ရေကြီးရေလျှံမှုများကို ကိုယ်တိုင်တက်ကြွစွာ ဦးဆောင်ဖြေရှင်းနေသော ဒေသခံခေါင်းဆောင်တစ်ဦး

b2ap3_large_20160510_160438 သာကေတမြို့နယ် အမှတ်၅ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းဝင်း

ကဏ္ဍတစ်ခုတိုးတက်ဖို့ရာ ဒေသခံခေါင်းဆောင်များရဲ့ ဦးဆောင်မှုဟာ ဘယ်လောက်အရေးပါသလဲ။

ခေါင်းဆောင်မှုစွမ်းရည်ဆိုတာဟာ မိမိနှင့်အများလိုလားတဲ့ ပန်းတိုင်တစ်ခုအတွက် ခံယူချက်ခိုင်ခိုင်မာမာချမှတ်ပြီး ဘယ်လိုအခက်အခဲကြုံကြုံ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိအောင် ကိုယ်တိုင်တက်တက်ကြွကြွ ဦးဆောင်နိုင်တဲ့ အရည်အချင်းတစ်ခုပဲဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ ခေါင်းဆောင်မှုရဲ့ အဓိပ္ပာယ်ကို ရှည်ရှည်ဝေးဝေးဆက်ဖွင့်နေမယ့်အစား တကယ့်လက်တွေ့မှာရှိနေတဲ့ ဥပမာကောင်းတစ်ခုအကြောင်းကို ဝေမျှပေးချင်ပါတယ်။

ရပ်ကွက်အတွင်း ရေကြီးရေလျှံမှုများကို ဖြေရှင်းဖို့ ကြိုးပမ်းနေတဲ့ သာကေတမြို့နယ် အမှတ်၅ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးလည်းဖြစ်တဲ့ ဦးတင်ထွန်းဝင်းအကြောင်းပဲဖြစ်ပါတယ်။ သာကေတမြို့နယ်မှာပဲ မွေးဖွားကြီးပြင်းခဲ့ပြီး အသက်၅၂နှစ်ရှိပြီဖြစ်တဲ့ ဦးတင်ထွန်းဝင်းဟာ သူ့ရဲ့ဇာတိမြို့နယ်ကို သန့်ရှင်းလုံခြုံပြီး ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခုအဖြစ် ပြောင်းလဲဖို့ရာ စိတ်အားထက်သန်သူတစ်ဦးဖြစ်ပါတယ်။ သူ့ကို ရပ်ကွက်ပြည်သူလူထုက အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခဲ့ပြီး လက်ရှိအချိန်အထိ ရပ်ကွက်ကောင်းကျိုးအတွက် အားတက်သရော ဦးဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ 

ရေမြောင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းစဥ်

သာကေတမြို့နယ် အမှတ်၅ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးပိုင်းကိုစတင်တာဝန်ယူရတဲ့ ၂၀၁၆ခုနှစ်ကနေစပြီး ဦးတင်ထွန်းဟာ နှစ်စဥ်ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံမှုပြဿနာကိုဖြေရှင်းဖို့ရာ ရေမြောင်းများအား နုန်းဆယ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ပါတယ်။

ရှေးဦးစွာ ရေမြောင်းပြုပြင်ဖို့ရာလိုအပ်တဲ့ အသုံးစရိတ်အတွက် ရပ်ကွက်နေပြည်သူများအား တတ်အားသရွေ့ စုပေါင်းထည့်ဝင်ကြရန် စည်းရုံးတိုက်တွန်းခဲ့ပါတယ်။ ဒီ့အတွက် ရပ်ကွက်နေပြည်သူတွေရဲ့ စုပေါင်းမတည်မှုနဲ့ ရေမြောင်းပြုပြင်ဖို့လိုအပ်တဲ့ အသုံးစရိတ်ရဲ့ သုံးပုံနှစ်ပုံကိုရှိခဲ့ပြီး ဦးတင်ထွန်း၏တောင်းဆိုမှုကြောင့် ဒေသခံ လုပ်ငန်းရှင်တစ်ဦးကလည်း ကျန်လိုအပ်နေတဲ့ သုံးပုံတစ်ပုံကို ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ ထို့နောက် မြေတူးစက်များ၊ လုပ်အားပေးများဖြင့် ရပ်ကွက်အတွင်းရေမြောင်းများကို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ထိုအချိန်မှစပြီး မိုးရာသီမရောက်ခင်တိုင်းမှာ ရေမြောင်းများကို အနည်းဆုံး သုံးကြိမ်ခန့် နုန်းဆယ်ခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်းတို့ကို ဦးဆောင် ဆောင်ရွက်ခဲ့ပါတယ်။ 

ရေမြောင်းအတွင်းရှိ အမှိုက်သရိုက်များအား ဆယ်ယူဖယ်ရှားနေစဥ်
မြေတူးစက်ဖြင့် နုန်းဆယ်ခြင်းလုပ်ငန်းဆောင်ရွက်နေစဥ်

"အစပိုင်းမှာ ပြည်သူတွေဘက်ကနေပူးပေါင်းပါဝင်မှုနည်းခဲ့ပေမယ့် ရေမြောင်းတွေပြုပြင်ထိန်သိမ်းပြီးနောက်ပိုင်း ရေကြီးရေလျှံမှုတွေလျော့နည်းသွားပြီး ပတ်ဝန်းကျင်ပိုမိုသန့်ရှင်းလာတာကို သတိထားလာမိကြတဲ့အခါမှာတော့ တဖြည်းဖြည်းနဲ့ အားတက်သရောပါဝင်လာကြပါတယ်" လို့ ရေမြောင်းပြုပြင်ရေးလုပ်ငန်းမလုပ်ခင်နဲ့ လုပ်ပြီး ပြောင်းလဲမှုအခြေအနေများကို သူကရှင်းပြခဲ့ပါတယ်။ "လူတစ်ချို့က ငွေကြေးကောက်ခံမှုနဲ့ပက်သက်ပြီး ကျွန်တော့်အပေါ် အထင်အမြင်လွဲတာမျိုးတွေကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် လုပ်ဆောင်နေတဲ့အလုပ်တွေရဲ့ အကျိုးရလဒ်တွေကိုသိသွားကြတဲ့နောက်မှာတော့ ဝေဖန်မှုတွေအားလုံး ကွယ်ပျောက်သွားပါတယ်" လို့လည်း သူ့ရဲ့အတွေ့အကြုံကိုပြောပြခဲ့ပါတယ်။

မိုးရာသီအချိန်တွင် သာကေတမြို့နယ်အတွင်း ရေကြီးမှုအခြေအနေ

ရန်ကုန်မြို့ရဲ့ နေရာအများစုမှာ အဓိကအားဖြင့် မြောင်းအတွင်းအမှိုက်ပိတ်ဆို့မှုများကြောင့် နှစ်စဥ်မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှုတွေကြုံတွေ့နေရပါတယ်။ "ဒါဖြင့်လည်း တာဝန်ရှိသူတွေက ရေမြောင်းတွေဆယ်ပြီး ရေမြောင်းထဲအမှိုက်မပစ်ဖို့သတိပေးတားမြစ်ရင်ရတာပဲ။ လွယ်လွယ်လေးပါကွာ" လို့လူတွေကပြောကြပါလိမ့်မယ်။ အလုပ်ထက် အပြောကလွယ်ပါတယ်။ တကယ့်လက်တွေ့မှာတော့ အစိုးရနဲ့နိုင်ငံတကာရဲ့အထောက်အပံ့တွေကို မျှော်လင့်စောင့်ဆိုင်းမနေပဲ မိမိရပ်ရွာကောင်းကျိုးအတွက် ကိုယ့်အားကိုယ်ကိုးပြီး ဦးဆောင်လုပ်ကိုင်နေတဲ့ ဒေသခံခေါင်းဆာင်အနည်းငယ်သာရှိပါတယ်။

ဦးတင်ထွန်းဟာ ဒီလိုမျိုး မိမိအလုပ်အပေါ် ခံယူချက်၊ယုံကြည်ချက် အပြည့်အဝနဲ့ ဦးဆောင်နေတဲ့သူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ရေကြီးရေလျှံမှုပြဿနာကို တတ်စွမ်းသရွေ့ ဦးဆောင်ဖြေရှင်းခြင်းဖြင့် သူ့၏ယုံကြည်ချက်များ အကောင်အထည်ပေါ်လာအောင် လက်တွေ့ဆောင်ရွက်နေသူတစ်ဦး ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်ပေါ်လာဖို့ ဘာကြောင့် သူဒီလိုခံယူချက်အပြည့်နဲ့ လုပ်ဆောင်နေသလဲဆိုတာကို စာရေးသူ စိတ်ဝင်စားမိခဲ့ပါတယ်။ 

သူဘာ့ကြောင့် သန့်ရှင်းပြီးပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးချင်ရသလဲ။ 

သူ့ရဲ့ဆန္ဒဟာ ၂၀၀၈ခုနှစ်က စင်ကာပူနိုင်ငံမှာသွားရောက်အလုပ်လုပ်ခဲ့တဲ့ အတွေ့အကြုံတွေကနေ အခြေခံခဲ့တာဖြစ်ပါတယ်။ ပြန်တွေးကြည့်ရမယ်ဆိုရင် စင်ကာပူနိုင်ငံရဲ့လေဆိပ်ကိုစရောက်စဥ်ကတည်းက ကွဲပြားခြားနားတဲ့ ပတ်ဝန်းကျင်တစ်ခုကို သူသတိပြုမိခဲ့ပါတယ်။ "လေယာဥ်မထွက်ခင်တုန်းက ရန်ကုန်လေဆိပ်ကြီးကို ခန်းနားလှပြီထင်ခဲ့တာ။ စင်ကာပူလည်းရောက်ရော အားလုံးတခြားစီဖြစ်သွားတယ်။ နေရာတိုင်းက သန့်ရှင်းသပ်ရပ်နေပြီးတော့ လမ်းဘေးပလက်ဖောင်းတွေကအစ တစ်မြို့လုံးကို အန္တရာယ်ကင်းကင်းနဲ့ သွားလာလို့ရတယ်။ အားလပ်ချိန်တွေမှာ မြို့ရဲ့နေရာတိုင်းကို လျှောက်သွားကြည့်ပြီးတော့ ပတ်ဝန်းကျင်အနေအထားတွေကိုလေ့လာဖြစ်ခဲ့တယ်" လို့သူ့ရဲ့အမှတ်တရတွေကို ပြောပြပါတယ်။ ဒီလိုအမှတ်တရတွေကနေ တစ်နေ့နေ့ အခွင့်အရေးရခဲ့ရင် သူနေထိုင်တဲ့ဒေသကိုလည်း အခုလိုကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်အောင် ဖန်တီးဖို့ သူရည်မှန်းချက်ချခဲ့ပါတယ်။ 

ရေနဲ့ပက်သက်ပြီး တိုးတက်အောင် ဦးဆောင်နေသူတိုင်း ရေဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ မဟုတ်ကြပါဘူး။ 

တစ်ခါတစ်ရံ လက်တွေ့တွင် ကောင်းမွန်သော အပြောင်းအလဲတစ်ခုအတွက် လူထုကိုဦးဆောင်နေသူတွေမှာ အဆင့်မြင့် ဘွဲ့ထူးဂုဏ်ထူးတွေမရှိတတ်ကြပါဘူး။ ဦးတင်ထွန်းဟာ ရန်ကုန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘွဲ့ရတစ်ဦးဖြစ်ပြီးတော့ ရေနဲ့ပက်သက်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦးမဟုတ်ဘူးဆိုတာကို သူကိုယ်တိုင်လည်းနားလည်လက်ခံထားပါတယ်။

ထို့ကြောင့် ရေမြောင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေလုပ်ဆောင်တဲ့အခါမှာ ကျွမ်းကျင်သူများနှင့် ပူးပေါင်းလုပ်ဆောင်ရကြောင်း၊ ရေမြောင်းဆယ်ခြင်း ရေစီးရေလာကောင်းအောင်ပြုလုပ်ခြင်းနှင့် ရေမြောင်းပြုပြင်တည်ဆောက်ခြင်းတို့ကို လက်တွေ့ကျွမ်းကျင်သူများထံမှ အတွေ့အကြုံပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေရရှိကြောင်းပြောပြခဲ့ပါတယ်။ စာရေးသူအနေနဲ့ သူ၏လုပ်ငန်းဆောင်များပိုမိုထိရောက်မှုရှိရေးနဲ့ ရေရှည်တည်တံ့ရေးတို့အတွက် အစိုးရထံမှ ပံ့ပိုးမှုရှိမရှိမေးမြန်းကြည့်တဲ့အခါမှာတော့သာကေတမြို့နယ်အတွင်း ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော ပတ်ဝန်းကျင်တစ်ခု ပေါ်ပေါက်လာစေရန် ဆောင်ရွက်နေသည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုထံမှ လက်ရှိအချိန်အထိ ပံ့ပိုးမှုများရရှိကြောင်းပြောကြားခဲ့ပါတယ်။

"ဒီနိုင်ငံတကာအဖွဲ့အစည်းကနေပြီးတော့ ရေမြောင်းတွေကို ရေရှည်အတွက်ကောင်းမွန်စေမယ့် ကွန်ဂရစ်အုတ်နံရံတွေအဖြစ်အဆင့်မြှင့်တင်ဖို့ရာ လိုအပ်တဲ့ငွေကြေးအထောက်အပံ့ကို ပံ့ပိုးပေးခဲ့ပါတယ်" လို့ ဦးတင်ထွန်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ (ရေမြောင်းတည်ဆောက်ခဲ့ပုံ အသေးစိတ်ကို ဒီ Link မှာ ဖတ်ရှုနိုင်ပါတယ်)

နိုင်ငံတကာပညာရှင်များပါဝင်တဲ့ အဖွဲ့အစည်းဟာ ၂နှစ်တာကြာမြင့်မယ့် ရှေ့ပြေးစီမံကိန်းတစ်ခုဖြစ်တဲ့ရန်ကုန်မြို့ သာကေတမြို့နယ်အတွင်း ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် ပြုပြင်ပြောင်းလဲမှုများကို ဖန်တီးခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် လေ့လာဆန်းစစ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒီစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့၏ ကမ်းလှမ်းချက်ဖြင့် စတင်အကောင်အထည်ဖော်ခဲ့ပြီး ဒတ်ချ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ပူးပေါင်းထောက်ပံ့ထားခြင်းဖြစ်ပါတယ်။ (စီမံကိန်း အသေးစိတ်ကို ဒီ Link မှာ ဖတ်ရှုနိုင်ပါတယ်) 

တည်ဆောက်ခဲ့သော ကွန်ဂရစ်ရေမြောင်း
နိုင်ငံတကာအဖွဲ့အစည်း၏ အထောက်အပံ့ဖြင့် ကွန်ဂရစ်ရေမြောင်း တည်ဆောက်ပြီးစီးခဲ့
ဦးတင်ထွန်းဝင်းနှင့် သူ၏ရုံး

သင်ခန်းစာတစ်ခုကတော့ ဦးတင်ထွန်းဟာ "အလုပ်များခြင်း၊ ငွေကြေးအထောက်အပံ့မရှိခြင်း" ဟူသောဆင်ခြေများပေးနေမည့်အစား ဒေသခံခေါင်းဆောင်တစ်ဦးအနေနဲ့ ရပ်ရွာကောင်းကျိုးအတွက် မားမားမတ်မတ်ရပ်တည်ပြီး ထုတ်ဖော်ပြောဆိုနိုင်သူတစ်ဦးဖြစ်ပါတယ်။ ရေကဏ္ဍအတွင်းမှာရှိတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေအနေနဲ့ ယခုကဲ့သို့သော ဒေသခံခေါင်းဆောင်များအား ဒေသအတွင်းရေနှင့်ပက်သက်သည့် အခက်အခဲများကို ဖြေရှင်းရာတွင် အထိရောက်ဆုံးဖြစ်နိုင်မယ့် နည်းလမ်းများကို ပံ့ပိုးဝေမျှပေးရန် လိုအပ်လျက်ရှိနေပါတယ်။ ဒီလိုဝေမျှရာမှာ နည်းပညာပိုင်းဆိုင်ရာသာမကပဲ ကောင်းမွန်သော အရွေ့တစ်ခုကိုဖော်ဆောင်ဖို့ရာ လိုအပ်တဲ့ ညီညွှတ်မျှတမှုနဲ့ နယ်ပယ်အသီးသီးက ပညာရှင်တွေ၊ ရပ်မိရပ်ဖတွေရဲ့ ပူးပေါင်းပါဝင်မှုတွေတိုးပွားလာဖို့အတွက်လည်း အားလုံးအတူတကွ ဝိုင်းဝန်းပံပိုးပေးရမှာဖြစ်ပါတယ်။

ရန်ကုန်မြို့ သာကေတမြို့နယ် အမှတ်၅ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းဝင်းအား လေးစားလျက်--

- Written by Kyaw Nyunt Linn

-Translated by Thinzar Mon


...

A Local Self-Driven Man Solving Floods – The Importance of Local Leadership in Myanmar Water Sector - Myanmar Water Portal

One of the fundamental essences of leaderships is self-motivation, the ability to motivate yourself and drive people to keep going even in the face of setbacks, to create opportunities and to demonstrate a commitment to what they want to achieve. Asi

Govt, local groups to work for Inle Lake conservat...
Toilets talk
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal