မြို့ပြများ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် နည်းလမ်း (၅) ချက်

medium_1e2789108a0df4dfd2795a306f209c70 ©Roschetzky Photography/shutterstock.com

မြို့ပြတွေကြီးထွားလာခြင်းဟာ ၄င်းတို့ရေရှည်တည်တံ့စေဖို့ အခွင့်အရေးလို့လည်းဆိုနိုင်ပါတယ်


ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော်သည် မြို့ကြီးတွေမှာ နေထိုင်ကြတာဖြစ်ပြီး၊ ၂၀၂၅ မှာ (၂) ဆတိုးလာမယ်လို့ မျှော်မှန်းထားတာနဲ့အမျှ မြို့ပြများဖြစ်တည်လာခြင်းဟာ ကောင်းမွန်တဲ့ တိုးတက်ပြောင်းလဲမှု လမ်းကြောင်းလည်း ဖြစ်ပါတယ်။

မြို့ပြများဟာ ကမ္ဘာ့စွမ်းအင်ရဲ့ သုံးပုံနှစ်ပုံကို သုံးစွဲနေပြီး စုစုပေါင်း ကာဘွန်ဒိုင်အောက်ဆိုဒ်ရဲ့ ၇၀ ရာခိုင်နှုန်း ထုတ်လွှတ်ပါတယ်။ ဒီလိုမြန်ဆန်လွန်းတဲ့ မြို့ပြတည်ဆောက်ခြင်းဟာ အိမ်ရာစီမံကိန်း၊ ပို့ဆောင်သွားလာရေး၊ အခြေခံအဆောက်အအုံ စတဲ့ နယ်ပယ်အသီးသီးမှာ ဆန်းသစ်တီထွင်မှုတွေ အတွက် တွန်းအားဖြစ်ပေမဲ့ သတိမမူမိကြတဲ့ အဓိက အချက်ကတော့ အစားအသောက်ဖူလုံရေး နဲ့ အာဟာရပြည့်ဝမှု တို့ပါပဲ။

ကံမကောင်းစွာနဲ့ မြို့ပြနေထိုင်မှု ပုံစံကြောင့် အရည်အသွေးနိမ့်တဲ့ အစားအသောက် ရွေးချယ်မှုတွေ ဖြစ်စေပြီး စွန့်ပစ်စားသောက်ကုန်တွေထွက်ရှိတဲ့ အဓိကနေရာလည်း ဖြစ်လာတယ်။ ဒီလို စည်းစနစ်မရှိ ချဲ့ကားလာနေတဲ့ မြို့ကြီးများဟာ စိမ်းလန်းတဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ အရင်းအမြစ် တွေကို ဆုံးရှုံးစေတဲ့အပြင် ပြောင်းလဲလာတဲ့ ရာသီဥတုဒဏ် ခံနိုင်ခြေကိုလည်း လျော့နည်းစေတယ်။ ကျွန်တော်တို့ အနာဂါတ် မျိုးဆက်သစ်တွေအတွက် ရေရှည်တည်တံ့တဲ့ မြို့တွေ တည်ဆောက်ဖို့ အတွက်ဆိုရင် ကျွန်တော်တို့ရဲ့ လက်ရှိ မြို့ပြလည်ပတ်မှုပုံံစံကို ပြန်လည်သုံးသပ်သင့်နေပါပြီ။ FAO ရဲ့ မြို့ပြ အစားအသောက်ဆိုင်ရာ အစီအစဉ် (Urban Food Agenda) အနေနဲ့ မြို့ပြစီမံခန့်ခွဲမှု အစီအစဉ်တွေမှာ အစားအသောက်စနစ်ကိုပါ ပါဝင်ထည့်သွင်းစဉ်းစားဖို့ ကမ္ဘာတစ်ဝှမ်းက နည်းဥပဒေရေးဆွဲသူတွေကို အထောက်အပံ့ပေးနေပါတယ်။

ကျွန်တော်တို့ မြို့တွေ ပိုပြီး ကြံ့ခိုင်ကျန်းမာဖို့နဲ့ ရေရှည်တည်မြဲစေဖို့ လုပ်ဆောင်နိုင်မဲ့ နည်းလမ်း ငါးသွယ်ကို ဖော်ပြလိုက်ပါတယ်။

၁။ မြို့တွင်းစိုက်ပျိုးရေးကို အားပေး‌ဖော်ဆောင်ခြင်း 

An urban garden in Honolulu. ©Eric Broder Van Dyke/shutterstock.com

စိုက်ပျိုးရေးလို့ ပြောလိုက်ရင် တော်တော်များများက ကျေးလက်ဒေသ တွေကိုပဲ ပြေးမြင်မိကြပါတယ်။ ဒါပေမဲ့ ကမ္ဘာတစ်ဝှမ်းက လူဦးရေ သန်း ၈၀၀ ကျော်ဟာ မြို့ပြတွေမှာလည်း စိုက်ပျိုးရေးလုပ်နေကြတယ်ဆိုတာ ကျွန်တော်တို့သိရဲ့လား။

မြို့ပြနေရာတွေထဲမှာ စိုက်ပျိုးမြေအတွက် နေရာပေးမယ်ဆိုရင် ကျေးလက် စိုက်ပျိုးရေး ဒေသတွေကနေ မြို့တွေဆီသွားရမဲ့ ကုန်စည် ပို့ဆောင်ရေးလမ်းကြောင်းကို လျှော့ချပြီးတဲ့အပြင် ထွက်ရှိလာမဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ပမာဏကို လည်း လျော့နည်းစေပြီးသား ဖြစ်သွားပါတယ်။ ပိုပြီးလတ်ဆတ်တဲ့ စားသောက်ကုန်တွေကို မြို့တွင်းမှာပဲ ထုတ်လုပ်‌ရောင်းချတဲ့အတွက်ကြောင့် ကုန်စည်ပို့ဆောင်ခြင်းရာကနေ ဖြစ်စေမဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေကို လျှော့ချနိင်ပြီး ဒေသတွင်းမှာပဲ ရောင်းဝယ်ဖောက်ကားနိုင်တဲ့ အခွင့်အလမ်းနဲ့ ပိုပြီးလတ်ဆတ် အဟာရပြည့်ဝတဲ့ အစားအသောက်တွေကို တောင်သူလယ်သမားစျေးလို နေရာမျိုးတွေမှာ ဝယ်ယူနိုင်ချေ ရှိလာစေမှာပါ။

ကိုလံဘီယာနိုင်ငံ၊ Medellin မြို့မှာ FAO အနေနဲ့ မြူနီစီပယ် ဌာနတွေကို လူထုအခြေပြု ဥယျာဉ်နေရာတွေ တည်ဆောက်နိုင်ဖို့ ထောက်ပံ့ကူညီနေပါတယ်။ မိသားစုပေါင်း (၇၅၀၀) ကျော်ဟာ ဒီဥယျာဉ်နေရာတွေမှာ စိုက်ပျိုးစားသောက်နိုင်ပြီး ပိုလျှံတာတွေကိုလည်း ‌ရောင်းချနိုင်ပါတယ်။ ဒီလိုအောင်မြင်တဲ့ အတွက်ကြောင့် အခုဆို ကိုလံဘီယာဟာ အလားတူ အစီအစဉ်တွေ နိုင်ငံတစ်ဝှမ်းမှာ ဖွံ့ဖြိုးလာစေဖို့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အစိုးရ ဦးဆောင်တဲ့ ကနဦး အစီအစဉ်တွေကို ဖော်ဆောင်နေပါပြီ။

၂။ ကျန်းမာတဲ့ စားသောက်မှုပုံစံကို အားပေးခြင်း 

Providing access to a supply of fresh, local food in cities is key to ensuring healthy diets. ©Matej Kastelic/shutterstock.com

ရရှိနိုင်တဲ့အစားအသောက်နဲ့ စျေးနှုန်းသင့်တင့်မှု တွေက ကျွန်တော်တို့ရဲ့ နေထိုင်စားသောက်မှု ပုံစံကို လွှမ်းမိုးမှုရှိပါတယ်။ ကျွန်တော်တို့ မြို့တွေမှာ အသင့်စား အလွယ်ရနိုင်တဲ့ အစားအသောက်တွေ များပြားလှပြီး၊ အများစုကလည်း ကယ်လိုရီအဆမတန်များ၊ အထပ်ထပ်ပြုပြင်ထုတ်လုပ်ထားတာတွေပဲ ရနိုင်ပါတယ်။ ‌နောက်လည်း ဒီလိုစားစရာတွေကပဲ နေရာယူ‌နေအုံးမယ့် ပုံစံပါ။ အလယ်အလတ်အောက် ဝင်ငွေရှိတဲ့ နိုင်ငံတွေမှာ ဒီလို အာဟာရနည်းပါးတဲ့ ပြုပြင်ထားတဲ့ အစားအသောက်တွေကို စားသုံးမှုက ၁၉၉၈ နဲ့ ၂၀၁၂ ကြားမှာ တစ်နှစ်ကို (၅.၄၅) ရာခိုင်နှုန်းနဲ့ မြင့်မားလာနေပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာတော့ အစိုးရနဲ့ မြို့နယ် အုပ်ချုပ်ရေးများဟာ အာဟာရမပြည့်ဝမှုအပြင် အဝလွန်ခြင်းကြောင့် ကျန်းမာရေးထိခိုက်မှုတွေ စိုးရိမ်စရာနှုန်းနဲ့ များပြားလာတဲ့ ပြဿနာကို ရင်ဆိုင် ဖြေရှင်း နေကြရပါတယ်။

ဒါပေမဲ့ ကျန်းမာတဲ့ စားသောက်မှု ရရှိနိုင်ဖို့ မြို့ပြတွေအားလုံး အ‌ရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နိုင်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ စင်္ကာပူနိုင်ငံဟာ သူတို့နိုင်ငံရဲ့ စားသောက်ကုန် ထုပ်လုပ်ရာနေရာတွေကို ဆန်းစစ်ခဲ့ပြီးနောက် "ပို၍ကျန်းမာ တို့ညစာ အစီအစဉ်" (Healthier Dining Programme)ကို စတင်ခဲ့ပါတယ်။ ‌အစိုးရအနေနဲ့ ငွေကြေးစိုက်ထုတ်ကူပေးတဲ့ အစီအမံကလည်း အစားအသောက် ထုတ်လုပ်ရောင်းချသူများကို ပိုပြီးကျန်မားရေးနဲ့ ညီညွှတ်တဲ့ ပါဝင်ပစ္စည်းများ - ပြည့်ဝအဆီပါဝင်မှုနည်းတဲ့ စားသုံးဆီ၊ ကယ်လိုရီ နည်းတဲ့ အစားအစာ စသဖြင့် ထုတ်လုပ်ရောင်းချစေဖို့ အားပေးရာရောက်ပါတယ်။ ဒါကြောင့် တစ်နှစ်ကျော်အတွင်းမှာပဲ ကျန်းမာ‌ရေးနဲ့ ညီညွှတ်တဲ့ အစားသောက် ‌ရွေးချယ်စရာက နှစ်ဆတက်လာပါတယ်။  

၃။ အစားအသောက် စွန့်ပစ်ပစ္စည်း လျှော့ချခြင်းနှင့် စီမံခန့်ခွဲခြင်း 

Compost initiatives can help give new purpose to wasted food. ©lomiso/shutterstock.com

မြို့နေလူထုရဲ့ စားသုံးမှုဟာ စုစုပေါင်း စားနပ်ရိက္ခာရဲ့ (၇၀) ရာခိုင်နှုန်း ရှိပေမဲ့ အများစုကတော့ လွှင့်ပစ်လိုက်တဲ့ထဲ ရောက်သွားတာပါ။ လက်လီအ‌ရောင်းအဝယ်နဲ့ စားသုံးသူအဆင့်မှာ စွန့်ပစ် စားသောက်ကုန် ပမာဏဟာ ၂၀၀၇ ခုနှစ်နဲ့ ၂၀၂၅ ကြားမှာ (၃၅) ရာခိုင်နှုန်း မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ အစားအသောက်ကို ပြုန်းတီးစေတဲ့ အကြောင်းအရင်းတွေဟာ တစ်နေရာနဲ့ တစ်နေရာ မတူပေမဲ့ ယေဘူယျအားဖြင့် ညံ့ဖျင်းတဲ့ စားနပ်ရိက္ခာ စီမံခန့်ခွဲမှု၊ မသင့်လျော်တဲ့ ထုပ်ပိုးမှုပုံစံ၊ သိုလှောင်မှုစနစ် နဲ့ အချို့သော ယဉ်ကျေးမှု အစဉ်အလာ တွေကြောင့် ဖြစ်ပါတယ်။

ဒါ့အပြင် ပြန်လည်အသုံးပြုခြင်းမရှိတဲ့ အစားအစာ စွန့်ပစ်ပစ္စည်းတွေဟာ ဖို့မြေ (landfill) တွေမှာ အဆုံးသတ်၊ ဆွေးမြေ့သွားတဲ့ အခါမှာ ကာဘွန်ဒိုင်အောက်ဆိုဒ်ထက်ပိုပြီး အန္တရာယ်ရှိတဲ့ ကမ္ဘာကြီးပူနွေးစေတဲ့ မီသိန်း ဓာတ်ငွေ့ကို ထွက်စေပါတယ်။ ဒီဖြစ်ရပ်ဟာ အစားအစာတင် ပြုန်းတီးတာမဟုတ်ပဲ စွမ်းအင်၊ ငွေကြေး နဲ့ စားသောက်ကုန်ထုတ်လုပ်ရန် လိုအပ်တဲ့ မြေနေရာ၊ ရေ စတဲ့ သဘာဝအရင်းအမြစ်တွေကိုပါ ပြုန်းတီးရာ‌ရောက်ပါတယ်။ အန္တရာယ်ကင်းပြီး အဟာရပြည့်ဝတဲ့ အစားအစာ တွေကို ပရဟိတ အဖွဲ့အစည်းတွေ၊ အစားအစာဘဏ်တွေက တစ်ဆင့်ဖြန့်ဝေပေးခြင်း၊ စွန့်ပစ်ရမယ့် စားစရာတွေကို မြေဆွေးပြုလုပ်ခြင်း၊ စွမ်းအင်ထုတ်လုပ်ဖို့အတွက် အသုံးပြုခြင်း စတဲ့ စနစ်တွေကို မြို့နယ်လုံး အတိုင်းအတာနဲ့ ဆောင်ရွက်နိုင်မယ်ဆိုရင် စွန့်ပစ်စားသောက်ကုန် တွေကို လျှော့ချရာမှာ ကြီးမားတဲ့ ထိရောက်မှု ရှိစေမှာပါ။

ပီရူး(Peru)နိုင်ငံ လီမာမြို့(Lima)ရဲ့ မြူနီစီပယ်ကို FAO ကနေ စားနပ်ရိက္ခာ ဖြုန်းတီးမှုကိုင်တွယ်‌ဖြေရှင်းရန်အတွက် "Food Liaison" အကြံပေးအဖွဲ့ ဖွဲ့စည်းဖို့ ကူညီခဲ့ပါတယ်။ ဒီအဖွဲ့ရဲ့ အစပျိုးလုပ်ငန်းတွေထဲက တစ်ခုအနေနဲ့ ဇီဝလောင်စာ စီမံခန့်ခွဲဖို့ မြေဆွေးပြုလုပ်တဲ့စင်တာ တည်ဆောက်ခဲ့တဲ့ ဝန်ထမ်းအဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်း ခဲ့ပါတယ်။ ရလဒ်အနေနဲ့ ဖို့မြေတွေနဲ့ ရေသွားရေလာစနစ်တွေမှာ စုပုံလာတဲ့ အမိုက်စို ပမာဏကို များစွာ လျှော့ချနိုင်ခဲ့တယ်။ 

၄။ ပိုပြီးကျန်းမာတဲ့ ပတ်ဝန်းကျင်အတွက် စိမ်းလန်းတဲ့နေရာတွေကို တိုးချဲ့ခြင်းနှင့် တိုးတက်ကောင်းမွန်တဲ့ လူနေမှုပုံစံ 

မြို့နေရာတွေ တိုးချဲ့လာတာနဲ့ အမျှ စိမ်းလန်းတဲ့ သဘာဝပတ်ဝန်းကျင် နေရာတွေလည်း ပျောက်ကွယ်သွား နေပါတယ်။ သစ်ပင်တွေနဲ့ သဘာဝနေရာတွေဟာ ကြည့်ပျော်ရှုပျော် ရှိရုံတင်မကပဲ လေထုသန့်ရှင်းဖို့၊ အပူချိန်လျော့နည်းစေဖို့၊ ကိုယ်လက်လှုပ်ရှား ကစားခြင်းကို အားပေးဖို့နဲ့ ကျန်းမာရေးတိုးတက်‌‌ကောင်းမွန်စေဖို့ အတွက်လည်း မရှိမဖြစ် လိုအပ်ပါတယ်။ လေထုညစ်ညမ်းခြင်း၊ နေရာဒေသတွင်း အပူချိန် မြင့်တက်လာခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုမရှိ အထိုင်များတဲ့ နေထိုင်မှုပုံစံများဟာ နှလုံးသွေးကြောနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ အဝလွန်ခြင်း နဲ့ ရောဂါပိုးမွှားအသစ်များ ပြန့်ပွားနိုင်ချေ ကို မြင့်မားစေပါတယ်။ 

ညစ်ညမ်းမှုကိုလျှော့ချဖို့ နဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှုများကို တွန်းအားပေးရန်အတွက် အစားအသောက်စနစ်ကို စိမ်းလန်းစိုပြေတဲ့ ပတ်ဝန်းကျင်နှင့် အတူ စီမံခန့်ခွဲဖို့ လိုအပ်ပါတယ်။ ဥပမာအနေနဲ့ လော့စ်အိန်ဂျလိစ် (Los Angeles) မြို့မှာ ကလေးတစ်ယောက်ရဲ့ အိမ်နဲ့ မီတာ ၅၀၀ အတွင်း ပန်းခြံများများရှိလေ ထိုကလေးရဲ့ ကိုယ်အလေးချိန်ညွှန်းကိန်း (Body Mass Index (BMI)) ဟာ အသက် (၁၈) နှစ်ရောက်တဲ့အခါ ပိုနည်းလေဖြစ်တယ်ဆိုတာကို သုတေတီတွေက ရှာဖွေတွေ့ရှိပြီး ဖြစ်ပါတယ်။ 

၅။ မြို့ပြတွေကို ကျေးလက်ပတ်ဝန်းကျင်နှင့် ပြန်လည်ဆက်စပ်ခြင်း 

မြို့တွေဟာ ကျေးလက်ဒေသတွေနဲ့ သီးခြား လည်ပတ်ရပ်တည်လို့ မရပါဘူး။ မြို့ပြဒေသတွေဟာ သူတို့ပတ်ဝန်းကျင်က ကျေးလက်ဒေသတွေပေါ်မှာ အလွန်မှီခိုနေရပါတယ်။ စားနပ်ရိက္ခာ၊ အလုပ်သမားအင်အား၊ ရေထောက်ပံ့ရေး နဲ့ စွန့်ပစ်ပစ္စည်းတွေအတွက်နေရာ စသည်တို့အတွက် အနားပတ်ဝန်းကျင်က ကျေးလက်ဒေသတွေကိုပဲ အားထားနေရတာဖြစ်ပါတယ်။ ကင်ညာနိုင်ငံ(Kenya) ကီစုမု မြို့ (Kisumu City) မှာ ကျေးလက်နေလူထုနဲ့ မြို့နေလူထု တို့ ပါဝင်တဲ့ "Food Liaison" အကြံပေးအဖွဲ့ ဟာ မြို့ပြ ကျေးလက် ပြန်လည်ဆက်သွယ်မှုကို စားနပ်ရိက္ခာစနစ် အစီအမံ အတွင်းမှာ ထည့်သွင်းပြီး ပိုမို ကျယ်ပြန့်တဲ့ ချဉ်းကပ်နည်းနဲ့ လုပ်ဆောင်နေပါတယ်။ အခုလို ဆောင်ရွက်ခြင်းဟာ အန္တရာယ်ကင်းပြီး အာဟာရပြည့်ဝတဲ့ စားသောက်စရာထောက်ပံ့မှု ကို သေချာစေတဲ့ အပြင် တစ်ပြိုင်ထဲမှာလဲ တောင်သူလယ်သမားတွေအတွက် စျေးကွက်ရလွယ်မှု နဲ့ အလုပ်အကိုင်များကို ဖန်တီးပေးနိုင်ပါတယ်။

စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (SDG များ)ကို အကောင်အထည်ဖော်နိုင်ဖို့က မြို့ပြတွေပေါ်မှာ မူတည်နေပြီး၊ (၁၁)ချက်မြောက်ပန်းတိုင်ဖြစ်တဲ့ - မြို့များနှင့် လူနေထိုင်ရာနေရာများကို ဘေးကင်းလုံခြုံမှု၊ ဒဏ်ခံနိုင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှု ရှိရေးဟာ အလွန်အ‌ရေးကြီးပါတယ်။ FAO ရဲ့ "မြို့ပြ အစားအသောက်ဆိုင်ရာ အစီအစဉ်" (Urban Food Agenda)ဟာ အစိုးရနဲ့ အဖွဲ့အစည်းများကို မြို့ပြကျေးလက် သီးခြားနေမှုကို ရပ်တန့်နိုင်ဖို့နဲ့ ရေရှည်အတွက် စဉ်းစားတဲ့ အစားအသောက်စနစ်ကို ပံ့ပိုးနိုင်ဖို့ ကူညီ‌ပေးနေပါတယ်။ ဒီခေါင်းစဉ်နဲ့ ပတ်သက်ပြီး FAO က ၂၀၂၀၊ ဖေဖော်ဝါရီလ၊ ၁၂ ရက်နေ့ အဘူဒါဘီမြို့ (Abu Dhabi)တွင် ကျင်းပတဲ့ "ကမ္ဘာ့မြို့ပြများဆိုင်ရာ ဆွေးနွေးပွဲ" (World Urban Forum) မှာ မြို့များအတွင်း စားနပ်ရိက္ခာအစီအစဉ် ထည့်သွင်းစဉ်းစားခြင်းရဲ့ အ‌‌ရေးကြီးမှုကို ထောက်ပြရန်အတွက် လေ့ကျင့်ရေးသင်တန်းတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဆန်းသစ်တဲ့ တွေးခေါ်မှုတွေ၊ နည်းလမ်းတွေကို ဆက်လက်ဖော်ဆောင်နိုင်မယ်ဆိုရင် "မည်သူတစ်ဦးတစ်ယောက်မျှ၊ တစ်နေရာမျှ မကျန်စေရ" ဆိုတဲ့ဆောင်ပုဒ်ကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

Translated by Ma Khaing Su Lwin, a member of Myanmar Water Portal Translation Community

Source: Five ways to make cities healthier and more sustainable - FAO


သံလွင်မြစ်ရေကြီးခြင်းကြောင့် ရှမ်းပြည်နယ် တောင်ပို...
Emergency Flood Control Structures for Improved He...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal