တို့အားလုံးအတွက် သန့်ရှင်းသောရေကို မျှမျှတတရရှိပြီး ရေရှည်အသုံးပြုနိုင်ရန် သေချာစွာ စီမံဆောင်ရွက်ရမည်။

ကဲ ဘယ်လိုနည်းနဲ့ စီမံဆောင်ရွက်ကြမလဲ။

ထိရောက်သောရေစီမံကိန်းရေးဆွဲခြင်းဟု ဆိုရာတွင် ရေရရှိရာ အရင်းအမြစ်မှ ရေအသုံးပြုမည့်နေရာ ( ဥပမာ။။ နေအိမ်၊ အလုပ်ရုံ၊ စက်ရုံ အစရှိသည်)များအထိ ရေကိုသယ်ဆောင်သွားပေးသော အခြေခံအဆောက်အဦများကိုသာမက ရေကို ထောက်ပံ့ပေးသော ရေဝေရေလဲဒေသများ တွက်ချက်ခန့်မှန်းခြင်းများနှင့် ရေမလုံလောက်မှုကို ဖြစ်ပေါ်စေသော လူမှုစီးပွားအတားအဆီးများအထိ ထည့်သွင်းစဉ်းစားတွက်ချက်ပေးခြင်းဖြစ်သည်။

နေရာအမြောက်အများတွင် ဤကဲ့သို့သော စီမံလုပ်ဆောင်ထားမှုများကို ကျွန်ုပ်တို့တွေ့မြင်ရသည်မှာ နည်းနေပေလိမ့်မည်။ WASH (Water, Sanitation and Hygiene) ဟု လူသိများကြသော သန့်ရှင်းသောရေကို လုံလောက်စွာရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးများအတွက် ရေဘက်ဆိုင်ရာ အခြေခံအဆောက်အဦများ ဆောက်လုပ်ရာ၌ ငွေကြေးအမြောက်အများ သုံးစွဲလျှက်ရှိသည်။ ထိုရေကို ထောက်ပံ့ပေးသော ရေဝေရေလဲဒေသများ၏ လျင်မြန်စွာ ပြောင်းလဲလာမှုကိုလည်း သတိမမူမိပဲဖြစ်နေတတ်ကြပါသည်။ ရေဝေရေလဲဒေသများ၏ ရေစီမံကိန်းရေးဆွဲထားသော လုပ်ငန်းစဉ်ပုံစံငယ် (Model) ကို အကောင်အထည်ဖော်ရာတွင်လည်း မြို့ကြီးတစ်မြို့လုံး (သို့မဟုတ်) ဒေသ တစ်ခုလုံး၏ ရေလိုအပ်ချက်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး ရေကို မျှမျှတတရရှိအသုံးပြုနိုင်ရန် စီမံဆောင်ရွက်ရပါမည်။

 

ရေလုံလောက်စွာမရရှိခြင်း၏ နောက်ကွယ် အကြောင်းအရင်းများကို ဖော်ထုတ်ခြင်း

ကမ္ဘောဒီးယားနိုင်ငံ၏ စတမ်န်းချီနင့် (Stung Chinit) ရေဝေရေလဲဒေသရှိ နေထိုင်သူ လူဦးရေသန်းတစ်ဝက်ခန့်သည် ၎င်းတို့အသက်မွေးဝမ်းကြောင်းမှုများ၏ ရေလိုအပ်ချက်အတွက် မြစ်ရေကို အဓိက မှီခိုအားထားနေကြသည်။ မြစ်သည် ဤရေဝေရေလဲဒေသတစ်ခုလုံးတွင် နေထိုင်သူများအားလုံး၏ ရေလိုအပ်ချက်အတွက် လုံလောက်သောရေကို ထောက်ပံ့ပေးနိုင်မည်ဆိုလျှင် စံသတ်မှတ်ထားသောရေစီမံကိန်း လုပ်ငန်းစဉ်ပုံစံငယ် (Model) ၌ ဤဒေသသည် ရေလုံလောက်စွာရရှိသည်ဟု တွေ့မြင်ရမည်ဖြစ်သည်။

ရေစီမံခြင်း လုပ်ငန်းစဉ်ပုံစံငယ်များ (Models) သည် ဒေသ/နယ်ပယ်တစ်ခု၏ရေလိုအပ်ချက်ကို ခန့်မှန်းတွက်ချက်ရာတွင် ဒေသ/နယ်ပယ်တစ်ခုကို အကြောင်းအရာတစ်ခုအဖြစ် နားလည်မှတ်ယူပြီး လူတစ်ဦးချင်း ရေသုံးစွဲမှုကို ဒေသ/နယ်ပယ်အတွင်းရှိ လူဦးရေစုစုပေါင်းနှင့် မြှောက်လိုက်ခြင်းအားဖြင့် တွက်ချက်ခန့်မှန်းပေးပါသည်။

ထိုကဲ့သို့တွက်ချက်ခြင်းကြောင့် ဒေသတွင်းလိုအပ်ချက်များနှင့် သာတူညီမျှ မရရှိမှုတို့ ဖြစ်ပေါ်လိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် SEI (Stockholm Environment Institute) မှ လေ့လာဆန်းစစ်ခြင်းများကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန် ရေဝေရေလဲဒေသများတွင် နေထိုင်ကြသူများ၏ ရေလိုအပ်ချက်များနှင့် စိန်ခေါ်မှုများကို စစ်တမ်းကောက်ယူခဲ့ပြီး အချက်အလက်များကို ရေအကဲဖြတ်ခြင်းနှင့်စီမံခြင်း လုပ်ငန်းစဉ်ပုံစံငယ် (Water Evaluation and Planning, WEAP, Model) သို့ ထည့်သွင်းတွက်ချက်ခဲ့သည်။ တွက်ချက်မှုများအပြီးတွင် အချို့သော အုပ်စုများသည် ရေအလုံအလောက်ရရှိသော ဒေသများ၌ နေထိုင်ကြသော်ငြားလည်း ရေလုံလောက်စွာ မရရှိကြသည်ကို အဖြေတွင်ရှင်းလင်းစွာတွေ့မြင်ရပါသည်။

အထူးသဖြင့် အချို့သောသူများသည် ရေရရှိရန်‌ နေ့စဉ် မိနစ် ၂၀ နီးပါးမျှ လမ်းလျှောက်နေကြရသည်။ ယနေ့ကဲ့သို့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော အချိန်ကာလမျိုးတွင် မိမိနေထိုင်ရာ အနီးတစ်ဝိုက်၌ လက်ဆေးရန် ရေမရှိခြင်းသည်လည်း ပြဿနာတစ်ရပ်ဖြစ်သည်ကို ဝန်ခံရပေမည်။ သို့သော်ငြားလည်း ၎င်းသည် ကာလတစ်ခုမျှသာ ကြာမြင့်သော ပြဿနာတစ်ရပ်ဖြစ်သည်။ သန့်ရှင်းသောရေကို ရရှိအသုံးပြုနိုင်မှုသည် လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအတွက် အလွန်အရေးကြီးပါသည်။

 

ရေဝေရေလဲဒေသမှသည် ရေထုတ်ယူသုံးစွဲနိုင်သောနေရာအဖြစ် လုပ်ငန်းစဉ်ပုံစံငယ် (Model) တစ်ခု တည်ဆောက်ခြင်း

ကမ္ဘောဒီးယားနိုင်ငံ၏ စစ်ဘက်ရေးရာ မူဝါဒချမှတ်သူများ တည်ဆောက်ထားသော ရေအသုံးပြုမှု လုပ်ငန်းစဉ်ပုံစံငယ်(Model) အသစ်တွင် အဓိကဦးစားပေးအနေဖြင့် အထိခိုက်လွယ်ဆုံးသူများအတွက် အာရုံစိုက်ရန်လိုအပ်သည့် သတင်းအချက်အလက်များကို အသုံးပြုထားပေသည်။ ဘိုလီဗီးယားသည်လည်း WEAPနှင့်အလားတူ လုပ်ငန်းစဉ်ပုံစံငယ် (Model) များကိုရှေ့ပြေးစမ်းသပ်ချက်များလုပ်ဆောင်နေပြီး စမ်းသပ်မှုများထဲတွင် ထိခိုက်လွယ်သူများကို သတ်မှတ်ပေးရုံသာမက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လက္ခဏာရပ်များဖြစ်သော မိုးခေါင်ခြင်းများ၊ စိုက်ပျိုးရေလိုအပ်ချက်များ၊ ရေနေသတ္တဝါများအတွက် လိုအပ်သောမြစ်ရေစီးဆင်းမှုများ အစရှိသည်တို့ကိုပါ ထည့်သွင်းစမ်းသပ်ပါသည်။

သို့သော် ထိုလုပ်ဆောင်ချက်သည် ကနဦးအစပျိုးမှုတစ်ခုသာ ဖြစ်ပေသည်။ စည်ပင်သာယာဝပြောရေးအဆင့်ရှိ ရေစီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများသည် ရေကို စီမံခန့်ခွဲသော တာဝန်ရှိ အေဂျင်စီများနှင့်အဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပေါ်တွင် မူတည်နေပါသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် မူဝါဒများသည် နေရာဒေသတစ်ခုချင်းစီအလိုက် မတူကွဲပြားမှုရှိနိုင်ပါသည်။

အထက်တွင်ဖော်ပြခဲ့သော ကမ္ဘောဒီးယားနိုင်ငံ၏ စတမ်န်းချီနင့် (Stung Chinit) ရေဝေရေလဲဒေသ၌ မြစ်ညာဒေသနေထိုင်သူများအနေဖြင့် အိမ်သုံးရေကို လုံလောက်စွာ ရရှိနိုင်မည်မှာ သေချာသော်လည်း မူဝါဒချမှတ်သူများအနေဖြင့် အခြားသောဒေသများအတွက် လုံလောက်သောလူနေမှုအခြေအနေများရရှိစေရန် သို့မဟုတ် ရေအခြေခံ အဆောက်အဦသစ်များ ဆောက်လုပ်ရန် အလို့ငှာ တရားဝင်သတ်မှတ်ချက်များ ချမှတ်ရေးဆွဲပေးရန်လိုအပ်သည်။ အားလုံးရေရှည်မျှမျှတတ ရေကိုအသုံးပြုနိုင်မည့် အဖြေကို လမ်းညွှန်ရန် အချက်အလက်များစွာ လိုအပ်ပေမည်။ ရေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်ပုံစံငယ် (Model) သည် ရေဝေရေလဲဒေသများမှ ရေများမည်ကဲ့သို့စီးဆင်းလာပြီး ရေလမ်းကြောင်းတစ်လျှောက် သာတူညီမျှ မရှိခြင်းများအား ထင်သာမြင်သာစေခြင်းအားဖြင့် မူဝါဒချမှတ်သူများကို အောင်မြင်သော လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် အထောက်အကူပြု ညွှန်ပြပေးနိုင်ပါလိမ့်မည်။

စာရေးသူငယ်စဉ်အခါက "ကျန်းမာခြင်းသည် နေအိမ်မှစတင်သည်" ဟူသော စကားကို စာရေးသူ၏မိခင်ဖြစ်သူ အမြဲတစေ ပြောလေ့ရှိပါသည်။ ကျွန်ုပ်တို့သည် ကိုဗစ်-၁၉ နှင့်အတူ ရေစီမံခန့်ခွဲမှုကို ယခင်ကာလများထက် ပိုမိုလေ့လာဆောင်ရွက်လာကြသည်ကို တွေ့ရပါသည်။ ယခုအချိန်အခါတွင် အိမ်တိုင်းအိမ်တိုင်းသည် ကျန်းမာသန်စွမ်းစေရန် သန့်ရှင်းသောရေအရင်းအမြစ်မှ ရေကို ရရှိအသုံးပြုနိုင်စေရန် သေချာစွာ ပြုလုပ်ဆောင်ရွက်ကြရန် အချိန်ကောင်းတစ်ခုဖြစ်ပေသည်။

Translated by Htet Htet Linn, a member of Myanmar Water Portal Translation Community.

Source: https://www.sei.org/perspectives/covid-19-reveals-why-equitable-water-access-is-crucial-and-long-overdue/

Marine Accelerator Program - (YSEALI) 2021
Asian Water Development Outlook 2020
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal