သီရိလင်္ကာနိုင်ငံသည် တောင်အာရှရှိ မြေဆီဩဇာကောင်းမွန်သည့် အပူပိုင်းဒေသကျွန်းတကျွန်းဖြစ်သည်။ 

ရာသီဥတု၊ မြေဆီကောင်းမွန်ခြင်းနှင့် ရေအရင်းအမြစ်ရရှိမှုသည် စိုက်ပျိုးရေးကဏ္ဍကို နိုင်ငံစီးပွားရေးအတွက် အရေးပါကြီးစိုးသည့်ကဏ္ဍတရပ်ဖြစ်စေသည်။ နိုင်ငံ့ဂျီဒီပီ (စုစုပေါင်းပြည်တွင်းထုတ်ကုန်) ၏(၇) ရာခိုင်နှုန်းနှင့် အလုပ်အကိုင်များ၏ (၂၅) ရာခိုင်နှုန်းသည် စိုက်ပျိုးရေးကဏ္ဍမှဖြစ်ပေသည်။ အဓိကစိုက်ပျိုးသည့် သီးနှံမှာ ဆန်စပါးဖြစ်သည်။ ဤကျွန်းနိုင်ငံကို ၎င်း၏ စိုက်ခင်းစိုက်ပျိုးရေးနှင့် ပေါကြွယ်ဝသည့် အသီးအရွက်၊ သစ်သီးဝလံများနှင့် ယှဉ်တွဲကာသိကြသည်။ ကျေးလက်ဒေသတွင် နေထိုင်ကြသူများ၏ (၈၀) ရာခိုင်နှုန်းကျော်သည် ယနေ့ကာလမှာပင် စိုက်ပျိုးရေးကဏ္ဍကို အားထားနေရသည်။ ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များသည် စိုက်ပျိုးရေးကဏ္ဍကို သက်ရောက်မှုရှိနေသော်လည်း ဒေသခံများသည် ဆန်စပါးစိုက်ပျိုးရေးအပေါ်၌ အကြီးအကျယ်မှီခိုနေရသေးသည်။ 


ခြောက်သွေ့ဒေသ (မိုးပါးဒေသ)၊ စိုစွတ်ဒေသ (မိုးများဒေသ) နှင့် စပ်ကြားရာသီဥတုဒေသဟူ၍ နှစ်စဉ်မိုးရေချိန်ရရှိမှုအပေါ်အခြေခံပြီး သီရိလင်္ကာကို ဥတုဇုန်သုံးခု ခွဲထားသည်။ 

 

မုတ်သုံရာသီပုံစံကြောင့် ဥတုနှင့် နေရာဒေသပေါ်မူတည်ပြီး မိုးရေချိန်ရရှိမှုကွာခြားချက် မြင့်မားသည်။ အရှေ့တောင်ဘက်နှင့် အနောက်မြောက်ဘက်ရှိ အခြောက်သွေ့ဆုံးဒေသများ၏ နှစ်စဉ် ပျမ်းမျှမိုးရေချိန်ရရှိမှုသည် ၉၀၀ မီလီမီတာအောက်သာရှိသော်ြငား အစိုစွတ်ဆုံးဒေသများဖြစ်သည့် အလယ်ပိုင်းကုန်းမြင့်၏ အနောက်ဘက် ဆင်ခြေလျှောဒေသများ၌ ၅၀၀၀ မီလီမီတာကျော်ရှိပေသည်။ 

မုတ်သုန်ရာသီလေနှစ်ခု၏လွှမ်းမိုးမှုကြောင့်

  • ပထမမိုးကြိုကာလ (မတ်လမှ ဧပြီလထိ)
  • အနောက်တောင်မုတ်သုန်ရာသီ (မေလမှ စက်တင်ဘာလထိ)
  • ဒုတိယမိုးကြိုကာလ (အောက်တိုဘာလမှ နိုဝင်ဘာလထိ)
  • အရှေ့မြောက်မုတ်သုန်ရာသီ (ဒီဇင်ဘာလမှ ဖေဖော်ဝါရီလထိ) ကိုယ်စီကြာမြင့်သည့် တမူထူးခြားသော ရာသီလေးမျိုးရှိပြီး တနှစ်ပတ်လုံးမိုးရွာသွန်းပေသည်။ 

မိုးရွာသွန်းမှုနှင့် အခြားသက်ဆိုင်ရာ ရာသီဥတုအကြောင်းအရာများပေါ်မူတည်ပြီး "မဟာ" (Maha – Major) ဟု ခေါ်တွင်သည့် အောက်တိုဘာလမှ မတ်လထိကြာမြင့်သော အဓိကစိုက်ပျိုးရေးရာသီနှင့် "ယာလာ" (Yala – Minor) ဟု သမုတ်ထားသည့် အဓိကမဟုတ်သော စိုက်ပျိုးရေးရာသီဟူ၍ ရာသီနှစ်ခုရှိသည်။ ရာသီဥတုပြောင်းလဲမှုက အခက်အခဲများကို ဖြစ်စေသော်ငြား ကျေးလက်ဒေသ၌ "မဟာ"နဲ့ "ယာလာ" စိုက်ပျိုးရေးရာသီနှစ်ခုစလုံးတွင်း ဆန်စပါးစိုက်ပျိုးကြသည်။ 

မုတ်သုံရာသီများက ရရှိသည့် နှစ်စဉ်မိုးရေပမာဏသည် ရေထု (၁၃၀) ဘီလီယံကုဗမီတာရှိပြီး ရေထု၏ အကြမ်းဖျင်း (၄၀) ရာခိုင်နှုန်းမှာ စီးဆင်းရေ (run-off) များဖြစ်ကြသည်။ စီးဆင်း‌ရေများ၏ (၃၅) ရာခိုင်နှုန်းကို စိုက်ပျိုးရေသွင်းခြင်းနှင့် ရေအားလျှပ်စစ်ထုတ်လုပ်ရာတွင် အသုံးပြုပြီး သိသာစွာကျန်ရှိသည့် ရာခိုင်နှုန်းပမာဏမှာ ပင်လယ်ထဲရောက်ရှိသွားရာ (၂၆) ဘီလီယံကုဗမီတာပမာဏရှိသည့် ရေများမှာ ဆုံးရှုံးသွားပေသည်။  


ဤသို့ဖြစ်တည်နေသည့် "ကျွန်း၏ ရေချိန်ခွင်လျှာ" ကို နားလည်သော မိမိတို့၏ ဘိုးဘေးများသည် မိုးရေပေါ် မှီခိုဖို့ရာ နိုင်ငံ၏ ခြောက်သွေ့ဒေသ၌ ဆည်နှင့် ရေကန်များ တူးဖော်တည်ဆောက်ပြီး ကျယ်ပြောလှသော မြေယာများပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ခဲ့သည်။

ဥပမာပြရမည်ဆိုပါက ဘီစီ (၃) ရာစုကာလ ဘုရင်အက်ဘ်ဟာယာ (King Adhaya) မှအစပြုပြီး ဘုရင်အဆက်ဆက်သည် စီးဆင်းရေများကို သိုလှောင်ထားနိုင်ရန် ဆည်များတည်ဆောက်ခဲ့ကြသည်။ ဤဆည်များကို အခြောက်သွေ့ဆုံးဒေသများရှိ စိုက်ပျိုးရေးအတွက် (အဓိကအားဖြင့် စပါးစိုက်ပျိုးနိုင်ရန်) အသုံးပြုခဲ့သည်။ သို့သော် ဤဆည်များသည် တိုးပွားလာသည့် လူဦးရေကြောင့် ဖြစ်ပေါ်လာသော ရေလိုအပ်ချက်ကို ဖြည့်ဆည်းရန်လုံလောက်မှုမရှိပါ။ အကျိုးဆက်အနေဖြင့် "ကျေးရွာစိုက်ပျိုးရေးရေသွင်းစနစ်များ"ဟု သိကြသော ရေကန်များပါဝင်ဖွဲ့စည်းထားသည့်ကွန်ရက်တခုကို ခေတ်အဆက်ဆက် တည်ဆောက်ခဲ့ကြသည်။ဤရေကန်များသည်ထိရောက်သောရေစီမံခန့်ခွဲမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသည်။ ဤရေကန်များမှတဆင့် ခြောက်သွေ့ဒေသနှင့် စပ်ကြားရာသီဥတုဒေသများရှိ မြေနိမ့်လွင်ပြင်များကို ရေပေးဝေနိုင်ရန် ကန်အဆင့်ဆင့်ရေမျှဝေခြင်းစနစ်များ ဟုခေါ်သည့် အသေးစားရေစီမံခန့်ခွဲမှုနည်းလမ်းကို အသုံးပြုသည်။  


ရေကန်များကို စိုက်ပျိုးရေးဆိုင်ရာဂေဟဗေဒစနစ်၏ အစိတ်အပိုင်းအဖြစ် တူးဖော်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဒေသ၏ ကုန်ထုတ်လုပ်နိုင်စွမ်းကို တိုးတက်စေသည့်အပြင် ဒေသဂေဟစနစ်ကို ပိုမိုကောင်းမွန်စေသည့်အတွက် ဒေသခံများအတွက် အကျိုးဖြစ်ထွန်းစေသည်။  

ဤစနစ်များတွင် အသုံးပြုထားသော ရိုးရာ‌ရေစီမံခန့်ခွဲမှု (Traditional Water Management) သည် ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲမှုစနစ်နိယာမများအပေါ် အခြေခံထားပြီး အမျိုးအစားစုံလင်သည့် ရေအသုံးချမှုများဖြစ်သော ဆန်စပါးအဓိကရေသွင်းစိုက်ပျိုးရေး၊ မြေအောက်ရေတိုးပွားစေခြင်းနှင့် ရှည်ကြာသည့်ခြောက်သွေ့ရာသီတွင်း အရေးကြီးလှသော တွင်းရေများ ပြန်လည်ဖြည့်တင်းခြင်းတို့၌ အသုံးချသည်။ မွေးမြူရေးအတွက်အသုံးပြုသော ကျေးရွာရေပေးဝေရေး ကန်များတွင် နုန်းအနည်ကျမှုကို လျော့နည်းစေရန် ကျေးရွာရေပေးဝေရေး ကန်များ၏ အညာဘက်၌တူးဖော်ထားသည့် တောရိုင်းတိရစ္ဆာန်များအသုံးပြုသော တောတွင်းရေကန်များက ကူညီပေးသည်။ အချိန်ကာလပြောင်းလဲလာမှုနှင့် ကိုလိုနီခေတ်တွင်း နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အတွေးအမြင်များ၏ လွှမ်းမိုးမှုကြောင့် အရေးပါလှသည့် အခြေခံ ရေဘက် ဆိုင်ရာအဆောက်အဦးများနှင့် ဆက်နွယ်ဂေဟစနစ်များသည် ရာစုနှစ်များစွာကြာအောင် လျစ်လျူရှုခံခဲ့ရသည်။ လွဲမှားစွာအသုံးချခြင်းနှင့် ပျက်စီးယိုယွင်းမှုတွေရှိနေသော်လည်း ကန်အဆင့်ဆင့်စနစ်များနှင့် ကျေးရွာရေပေးဝေရေးစနစ်များသည် ခြောက်သွေ့ဒေသရှိ လူမှုအသိုင်းအဝိုင်းများ အတွက် အသက်တမျှအရေးပါသောရေကို ဆက်လက်ထောက်ပံ့ပေးခဲ့သည်။  


ခြောက်သွေ့ဒေသများနှင့် စပ်ကြားဒေသများ၏ စိန်ခေါ်ခံရမှုများသည် အနုတ်သဘောပိုမိုဆောင်လာနေသော ရာသီဥတုအကျိုးသက်ရောက်မှုများကြောင့် ပိုမိုပြီး ဆိုးဝါးလာဖွယ်ရာရှိတယ်ဟု ခန့်မှန်းရသည်။  

အနာဂတ်တွင် ဖြစ်နိုင်ဖွယ်ရှိသော ရာသီဥတုပုံစံများကို ဆန်းစစ်လေ့လာြခင်းအရ ခြောက်သွေ့ဒေသနှင့် စပ်ကြားဒေသများသည် နှစ်စဥ်မိုးရေချိန်ပိုမိုမြင့်မားလာနိုင်သော်လည်း မိုးအများဆုံးရွာသွန်းသည့်ရာသီများ၌ပင် ပိုမိုခြောက်သွေ့ လာမည်ဟု ပြသနေသည်။ ၎င်းဒေသ၌နေထိုင်သူများ၏ ထက်ဝက်ကျော်သည် စိုက်ပျိုးမွေးမြူရေး သို့မဟုတ် စိုက်ပျိုးမွေးမြူရေးနှင့် ဆက်နွယ်သော အလုပ်အကိုင်များကို လုပ်ကိုင်နေကြခြင်းဖြစ်ပေရာကျေးလက်ဒေသရှိ စိုက်ပျိုးရေးလုပ်ကိုင်သောအသိုက်အဝန်းများသည် ရာသီဥတုပြောင်းလဲမှုကြောင့် အလွန်အမင်းထိခိုက် လွယ်နေပေသည်။ လက်ရှိရေပေးဝေရေးနှင့် စိုက်ပျိုးရေးအခြေအနေကို ထည့်သွင်းစဥ်းစားလျှင် ခြောက်သွေ့ဒေသတွင်ရှိသည့် ခရိုင်အများစုသည် ဆိုးဝါးသော ရာသီလိုက် သို့မဟုတ် တနှစ်ပတ်လုံး ရေရှားပါးခြင်းကို ကြုံတွေ့ဖွယ်ရာရှိနေသည်။ "အခြားတဖက်တွင်လည်း မိသားစုဝင်များ၏ကျန်းမာရေးနှင့် အိမ်ထောင်စုအတွက် ရေရရှိမှုမှာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု အပေါ်မူတည်သည့်အလျောက် ၎င်းဒေသများရှိ အမျိုးသမီးများနှင့် လူငယ်များသည် ပိုမိုထိခိုက်လွယ်ကြပေသည်။" ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုသည် အိမ်ထောင်စု၏ စားနပ်ရိက္ခာလုံခြုံမှုကိုလည်း ထိခိုက်စေပြီး ဆိုးရွားပြင်းထန်သော ဥတုပြောင်းလဲမှု ဖြစ်စဥ်များတွင် ပိုမိုထိခိုက်စေမည်ဖြစ်ပေသည်။  

ဤကဲ့သို့ ရေသွင်းစိုက်ပျိုးရေးလိုအပ်ချက်သည် ခြောက်သွေ့ဒေသများ၌ မြင့်မားသည်နှင့်အမျှ ၎င်းဒေသများ၌နေထိုင်ကြသူများ၏ စုစုပေါင်းရေလိုအပ်ချက်ကိုလည်း တိုးမြင့်လာစေသည်။ ဤအကြောင်းအရာအရ ခြောက်သွေ့ဒေသအတွင်း အနာဂတ်စားနပ်ရိက္ခာနှင့် ရေလိုအပ်ချက်ကို ပြည့်မီနိုင်ရန်အလို့ငှာ လက်ရှိအခြေအနေကို သုံးသပ်ရန်အတွက် အလွန်တရာမျှအ‌ရေးကြီးပေသည်။ပု(တ်)လမ် (Puttlam)၊ ကူရုနမ်ဂေလ်(Kurunegala)၊ အာနုရပူရ(Anuradhapur)၊ ပိုလိုနာရုဝ(Polonnnaruwa)၊ မန်နာရမ(Mannar)၊ ဘိုးနီယ(Vavvuniya) နှင့် ထရိကုနာမလေ (Trincomalee) ကဲ့သို့သော ခရိုင်များသည် အနာဂတ်ရေလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြဿနာများကို အဓိကရင်ဆိုင်ရမည်ဖြစ်ပေသည်။

ရေရရှိမှုအပေါ် ခြိမ်းခြောက်မှုမြင့်မားသောဒေသများ၌ ရေရရှိမှုအာမခံပေးနိုင်ရန် ပြည့်စုံဗျူဟာမြောက်ပြီး သင့်လျော်သောမူဝါဒများဖြင့် ကျောထောက်နောက်ခံပြုထားသည့် ချဉ်းကပ်မှုကင်းမဲ့ခြင်းသည်ရေရှည်တည်တံ့စေမည့်ဖြေရှင်းချက်များနှင့် ဝေးကွာစေသည်။ ဤအခြေအနေတွင် မဟာဗေလီတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ခြောက်သွေ့ဒေသရှိ ရေရရှိမှုနှင့် စိုက်ပျိုးရေးဆိုင်ရာထုတ်လုပ်မှုလုပ်ငန်းများတွင် ရင်ဆိုင်နေရသည့် အခက်အခဲများကို ဖော်ထုတ်အဖြေရှာရန် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဥ် (UNDP) ၏ နည်းပညာအထောက်အကူဖြင့် ရာသီဥတုပြောင်းလဲမှုဒဏ်ခံ ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲမှုစီမံကိန်း (Climate Resilient Integrated Water Management Project (CRIWMP)) ဟုခေါ်ဆိုသည့် စီမံကိန်းကာလ (၇)နှစ်ကြာမြင့်မည့် အစီအစဉ်တခုကို ဆောင်ရွက်ခဲ့သည်။ အမျိုးသားအဆင့် ရေထောက်ပံ့ရေး နှင့် ဆည်မြောင်းဌာန (National Water Supply & Drainage Board) သည် စီမံကိန်း၏ တာဝန်ရှိအဖွဲ့အစည်းတခုဖြစ်သည့်အားလျော်စွာ ရွေးချယ်ထားသည့် ကျေးလက်ဒေသများတွင် ဆောင်ရွက်သည့် "မြေအောက်ရေနှင့် သောက်ရေစီမံခန့်ခွဲမှုစီမံကိန်း" တွင် အကြံပေးခြင်းနှင့် အန္တရာယ်ကင်းပြီး စိတ်ချရသောရေ တနှစ်ပတ်လုံး ထောက်ပံ့ပေးနိုင်ရန်အတွက် စနစ်ကျသောအစီအစဥ်တခုကို အကောင်အထည်ဖော်နိုင်ရန် ကူညီပေးခြင်း အခန်းကဏ္ဍတွင် အရေးပါသောနေရာမှ ပါဝင်ဆောင်ရွက်ခဲ့ပေသည်။


CRIWMP သည် ခြောက်သွေ့ဇုန်၏ မြောက်ဘက်တလျှောက် စီးဆင်းနေသော မာလ်ဗတူ (Malwathu)၊ မိ (Mi) နှင့် ယန် (Yan) မြစ်များ၏ မြစ်ဝှမ်းသုံးခုရှိ ဆင်းရဲပြီးထိခိုက်လွယ်သော အိမ်ထောင်စုများအတွက် ရည်ရွယ်သည်။  

ဤမြစ်ဝှမ်းဒေသများတွင် ဆင်းရဲပြီးထိခိုက်လွယ်သည့်လယ်သမားများ မှီခိုရာ ကျေးရွာရေပေးဝေရေး စနစ်များနှင့် ကန်အဆင့်ဆင့်ရေဝေမျှခြင်းစနစ်များ အများအပြားတည်ရှိပြီး ရာသီဥတုပြောင်းလဲမှုများကြောင့် အထိခိုက်နိုင်ဆုံးမြစ်ဝှမ်းဒေသများလည်း ဖြစ်ပေသည်။ သို့ဖြစ်ရာ CRIWMP သည် အာနုရပူရ(Anuradhapur)၊ ဘိုးနီယ(Vavvuniya)၊ ကူရုနမ်ဂေလ်(Kurunegala)၊ပု(တ်)လမ် (Puttlam) နှင့် ထရိကုနာမလေ (Trincomalee) ခရိုင်များပါဝင်သော ခြောက်သွေ့ဒေသ၏ရေလုံခြုံရေးနှင့် စိုက်ပျိုးထုတ်လုပ်ရေးကို အားဖြည့်မြှင့်တင်ရန် ရည်ရွယ်ထားပေသည်။  

 စီမံကိန်း၏ တိကျသောရည်မှန်းချက်မှာ ဘက်စုံချဥ်းကပ်မှုဖြင့် ရေကိုစီမံခြင်းအား အရယူရန်ဖြစ်ပြီး အောက်ပါရလဒ်များပါဝင်ပေသည်။

  • ရာသီဥတုပြောင်းလဲမှုဒဏ်ခံစိုက်ပျိုးရေးနည်းစနစ်များကို အစပျိုးကာ ရေသွင်းစနစ်များကို အဆင့်မြှင့်တင်ခြင်း
  • ရေဘက်ဆိုင်ရာအခြေခံအဆောက်အဦးများကို ဒေသခံအသိုက်အဝန်းက စီမံခန့်ခွဲခြင်းနိုင်ရန် အားပေးကာ သောက်သုံးရေ လက်လှမ်းမီနိုင်မှုကို တိုးမြှင့်ခြင်း
  • ကြိုတင်သတိပေးစနစ်များနှင့် ရာသီဥတုဆိုင်ရာ အကြံဉာဏ်ပေးခြင်းများကို ခိုင်မာအားကောင်းစေကာ လယ်သမားများနှင့် ထိခိုက်လွယ်အုပ်စုများကို ရာသီဥတုဒဏ်မှကာကွယ်ခြင်း 
ဒေသခံအသိုက်အဝန်းက စီမံခန့်ခွဲသည့် သောက်ရေဆိုင်ရာ အခြေခံအဆောက်အဦးများကို အဆင့်မြှင့်တင်ရန် ဦးတည်ပြီး ကျေးလက်ဒေသ လူမှုအသိုက်အဝန်းအတွက် ရေပေးဝေရေးအစီအစဉ်များကို အကောင်အထည်ဖော်နိုင်ရန် စီမံကိန်းဆောင်ရွက်သည့်ခရိုင်များတွင် ရေပြဿနာဖိအားဒဏ်ခံဧရိယာများကို ဖော်ထုတ် သတ်မှတ်ခဲ့ပေသည်။ CRIWMP စီမံကိန်းသည် ရာသီဥတုဒဏ်ခံရေပေးဝေရေးကို တိုးတက်စေခြင်း နှင့် သောက်ရေကဏ္ဍ၏ ရာသီဥတုနှင့်လိုက်လျောညီထွေစွာပြောင်းလဲနိုင်ခြင်းကို မြှင့်တင်ပေးပြီး ရာသီဥတုပြောင်းလဲမှု၏ ရိုက်ခတ်မှုများကို နည်းနိုင်သမျှနည်းစေမည်ဖြစ်ပေသည်။ 

Translated by Ko Htet Aung Kyaw, a member of the Myanmar Water Portal Translation Community.