သဘာဝချိန်ခါ - Time for Nature

သဘာဝချိန်ခါ - Time for Nature Photo by Gustavo Quepón on Unsplash

ယခုနှစ်၏ သဘာဝပတ်ဝန်းကျင်နေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာ Time for Nature "သဘာဝချိန်ခါ" ဟူ၍ပင်ဖြစ်သည်။ ငြီးငွေ့ဖွယ်ကောင်းသည့် ကိုဗစ်-၁၉ အသွားအလာ ကန့်သတ်မှုများ ပြေလျော့လာသည့် နည်းတူ ကျွန်ုပ်တို့အားလုံး စိမ်းလန်းစိုပြေသည့် သဘာဝပတ်ဝန်းကျင်ကို ခံစားသက်ဝင်လာနိုင်ခဲ့ပြီ ဖြစ်သည်။ ဂျလန်ဟာမြို့ (Jalandhar) မှတစ်ဆင့် ဟိမဝန္တာတောင်တန်းများကို လှမ်းမြင်နိုင်ခြင်းမှ အစပြု၍ ကာဗွန်ထုတ်လွှင့်မှုလျှော့ချခြင်း၊ ရေထုညစ်ညမ်းမှုလျှော့ချခြင်း စသည့် အသွားအလာကန့်သတ်ထားသည့် ကာလတစ်လျှောက်တွင် ပြန်လည်နုပျိုသစ်လွင်လာပြီး ပိုမိုကောင်းမွန်လာသည့် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သတ်၍ ဆွေးနွေးစရာများ ရှိလာခဲ့ပြီဖြစ်သည်။ ကျွန်ုပ်တို့၏ အင်း၊ အိုင်၊ မြစ်၊ ချောင်းနှင့် မြေအောက်ရေတို့ကို ညစ်ညမ်းစေသည့် အရင်းအမြစ်ဖြစ်သော စက်မှုလုပ်ငန်းအများစုလည်း ရပ်တန်ခဲ့ရသည်။ ယခင်လ အနည်းငယ်မတိုင်ခင်မှာပင် ဂွန်ဒိုလာလှေများ (gondolas)၊ ကူးတို့လှေများဖြင့် ကမ္ဘာလှည့်ခရီးသွားများ ပြည့်နှက်နေခဲ့သော ဗင်းနစ်ရှိ တူးမြောင်းများသည် ယခုအခါတွင် ဂျယ်လီငါးများ ပေါ်လာသည်ကိုပင် မြင်နိုင်အောင် ကြည်လင်ရှင်းသန့် နေသည်ကို တွေ့မြင်ရခြင်းမှာ လှေအသုံးပြုမှု လျော့ကျလာသည့်နည်းတူ ရေနောက်ကျိခြင်းများ လျော့ပါးသွားခြင်းကြောင့် ဖြစ်သည်။

သို့ရာတွင် တစ်ချိန်တည်းမှာပင် ထိန်းသိမ်း‌ရေး နယ်မြေတဝိုက်ကို အမှီပြုထားသည့် ခရီးသွားလုပ်ငန်း ကဲ့သို့သော အသက်မွေး၀မ်း‌‌ကြောင်းလုပ်ငန်းများနှင့် ၀င်ငွေစီးဆင်းမှုများမှာ စီးပွားရေးအရ အကြီးအကျယ် ထိခိုက်နစ်နာစေမှုများ ရှိခဲ့သည်။ သဘာ၀အရင်းအမြစ်ကို ဖိအားပေးမှုများ ပိုမိုဖြစ်လာစေခဲ့သည်။ ယင်းအ‌‌ကြောင်းအရင်းသည် မြေယာအသုံးပြုမှု‌ပြောင်းလဲခြင်း၊ သစ်တောပြုန်းတီးခြင်း၊ ဇီ၀မျိုးတူမျိုးကွဲများဆုံးရှုံးခြင်းနှင့် ၄င်းတို့ ကျင်လည်ကျက်စားရာ‌ အသိုက်အမြုံများပျက်စီးခြင်း စသည်တို့အပေါ် ဆိုးရွားသည့် တုံ့ပြန်မှုအကျိုးဆက် ဖြစ်လာစေပြီး လူနှင့် ဒေသမျိုးရင်းတိရစ္ဆာန်များအကြာ းရောဂါကူးစက်နိုင်မှုနှုန်း တိုးမြှင့်စေနိုင်သည်။ သဘာ၀ပတ်၀န်းကျင် ပျက်စီးခြင်းသည် ရေစီးဆင်းမှု နှင့် ရေအ‌‌ရည်အသွေးဆိုင်ရာ ဂေဟစနစ်၀န်ဆောင်မှုများ၊ ရေပြတ်လပ်မှု ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရေအသုံးချခြင်း၊ တိုးမြှင့်လာသည့် ရေသန့်စင်ရေးနှင့် ရေဖြန့်‌‌ဝေခြင်း ကုန်ကျစရိတ်စသည့် အခြင်းအရာတို့အပေါ် မူတည်နေသည့် ရေအရင်းအမြစ်ကိုပါ ခြိမ်းခြောက်လာသည်။

ရေအရင်းအမြစ်ကို ထိန်းသိမ်းရာ၌ သဘာ၀ကို အ‌ဖြေတစ်ခုအနေနှင့် ထည့်သွင်းစဥ်းစားရန်မှာ အရေးကြီးသည်။ ရေနှင့်သက်ဆိုင်သော လုပ်ငန်းလည်ပတ်မှုများတွင် သဘာ၀ အခြေပြုဖြေရှင်းချက်များ (nature-based solutions) သည် ကုန်ကျစရိတ်သက်သာစေခြင်း၊ အကျိုးဖြစ်ထွန်းခြင်း၊ လိုက်လျောညီထွေမှုရှိခြင်း နှင့်အတူ နှစ်ဖက်အကျိုးရှိစေ‌ခြင်းတို့ ဖြစ်နိုင်‌ကြောင်း သက်သေသာဓကများလည်း တိုးပွားလာခဲ့သည်။ စီးပွားရေးကျပ်တည်းလာခြင်း နှင့်အတူ အခြေခံအဆောက်အအုံ ရရှိနိုင်ရေးအတွက် ရန်ပုံငွေနည်းလာခြင်း‌ကြောင့် ကုန်ကျစရိတ် သက်သာစေခြင်းသည် အရေးပါလာလေသည်။

ထို့အပြင် Green and grey infrastructure များဖြစ်သော ရေလှောင်ကန်များ၊ ရေသန့်စင်ရေးစက်ရုံများ၊ ရေပိုက်သွယ်တန်းခြင်းများ နှင့်အတူ ရေ‌ဝေကုန်းတန်းများ၊ ရေဝပ်‌ဒေသများ ထိန်းသိမ်းခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းများ ပူးတွဲဆောင်ရွက်ရန် ချဥ်းကပ်ခြင်းသည် ရေအ‌‌ရည်အသွေးတိုးမြှင့်ခြင်းနှင့် ကုန်ကျစရိတ်လျော့နည်းခြင်းတို့ ဖြစ်စေနိုင်သည်။ သာဓကပြရမည် ဆိုလျှင် IWA ကော်ပိုရေးရှင်းအဖွဲ့၀င်ဖြစ်သော Anglian Water နှင့် Norfolk Rivers Trust တို့ ပူးပေါင်းလုပ်ဆောင်သည့် ရေ၀ပ်‌ဒေသ၌ ရေသန့်စင်ခြင်းသည် မြစ်ထဲသို့ ပြန်လည်စီး၀င်မည့် ရေအ‌‌ရည်အသွေးကို တိုးမြှင့်နိုင်‌‌ကြောင်း တွေ့ရသည်။ ရေ၀ပ်‌ဒေသသည် ရေဆိုးသန့်စင်စက်ရုံမှ ထွက်လာသော ရေများကို သမာရိုးကျ စွမ်းအင်များစွာ သုံးရသည့် အဆောက်အအုံ အစားထိုးအနေဖြင့် ရေအရည်အသွေးမြင့် စံချိန်မီစေရန် သန့်စင်ပေးသည်။ ဤသာဓကသည် IWA နှင့် The Nature Conservancy (TNC) တို့မှ ထုတ်‌‌ဝေခဲ့သော Nature for Water: A series of Utility Spotlights စာအုပ်မှ အခန်းဆက် တစ်ခုသာဖြစ်သည်။

IWA နှင့် TNC သည် သဘာ၀အခြေပြုဖြေရှင်းချက်များအတိုင်း တက်ကြစွာ လုပ်ဆောင်ပါ၀င်ကြရန် နှင့် ရေနှင့်ဆက်နွယ်သော ၀န်ဆောင်မှုလုပ်ငန်းများနှင့် အာဏာရအဖွဲ့အစည်းတို့ကြား ပိုမိုခိုင်မြဲသော အချိတ်အဆက်မိစေရန် ပံ့ပိုးကူညီရာ၌ အတူတကွ လက်တွဲလုပ်ဆောင် နေခဲ့ကြခြင်းဖြစ်သည်။ ယင်းအဖွဲ့အစည်းများ အတူတကွ လက်တွဲဆောင်ရွက်ခြင်းဖြင့် သဘာ၀၌ရင်းနှီးမြုပ်နှံခြင်း လုပ်ငန်းများ လုပ်ဆောင်လာနိုင်ခဲ့သည်။ Queensland Urban Utilities (QUU) နှင့် Queensland Department of Environment and Heritage Protection (DEHP) တို့သည် ရေအရည်အသွေးတိုးမြှင့်စေခြင်း၊ ဇီ၀မျိုးတူမျိုးကွဲ ရလဒ်ကောင်းများရစေခြင်း တို့နှင့်အတူ တစ်ချိန်တည်းတွင် ရေနှင့်ဆက်နွယ်သော ၀န်ဆောင်မှုလုပ်ငန်းများ နှင့် ယင်း၏ သုံးစွဲသူတို့ကို အကုန်အကျ သက်သာစေသည့် offsite nutrient rudiment ဟု အမည်ရသည့် စီမံကိန်းတစ်ခုကို အ‌ကောင်အထည်ဖော်နိုင်ခဲ့သည် ။ စီမံကိန်းအောင်မြင်ရန် ဆိုင်ရာတာ၀န်ရှိသူများနှင့် ယုံကြည်မှုတည်ဆောက်ရာတွင် နှစ်ပေါင်းများစွာ ကြာခဲ့သော်လည်း ဤအတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းသည် စီးပွားရေး၊ ပြည်သူလူထုကျန်းမာရေးနှင့် သဘာ၀ပတ်၀န်းကျင်အတွက်ပါ ကောင်းမွန်သော ရလဒ်များ ရရှိစေနိုင်ပေသည်။

ရေရှည်အကျိုးအမြတ်အတွက် အလားအလာများမှာ IWA ကော်ပိုရေးရှင်းအဖွဲ့၀င်ဖြစ်သော Ghana Water Company Limited နှင့် River Basin Boards အဖွဲ့များသည် grey infrastructure နှင့် နှိုင်းယှဥ်လျှင် သဘာ၀အခြေပြု ဖြေရှင်းချက်များသည် ရေစီမံခန့်ခွဲမှု၊ ၄င်းနှင့်သက်ဆိုင်သော ကုန်ကျစရိတ်နှင့် အကျိုးအမြတ်များ မည်မျှတိုးတက်အောင် လုပ်ဆောင်နိုင်သလဲ သိရှိရန် ပိုမိုနီးကပ်စွာ လုပ်ဆောင်လိုသည့်နှုန်း မြင့်တက်လာခြင်းပင် ဖြစ်သည်။ ဇွန်လ (၁၆) ရက်နေ့ ဂါနာ၌ ပြုလုပ်ကျင်းပမည့် IWA webinar ပွဲတွင် ဂါနာရေနှင့် ရေအရင်းအမြစ်ကော်မရှင်မှ သဘာ၀အခြေပြု ဖြေရှင်းချက်များနှင့် စပ်လျဥ်း၍ အသေးစိတ်လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

သဘာ၀အခြေပြု ဖြေရှင်းချက်များ လုပ်ဆောင်ရာတွင် စိတ်ရှည်သည်းခံနိုင်မှု၊ အချိန်နှင့် စေ့စပ်တိကျသည့် အခြေအနေတစ်ခုဖြစ်ရန် လိုအပ်သည်။ သို့သော် အားတက်စရာ ကောင်းသည်မှာ ရေ၀န်ဆောင်မှုပေး‌သော လုပ်ငန်းများ၊ ၄င်းတို့၀န်ဆောင်မှုပေးရသော လူဦးရေ အရေအတွက်နှင့် ရေ‌ဝေဒေသများကို ချဥ်းကပ်ရာ၌ သဘာ၀တရားကို တစ်စိတ်တစ်ပိုင်း အားဖြင့်သော်လည်းကောင်း ပိုမိုထည့်သွင်း စဥ်းစားလာခဲ့ကြပြီဖြစ်သည်။ ယခုနှစ်၏ သဘာဝပတ်ဝန်းကျင်နေ့ အထိမ်းအမှတ် ဆောင်ပုဒ်သည် ရေအခန်းကဏ္ဍ၏ အနာဂတ်အတွက်လည်း သင့်လျော်လှသည်။ ယခုအချိန်အခါသည် ကျွန်ုပ်တို့အနေဖြင့် သဘာ၀တရားကို တန်ဖိုးထားဂရုစိုက်ပြီး အသိအမှတ်ပြု ပံပိုးပေးရမည့် အချိန်အခါလည်း ဖြစ်ပေတော့သည်။


Translated by Ma Thidar Maung Maung , a member of Myanmar Water Portal Translation Community


Wastewater Management and Its consequences; Interv...
Afsluitdijk, ပင်လယ်ထဲက ဆည်တစ်စင်း
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal