ခြေဆင်း

စာရေးသူသည် ရှေ့တွင် "လူ့အခွင့်ရှူ့ထောင့်ဖြင့် ရေရပိုင်ခွင့် သုံးသပ်ခြင်း - ရေရပိုင်ခွင့်သည် လူ့အခွင့်အရေးလော" ဆိုသည့် ဆောင်းပါးတစ်ပုဒ်ကို ရေးတင်ခဲ့ဖူးပြီးဖြစ်ပါသည်။ ထိုသို့ လူ့အခွင့်အရေးရှုထောင့်မှ ဆင်ခြင်သုံးသပ်သည့် စာစုအပေါ်တွင် မေးခွန်းထုတ်စရာကောင်းနေသည်မှာ "ရေသည် စီးပွားဖြစ် ကုန်စည်တစ်ခုရော မဖြစ်နိုင်ဘူးလား" ဆိုသည့် မေးခွန်းပင်ဖြစ်သည်။ ထို့ကြောင့် ဤစာစုတွင် ရေ ကို ဘောဂဗေဒရှုထောင့်မှ ဆင်ခြင်သုံးသပ်သွားပါမည်။
 

နိဒါန်း

သက်ရှိသတ္တဝါများအတွက် ရေသည် မရှိမဖြစ်အရေးပါကြောင်းကို ရှေးပဝေသဏီခေတ်ကတည်းက အသိအမှတ်ပြု ခဲ့ကြပြီးဖြစ်သည်။ ၁၈ ရာစုတွင် ရေ အပေါ် ရှုမြင်သုံးသပ်ကြပုံကို ပြောင်းလဲပေးသည့် ဆန်းသစ်သော တီထွင်ကြံဆမှုတစ်ခုကို Henry Cavendish က သူ့ဓါတ်ခွဲခန်းအတွင်းမှ ဖော်ထုတ်ခဲ့သည်။ ၎င်းတွေ့ရှိချက်မှာ "ရေ" ဆိုသည့်အရာသည် 'ဟိုက်ဒရိုဂျင်ဆိုသည့် ဒြပ်စင် နှစ်လုံးနှင့် အောက်ဆီဂျင်ဆိုသည့် ဒြပ်စင် တစ်လုံးတို့ဖြင့် ဖွဲ့စည်းထားသည့် ဒြပ်ပေါင်းတစ်ခုဖြစ်သည်" ဆိုသည့် အချက်ပင်ဖြစ်သည်။ ထိုမှ တစ်ဆင့် ယနေ့ခေတ်တွင် ရေသည် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာစသည့် လူ့ကိစ္စအ၀၀လိုအပ်မှုများအတွက် အရေးပါအရာရောက်ပြီး ကောင်းကျိုးပြုသည့် အရာတစ်ခုအဖြစ် ရှုမြင်လာကြပြီဖြစ်သည်။

ရေသည် လူသားတိုင်းအတွက် မရှိမဖြစ်အရေးပါသည့် အရာ ဖြစ်သည်နှင့်အညီ လူသားများ၏ လိုအပ်ချက်များကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရန် ရေရရှိနိုင်ရေးနှင့် ရေပေးဝေနိုင်ရေး တို့သည့် နိုင်ငံရေးဘောဂဗေဒပညာရှင်များကို စိုးရိမ်ပူပန်စေသည့်အချက်ပင်ဖြစ်သည်။ လူသားတစ်ဦး၏ နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အယောက်စီတိုင်းထံ အရည်အသွေးပြည့်မှီသည့် လုံလောက်သော ရေပမာဏ ဖြန့်ဝေရေးသည် ထင်ထားသည်ထက်ပိုမိုလွယ်ကူကြောင်း၊ တိုင်းနိုင်ငံအသီးသီးတွင် ထိုသို့ဖြစ်မြောက်နိုင်ရေးအတွက် ဆောင်ရွက်နိုင်စွမ်းလည်း ရှိကြကြောင်း၊ လက်တစ်ကမ်းအကွာတွင်သာရှိကြောင်းကို ၂၀၀၃ ခုနှစ်တွင် Goldman Environmental Prize ဆု လက်ခံရရှိသူ Pedro Arrojo က အတိအလင်း ပြောကြားခဲ့သည်။ 

ထို့ပြင် ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့ကြသည့် Human Development Report ၏စာမျက်နှာ (၄၂) တွင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်ကြသော လူသားများ၏ ရေရရှိ/ယူ ခွင့်ဆုံးရှုံးမှုများကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကုန်ကျသည့် ကုန်ကျစရိတ်များသည် ရေသွယ်ယူရေးအတွက် ကုန်ကျမည့် ကုန်ကျစရိတ်ထက် အဆပေါင်း ကိုးဆပိုမိုမြင့်မားကြောင်းကို ဖော်ပြထားသည်။ သာတူညီမျှမှု မရှိစွာ အဘယ့်ကြောင့် ရေကို သွယ်ယူနေကြသနည်း။ အကြောင်းရင်းမှာ ရေ၏အဖိုးတန်မှုကို ငွေကြေးဖြင့် အဖိုးဖြတ်သည့် မူဝဒါများတွင် မျှတမှုမရှိသောကြောင့် ဆင်းရဲသားရပ်ကွက်တွင် နေထိုင်သူများက လူချမ်းသာများထက် ရေခွန်ကို ငါးဆမှ ဆယ်ဆထိ ပိုမိုပေးဆောင်နေရကြောင်း ယင်းအစီရင်ခံစာ၏ စာမျက်နှာ (၁၀) တွင် ဖော်ပြထားသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဆင်းရဲသားများ၏ စီးပွားရေးအင်အား၊ နည်းပညာပိုင်းအင်အား တောင့်တင်းမှု မရှိသောကြောင့်၊ ရေသွယ်ယူနိုင်မည့် အခြေခံအဆောက်အဦးများ တည်ဆောက်နိုင်ခြင်းမရှိသောကြောင့် ဖြစ်သည်။ ထိုအချင်းအရာကို လေ့လာပါက ငွေများတဲ့နောက် ရေပါသွားခြင်းဖြစ်ကြောင်း၊ လူ့အခွင့်အရေးရှုထောင့်မှ ကြည့်လျှင် မည်သို့မျှ လက်သင့်ခံနိုင်ဖွယ်မကောင်းကြောင်း တွေ့ရမည်။ 

====================

ရေကို စီးပွားဖြစ်ကုန်စည်အဖြစ် ရှုမြင်သုံးသပ်ခြင်း

၂၀ ရာစုနှောင်းပိုင်းအထိ (သိသာစွာလူဦးရေ အချိုးအစား ပြောင်းလဲမှုမရှိသေးခင်အထိ) ဘောဂဗေဒပညာရှင်များ အပါအဝင် လူသားများက ရေကို အခမဲ့ရသည့် ရင်းမြစ်တစ်ခုအဖြစါ ရှုမြင်ခဲ့ကြပြီး၊ ဦးရာလူစနစ်ကို ကျင့်သုံးခဲ့ကြသည်။ လူဦးရေ ပေါက်ကွဲမှု နှင့် ဘောဂဗေဒပညာရှင်များ၏ ကမ္ဘာ့စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုးချဲ့ရာမှ ရေအသုံးချမှုနှင့် ရေရှားပါးပြတ်လတ်မှုကို မူဘောင်ပြင်ပမှ စဉ်းစားကြရင်း ရေ ကို ကုန်စည်တစ်ခုအဖြစ် ရှုမြင်ကာ စီးပွားရေးတွက်ချေကိုက်မှု ရှိ/ မရှိကို စတင်ချဉ်းကပ်ခဲ့ကြသည်။ ဥပမာအားဖြင့် ရေရပိုင်ခွင့်ကို လူသားတိုင်းခံစားနိုင်စေရန် ရေသွယ်ယူဖြန့်ဝေခြင်းသည် မလွဲမသွေဆောင်ရွက်ရမည်ဖြစ်သောကြောင့် ယင်းသို့ရေသွယ်ယူနိုင်ရေးသည် စီးပွားရေးဆိုင်ရာ အမှုတွဲတစ်ခုဖြစ်သွားသည်ဟု မှတ်ယူကြသည်။ သို့ရာတွင် UN ကမူ ရေကို ပြည်သူ့အကျိုးသယ်ပိုးသည့် ရင်းမြစ်တစ်ခု(Public Good) အဖြစ်သာ အသိအမှတ်ပြုသည်။ 

ဘောဂဗေဒတွင် ကုန်စည်များကို ယေဘုယျအားဖြင့် (အများပိုင် နှင့် ပုဂ္ဂလိကပိုင်) ဟူ၍ နှစ်မျိုးနှစ်စားခွဲ၍ လေ့လာကြသည်။ တစ်နည်းအားဖြင့် ဈေးကွက်တွင် ယှဉ်ပြိုင်ဖက်လည်းမရှိသလို သီးခြားဈေးကွက်လည်းမရှိသည့်ကုန်စည်ကို အများပိုင်ကုန်စည်ဟု ဘောဂဗေဒက သုံးသပ်သည်။ ဥပမာအားဖြင့် ကျနော်တို့ ရှုရိုက်သည့်လေ။ လေကို သက်ရှိသတ္တဝါတိုင်း ရှုရှိုက်ရသော်လည်း လူတစ်ယောက်ယောက် ရှုရှိုက်သောလေကြောင့် အခြားတစ်ယောက်အတွက် ရှုရှိုက်စရာ လေလျော့သွားသည်ဟူ၍မရှိပေ။ (သူ့ထက်အရင် ငါက လေ များများကို ရှုရှိုက်ဦးမှပဲ… ငါ့အတွက် များများ ချန်ထားဦးမှာပဲလို့ ချန်ထားလည်းမရပေ)၊ ပုဂ္ဂလိကပိုင်ကုန်စည်ကမူ တုပြိုင်ဖက်ရှိနေသည့်အပြင် တစ်စုံတစ်ယောက်အတွက် ဖြစ်စေ၊ အုပ်စုတစ်စုအတွက်ဖြစ်စေ သီးခြားဈေးကွက်အဖြစ်လည်း တည်ရှိနေသည့် ကုန်စည်ဟု သတ်မှတ်ကြသည်။ စတော်ဘယ်ရီခြံကို ဥပမာပေးရသော် ယင်းခြံထဲက စတော်ဘယ်ရီသီးတွေကို မိမိအနေဖြင့် ဝယ်လိုစိတ်မရှိရင်ဖြစ်ဖြစ်၊ တခြားခြံမှ စတော်ဘယ်ရီသီးတွေကိုပဲ မိမိအနေဖြင့် စားသုံးချင်ရင်ဖြစ်ဖြစ် ယင်းခြံများတွင် တုပြိုင်ဖက် (ဈေးကွက်) ရှိနေသလို သီးခြားဈေးကွက်များလည်း ရှိနေပြီဖြစ်သည်။ ၎င်းကို ပုဂ္ဂလိကပိုင်ကုန်စည်ဟု ဘောဂဗေဒပညာရှင်များက အနက်ဖွင့်ကြသည်။ 

သို့သော် လက်တွေ့ဘဝတွင်မူ ယင်းသီအိုရီများဖြင့် အများပိုင်နှင့် ပုဂ္ဂလိကပိုင် ကုန်စည်ကို ခွဲခြားသတ်မှတ်ရန် ထိုသို့ လွယ်ကူလှသည်မဟုတ်ပေ။ အကြောင်းရင်းမှာ တစ်ချို့သော ကုန်စည်များသည် တုပြိုင်ဖက်ရှိနေပြီး သီးခြားဈေးကွက်မရှိပေ။ အလားတူပင် အချို့သော ကုန်စည်များတွင် တုပြိုင်ဖက်များ မရှိသော်လည်း သီးခြားအုပ်စုအတွက် ဖြစ်နေသည်များလည်း ရှိနေပြန်သည်။ ပထမအမျိုးအစားထဲမှာ အကျုံးဝင်သော ကုန်စည်များကို common pool goods ( ဘုံ ပိုင်ကုန်စည် - ဘာသာပြန်လွဲမှားကောင်း လွဲမှားနိုင်သည်) ဟု သတ်မှတ်ပြီး၊ ဒုတိယအမျိုးအစားထဲ ကျရောက်သည့် ကုန်စည်များကို ကလပ်ပိုင်ကုန်စည် သို့မဟုတ် အုပ်စုတစ်ခုပိုင် ကုန်စည်ဟု မှတ်ယူကြသည်။ 

ဘုံပိုင်ကုန်စည်ကို သမုဒ္ဒရာထဲငါးတွေ နှင့်ဥပမာပေးရင် အသင့်တော်ဆုံးဖြစ်မည်ဟု ယူဆပါသည်။ တစ်စုံတစ်ယောက်က ပင်လယ်သမုဒ္ဒရာထဲက ငါးတွေကို လွတ်လပ်စွာ ဖမ်းယူစားသုံးနိုင်သော်လည်း ကုန်စည်အရေအတွက်သည် အကန့်အသတ်ရှိသည်။ ထို့ကြောင့် ငါးများအလွန်အကျွံဖမ်းဆီးမှု လုပ်ရပ်ကြောင့် အခြားသော စားသုံးသူများအတွက် အဟန့်အတားဖြစ်စေသည်။ ကလပ်ပိုင်ကုန်စည်ကို နားလည်လွယ်အောင် စကိုင်းနက်တီဗီလိုင်းနှင့် ဥပမာပေးလိုပါသည်။ ယင်းတီဗီလိုင်းမှ အစီအစဉ်တစ်ခုခု (ဥပမာ လွှတ်တော်လိုင်း) ကို တစ်စုံတစ်ယောက် ကြည့်ရှုခြင်းက အခြားသူ ကြည့်ရှုမှုကို အဟန့်အတားမရှိ စေသော်လည်း အဲ့ဒီတစ်စုံတစ်ယောက်က လွှတ်တော်လိုင်းမဟုတ်သည့် ကာတွန်းလိုင်းကို ကြည့်ရှုနိုင်သည်။ ဆိုလိုရင်းမှာ တီဗီအစီအစဉ်တစ်ခုကြည့်ရှုခြင်းက တုပြိုင်ဖက်မရှိသော်လည်း လိုင်းပိုင်ရှင်က(အုပ်စုတစ်ခုက) လိုင်းဖျက်ချပစ်နိုင်သည်။ ထိုသို့ဆိုလျှင် ရေသည် မည်သည့်ကုန်စည်အမျိုးအစားအဖြစ် ထည့်သွင်းစဉ်းစား ချဉ်းကပ်ရမည်နည်းဆိုသည့် မေးခွန်းရှိလာပြန်သည်။ 

ဘောဂဗေဒရှုထောင့်မှ ရေ ကို ကုန်စည်အဖြစ် ခွဲခြားလေ့လာရန် မလွယ်ကူလှပေ။ မြစ်ချောင်းအင်းအိုင်များမှ ရေ ကို ရေရှည်တည်တံံ့ရေးကိုမျှော်မှန်းလျက် စားသုံးနေသည့် ကွန်မြူနတီများအတွက် တုပြိုင်ဖက်မရှိသကဲ့သို့ သီးခြားအုပ်စုအတွက် သီးသန့်ဖယ်ထားခြင်းမရှိသောကြောင့် ရေကို အများပိုင်ကုန်စည်အဖြစ် ချဉ်းကပ်မည်ဆိုလျင် မှားမည်မထင်ပေ။ ထို့သို့သော ချဉ်းကပ်မှုကို ၁၈ ရာစုတွင် ပေါ်ထွန်းခဲ့သော ဘောဂဗေဒပညာရှင် Adam Smith က "ရေထက် ပိုမို အရေးပါသည့်အရာ ဤလောကတွင် မရှိနိုင်ရာ၏။ သို့ရာတွင် ထိုရေသည်ပင် ရှားပါးကုန်စည်ဖြစ်လာနိုင်ပြီး၊ ထိုသို့ရှားပါးကုန်စည်ဖြစ်လာသည့်အခါ ရေရယူသုံးစွဲနိုင်ရေးအတွက် မည်သည့်အရာကို မဆိုပေးဆပ်ကာ ရေကို ကုန်သွယ်ကြရသည့်ခေတ်ရောက်လာ လတ္တံ့" ဟု ၁၇၇၆ ခုနှစ်တွင် ဆိုစမှတ်ပြုခဲ့ဖူးသည်။ ဈေးကွက်တန်ဖိုးဖြတ်မရနိုင်လောက်အောင် အဖိုးတန်သည့် ကုန်စည်ကို ပြည်သူ့အကျိုးသယ်ပိုးသည့် ရင်းမြစ်အဖြစ် သတ်မှတ်ချဉ်းကပ်ကြသည်။ တုပြိုင်ဖက်စားသုံးသူမရှိခြင်းနှင့် အုပ်စုတစ်ခုအတွက် သီးခြားခံစားခွင့်ပေးမှုမရှိခြင်းတို့က ရေကို မည်သူတစ်ဦးတစ်ယောက်ကမှ ပိုင်ဆိုင်သည့်ကုန်စည်မဟုတ်ကြောင်းကို အတည်ပြုပေးသည်။ သို့ရာတွင် ယင်းဖော်ပြချက်က ရေကို ဦးရာလူစနစ်ဖြင့် စားသုံးကြသည်ဟု မသက်ရောက်စေသည့်အပြင် ရေဖြန့်ဝေခြင်းအတွက် စည်းမျဉ်းစည်းကမ်းများ မလိုအပ်ချေဟု ဆိုလိုရင်းမဟုတ်ပေ။ အကြောင်းရင်းမှာ ရေချိုသည် အကန့်အသတ်မရှိ သော ရင်းမြစ်မဟုတ်ဘဲ - လက်ရှိ ရေညစ်ညမ်းမှုနှုန်းနှင့် အလွန်အကျွံစားသုံးမှုနှုန်းအတိုင်း ဆက်သွားမည်ဆိုပါက ရေချို ရယူသုံးစွဲနိုင်ရေးအတွက် စစ်တလင်းပင် ခင်းရမည့် အခင်းအကျင်းများ ရှိနေပြီဖြစ်သည်။ 

ထို့ကြောင့်ပင်လျှင် ရေဆိုသည့် ဘုံပိုင်ကုန်စည် ဖြစ်တည်မှုကို ပျက်စီးစေသည့်အချက်မှာ ရေရှည်တည်တံ့မှုကို မျှော်မှန်းထားခြင်းမရှိဘဲ အလွန်အကျွံစားသုံးခြင်းကို ခွင့်ပြုပေးသည့် တစ်ဖက်စောင်းနင်း စည်းမျဉ်းစည်းကမ်းများ ကြောင့်ဖြစ်ကြောင်းကို Garrett Hardin က ၁၉၆၈ ခုနှစ်တွင် Tragedy of the commons ဆိုသည့် ဆောင်းပါးတွင် အတိအလင်းထောက်ပြခဲ့သည်။ ဘုံပိုင်ကုန်စည် အဓွန့်ရှည်တည်တံ့စေရေးသည် ယင်းကွန်မြူနတီတွင် နေထိုင်ကြသည့် လူများ၏ စုပေါင်းတာဝန်ဖြစ်ပြီး၊ ယင်းဘုံပိုင်ကုန်စည်ကို အများပြည်သူကသာလျှင် မူလပိုင်ရှင်ဖြစ်ကြောင်း နိုင်ငံတော်၏ဥပဒေတစ်ရပ်ရပ်ဖြင့် ပြဌာန်းကာကွယ်ပေးရမည်။ ဥပမာအားဖြင့် စပိန်နိုင်တွင် ရှိသော Tribunal de Las Águas အဖွဲ့အစည်းကို လွန်ခဲ့သည့်နှစ်ပေါင်းထာင်ချီက တည်ထောင်ခဲ့ကြသည်။ စုပေါင်းတာဝန်ဖြင့် ရေပေးဝေရေးကို ဆောင်ရွက်ကြသည်။ ယင်းအဖွဲ့အစည်းက တာဝန်ယူပေးရသော လူ့အဖွဲ့အစည်း (ကွန်မြူနတီ)တွင် မှီတင်းနေထိုင်ကြသည့် လူသားများအနေဖြင့် ရေပြတ်လတ်မှုခံစားရသည့် ကာလသည် ယနေ့ထိတိုင် မရှိခဲ့ဖူးပေ။ 

==========================================

ဘောဂဗေဒရှုထောင့်နှင့် လူ့အခွင့်အရေးရှုထောင့်တို့ကြားက ဝိရောဓိများ

ဤကဏ္ဍတွင် ခေတ်ရေစီးကြောင်း ဘောဂဗေဒရှုထောင့်နှင့် လူ့အခွင့်အရေးရှုထောင့်များကြားက ဝိရောဓိများကို ဆွေးနွေးတင်ပြသွားပါမည်။ ထိုသို့ဝိရောဓိဖြစ်ပွားရခြင်း အဓိက အကြောင်းရင်းတစ်ခုမှာ ဘောဂဗေဒပညာရှင်များနှင့် လူ့အခွင့်အရေးကျင့်သုံးသူများကြားတွင် တူညီသည့် ဘာသာစကားမရှိသေးကြောင့်ဖြစ်သည်။ ဥပမာအားဖြင့် လူ့အခွင့်အရေးစံနှုန်းတစ်ခုဖြစ်သည့် လွတ်လပ်စွာပြောရေးဆိုခွင့် ( Freedom of Expression) ဆိုသည့် လူ့အခွင့်အရေးကျင့်သုံးနေသူတစ်ဦးဦးက လှိုင်လှိုင်သုံးနေလျှင် ဘောဂဗေဒပညာရှင်၏ လုပ်ငန်းအကျိုးအမြတ်အတွက် Confidentiality မရှိနိုင်တော့ချေ။ တစ်နည်းအားဖြင့် စီးပွားဖြစ်အကျိုးစီးပွားရှာဖွေနေသည့် လုပ်ငန်းများတွင် လူ့အခွင့်အရေးစံနှုန်းများ အပြည့်အ၀ အသုံးပြုထားသည့် လုပ်ငန်းသည် ရှားသည်။ ထို့ကြောင့်ပင်လျှင် ဘောဂဗေဒ နိုဘယ်ဆုရှင် Amartya Sen ၏အလိုအရ Utilitarianism ရလဒ်အနေဖြင့် လူ့အခွင့်အရေးများကို ယနေ့ခေတ်ရေစီးကြောင်း ဘောဂဗဒေတွင် သိပ်ပြီး အရေးပါလှသည် မဟုတ်ပေ။ 

=================================

လိုချင်တပ်မက်မှုလော Vs ရပိုင်ခွင့် အခွင့်အရေးလော

(လိုချင်တပ်မက်မှုဆိုသည့်အသုံးအနှုန်းသည် ဘောဂဗေဒဆိုင်ရာ စကားလုံးအနှုန်းအသုံးဟုတ်ချင်မှ ဟုတ်မည်_သူ့အတွက် သီးသန့်စကားလုံးအသုံးအနှုန်းရှိကောင်းရှိနိုင်ပါသည်။ စကားချပ်) 

ရပိုင်ခွင့်များထက် လိုချင်တပ်မက်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဘောဂဗေဒဆိုင်ရာ သီအိုရီများထက် ပိုမိုသင့်တော်သည့်အရာ ရှားပေလိမ့်မည်။ ဘောဂဗဒေသီအိုရီများအရ လိုချင်တပ်မက်မှုများကို ဖြည့်ဆည်းခြင်းဆိုရာတွင် ကုန်ကျစရိတ်၊ အကျိုးအမြတ်၊ တန်ဖိုးဈေးနှုန်းဆိုသည့် အယူအဆတို့ကို ဆိုလိုရင်းဖြစ်သည်။ တစ်နည်းအားဖြင့် ကုန်စည်တစ်ခု သို့မဟုတ် ဝန်ဆောင်မှုတစ်ခု ဝယ်ယူနိုင်စွမ်းကို (purchasing power) ကို ဆိုလိုသည်။ 

အခြားတစ်ဖက်တွင် ရပိုင်ခွင့် အခွင့်အရေးသည် တစ်ဦးတစ်ယောက်ချင်းစီက စံစား/ခံစားခွင့်ဆိုသည့်စံနှုန်းကို အဓိကထားပြီး ယင်းစံနှုန်းများဖြင့် ရလဒ်ဖြစ်သည့် အကျိုးအပြစ်များကို တိုင်းတာသည်။ (ဝယ်ယူနိုင်စွမ်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခံစား/စံစားခွင့်ပေးထားရမည်)။ မရှိမဖြစ် လိုအပ်သည့်အရာများနှင့် စပ်လျဉ်းစဉ်းစားလျှင် ဘောဂဗေဒပညာရှင်မျာအတွက် ပြီးပြည့်စုံကောင်းမွန်မှုဆိုသည့် ချဉ်းကပ်မှု(Positivist Approach)သည် ၎င်းတို့အတွက် အကာအရံကောင်းတစ်ခုဖြစ်နေပြီး ရပိုင်ခွင့်နှင့်စပ်လျဥ်းပါက အစဉ်အလာ ဘောဂဗေဒရှုထောင့်သည် စံတန်ဖိုးရပ်တည်ချက်များနှင့် အံလွဲနေသည်က များသည်။ 

အစဉ်အလာဘောဂဗဒေရှုထောင့်တွင်မူ သာတူညီမျှမှုနှင့် ထိရောက်မှုတို့ကို ခွဲခြားလေ့လာရသည်။ ထိရောကျမှုရှိ/မရှိကို ရလဒ်ကောင်းများဖြင့်  ချဉ်းကပ်တိုင်းတာပြီး၊သာတူညီမျှမှု ရှိ /မရှိ ကိုမူ စံနှုန်းများဖြင့် တိုင်းတာသည်။ ထိုသို့ ခွဲခြားလေ့လာသည့် သီအိုရီကို ဘောဂဗဒပေညာရှင်အချို့က ဆန်းစစ်လေ့လာကာ မေးခွန်းများထုတ်ခဲ့ဖူးကြသည်။  သို့သော်လည်း စီးပွားရေးဆိုင်ရာ အကျိူးအမြတ်များကို ညီတူမျှစွာ ခွဲဝေနေရာချပေးရန် မလွယ်ကူချေ။ John Rawls ၏ တရားမျှတရေး မူဝါဒ မဏ္ဍိုင်များ (၂) အရ တရားမျှတမှုကို စံနှုန်းဖြင့် တိုင်းတာရာတွင် ခွဲခြားနှိမ့်ချခံနေရာသည် လူ့အဖွဲ့အစည်းတစ်ခုခုက ၎င်းတို့အဖွဲ့အစည်းအတွင်း လူနေမှုအဆင့်အတန်း တိုးတက်မှု တစ်စုံတစ်ရာလုပ်ခဲ့ပါက လူမှုရေးရာ တရားမျှတမှုကို ဆောင်ကြဉ်းပေးရာ ရောက်သည်ဟု ဆိုထားသည်။ ထို့ပြင် ထိရောက်မှု ရှိ/မရှိ လေ့လာသည်ါ ရလဒ်ကောင်းချဉ်းကပ်မှုကမူ နိုင်ငံတော်ရန်ပုံငွေ အနည်းအကျဉ်းသာရှိသည့် အခြေအနေမျိုးတွင် တစ်စုံတစ်ယောက်ကို ချန်ထားလျက် အုပ်စုတစ်စုထံ ဦးစားပေးတိမ်းညွှတ်မှုကို ခွင့်ပြုသည်။ ယင်းဖြစ်စဉ်နှစ်ခုလုံးကို ရပိုင်ခွင့် အခွင်းအရေးစံနှုန်းဖြင့် ချဉ်းကပ်မည်ဆိုပါက မည်သို့မျှ လက်သင့်ခံနိုင်စရာမရှိပေ။ ရပိုင်ခွင့် ခံစား/စံစားခွင့် အခွင့်အရေးများကို နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကွန်မြူနတီတစ်ခုတွင် သာတူညီမျှရှိစွာ ခွဲဝေခြမ်းရမည်ဖြစ်သည်။

ထိုသို့ဆိုလျှင် ရပိုင်ခွင့်အခွင့်အရေးများကို ဆွေးနွေးရာတွင် စီးပွားဖြစ်အကျိုးအမြတ်များထည့်သွင်းစဉ်းစားထားသည့် မူဘောင်မရှိတော့ဘူးလား။ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ ရပိုင်ခွင့်များ မူဘောင် (ICESCR) တွင် ပြည်သူ့အကျိုးဖြစ်ထွန်းစေသည့် ရင်းမြစ်များ ခွဲဝေဖြန့်ဝေရေးကို လက်သင့်ခံကြောင်း၊ ယင်းသို့သော ဝန်ဆောင်မှုများကို အများပြည်သူအကျိုးအတွက် ဆောင်ကြဉ်းပေးရန်လိုအပ်ကြောင်း ပြဌာန်းထားသည်။ ICESCR အပိုဒ် (၁၁) တွင် ပုဂ္ဂုလိကကုန်စည်းများနှင့် ဝန်ဆောင်မှုများကို ပြဌာန်းထားသည်။ အိမ်ပိုင်ဆိုင်မှုကို ဥပမာပေးရလျှင် အိမ်ပိုင်ဆိုင်မှုကို အယောက်စီတိုင်းအတွက် နိုင်တော်က သာတူညီမျှရှိစွာ မပေးဘူးဟု အတွန့်တက်၍မရသကဲ့သို့ အိမ်ပိုင်ဆိုင်ခွင့်ကို မည်သည့်အစိုးကမှဥပဒေကြောင်းအရ ပိတ်ပင်တားစီးမည်မဟုတ်ချေ။ ထိုသို့ဆိုလျှင် ဘောဂဗေဒနှင့် လူ့အခွင့်အရေး ရှုထောင့်များကြားက သာတူညီမျှမှုနှင့် အားလုံးပါဝင်နိုင်ရေးဆိုသည့် ဝိရောဓိကို ကိုင်တွယ်နိူင်သည့် အင်စတီကျူ့ရှင်းတစ်ရပ်ရှိသည်။ ၎င်းမှာ နိုင်ငံတော်ပင်ဖြစ်သည်။ ယင်းအင်စတီကျူ့ရှင်း အနေဖြင့် သာတူညီမျှမှုနှင့် အားလုံးပါဝင်နိုင်ရေးကို ဆောင်ကြဉ်းပေးနိုင်ရန် ပုဂ္ဂလိက ကုန်စည်များနှင့် ဝန်ဆောင်မှုများကို ရပိုင်ခွင့် အခွင့်အရေးတစ်ရပ်အဖြစ် မှတ်ယူကာ ဈေးကွက်စနစ်မှ နိုင်ငံတော်ထံပြောင်းလွှဲပေးရမည်ဟု ဘောဂဗဒေပညာရှင်အချို့က အကြံပြုကြသည်များလည်းရှိသည်။ သို့သော်လည်း ခေတ်ရေးစီးကြောင်း ဘောဂဗဒေကမူ ဈေးကွက်စီးပွားရေးတစ်ခုလုံးကို နိုင်ငံတော်က ချုပ်ကိုင်ထားရန် ဆိုသည့်ချဉ်းကပ်မှုကို လက်သင့်မခံပေ။ 

==========================================

ဈေးကွက်စီးပွားရေး လက်ဝါးကြီးအုပ်မှုလော Vs ရေ ရပိုင်ခွင့်လော 

အလွန်တရာမှ မေးခွန်းထုတ်စရာကောင်းနေသည်မှာ အရည်အသွေးပြည့်မီပြီး လုံလောက်သော သောက်သုံးရေ ပမာဏကို နိုင်ငံသားတိုင်း ခံစားခွင့် ပေးနိုင်ရေးအတွက် အကောင်းဆုံးသော ဝန်ဆောင်မှုကို မည်သည့်အင်စတီကျူ့ရှင်းက ပေးသင့်သနည်းဆိုသည့် မေးခွန်းပင်ဖြစ်သည်။ မည်သူက အဘယ်မျှသော ရေပမာဏကို မည်သည့်နည်လမ်းဖြင့် သွယ်ယူရန် မည်သည့်အင်စတီကျူ့ရှင်းက တာဝန်ယူသင့်သလဲဆိုသည့် မေးခွန်းပင်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ နိုင်ငံတော်အစိုးရအများစုက နိုင်ငံသားတိုင်း ရေရရှိပိုင်ခွင့်အတွက် ရေရယူသွယ်ယူဖြန့်ဝေပေးရေးလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်စွမ်းမရှိကြသည့်အတွက် လူ့အခွင့်အရေးအခြေပြုချဉ်းကပ်မှုဖြင့် ယင်းဝန်ဆောင်မှုများကို ဈေးကွက်စီးပွားရေးလုပ်ငန်းရှင်များထံ အပြီးတိုင်အပ်နှင်းသင့်သည်ဟု ဘောဂဗေဒပညာရှင်များက အကြံပြုကြသည်။ ယင်းအကြံပြုချက်ဖြင့် အကောင်အထည်ဖော်သည့် (ဖွံဖြိုးပြီး၊ ဖွံံ့ဖြိုးဆဲ) နိုင်ငံများတွင် အတွေ့များသည်မှာ အကြီးစားလုပ်ငန်းရှင်များက ရေရပိုင်ခွင့်ကို လက်ဝါးကြီး အုပ်သည့် ဈေးကွက်များဖြစ်ထွန်းလာကြောင်း သက်သေသာဓကများစွာတွေ့ရသည်။ ဤကဏ္ဍတွင် ရေ ရပိုင်ခွင့်ကို သာတူညီမျှရှိစွာနှင့် ခွင့်တူညီမျှရှိစွာ အယောက်စီတိုင်းခံစားနိုင်စေရန် ဈေးကွက်စီးပွားရေးစနစ်က ဖော်ဆောင်နိုင်စွမ်းမရှိသည့် အကြောင်းရင်းနှစ်ရပ်ကို ဆွေးနွေးပါမည်။ 

========================================

ဈေးကွက်စီးပွားရေးစနစ်က လူထုအသံကို ကိုယ်စားပြုနိုင်မှု မရှိခြင်း

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာချက်စာတမ်း ပြုစုစဉ်ခါတွင် လူထုအသံများကို အဓိကထား အလေးပေးနားစွင့်ခဲ့ကြသည်။ လူ့အခွင့်အရေးတစ်ရပ်ဖြစ်သည့် ရေ ရပိုင်ခွင့်ကို အကောင်အထည်ဖော်သည့် အင်စတီကျူ့ရှင်းက အယောက်စီတိုင်းအတွက် သင့်တင့်မျှတသည့် သောက်သုံးရေများကို ရရှိအောင် ပံ့ပိုးပေးနိုင်မှသာ လက်သင့်ခံစရာဖြစ်ပေမည်။ လူတစ်စုအတွက် ကောင်းမွန်သော အရှည်အသွေးရှိသည့် ရေကို လုံလောက်စွာပေးဝေနေစဉ် အခြားသော လူတန်းစားများအတွက် လုံလောက်စွာပေးဝေခြင်းမရှိသည့် အင်စတီကျု့ရှင်းများကို နိုင်ငံတကာအသိုင်းအဝိုင်းက လူ့အခွင့်အရေးကို ချိုးဖောက်ကြသည်ဟု သတ်မှတ်ကြပြီဖြစ်သည်။ 

အမှန်စင်စစ် လူထုအသံများဖြစ်ကြသော တစ်ဦးချင်းဝင်ငွေ၊ ရေလိုအပ်ချက်၊ လူမှုအသိုင်းအဝိုင်းဖြစ်တည်မှုများကို နားထောင်နိုင်ခြင်းမပြုသည့် ဈေးကွက်စီးပွားရေးစနစ်ဖြင့် ရေ ရပိုင်ခွင့်ဆိုသည့် လူ့အခွင့်အရေးတစ်ရပ်ကို ဖော်ဆောင်ပေးရန် လွန်စွာခက်လှသည်။ 

စီးပွားဖြစ်လုပ်ငန်းရှင်များသည် မည်၍မည်မျှရှိသော ရေပမာဏကို အဘယ်ပုံအဘယ်နည်းဖြင့် မည်သည့်အချိန်တွင်း ဝယ်ယူစားသုံးသူများထံ အရောက်ပို့ပေးနိုင်မည့် နည်းလမ်းများကို အသားပေးနားစွင့်နားထောင်ကြသည်။ (အယောက်စီတိုင်း သောက်သုံးရေဖြန့်ဝေမှုဆိုသည့် ချဉ်းကပ်မှုမျိုးကို ထည့်သွင်းစဉ်စားကြမည့် ဟန်မပြုကြပေ။) ဈေးကွက်၏အဓိကအသားပေးချက်မှာ လုပ်ငန်းရှင်များစိတ်ကျေနပ်မှု (အကျိုးအမြတ်ရရေး)ဖြစ်နေပြီး၊ ဈေးကွက်များတွင် လက်ရှိပေါက်ဈေးဖြင့် ရောင်းသူက ရောင်းပြီး ဝယ်သူကလည်း မိမိလိုချင်သည့်ပမာဏကို ဝယ်ယူစားသုံးနေရသည့် ယန္တရားတစ်ခု ပေါ်ထွန်းလာခဲ့သည်။ ယင်းယန္တရားကို လည်ပတ်စေရန် ငွေကြေးအမြောက်အများလိုအပ်ပြီး ငွေးကြေးလည်ပတ်မှု အနည်းအကျဉ်းသာရှိသော လူ့အဖွဲ့အစည်းတွင် လုံလောက်သော ရေပမာဏစားသုံးနိုင်စွမ်း အလာကြမည်ဖြစ်သည်။ Coca Cola လုပ်ငန်း India နိုင်ငံရှိ ကျေးလက်ဒေသတစ်ခုသို့တိုးချဲ့မှုကို ဥပမာပေးလိုပါသည်။ ယင်းဒေသတွင် ကိုကာကိုလာလုပ်ငန်းရှင်များက လုပ်ငန်းတိုးချဲ့နေစဉ် သောက်သုံးရေကို စီမံခန့်ခွဲခွင့် အခွင့်အာဏာ(နိုင်ငံတော်ကအပ်နှင်းထားသော) ရှိသောအင်စတီကျုရှင်းက ဈေးကွက်ထဲတွင် ရေပေါက်ဈေး (ဈေးနှုန်းကို) မြှင့်တင်လိုက်သည်။ ကိုကာကိုလာအနေဖြင့် ဝယ်ယူနိုင်စွမ်းရှိနေပြီး ဒေသခံလူထုကမူ ယင်းပေါက်ဈေးကို ဝယ်ယူနိုင်စွမ်းကင်းမဲ့နေခဲ့သည်။ ထို့ပြင် ရေတွင်း ရေကန်များရှိကြသော ဒေသခံများအနေဖြင့်လည်း ဈေးကောင်းရသော ရေများကို ကိုကာကိုလာထံ ရောင်းနှံကြသည်အထိ ကြုံခဲ့ဖူးပြီး နောက်ဆုံးတွင်၎င်းဒေသရှိ ရေချိုမှန်သမျှကို ကိုကာကိုလာလုပ်ငန်းက လက်ဝါးကြီးအုပ်ခဲ့သည့် အဖြစ်ထိ အခြေအနေဆိုးရွားခဲ့သည်။ ထို့ပြင် ကိုကာကိုလာစက်ရုံစွန့်ထုတ် ပစ္စည်းများက သောက်သုံးရေရင်းမြစ်ထိပါ ညစ်ညမ်းစေသည်အထိ ဖြစ်ခဲ့ဖူးသည်။ 

ဖိလစ်ပိုင်နိုင်ငံမြို့တော်အခြေစိုက် Maynilid Water Services ဆိုသည့် ပုဂ္ဂလိကပိုင်လုပ်ငန်းတစ်ခုက မြို့တော်အနောက်ပိုင်းရှိ လူ့အသိုက်အဝန်းများတွင် တာဝန်ယူလျက် ရေရပိုင်ခွင့်ကို အကောင်အထည်ဖော်နေခဲ့သည်။ ယင်းလုပ်ငန်းမှာ ကောက်ခံခဲ့သည့် ရေခွန်များသည် (သောက်သုံးရေ ဝယ်ယူသည့်ဈေးကွက်ပေါက်ဈေး) ၁၉၉၇ နှင့် ၂၀၀၃ ခုနှစ်များကြားတွင် ရာခိုင်နှုန်း ၄၀၀ အထိ တိုးမြှင့်ကောက်ခံခဲ့သည်။ ထို့ပြင် မြို့တော်အရှေ့ဖက်ခြမ်းအတွက် တာဝန်ယူလျက် ရေဖြန့်ဝေနေသည့် လုပ်ငန်းရှင်ဖြစ်သော Manila Water Company ကလည်း ယင်းကာလတွင်ပင် ရေခွန်ကောက်ခံမှုသည် ရာခိုင်နှုန်း ၇၀၀ ကျော်ထိ ကောက်ခံခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ အလားတူပင် ဘိုလီဗီးယားနိုင်ရှိ လာပတ်စ်ဆိုသည့် လူအသိုက်အဝန်းထံ (အိမ်ခြေ ၁၅၀၀၀ ကျော်) ရေပေးဝေရေးကို တာဝန်ယူထားသည့် လုပ်ငန်းတစ်ခုက၂၀၀၄ ခုနှစ်တွင် ရေခွန်ကို ရာခိုင်နှုန်း ၆၀၀ ထိ တိုးမြှင့်ကောက်ခံခဲ့ရာ သောက်သုံးရေပြတ်လတ်မှု အပြင်းအထန် ရင်ဆိုင်ခဲ့ရဖူးသည်။ ၎င်းဖြစ်စဉ်ကို ပြန်သုံးသပ်ပါက ရေကို စီးပွားဖြစ်ကုန်စည်အဖြစ် ရောင်းဝယ်နေကြရာမှ ဖြစ်ပေါ်လာသော ရလဒ်ဆိုးများဖြစ်ကြပြီး၊ ဒေသခံများ၏ ရေရပိုင်ခွင့်များကို ဝါးမျိုခံရသည်ဟု မှတ်ချက်ပေးလျှင် မှားမည်မထင်ပေ။ 

ထိုသို့ဆိုလျှင် ဖွံံဖြိုးပြီးနိုင်ငံများတွင် ဈေးကွက်စီးပွားရေးစနစ်က အောင်မြင်ပြီး ဖွဲ့ဖြိုးဆဲနိုင်ငံများတွင် အဘယ်ကြောင့် အကျိုးဖြစ်ထွန်းမှုမရှိကြတာလဲဆိုသည့်မေးခွန်းရှိလာသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ပုဂ္ဂလိကပိုင်လုပ်ငန်းရှင်များ၏ သောက်သုံးရေ ဖြန့်ဝေမှုများအောင်မြင်ရခြင်းအကြောင်းရင်းမှာ စားသုံးသူများအနေဖြင့် ဝယ်ယူစားသုံးနိုင်စွမ်း(Purchasing Power) ရှိကြသောကြောင့်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မတူသည့်အချက်မှာ သောက်သုံးရေ ဖြန့်ဝေမှုအတွက် လိုအပ်သည့် အခြေခံအဆောက်အဦးများတည်ဆောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းနှင့် ဝင်ငွေမျှမှုမရှိခြင်း စသည့် အခင်းအကျင်းများရှိနေပြီး၊ ပုဂ္ဂလိကပိုင်လုပ်ငန်းရှင်များက ၎င်းတို့စိုက်ထုတ်ထားသည့် ရင်းနှီးမတည်ငွေ အရင်းကျေပြီး၊ အကျိုးအမြတ်ရသည်အထိ လုပ်ငန်းများတိုးချဲ့ရာတွင် ရေခွန်များတိုးမြှင့်ကောက်ခံရေးသည် ၎င်းတို့လုပ်ငန်းအတွက် ထွက်ရပ်လမ်းပင်ဖြစ်သည်။ ယင်းကာလတွင် ဝယ်ယူစားသုံးနိုင်စွမ်းကင်းမဲ့နေသည့် လူအဖွဲ့အစည်းများတွင် ရေကို စီးပွားဖြစ်ကုန်စည်အဖြစ် ရောင်းဝယ်ဖောက်ကားခြင်းက ရေပြတ်လပ်မှုကို ပြင်းထန်စေသည်။ 

===========================

ဟာကွက်များစွာနှင့် ဈေးကွက်စီးပွားရေးစနစ် 

ရေသည် ရည်ရွယ်ချက်အမျိုးမျိုးအတွက် အသုံးပြုနိုင်သော သဘာဝသံဇာတတစ်ခုဖြစ်သည်။ ဆိုလိုရင်းမှာ ရေကို လမ်းပန်းဆက်သွယ်ရေး၊ စက်ရုံအလုပ်ရုံများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ငါးလုပ်ငန်းတို့အပြင် လူမှုရေးနှင့် ဘာသာရေးဆိုင်ရာ (ဥပမာ သင်္ကြန်ရေလောင်းပွဲ)၊ အပန်းဖြေစခန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့် ရည်ရွယ်ချက်အသီးသီးအတွက် ရေကို အသုံးပြုကြသည်။ ၎င်းအချက်အားလုံးနှင့် လူသားအတွက် အခြေခံ လိုအပ်ချက်ဖြစ်သည့် ရေပမာဏ ဖြန့်ဝေရေးတို့ ထည့်သွင်းစဉ်းစားရာတွင် ရေအသုံးချမှုများစွာထဲက မည်သည့်လုပ်ငန်းစဉ်ကို မည်သို့မည်ပုံ ဦးစားပေး အကောင်အထည်ဖော်မလဲဆိုသည့် မေးခွန်းတစ်ခုထပ်ပေါ်လာသည်။ ယင်းကဲ့သို့ ယှဉ်ပြိုင်မှုကြီးမားသည့် အသုံးပြုသူများကြား ရေခွဲဝေဖြန့်ဝေမှုကို စီးပွားအရေးအရ ထိရောက်မှုရှိစေသော ဥပဒေများအတိုင်း အကောင်အထေည်ဖော်နိုင်သည့် လုပ်ငန်းရှင်နောက်သို့သာ ရေများစီးဝင်သွားသည်က များသည်။( ငွေများရာနောက် ရေစီးပါ လို့ပြောရမယ်ထင်တယ်)။ ၎င်းစီးပွားရေးအရထိရောက်မှု ရှိစေသော ဥပဒေများဖြင့် ရေခွဲဝေသုံးစွဲမှုကို အကောင်အထည်ဖော်ကြသည့်အခါ လူမှုရေးဆိုင်ရာ ပဋိပက္ခ (ဆူပူမှုများ) ဖြစ်ပေါ်စေနိုင်သည်အထိ သက်ရောက်မှုရှိနိုင်သည်။ အထူးသဖြင့် သောက်သုံးရေလုံလောက်စွာ မရသည့် လူ့အဖွဲ့အစည်းများတွင် စိုက်ပျိုးရေးနှင့် စက်ရုံအလုပ်ရုံသုံးရေ များကိုဦးစားပေး အကောင်အထည်ဖော်သည့် ဖြစ်စဉ်များတွင် လူမှုရေးဆိုင်ရာ ဆူပူမှုများ အဖြစ်များတတ်သည်။ အကြောင်းရင်းမှာ လူသားတစ်ဦးချင်းစီ၏ ရေ ရပိုင်ခွင့်ကို ချိုးဖောက်သောကြောင့်ပင်ဖြစ်သည်။ 

လူသားများအသက်ရှင်နေထိုင်ရေး ဦးစားပေးရေးဖြင့် ချဉ်းကပ်ရာတွင်လည်း သောက်သုံးရေကို ဦးစားပေးမလား၊ စိုက်ပျိုးရေကို ဦးစားပေးရမလားဆိုသည့် မေးခွန်းတစ်ခုထပ်ပေါ်လာပြန်သည်။ အကြောင်းရင်းမှာ ရေလုံလောက်စွာ မရရှိသည့် စိုက်ပျိုးရေးလုပ်ငန်းများတွင် မည်သို့မျှ သီးနှံများဖြစ်ထွန်းနိုင်မည်မဟုတ်။ ထိုသို့စိုက်ပျိုးသီးနှံများဖြစ်ထွန်းမှုမရှိပါလျှင် အခြားသော လူ့အခွင့်အရေးများဖြစ်ကြသည့် Right to food တို့ကို ရိုက်ခတ်သွားမည်ဖြစ်ပြီး၊ အစာအာဟာရ ပြည့်ဝစွာ စားသုံးနိုင်ခြင်းမရှိသည့် လူ့အဖွဲ့အစည်းတွင် Right to Health ကို အကောင်အထည်ဖော်နိုင်စွမ်း မရှိတော့ချေ။ ကျန်းမာသန်စွမ်းသည့် လူ့အဖွဲ့အစည်းမရှိသည့်အခါ Right to Education နှင့် Right to an adequate Living Standard တို့ သည် အလှမ်းဝေးသွားမည်ဖြစ်သည်။ 

အစောပိုင်းတွင် ဆွေးနွေးခဲ့ပြီးသည့်အတိုင်း ရေသည် ပြည်သူ့အကျိုးသယ်ပိုးသည့် ရင်းမြစ်နှင့် ဘုံပိုင်ကုန်စည်တစ်ခုဖြစ်သည်ဆိုသည့်အချက်ကို မေ့ထား၍မရပေ။ ယင်းယူဆချက်သည် ရေအသုံးချမှုများကြား တွန်းကန် ယှဉ်ပြိုင်မှုများဖြစ်လာသည့်အခါ လွန်စွာအသုံးဝင်သည်ဟု ပညာရှင်များက ဆိုကြသည်။ ဘုံပိုင်ကုန်စည် စီမံခန့်ခွဲရာတွင် အကောင်းဆုံးသော ဖြေရှင်းနည်း နည်းလမ်းတစ်ကို လက်ရှိခေတ်ပြိုင်ဘောဂဗေဒပညာရှင်များက ကစားပွဲ သီအိုရီ (Game Theory) တစ်ခုဖြစ်သော အကျဉ်းသားတစ်ဦး၏ ဒွိဟ (Prisoner's Dilemma)သီအိုရီ ကို မိတ်ဆက်ခဲ့ကြသည်။ ၎င်းဂိမ်းအရ အကောင်းဆုံးရလဒ်(အဖြေ) တစ်ခုကို သက်ဆိုင်သူများအားလုံး (Stakeholder) များအားလုံးက စုပေါင်းအင်အားဖြင့် ညှိနှိုင်းစဉ်ကတည်းက တစ်ဦးတစ်ယောက်ချင်းစီ၏ ကိုယ်ကျိုးကို ထိန်ချန်ထားခြင်းမပြုဘဲ ထည့်သွင်းစဉ်းစားရေးဖြစ်သည်။ ထိုသို့မဟုတ်ဘဲ စုပေါင်းအင်အား ညှိနှိုင်းဆွေးနွေးမှုမရှိဘဲ တစ်ဦးတစ်ယောက်ချင်းစီက ကိုယ်ကျိုးတစ်ခုတည်းကိုသာ ဖက်တွယ်ဖြေရှင်းလျှင် ရလဒ်ကောင်းနှင့်အလှမ်းဝေးနေမည်ဖြစ်သည်။ စုပေါင်းအင်အားဖြင့် ညှိနှိုင်းဆောင်ရွက် အဖြေရှာခြင်းကသာ လူ့အဖွဲ့အစည်းနှင့် သဘာဝပတ်ဝန်းကျင်တို့ ရေရှည်တည်တံ့နိုင်ရေးအတွက် အကောင်းဆုံးသော အဖြေကို ဆောင်ကြဉ်းပေးနိုင်မည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ဈေးကွက်စီးပွားရေးစနစ်က ဖြည့်ဆည်းမပေးနိုင်သည့် ဟာကွက်များကို ကျော်လွန်၍ လူမှုအသိုင်းအဝိုင်းအဖွဲ့ဝင်များကို ရေ စီမံခန့်ခွဲအသုံးချပိုင်ခွင့် အပ်နှင်းထားရမည်ဖြစ်သည်။

ထို့ပြင် ဘုံပိုင်ကုန်စည်များ မျှဝေသုံးစွဲကြရင်း ဖြစ်ပွားလာသည့် ပဋိပက္ခများကို ကျော်လွှားနိုင်ရန် လူမှုအသိုက်အဝန်းထဲမှာ နေထိုင်ကြသည့်သက်ဆိုင်သူများ(stakeholders)ကို ဘုံပိုင်ကုန်စည် ခွဲဝေရေး ဆုံးဖြတ်ချက်ချသည့် ယန္တရားများတွင် ပါဝင်ခွင့်ပေးထားရမည်ဖြစ်ပြီး၊ ၎င်းတို့ကိုယ်တိုင်ကလည်း ပါဝင်ရမည်ဖြစ်သည်။ 

===========================

နိဂုံး

အထက်တွင် ဆွေးနွေးခဲ့ပြီးသည့်အတိုင်း ရေ ရပိုင်ခွင့်ဟု ပြောလိုက်လျှင် ထင်သာမြင်သာရှိသော ရေ နှင့် ထင်သာမြင်သာမှု သိပ်မရှိလှသော တရားမျှတမှု သို့မဟုတ် လူမှုရေးရာ မျှတမှုတို့ကို ဧကန်မုချ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။ ယင်းသို့ လူ့အခွင့်အရေး အခြေပြုချဉ်းကပ်မှုတွင် ကုန်စည်များနှင့် ဝန်ဆောင်မှုများကို မည်သို့မည်ပုံ အဘယ်သူအားဖြင့် ထုတ်လုပ်၍ မည်သည့်နည်းလမ်းဖြင့် လူ့အဖွဲ့အစည်းထံအရောက် သွယ်ယူဖြန့်ဝေမလဲဆိုသည့် မေးခွန်းများ မလွဲမသွေ ထည့်သွင်းစဉ်းစားရပါမည်။ ပထမဆုံးဆွေးနွေးခဲ့သည့် စံနှုန်းစံထားများကိုလည်း အလေးပေး စဉ်းစားချဉ်းကပ်ရမည်ဖြစ်ပေသည်။

ဤ ဆောင်းပါးအား Ko Tha Peng Cung , a member of Young Water Professionals Myanmar မှ ရေးသားထားပါသည်။