ရေ နှင့် စွမ်းအင် ဆက်စပ်မှု (Water-Energy Nexus) များမှ အားပြိုင်မှုများ

ရေ နှင့် စွမ်းအင် ဆက်စပ်မှု (Water-Energy Nexus) များမှ အားပြိုင်မှုများ ကမ္ဘာ့ကုလသမဂ္ဂ ရေရှည်တည်တံ့ခိုင်မြဲသော ဖွဲ့ဖြိုးရေးရည်မှန်းချက် အမှတ်စဉ် (၆) နှင့် (၇)

"ရေ နှင့် စွမ်းအင် ဆက်စပ်မှုများမှ အားပြိုင်မှုများသည် ရေ နှင့် စွမ်းအင်ဆိုင်ရာ အကောင်းဆုံး စည်းမျဉ်းချမှတ်မှုများကို လိုအပ်လာပေသည်"

ကမ္ဘာ့ကုလသမဂ္ဂ၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖွဲ့ဖြိုးရေးရည်မှန်းချက်များထဲမှ အမှတ်စဉ် (၆) ဖြစ်သည့် "သန့်ရှင်းသောရေ နှင့် မိလ္လာစနစ်ရရှိရေး" သည် အမှတ်စဉ် (၇) ဖြစ်သော "တတ်နိုင်သောနှုန်းထားနှင့်အတူ သန့်ရှင်းသောစွမ်းအင် ရရှိရေး ရည်မှန်းချက်" နှင့် နီးကပ်စွာဆက်နွယ်လျက် ရှိပေသည်။ ဤရည်မှန်းချက်နှစ်ခုသည် မတော်တဆ နီးကပ်စွာ ဆက်စပ်နေခြင်းတော့ မဟုတ်ပေ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ၎င်းတို့ကို ရေ နှင့် စွမ်းအင် ဆက်စပ်မှုများဟု ရည်ညွှန်းလေ့ရှိကြသည်။ ရည်မှန်းချက်တစ်ခုကို အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြစ်စဉ်များတွင် ဆက်စပ်သော အကြောင်းတရားများနှင့် အကျိုးသက်ရောက်မှုများကြောင့် အခြားရည်မှန်းချက်တစ်ခုအပေါ်တွင် မှီခိုမှုများ နှင့် နောက်ဆက်တွဲအကျိုးဆက်များ ရှိလာပေလိမ့်မည်။

ဥပမာအားဖြင့် သန့်ရှင်းသောရေ နှင့် မိလ္လာစနစ်ရရှိရေးဝန်ဆောင်မှုများတွင် စွမ်းအင်မြောက်မြားစွာ လိုအပ်ပေသည်။ အထူးသဖြင့် ပင်လယ်ရေမှ ရေချိုထုတ်ယူခြင်းဖြစ်စဉ် နှင့် မြို့တော်ကြီးများတွင် ဗဟိုပြုမိလ္လာသိမ်း ရေဆိုးသန့်စင်စက်ရုံများ၏ လည်ပတ်မှုဖြစ်စဉ်များအတွက်  နည်းပညာအသုံးချမှုများတွင် စွမ်းအင်များစွာ လိုပေသည်။ သို့ရာတွင် ဤနည်းပညာများကို ထောက်ပံ့ရန်လိုအပ်သော စွမ်းအင်စနစ်တွင်လည်း ရေသည် လိုအပ်နေပြန်သည်။ ဥပမာအားဖြင့် ရေအားလျှပ်စစ်ထုတ်လုပ်သော ဆည်များတွင် သိုလှောင်ရေအဖြစ်လည်းကောင်း၊ နျူကလီးယား နှင့် ကျောက်မီးသွေးသုံး အပူစွမ်းအင်ထုတ် စက်ရုံများတွင်လည်း ရေအေး နှင့် ရေနွေးငွေ့အဖြစ်လည်းကောင်း၊ မီသိန်းစုဝေးရာဖြစ်သော ယှေလ (Shale) ကျောက်များအား ရေနံ နှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူရန် ဖြိုခွဲခြင်းဖြစ်စဉ်တွင်လည်းကောင်း ၊ ရေသည် ပုံစံမျိုးစုံဖြင့် လိုအပ်လျက်ရှိနေပေသည်။

ရေအရင်းအမြစ် နှင့် ရေအောင်းလွှာစီမံခန့်ခွဲမှု ဆိုင်ရာ ရွေးချယ်မှုများပြုလုပ်ခြင်းတွင် ရေ နှင့် စွမ်းအင်ဖွံ့ဖြိုးမှုများအကြား တင်းမာမှုများ၊ အားပြိုင်မှုများ ဖြစ်ပေါ်နေပေသည်။ ဥပမာအားဖြင့် မြေအောက်ရေသိုလှောင်မှု နှင့် ကောင်းမွန်သော ရေပေးဝေရေးအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်ဖြစ်စေ ၊ ဂေဟစနစ်အတွက် မြေပေါ်ရေ အရည်အသွေးကို ထိန်းသိမ်းရန် စွန့်ပစ်အမှိုက်များကို သီးခြားခွဲထုတ်ခြင်း လုပ်ငန်းများတွင်ဖြစ်စေ၊ ရေစိမ့်ဝင်နိုင်သော မြေအောက်ကျောက်လွှာများကို အသုံးပြုသင့်ပါသလား။ သို့မဟုတ် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများ နှင့် နှစ်စဉ်ရေသံသရာစက်ဝန်းကို သက်ရောက်မှုများဖြစ်ပေါ်နေစေသည့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချရန်အတွက် ကမ္ဘာ့အတွင်းပိုင်းရှိ အပူစွမ်းအင်ထုတ်လုပ်ခြင်းဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ယင်းမြေအောက်ကျောက်လွှာများကို အသုံးပြုသင့်ပါသလား။ ယင်းသို့ စွမ်းအင်များအတွက် အသုံးပြုလိုက်မည်ဆိုလျှင်လည်း သန့်ရှင်းသောရေ နှင့် မိလ္လာစနစ်ရရှိရေး များတွင် များစွာသက်ရောက်မှုဖြစ်စေတော့မည်မှာ ဧကန်ဖြစ်ပေသည်။

စည်းမျဉ်းစည်းကမ်းချမှတ်ရေးဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများသည် ဤကဲ့သို့ ခက်ခဲသောရွေးချယ်မှုများကို နေ့စဉ်ကြုံတွေ့နေရသည်။ ပြည်နယ်အဆင့်အဖွဲ့အစည်းများ အနေဖြင့်လည်း ၎င်းတို့သည် ဗဟိုအစိုးရ၏ မူဝါဒလမ်းညွှန်ချက်များကို လိုက်နာရပေမည်။ သို့ရာတွင် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာရန် ပြည်သူလူထုလိုလားသော စီးပွားရေး၊ လူမှုရေး နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးရလဒ်များ ဖော်ဆောင်ရာတွင်လည်း ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးအန္တရာယ်များကို ထည့်သွင်းစဉ်းစားပြီး စည်းမျဉ်းများချမှတ်ရန် လိုအပ်ပေသည်။

စည်းကမ်းထိန်းသိမ်းရေး အဖွဲ့အစည်းများသည် အဆိုပါအကျိုးရလဒ်များရရှိရန် အမျိုးမျိုးသော ဥပဒေရေးရာပြဌာန်းချက်များ ၊ လုပ်ပိုင်ခွင့်အာဏာများ နှင့်အတူ အမျိုးမျိုးသော ပုံစံများဖြင့် ဖြစ်ပေါ်လာပေသည်။ များစွာသော ရေပေးဝေရေးဆိုင်ရာ ထောက်ပံ့ရေးအဖွဲ့အစည်းများသည် ရေအသုံးပြုမှုဆိုင်ရာ ပြုမူမှုများကို ချုပ်ကိုင်ရန် အခွန်အခကောက်ခံခြင်း နှင့် ဈေးကွက်ဆိုင်ရာ မက်လုံးများထားရှိခြင်း တို့ဖြင့် ဈေးကွက်စီးပွားရေးကို ထိန်းညှိပေးနေသည်။ အခြားတစ်ဖက်တွင်လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေးအဖွဲ့အစည်းများသည် ထိခိုက်လွယ်သော ‌ဂေဟစနစ်ကို ကာကွယ်ရန်အတွက် လူတို့၏ပြုမူဆောင်ရွက်မှုများကို လွှမ်းမိုးထိန်းချုပ်နိုင်ရန် သတင်းအချက်အလက်များ စောင့်ကြည့်လေ့လာရေး နှင့် အသိပညာပေးရေးအစီအစဉ်များကို အသုံးပြုနေကြသည်။ အလားတူပင် စွမ်းအင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများသည်လည်း ယေဘုယျအားဖြင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများဖြစ်ကြပြီး စွမ်းအင်တူးဖော်ခြင်း နှင့် သန့်စင်ခြင်း စသည့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများနှင့် ဆက်စပ်သော ထိခိုက်မှုဘေးအန္တရာယ်များကို လျှော့ချရန် တရားဝင်ပြဌာန်းချက်များ ၊ ခွင့်ပြုချက်များ နှင့် စစ်ဆေးခြင်းဆိုင်ရာ အခွင့်အာဏာများ အသုံးပြုခြင်းတို့ပါဝင်နေသည်။ 


အယ်လ်ဘာတာပြည်နယ်ရှိ အေဗရာဟံကန် (Abraham Lake Alberta)

"စည်းမျဉ်းစည်းကမ်းများထားရှိခြင်းသည် မည်သည့်ကိစ္စရပ်တွင်မဆို ကာကွယ်ပေးနိုင်သည်"

ဤကဲ့သို့ ဥပဒေရေးရာပြဌာန်းချက်များ နှင့် အကျိုးရလဒ်များ ဖြစ်ထွန်းပေါ်ထွက်လာစေရန် နှင့် ဈေးကွက်လည်ပတ်မှုတွင် အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ရေ နှင့် စွမ်းအင် ထိန်းသိမ်းရေးအဖွဲ့စည်းများအနေဖြင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန်လိိုအပ်လာသည်။ ထိုကဲ့သို့သော ရှုပ်ထွေးလှသည့် စည်းမျဉ်းဆိုင်ရာ ပြုမူဆောင်ရွက်မှုများကို အောင်မြင်စွာလုပ်ဆောင်နိုင်ရန် အထူးပြည့်စုံကောင်းမွန်သော စည်းမျဉ်းစည်းကမ်းများ ချမှတ်ရန်လည်း လိုအပ်နေပေသေးသည်။ ကံအားလျော်စွာပင် ရေ နှင့် စွမ်းအင် ဆိုင်ရာ လမ်းညွှန်ချက်များ ချမှတ်ရန် ဦးဆောင်လမ်းပြပေးနိုင်မည့်၊ စည်းမျဉ်းများချမှတ်ရာတွင် ထူးချွန်သူများအတွက် လေ့ကျင့်ပေးမည့် ပညာသင်ထောက်ပံ့မှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။၎င်းမှတစ်ဆင့် ကနေဒါနိုင်ငံ အယ်လ်ဘာတာပြည်နယ်ရှိ ရေ နှင့် စွမ်းအင်ဆိုင်ရာ  စည်းမျဉ်းများချမှတ်ရာတွင် တာဝန်ရှိသည့်  အယ်လ်ဘာတာ စွမ်းအင်အဖွဲ့အစည်း (Alberta Energy Regulator) အတွက် Pennsylvania ပြည်နယ်တက္ကသိုလ်မှ RegX ဟုခေါ်သော စည်းမျဉ်းချမှတ်ရေးဆိုင်ရာ မော်ဒယ်လ် တစ်ခုကို တီထွင်ပေးနိုင်ခဲ့သည်။ ယခုအခါတွင် RegX မော်ဒယ်လ်သည် ၎င်း၏လုပ်ဆောင်မှု ခရီးစဉ်တွင် နှစ်စဉ်တူညီသောပျှမ်းမျှနှုန်းတစ်ခုဖြင့် ရေ နှင့် စွမ်းအင် ဆက်စပ်အားပြိုင်မှုတွင် ထိပ်တန်းထိန်းညှိသူဖြစ်လာရန် လုပ်ဆောင်ပေးလျက်ရှိသည်။

ဤ RegX မော်ဒယ်လ်သည် မည်သည့်ကဏ္ဍတွင်မဆို အောင်မြင်စွာ ထိန်းညှိပေးနိုင်ရန် စည်းမျဉ်းချမှတ်သူများအနေဖြင့် အဓိက အရည်အချင်းများဖြစ်သည့် သမာဓိတည်ကြည်ခြင်း ၊ စာနာထောက်ထားသော ညှိနှိုင်းဆက်ဆံမှု နှင့် စွမ်းဆောင်ရည်မြင့်မားမှု စသည့် အရည်အချင်း (၃)မျိုး လိုအပ်ကြောင်း ဖော်ပြနေသည်။

  • သမာဓိတည်ကြည်ခြင်း ဆိုသည်မှာ စည်းမျဉ်းချမှတ်သူသည် ဥပဒေကို လေးစားခြင်း ၊ လူ့ဘောင်အဖွဲ့အစည်း၏ ညွှန်ကြားချက်ကို လိုက်နာခြင်း နှင့် ပုဂ္ဂလိက အဖွဲ့အစည်းများထက် အများပြည်သူ၏ အကျိုးစီးပွားကို ပိုမိုလိုလားခြင်း ၊ စိတ်ဝင်စားခြင်းပင် ဖြစ်သည်။
  • စာနာထောက်ထားသော ညှိနှိုင်းဆက်ဆံမှု ဆိုသည်မှာ စည်းမျဉ်းချမှတ်သူသည် ဘက်မလိုက်ခြင်း ၊ ဆုံးဖြတ်ချက်ချသည့်အခါ စည်းမျဉ်းဘောင်အတွင်းမှနေ၍ သက်ဆိုင်ရာပါတီများ၏ စကားသံများကို နားထောင်ပေးခြင်း ၊ စိုးရိမ်ပူပန်မှုများအပေါ်တွင် တာဝန်ကျေစွာ တုံ့ပြန်ပေးခြင်း နှင့် ၎င်း၏ လုပ်ဆောင်ချက်များအတွက် ပွင့်လင်းမြင်သာမှု ရှိခြင်းတို့ ဖြစ်ပေသည်။
  • စွမ်းဆောင်ရည်မြင့်မားမှု ဆိုသည်မှာ စည်းမျဉ်းချမှတ်သူသည် အများပြည်သူ၏ အကျိုးစီးပွားကို အကျိုးအရှိဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းဖြင့် မြှင့်တင်ပေးရန် ၎င်း၏ နည်းပညာအသုံးချနိုင်စွမ်း နှင့် ကောင်းမွန်စွာ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိခြင်းတို့ကို ဆိုလိုပေသည်။

တစ်နည်းဆိုသော် RegX မော်ဒယ်လ်သည် လူသားအခြေပြု မော်ဒယ်လ် တစ်ခုဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် လမ်းညွှန်စည်းမျဉ်းများချမှတ်ရေး အေဂျင်စီရှိ ဦးဆောင်သူများ ၊ ဝန်ထမ်းများ၏ ပူးပေါင်းပုံဖော်မှုဖြင့် အကောင်းမွန်ဆုံးသော စည်းမျဉ်းများကို ထည်သွင်းရေးဆွဲထားခြင်းကြောင့် ဖြစ်ပေသည်။ ယင်းတို့ကို ၎င်းတို့၏ ဦးစားပေးသတ်မှတ်ချက်များ ၊ ဆုံးဖြတ်ချက်များ နှင့် လုပ်ဆောင်ချက်များမှတဆင့် တွေ့မြင်နိုင်ပေသည်။ စည်းမျဉ်းများချမှတ်ရာတွင် ကျွမ်းကျင်မှုရှိမရှိ သက်သေကို တိုင်းတာနိုင်ပြီး အဆို ထိန်းညှိမှုရလဒ်များ၏ အောင်မြင်မှုကို ကြည့်၍လည်း အတည်ပြုနိုင်ပေသည်။ ရလဒ်များသည် အလွယ်တကူတိုင်းတာနိုင်သော စွမ်းဆောင်ရည်ပြ ညွှန်းကိန်းများ ဖြင့် ဖော်ပြထားသောကြောင့် ထိရောက်မှုရှိပြီး စည်းမျဉ်းချမှတ်ညှိနှိုင်းသူ၏ တရားဝင်သော ဆောင်ရွက်ချက်များဖြင့် လူ့အဖွဲ့အစည်း၏ ယုံကြည်မှုကို ထင်ဟပ်စေခြင်းဖြင့်လည်း သိမြင်နိုင်ပေလိမ့်မည်။

ဤနည်းအားဖြင့် အားလုံးအတွက် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်များဖြစ်သည့် သန့်ရှင်းသောရေ နှင့် မိလ္လာစနစ်ရရှိရေး၊ တတ်နိုင်သောနှုန်းထားနှင့်အတူ သန့်ရှင်းသောစွမ်းအင် ရရှိရေး ရည်မှန်းချက်များသည်  ဥပဒေပြုရေး နှင့် မူဝါဒဆိုင်ရာ စည်းမျဉ်းချမှတ်ရေးတို့ကို များစွာတောင်းဆိုလာကြသည်။ ဤကဲ့သို့ ရေရှည်တည်တံ့ခိုင်မြဲရန် အကောင်းဆုံးနည်းလမ်းသည် ကောင်းမွန်ပြည့်စုံသော စည်းမျဉ်းစည်းကမ်းများဖြင့် ပံ့ပိုးပေးခြင်း၊ အကောင်းဆုံးအခြေအနေရောက်အောင် အပေးအယူလုပ်ခြင်း နှင့် ကြားဝင်စေ့စပ်ဆောင်ရွက်ခြင်းတို့ လိုအပ်ပေသည်။ သို့ဖြစ်၍ စည်းမျဉ်းချမှတ်သူများသည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးဆိုင်ရာ ရည်မှန်းချက်တစ်ခုအတွက်သာ စဉ်းစားလုပ်ဆောင်သည်ဖြစ်စေ(သို့မဟုတ်) ရေ နှင့် စွမ်းအင်နှစ်ခုစလုံးကို ချိတ်ဆက်၍ ဆက်စပ်လုပ်ဆောင်သည်ဖြစ်စေ RegX မော်ဒယ်လ်သည် ၎င်းတို့ကို အောင်မြင်သောလမ်းကြောင်းပေါ်သို့ရောက်အောင် အစပျိုးပေးနိုင်သော မော်ဒယ်လ်တစ်ခုဖြစ်ပေတော့သည်။ 

Translated by Thandar.


Rural roads, water supply projects to be implement...
Victims of Ayeyawady riverbank collapse get cash a...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal