နိုင်ငံတကာရေကြောင်းကုန်သွယ်မှု၏ ၉၀ ရာခိုင်နှုန်းကျော်ရှိ ရန်ကုန်ဆိပ်ကမ်း၌ လေးနှစ်တာအတွင်း အပြည်ပြည်ဆိုင်ရာရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား ကိုးစင်း တည်ဆောက်ပြီးစီးခဲ့ပြီး ဆိပ်ခံတံတား ၄၂ စင်းအထိရှိလာ

နိုင်ငံတကာရေကြောင်းကုန်သွယ်မှု၏ ၉၀ ရာခိုင်နှုန်းကျော်ရှိ ရန်ကုန်ဆိပ်ကမ်း၌ လေးနှစ်တာအတွင်း အပြည်ပြည်ဆိုင်ရာရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား ကိုးစင်း တည်ဆောက်ပြီးစီးခဲ့ပြီး ဆိပ်ခံတံတား ၄၂ စင်းအထိရှိလာ ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတစ်ခုအား တွေ့ရစဉ်

16th November 2020 - Source: Eleven Media Group Co.,Ltd.

နိုင်ငံတကာရေကြောင်းကုန်သွယ်မှု၏ ၉၀ ရာခိုင်နှုန်းကျော်ရှိ ရန်ကုန်ဆိပ်ကမ်း၏ ရန်ကုန်ဧရိယာနှင့် သီလဝါဧရိယာတို့တွင် လေးနှစ်တာအတွင်း အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား ကိုးစင်း တည်ဆောက်ပြီးစီးခဲ့ပြီး ဆိပ်ခံတံတား ၄၂ စင်းအထိရှိလာကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

မြန်မာ့ပင်လယ် ကမ်းရိုးတန်း အလျား ၁၃၈၅ မိုင်ရှိရာ အဆိုပါကမ်းရိုးတန်းတစ်လျှောက်တွင် ဆိပ်ကမ်းပေါင်း ကိုးခုရှိပြီး ဆိပ်ကမ်းများအားလုံးတွင် ရန်ကုန်ဆိပ်ကမ်းသည် အဓိကဆိပ်ကမ်းကြီးတစ်ခုဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ရေကြောင်းကုန်သွယ်မှု၏ ၉၀ ရာခိုင်နှုန်းကျော်မှာ ရန်ကုန်ဆိပ်ကမ်းများမှ ဆောင်ရွက်နေခြင်းဖြစ်သည်။

ယင်းပြင် ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် ယခင်နှစ်များက ရန်ကုန်ဆိပ်ကမ်းအတွင်း အပြည်ပြည်ဆိုင်ရာရေ ယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား ၃၃ စင်းရှိပြီး လေးနှစ်တာကာလအတွင်း အပြည်ပြည်ဆိုင်ရာရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်မည့် ဆိပ်ခံတံတား ကိုးစင်း တည်ဆောက်ပြီးစီးခဲ့သဖြင့် ဆိပ်ခံတံတား ၄၂ စင်းအထိ ရှိလာခဲ့ကြောင်း သိရသည်။

ရန်ကုန်ဆိပ်ကမ်း၌ လေးနှစ်တာအတွင်း ကုန်သေတ္တာအလုံးရေ ငါးသန်းကျော်နှင့် ကုန်တန်ချိန် သန်းပေါင်း ၇၄ သန်းကျော်ကိုင်တွယ်နိုင်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

" အစိုးရသက်တမ်း လေးနှစ်တာအတွင်း အပြည်ပြည်ဆိုင်ရာဆိပ်ခံတံတား ကိုးစင်း အသစ်တည်ဆောက်ပြီးခဲ့လို့ ဆိပ်ခံတံတား ၄၂ စင်းအထိရှိလာပြီး ကုန်သေတ္တာပေါင်း ငါးသန်းကျော်နဲ့ ကုန်တန်ချိန် ၇၄ သန်းကျော်ကို ကိုင်တွယ်ဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်" ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူက ပြောကြားသည်။

သီလဝါဆိပ်ကမ်းဒေသအပါအဝင် ရန်ကုန်ဆိပ်ကမ်းများ၏ ၄၁ စင်းမြောက် ခေတ်မီဘက်စုံသုံး အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားနှင့် ကုန်သိုလှောင်ရုံဖြစ်သည့် International Bulk Terminal Thilawa (IBTT) အား ပြီးခဲ့သည့် စက်တင်ဘာလကဖွင့်လှစ်၍ ဆိပ်ကမ်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။

သီလဝါဆိပ်ကမ်း၏ ၄၂ စင်းမြောက်ဖြစ်သည့် Denko ဆိပ်ခံတံတားမှာ ၂၀၁၉ ခုနှစ်အတွင်း တည်ဆောက်ပြီးစီးခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သည်။

သီလဝါဆိပ်ကမ်းရှိ ဘက်စုံသုံး အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားနှင့် ကုန်သိုလှောင်ရုံဖြစ်သည့် International Bulk Terminal Thilawa (IBTT) ၌ မီတာ ၂၀၀ နှင့် DWT တန် ၆၀၀၀၀ ခန့်ရှိ သင်္ဘောများ ဆိုက်ကပ်နိုင်ရန် ဆိပ်ခံတံတားအား ဆောက်လုပ်ထားကြောင်း သိရသည်။


Expressions of Interest to preserve Inya Lake
Rural roads, water supply projects to be implement...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal