ရန်ကုန်မြို့လယ်တွင် ယခင်ကဖော်ဆောင်ခဲ့သည့် ခေတ်မီမိလ္လာစနစ်အတွက် ရေရှည်ရွေးချယ်စရာများ

ရန်ကုန်မြို့လယ်တွင် ယခင်ကဖော်ဆောင်ခဲ့သည့် ခေတ်မီမိလ္လာစနစ်အတွက် ရေရှည်ရွေးချယ်စရာများ


အဆိုပါစီမံကိန်းတွင် အဆင့်နှစ်ဆင့်ပါဝင်ပြီး ပထမအဆင့်ဖြစ်သည့် "လက်ရှိအခြေအနေအား ကြည့်ရှုစစ်ဆေးလေ့လာခြင်း"ကို ယခုဆောင်ရွက်လျက်ရှိပြီး ဒုတိယအဆင့်ဖြစ်သည့် "အနာဂတ်မြို့တွင်းမိလ္လာသွယ်တန်းမှုစနစ်အတွက် ရွေးချယ်စရာများ"ကို ဆက်လက်ဖော်ထုတ်သွားမည် ဖြစ်သည်။

ရန်ကုန်မြို့လယ်ခေါင်တွင် တစ်ချိန်တစ်ခါက ဖော်ဆောင်ခဲ့သည့် ခေတ်မီမိလ္လာစနစ်ကို ၁၈၈၉ခုနှစ်တွင် Mr. Octavus Deacon Clarkမှ ဒီဇိုင်းဆွဲ၍ တပ်ဆင်သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ရန်ကုန်မြို့လယ်နေ လူဦးရေ ၄၀,၀၀၀ခန့်အတွက် ရည်ရွယ်ဒီဇိုင်းဆွဲခဲ့ခြင်း ဖြစ်သည်။ ယခုလက်ရှိ ရန်ကုန်မြို့လယ်ရှိ မြို့နယ် ခြောက်မြို့နယ်တွင် လူဦးရေ ၃၅၀,၀၀၀ ကျော် အခြေချနေထိုင်လျက်ရှိသည်။ ဒီဇိုင်းတွက်ချက်စဉ်က ရည်ရွယ်ဖော်ဆောင်ခဲ့သည့် လူဦးရေထက် အဆပေါင်းများစွာ ပိုမိုများပြားလာသည့် ယခုလက်ရှိလူဦးရေအတွက် ဤနှစ်ပေါင်း၁၃၀ခန့် ကြာညောင်းပြီဖြစ်သည့် မိလ္လာစနစ် အဟောင်းတစ်ခုအနေဖြင့် မည်သို့မည်ပုံ ကောင်းမွန်စွာထောက်ပံ့ လည်ပတ်ပေးနိုင်သနည်းဆိုသည်မှာ အလွန်စဉ်းစားရခက်သည့် မေးခွန်းတစ်ခုဖြစ်လာလေသည်။

ရှည်လျားကြာမြင့်သော အချိန်ကာလအထိ လည်ပတ်နိုင်ရခြင်းအကြောင်း

The Shone System

၁၈၀၀ နှောင်းပိုင်းခုနှစ်များတွင် ရန်ကုန်မြို့၌ ဖြစ်ပွားခဲ့သည့် မြေအောက်ရေညစ်ညမ်းမှုနှင့် ရောဂါများဖြစ်ပွားမှု ပြဿနာများကို ဖြေရှင်းနိုင်မည့် မိလ္လာစနစ်အသစ်ကို ဒီဇိုင်နာများမှ မိတ်ဆက်ခဲ့ကြသည်။ The Shone Hydro-Pneumatic Drainage System (The Shone ရေအားနှင့်လေအားသုံး ရေမြောင်းစနစ်)သည် တင်ပြလာသည့် ဖြေရှင်းနည်းများထဲမှ တစ်ခုဖြစ်ပြီး ၎င်းကို ဗြိတိန်နိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိ မြို့အများစုတွင် အောင်အောင်မြင်မြင် အကောင်အထည်ဖော် အသုံးပြုခဲ့ပြီးဖြစ်သည်။ ဒေသနှင့်လိုက်လျောညီထွေဖြစ်အောင် တည်ဆောက်ထားသည့် ကမ္ဘာ့ဆွဲငင်အားသုံး မိလ္လာသွယ်တန်းစနစ်သည် မိလ္လာနှင့်ရေဆိုးများကို စုဆောင်းကန်အသီးသီးသို့ ပို့ဆောင်ပေးပြီး၃၅လုံးသော ရေအားနှင့်လေအားသုံး (Pneumatic Ejectors) များမှ မိလ္လာနှင့်ရေဆိုးများကို အမြင့်တစ်နေရာရှိ Force Mainသို့ ပို့တင်ပေးပြီး စွန့်ပစ်မည့်နေရာများဆီသို့ သယ်ဆောင်စေပါသည်။ 

The Shone စနစ်သည် လေအားနှင့်ရေအားသုံးEjectorsများနှင့် လေဖိအားစက်ကိရိယာများ (air compression stations) များပါဝင်သည့် ကွန်ရက်စနစ်ကို အသုံးပြုကာ မြို့လယ်ဧရိယာ၏ အရှေ့အစွန်ဘက်တွင် တည်ရှိသော ဗိုလ်တစ်ထောင်မြို့နယ်ရှိ ရေဆိုးသန့်စင်စက်ရုံသို့ မိလ္လာနှင့် ရေဆိုးများကို ပို့ဆောင်ပေးပါသည်။

"ဒီမိလ္လာစနစ်ဟာ မြို့ပြအင်ဂျင်နီယာဘာသာရပ်ရဲ့ ရွှေရောင်ခေတ်များဆီက ဝါရင့်သမ္ဘာရင့် ကျွမ်းကျင်အင်ဂျင်နီယာတစ်ဦး ချန်ရစ်ခဲ့တဲ့ လက်ရာမွန်တစ်ခုပါပဲ" ဟု Christopher Daviesက ပြောသည်။ သူသည် IMC Worldwideမှ ရေနှင့်သန့်ရှင်းရေးအဖွဲ့မှ အတွေ့အကြုံရှိ အကြံပေးတစ်ဦးဖြစ်သည်။

ထိုမိလ္လာစနစ်မှာ သူစွမ်းဆောင်နိုင်သည့် (သို့မဟုတ်) ရည်ရွယ်ထားသည့် လူဦ်းရေပမာဏ အတိုင်းအတာထက် ကျော်လွန်စွာ လုပ်ဆောင်လည်ပတ်နေခဲ့ပြီး ယနေ့ထက်တိုင် လုပ်ဆောင်လည်ပတ်နေဆဲဖြစ်သည်။ ထို့ကြောင့် ယနေ့ခေတ်စကားနှင့်ဆိုလျှင် ရေရှည်တည်တံ့သည့် စနစ်တစ်ခုဟု ခေါ်ဆိုနိုင်လေသည်။ ထိုခေတ်များဆီကဖြင့် ရေရှည်တည်တံ့မှု ဆိုသည်ကို ကျယ်ကျယ်ပြန့်ပြန့် ခေါ်ဝေါ်သုံးနှုန်းမှုများ ရှိခဲ့လိမ့်မည် မဟုတ်ပါ။

ထို့အပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းရေးဌာနမှ လည်ပတ်ရေးတာဝန်ခံများသည် မိလ္လာစနစ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်နိုင်ရေးနှင့် သန့်ရှင်းမှုရှိစေရေးအတွက် ရှိသည့် လူအင်အား၊ နည်းပညာ အကန့်အသတ်များကြားက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ "အလွန်ခက်ခဲမယ့် အခြေအနေမျိုးမှာတောင် ဒီစနစ်ကြီး ကောင်းကောင်းလည်ပတ်နိုင်ဖို့ စွမ်းစွမ်းတမံကြိုးစားကြတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဝန်ထမ်းတွေရဲ့ အင်အားနဲ့ ကတိကဝတ်တွေကို တော်တော်လေးအံ့အားသင့်မိပါတယ်။ ဒါ့အပြင် သူတို့ဟာ ရေရှည်ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်းနဲ့လည်း ရုန်းကန်နေကြရပါသေးတယ်" ဟု Daviesက ပြောသည်။

ဘယ်လိုများ ဒီစနစ်က တိုးပွားလာတဲ့ လူဦးရေအတွက် အဆင်ပြေပြေလည်ပတ်နိုင်သေးတာလဲ။

ဒီမိလ္လာစနစ် မဖော်ဆောင်မီ အချိန်များဆီသို့ ပြန်သွားကြည့်လိုက်လျှင်

၁၈၇၄ခုနှစ်တွင် ရန်ကုန်မြို့တွင် နေထိုင်သည့်သူများထံမှ ထွက်ရှိသည့် မစင်များကို မည်သို့ သန့်စင်မည်၊ စီမံမည်၊ စွန့်ပစ်မည်ဟူ၍ ကြိုးပမ်းမှုများ မရှိခဲ့ပါ။ ယာယီသိုလှောင်ပုံးများကို နေရာအနှံ့တွင် ခွင့်ပြုထားခဲ့သဖြင့် ရေတွင်းရေများ လွန်စွာညစ်ညမ်းလာခြင်း၊ မြေကြီးများပေါ်တွင် ပြန့်ကျဲကာ မြေဆီလွှာများ ညစ်ညမ်းလာခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် ကာလဝမ်းရောဂါနှင့် ကျောက်ရောဂါတို့လည်း ဖြစ်ပွားကူးစက်နှုန်း များပြားလာခဲ့သည်။

ထိုအချိန်တွင် Mr. Deacon Clarkမှ ကမ္ဘာတစ်ဝှမ်းတွင် ထိထိရောက်ရောက် ဖော်ဆောင်ခဲ့သည့် The Shone System ဖော်ဆောင်ရန် အကြုံပြုခဲ့ပြီး စည်ပင်သာယာရေးကော်မတီမှ စီမံကိန်းအသေးစိတ်နှင့် ဤစနစ်တွင်ပါဝင်မည့် ရန်ကုန်မြို့၏ ရေမြောင်းစနစ်အား ခန့်မှန်းတွက်ချက်မှုများအား မေးမြန်းစုံစမ်းကာ ဖော်ဆောင်ခဲ့လေသည်။

အနာဂတ်တွင် ပိုမိုတိုးပွားလာဦးမည့် လူဦးရေ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ရင်ဆိုင်နေရသည့် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ အနာဂတ်ရန်ကုန်မြို့လယ်မိလ္လာသွယ်တန်းစနစ်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအား ရေရှည်ရွေးချယ်စရာများ ပံ့ပိုးကူညီပေးနိုင်ရန် အလွန်အရေးတကြီး လိုအပ်လျက်ရှိသည်။ 

ရန်ကုန်မြို့အတွက် အကျိုးရှိနိုင်ပုံ

စီမံကိန်းအဆင့် (၁) လက်ရှိစနစ်အား ဆန်းစစ်အကဲဖြတ်ခြင်းအား ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး အဆင့်(၂)ဖြစ်သည့် အနာဂတ်ရန်ကုန်မြို့လယ်မိလ္လာသွယ်တန်းစနစ်အတွက် ရေရှည်ရွေးချယ်စရာများ ပံ့ပိုးပေးနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အတူပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

စီမံကိန်းမှ မျှော်မှန်းထားသည့် ရလဒ်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအား လက်ရှိမိလ္လာသွယ်တန်းစနစ် ကောင်းမွန်စွာ လည်ပတ်နိုင်ရန် လိုအပ်သည့် သတင်းအချက်အလက်များ ပံ့ပိုးပေးခြင်း၊ ရေရှည်တွင် ပုံစံတူပြန်လည်အစားထိုးခြင်း သို့မဟုတ် ကာလတိုအသေးစားပြုပြင်မှုများ ပြုလုပ်ခြင်းဖြင့် ခေတ်မီနည်းပညာသစ် မိလ္လာသွယ်တန်းစနစ် မဖော်ဆောင်မီနှင့် ဖော်ဆောင်နေစဉ် အချိန်အတွင်း လက်ရှိစနစ်အား ပိုမိုကောင်းမွန်စွာ လည်ပတ်စေနိုင်ရန်ဖြစ်သည်။ Ejector Pumpsအများစု၏ အစိတ်အပိုင်းများဖြစ်သော Check Valves နှင့် Isolation Valvesများ၊ လေဖိအားစနစ်တို့မှာ သက်တမ်းကြာမြင့်လှပြီဖြစ်၍ အသစ်ဖြင့် အစားထိုးရန် သို့မဟုတ် ပြန်လည်ပြုပြင်ရန် လိုအပ်လျက်ရှိသည်။ IMCအနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို အနာဂတ်မိလ္လာစနစ်အတွက် အကြံဉာဏ်များ ပံ့ပိုးပေးလျက်ရှိပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကြိုတင်ပြင်ဆင်စဉ်းစား၍ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ကူညီပေးနေပါသည်။

ရန်ကုန်မြို့တွင် ဖော်ဆောင်ထားရှိခဲ့သည့် မိလ္လာစနစ်မှာ တစ်ချိန်က ကမ္ဘာပေါ်တွင် ခေတ်အမီဆုံး နည်းစနစ်တစ်ခုဖြစ်ခဲ့ပါသည်။ အလားတူစနစ်အား အီဂျစ်နိုင်ငံ၏ မြို့တော် Cairo နှင့် ပါကစ္စတန်၏ အကြီးဆုံးမြို့ဖြစ်သည့် Karachiမြို့တို့တွင် တွေ့ရှိနိုင်ပါသည်။ ထို့အပြင် လန်ဒန်မြို့ရှိ The Westminster's Houses of Parliament တွင်လည်း အလားတူစနစ်ကို အသုံးပြုထားပါသည်။

မိလ္လာစနစ်လည်ပတ်၍ ဝန်ဆောင်မှုပေးခြင်းအပြင် ယေဘုယျရရှိနိုင်မည့် အခြားသော အကျိုးကျေးဇူးများလည်း ရှိနေပါသေးသည်။

စက်မှုခေတ်နှင့် ကိုလိုနီခေတ်၏ အငွေ့အသက်များ၊ ပုံရိပ်များကို မြင်တွေ့ခံစားချင်ကြသည့် ပြည်တွင်းနှင့် နိုင်ငံတကာခရီးသွားများအား ရန်ကုန်မြို့မှ ပိုမိုဆွဲဆောင်ဖိတ်ခေါ်နိုင်ပါသည်။ အကြောင်းမှာ မိလ္လာစနစ်တွင် ပါဝင်သည့် Air Compressors အဟောင်းများ၊ Ejector Pumpsများ၊ ၎င်းတို့ကို အခြေချထားရှိသည့် အဆောက်အဦနေရာများသည် ကိုလိုနီခေတ်၏ သမိုင်းဝင်နေရာများထဲမှ တစ်ခုဖြစ်နေခြင်းကြောင့်ဖြစ်သည်။အဓိကလေတွန်းစက်ရုံကြီးနှင့် စက်ကိရိယာများ၊ ရှေးယခင်ကအသုံးပြုခဲ့သည့် ကိရိယာများ အစရှိသည်ကို ရန်ကုန်မြို့တွင် အများပြည်သူလေ့လာနိုင်ရန် ခင်းကျင်းပြသထားပါသည်။ ရှေးဟောင်းမြေပုံများ၊ ရှေးဟောင်းယဉ်ကျေးမှုစကားလုံးများအား ယဉ်ကျေးမှုအမွေအနှစ်နေရာများတွင် အသုံးပြုနိုင်ပြီး ထိုခေတ်များဆီမှ ပုံသွန်းပုံသွင်းလက်ရာအစစ်အမှန်များအနေဖြင့် ကိုယ်စားပြုလျက်ရှိသည်။

၁၈၈၀ခုနှစ်များဆီက ဖန်တီးခဲ့သည့် မူလဒီဇိုင်းမှတ်စုများအား အောက်ပါလင့်တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ https://www.gracesguide.co.uk/Octavus_Deacon_Clark

စီမံကိန်းနောက်ခံအကြောင်းအရာ

  • UK Aidမှ ရန်ကုန်မြို့လယ်ရှိ မိလ္လာစနစ် ပြန်လည်ပြုပြင်ထူထောင်ရေးအား ငွေကြေးထောက်ပံ့ပေးလျက်ရှိသည်။
  • ရန်ကုန်မြို့၏ မိလ္လာစနစ်သည် အလွန်ကြံ့ခိုင်သည့် စနစ်တစ်ခုဖြစ်ပြီး ၎င်းစနစ်တွင်ပါဝင်သည့် ပိုက်လိုင်းကွန်ရက်များ၊ စက်အစိတ်အပိုင်းများသည် အချိန်၏တိုက်စားမှုကို ခံနိုင်ရည်ရှိခဲ့ကြသည်။ ယခုအခါ ရန်ကုန်မိလ္လာစနစ်မှာ စက်ကိရိယာချို့ယွင်းမှုများနှင့် ပျက်စီးမှုများကြောင့် စွမ်းအားပြည့် လည်ပတ်နိုင်သည့် အခြေအနေမရှိပါ။
  • DFIDမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်အတူ လက်ရှိအခြေအနေအား စစ်တမ်းကောက်ယူသည့် လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ရည်မှန်းချက်မှာ ကုန်ကျစရိတ်နှင့် ထပ်တူ ထိရောက်မှုရှိသည့် ရလဒ်များပေးစွမ်းနိုင်သည့် ပြန်လည်မွမ်းမံပြုပြင်ခြင်းလုပ်ငန်းများအား မည်သည့်နေရာများတွင် အကောင်အထည်ဖော်ရမည်ဆိုသည်ကို ရှာဖွေဖော်ထုတ်ရန်နှင့် ရန်ကုန်မြို့လယ်ရှိ တိုးပွားလာသည့် လူဦးရေကို ထောက်ပံ့လည်ပတ်ပေးနိုင်သည့် စွမ်းဆောင်ရည်ရရှိရန် မည်သို့မည်ပုံ မြှင့်တင်ရမည်ကို ရှာဖွေဖော်ထုတ်ရန်ဖြစ်သည်။
  • DFIDသည် IWC Worldwide မှဦးဆောင်သည့် ဗြိတိန်အင်ဂျင်နီယာအဖွဲ့ဖြစ်ပြီး SATEC, BAM Nuttall မှ ကျွမ်းကျင်ပညာရှင်များ၊ Royal HaskoningDHVမှ ဒေသခံအင်ဂျင်နီယာများ ပါဝင်ပါသည်။

DFIDအကြောင်းမိတ်ဆက်

The Department for International Development (DFID) သည် ဗြိတိန်နိုင်ငံမှ ဆောင်ရွက်နေသည့် ဆင်းရဲမွဲတေမှုလျှော့ချရေးအစီအစဉ်များကို ဦးဆောင်လုပ်ကိုင်လျက်ရှိသည်။ ကမ္ဘာနှင့်တစ်ဝှမ်းရင်ဆိုင်နေရသည့် စိန်ခေါ်မှုများဖြစ်သော ဆင်းရဲမွဲတေမှုနှင့် ရောဂါဘယများ၊ အစုအပြုံလိုက်ရွှေ့ပြောင်းမှုများ၊ မလုံခြုံမှုများ၊ ပဋိပက္ခများအား ရင်ဆိုင်ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိသည်။ ဖွဲ့ဖြိုးဆဲနိုင်ငံများနှင့် ဗြိတိန်နိုင်ငံရှိ လူသားများအားလုံးအတွက် ပိုမိုဘေးကင်းလုံခြုံသော၊ ကျန်းမာကြံ့ခိုင်သော၊ အေးချမ်းသာယာဝပြောသည့် ကမ္ဘာသစ်တစ်ခု ဖန်တီးပေးနိုင်ရန် ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

IMC Worldwideအကြောင်းမိတ်ဆက်

IMC Worldwide သည် ဗြိတိန်အကြံပေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဒေသခံများ၊ နိုင်ငံတကာအလှူရှင်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်း၍ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ရင်ဆိုင်ရသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ နှစ်၅၀ကျော်အတွေ့အကြုံရှိကာ ကမ္ဘာတစ်ဝှမ်းရုံးခွဲပေါင်း ၉ခု ဖွင့်လှစ်ထားပြီး ဝန်ထမ်းပေါင်း ၄၀၀ကျော်ဖြင့် ရေနှင့်သန့်ရှင်းရေး၊ ကျေးလက်လူမှုဘဝ၊ ဆက်သွယ်ရေး၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေး၊ အင်ဂျင်နီယာကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ တီထွင်ကြံဆမှု၊ မြို့ပြဖွံဖြိုးတိုးတက်မှုနှင့် စီမံကိန်းများ ဆန်းစစ်သုံးသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ 


Translated by Ma Ei Thinzar Myo, a member of Myanmar Water Portal Translation Community

English Version 

...

Long-term options for the former state-of-the-art sewerage system in Yangon - Myanmar Water Portal

A team led by IMC Worldwide, including experts from Satec, Royal HaskoningDHV and BAM Nuttall, are leading a detailed asset condition survey of Yangon's downtown sewerage system and will report independent findings to YCDC and Yangon Regional Governm

Is Our Inle Lake Healthy? - Thoughts of Inle lake ...
Dala bridge construction suspended during Yangon s...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal