နှစ်စဉ်ရေကြီးရေလျှံမှုနှင့် ပြည်သူများ၏ အကျပ်အတည်း

နှစ်စဉ်ရေကြီးရေလျှံမှုနှင့် ပြည်သူများ၏ အကျပ်အတည်း ရန်ကုန်- ထားဝယ်လမ်းပိုင်း ထားဝယ်မြို့အဝင်တွင် ရေကြီးရေလျှံနေသည်ကို သြဂုတ်လဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်)

10 Aug 2020 - Source: Eleven Media Group Co.,Ltd.

ရေလွှမ်းမိုးခြင်းဆိုသည်မှာ ပုံမှန်အားဖြင့် ခြောက်သွေ့နေသော မြေနေရာများ ရေစီးဆင်းမှုကြောင့် နစ်မြုပ်သွားခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။ ဥရောပသမဂ္ဂ ရေကြီးမှုဆိုင်ရာ ညွှန်ကြားချက်၏ အဆိုအရ ပုံမှန်အားဖြင့် ရေဖုံးလွှမ်းမနေသော မြေများ ရေဖုံးလွှမ်းခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ ရေစီးဆင်းမှုဟုဆိုရာတွင် လှိုင်းများ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခြင်းလည်း ပါဝင်သည်။ ရေရှိရာနေရာများ ဖြစ်သော မြစ်များနှင့် ရေကန်များတွင် တာရိုးများပေါ် ရေကျော်ခြင်းနှင့် တာရိုးကျိုးပျက်ခြင်းတို့ကြောင့် ရေလျှံကျပြီး အချို့သောရေများ ၎င်းတို့ ပုံမှန်တည်ရှိရာ နယ်နိမိတ်မှ ကျော်လွန်ထွက်သွားသည့်အခါတွင် ရေလွှမ်းမိုးခြင်း ဖြစ်ပေါ်တတ်သည်။ ထို့ပြင် ရေစိမ့်မဝင်နိုင်သောမြေပေါ်တွင် မိုးရေများ အများအပြား ကျရောက်ခြင်းကြောင့်လည်း ရေလွှမ်းမိုးခြင်း ဖြစ်ပေါ်နိုင်သည်။ ရေကန်များနှင့် အခြားရေရှိရာ နေရာများ၏ အရွယ်အစားမှာ မိုးရေချိန် သို့မဟုတ် ဆီးနှင်းပျော်ကျမှုအပေါ် မူတည်၍ ပြောင်းလဲတတ်သော်လည်း ၎င်းတို့ကြောင့် ပစ္စည်းဥစ္စာများ နစ်မြုပ်ခြင်းနှင့် အိမ်မွေးသတ္တဝါများ ရေနစ်ခြင်းတို့ ဖြစ်ပေါ်ခြင်းမရှိပါက ထူးခြားမှုရှိသည်ဟု မသတ်မှတ်ပေ။

မြစ်များအတွင်း ရေစီးနှုန်းမှာ မြစ်ကြောင်း၏ ရေထိန်းနိုင်မှု ပမာဏကို ကျော်လွန်သွားသည့်အခါတွင်လည်း ရေလျှံခြင်း ဖြစ်ပေါ်တတ်ပြီး ပုံမှန်အားဖြင့် မြစ်ကွေ့မြစ်ကောက်နေရာများတွင် ဖြစ်ပေါ်တတ်သည်။ ရေကြီးမှုကြောင့် မြစ်များ၏ ရေလျှံကျနိုင်သော နေရာတွင်ရှိသည့် အိမ်များနှင့် စီးပွားရေးလုပ်ငန်းများ ပျက်စီးနိုင်သည်။ မြစ်နှင့်ဆိုင်သော ရေကြီးမှုကို ရှောင်လွှဲရန်အတွက် မြစ်သို့မဟုတ် အခြား ရေရှိရာ နေရာများမှ အဝေးသို့ ပြောင်းလဲနေထိုင်နိုင်သော်လည်း လူများသည် မြေနေရာ ပြန့်ပြူးခြင်း၊ မြေသြဇာကောင်းမွန်ခြင်းနှင့် မြစ်ကို အသုံးပြု၍ ကုန်သွယ်မှု ပြုလုပ်နိုင်ခြင်းတို့ကြောင့် မြစ်အနီးတွင် နေထိုင်လေ့ရှိကြသည်။ အချို့သော ရေကြီးမှုများမှာ ဖြည်းဖြည်းချင်း ဖြစ်ပေါ်တတ်သော်လည်း မိုးအရိပ်အယောင်မျှပင် မမြင်ရဘဲ မိနစ်ပိုင်းအတွင်း ရုတ်တရက် ရေလွှမ်းမိုးခြင်းလည်း ဖြစ်ပေါ်နိုင်သည်။ ရေကြီးမှုများမှာ အိမ်အနီးအနား သို့မဟုတ် ပတ်ဝန်းကျင်ကို ထိခိုက်စေသော ဒေသတွင်း ရေကြီးမှုများ ဖြစ်နိုင်သကဲ့သို့ မြစ်ဝှမ်းဒေသတစ်ခုလုံးကို ထိခိုက်စေနိုင်အောင် ကြီးမားသော ရေကြီးမှုများလည်း ဖြစ်နိုင်သည်။

မြန်မာနိုင်ငံနှင့် ရေကြီးရေလျှံမှု

မြန်မာနိုင်ငံတွင် ရေကြီးရေလျှံမှု အဓိကဖြစ်ပွားသည့်ကာလသည် ဇူလိုင်နှင့် သြဂုတ်လတို့တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ယခုနှစ်တွင် ဇူလိုင် နောက်ဆုံးပတ်မှစတင်ကာ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ကချင်၊ မွန်နှင့် တနင်္သာရီဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများဖြစ်ပွားခြင်း၊ အရှေ့ဘက်နှင့် အနောက်ဘက်မှ လာသည့် လေပွေလှိုင်းများ မြန်မာနိုင်ငံသို့ ဖြတ်ကျော်ခြင်း၊ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များ ပြည်တွင်းသို့ ဝင်ရောက်လာခြင်းနှင့် မုတ်သုံလေ အားကောင်းမှုကြောင့် မိုး အများအပြား ရွာသွန်းကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်စေသည်။

ယခုနှစ်ဇူလိုင် တတိယပတ်မှ စတင်ပြီး အထက်ပိုင်းဒေသများတွင် မိုးအများအပြား ရွာသွန်းသည့်အတွက် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေများ မြင့်တက်ခဲ့ပြီး ရေကြီးမှုများ ဖြစ်ပွားကာ လူဦးရေတစ်သိန်းနီးပါး သဘာဝဘေးအန္တရာယ်ကြောင့် ရွှေ့ပြောင်းခဲ့ရသည်။

" ဧရာဝတီမြစ်တို့ ချင်းတွင်းမြစ်တို့ဆိုရင် Catchment area မိုးများတဲ့အတွက်ကြောင့်မို့လို့ ရေကြီးရေလျှံမှု ဖြစ်တယ်။ ပြီးသွားရင် မြစ်ကြောင်းတစ်လျှောက် ဆင်းလာတဲ့အတွက် ဟင်္သာတတို့၊ ဇလွန်တို့ ငသိုင်းချောင်းတို့မှာ စိုးရိမ်ရေမှတ် ကျော်နေတဲ့ အနေအထားရှိတယ်။ နောက်တစ်ခုက မွန်၊ ကရင်၊ တနင်္သာရီ တို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက မုတ်သုံလေ အားအလွန်ကောင်းပြီး မိုးများသွားတဲ့အတွက် ရေကြီးရေလျှံမှု ခဏဖြစ်ပြီး ရေပြန်ကျသွားတယ်" ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

မိုးတွင်းကာလ၌ မြစ်ဝှမ်းဒေသတွင် အချိန်ကြာကြာ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မုန်တိုင်း ဖြတ်ကျော် ဝင်ရောက်စဉ် မိုးထစ်ချုန်းရွာသွန်းခြင်း၊ မြစ်ဖျားဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ဆည်ရေ ကာတာကြီးများ ကျိုးပေါက်ခြင်းများကြောင့် မြစ်ရေကြီးမှု ဖြစ်ပွားခြင်းဖြစ်ပြီး မြစ်ရေကြီးမှုသည် ရေထရက်နှင့် ဆိုင်သည့်အချိန်တွင် ပိုမိုဆိုးရွားပြီး အချိန်ကြာမြင့်လေသည်။

" မိုးများလို့ ရုတ်တရက်ဖြစ်တာဆိုရင် အချိန်တိုလေးဖြစ်တယ်။ မြစ်တွေရဲ့ ရေပိုရေလွှဲဒေသ၊ မြစ်ဖျားခံတဲ့ ဒေသတွေမှာ စပြီးတော့ကြီးတယ်ဆိုရင် မြစ်ကြောင်းတစ်လျှောက်လုံး ရေကြီးသွားနိုင်တယ်။ မိုးကတော့ များတယ်။ မြစ်အောက်ပိုင်းရောက်နေတယ်ဆိုရင် ရေတက်ပြီး ခဏနေ ပြန်ကျသွားတယ်" ဟု ဒေါက်တာကျော်မိုးဦးက ဆိုသည်။

ကမ်းပြိုမှုအန္တရာယ်နှင့် ဧရာဝတီတိုင်း

ရေတိုက်စားခံရ၍ မြစ်ကမ်းပြိုမှုဖြစ်စဉ်မှာ ဆိုးရွားသည်ဘေး ဒုက္ခတစ်ခုဖြစ်သည်။ မြစ်ကမ်းနံဘေး ရေတိုက်စားခံရ၍ ကမ်းပြိုသည်မှာ ဖြစ်လေ့ဖြစ်ထရှိသော်လည်း လုပ်ကိုင်စားသောက်နေရသည့် မြေများ၊ လူအများနေထိုင်ရာ ရွာမြေနေရာများပါ ဆုံးရှုံးရမှုရှိလာပါက လျစ်လျူရှု၍ မရတော့ပေ။ ထို့အပြင် ရေကာတာ ကျိုးပေါက်သည်အထိ ရေတိုက်စားခံရမှု ဆိုးရွားလာပါက ပြည်သူများစွာ၏ အသက်အိုးအိမ်စည်းစိမ်များကို ကယ်ဆယ်နိုင်ရေးအား ပိုမိုအလေးထား ဆောင်ရွက်ကြရတော့သည်။

ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၌ ယခုနှစ် ကမ်းပြိုမှုဖြစ်စဉ်မှာ ယခင်နှစ်ကထက် ပိုမိုဆိုးရွားခဲ့သည်။ ပြီးခဲ့သည့် နှစ်တစ်နှစ်လုံး၌ ပေ ၅၀၀ ခန့် ကမ်းပြိုခဲ့ပြီး ယခုနှစ်တွင် ရှစ်လအတွင်း၌ပင် ပေ ၄၈၀ ခန့် ကမ်းပြိုခဲ့ပြီဖြစ်သည်။ ထိုသို့ ကမ်းပြိုမှုကြောင့် ရေကာတာ ကျိုးပေါက်ခဲ့သည်အထိ ထိခိုက်မှုဖြစ်ပေါ်ခဲ့သည်။ ရေကြီးချိန်၌ ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုကြုံတွေ့ကြရပြီး ရေကျချိန်၌လည်း Draw Down ဖြစ်စဉ်ကြောင့် ကမ်းပြိုကမ်းစားမှုကို ကြုံတွေ့ရနိုင်သေးသည်။

" မနှစ်က ကမ်းစားနှုန်းအရဆို ဦးမိုးလေးတာ ဒီနှစ်ကျိုးပေါက်နိုင်တယ်လို့ ခန့်မှန်းပြီးနောက်မှာ ပေ ၁၀၀၀ ကျော်ခွာပြီး ဖြတ်တာသစ်ကို ဆောက်လိုက်တယ်။ ခန့်မှန်းထားတဲ့အတိုင်းပဲ။ ကမ်းပြိုနှုန်းက ပေ ၄၇၀ လောက် ထပ်စားလာတော့ ဒီနှစ်မှာ ဦးမိုးလေးတာ ကျိုးပေါက်သွားတယ်။ နောက်မှာ ဖြတ်တာ သစ်ကို အချိန်မီ တည်ဆောက်ထားနိုင်တဲ့အတွက် ထိခိုက်မှုမများအောင် ထိန်းနိုင်ခဲ့ပါတယ်" ဟု ဆည်မြောင်းဌာနမှ တာဝန်ရှိသူက ရှင်းပြသည်။

လူနေအိမ်များမှာ ကြိုတင်ရွှေ့ပြောင်းထားကြသဖြင့် ရေတိုက်စား ကမ်းပြိုချိန်တွင် ကမ်းပါးနှင့်အတူ ပြိုကျပျက်စီးမှုများ၊ လူသေဆုံးဒဏ်ရာရမှုများ မရှိခဲ့သော်လည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရမည့်နေရာ သတ်မှတ်ထားမှုမရှိသဖြင့် တာတမံဘေးနေရာများ၌သာ နေထိုင်ကြရသည်။

ဖောင်ဆိပ်၊ ငှက်ပျောတော၊ တာငုတ်ရွာသုံးရွာရှိ နေအိမ်များမှာ အဆိုပါကမ်းပြိုမှုကြောင့် ရွှေ့ပြောင်းခဲ့ကြရပြီး ဦးမိုးလေးဖြတ် တာရေ တိုက်စားခံရမှုကြောင့်လည်း ၎င်း တာနှင့် ဖြတ်တာသစ်ကြားရှိ နေအိမ်များပါ ပြောင်းရွှေ့ခဲ့ရသည်။

" အခုဖြစ်စဉ်က ဟိုဘက်ကမ်းက သောင်ကြီးလာတာလည်းတစ်ကြောင်း၊ နောက်တစ်ခုကတော့ မြစ်မွှာပေါက် ဖွံ့ဖြိုးလာပြီးတော့ ရေဦးထိုး တိုက်စားတာကြောင့်လည်း ပါပါတယ်။ အဲဒါကြောင့်လည်း ကမ်းပြိုတာပါ။ ပြီးခဲ့တဲ့နှစ်က ရေကာတာ တိုက်စားခံရတာကလည်း အဲဒီမြစ်မွှာပေါက်ကြောင့်လည်း အတိုင်းအတာတစ်ခုအထိ ပါတယ်။ အဲဒီတုန်းက မြစ်က တံတောင်ဆစ်ကွေး ကပ်ပြီး ပွတ်တိုက်စားတာပေါ့။ အဲဒါကြောင့်လည်း ပါပါတယ်" ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူက သုံးသပ်ပြောကြားသည်။

ရေဦးထိုးတိုက်စားသည့် ဖြစ်စဉ်ကြောင့် သာမန်ထက်ပိုသည့် ကမ်းပြိုမှုဒဏ်ကို အဆိုပါဒေသ၌ ခံစားနေရခြင်းဖြစ်ရာ မြစ်ကြောင်း ပြောင်းလဲမှုဖြစ်စဉ်ကို သုံးသပ်ပြီး တာဝန်ရှိသူများအနေဖြင့် စီမံဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ပေးရန် လိုအပ်နေပြီဖြစ်သည်။

" မြစ်ကြောင်းက တစ်သမတ်တည်း စီးဆင်းမယ်ဆိုရင်တော့ တာ ပန်းရမယ့်ကိစ္စတွေ၊ ရွှေ့ပြောင်းရတဲ့ ကိစ္စတွေမရှိဘူးပေါ့။ မြစ်ကြောင်း တစ်သမတ်တည်း စီးဆင်းအောင် လုပ်ဖို့တော့ လိုအပ်မယ်ထင်ပါတယ်။ လုပ်ဖို့လိုအပ်ပေမဲ့ လုပ်ဖို့အခွင့်အရေးပေးတာတွေ၊ လုပ်မယ့်အနေအထားတွေ ဒါတွေ အများကြီး မူတည်တာပေါ့။ မြစ်ကြောင်း ဖြောင့်တဲ့လုပ်ငန်း၊ သောင်တူးတဲ့လုပ်ငန်းကို ဒီနှစ် တင်ပြမှာပါ" ဟု ၎င်းက ဆက်လက်ပြောကြားသည်။


ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စု၌ ရေကာတာ ကျိုးပေါက်မှုဖြစ်ပွားပြီး ကယ်ဆယ်ကူညီရေးများ ဆောင်ရွက်စဉ်

တောင်ပြိုခြင်းအန္တရာယ်နှင့် ချင်းပြည်နယ်

မိုးရွာသွန်းမှုကြောင့် ချင်းတောင်ပေါ်ရှိ လမ်းပိုင်းများတွင် တောင်ပြိုခြင်း၊ တံတားရေမျောခြင်း၊ တောင်ကျချောင်းမှ လမ်းပေါ်ရေစီးခြင်းတို့ကြောင့် အချို့လမ်းပိုင်းနေရာများတွင် အသွားအလာ ခေတ္တရပ်ဆိုင်းမှုများနှင့် ကြုံတွေ့ကြရသည်။

" ကျွန်တော်တို့ မရောက်ခင် နာရီဝက်လောက်မှာ ပြိုတယ် ပြောတယ်။ ပြိုတာကတော့ သိုင်းငင်းရွာ အဝင်မှာပဲ။ ပြိုတာက ဟိုအထက်ဘက်ကနေ ပြိုလာတယ်။ ပြိုတဲ့နေရာက တော်တော်ကျယ်တယ်။ ပေ ၃၀၀ ကနေ ၅၀၀ ဝန်းကျင်လောက် ဖြစ်မယ်။ ကားလမ်းကို ပျောက်သွားတယ်။ စက်ကြီးနှစ်စီး ချက်ချင်းရောက်လာတယ်။ စက်ကြီးသမားတွေက ပြောတာက နောက်ထပ်တစ်ရက်၊ နှစ်ရက်လောက် စောင့်ရမယ်လို့ ပြောတယ်" ဟု ကလေး-တီးတိန်လမ်း၊ သိုင်းငင်းကျေးရွာအနီး မြေပြိုသည့်အတွက် ကလေးမြို့သို့ ပြန်လှည့်ခဲ့သူ ကိုဆွေမျိုးအောင်က ပြောကြားခဲ့သည်။

မိုးရွာသွန်းမှုကြောင့် ကလေး-တီးတိန်လမ်းပိုင်း ကလေးမြို့မှ မိုင် ၃၀ ဝန်းကျင်ခန့် ကွာဝေးသော သိုင်းငင်းကျေးရွာအနီးတွင်လည်း သြဂုတ် ၆ ရက် ညနေပိုင်းကတောင် ပြိုကျကာ လမ်းပိတ်သွားပြီး ဖလမ်း-ရိခေါရ်ဒါလမ်းတွင်လည်း ချောင်းရေကြောင့် တံတားတစ်စင်း ပျက်စီးပြီး ဖလမ်း-ဟားခါးလမ်းတွင်လည်း တောင်ကျချောင်းများကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။

လယ်မြေများ ပျက်စီးခြင်း

ကလေးမြို့နယ် ရာဇဂြိုဟ်ကျေးရွာ အနောက်ဘက်တွင်ရှိသော နတ်မြောင်းချောင်း တာရိုးကျိုးပေါက်မှုကြောင့် စိုက်ပျိုးပြီးသား လယ်ဧက ၂၀၀ ဧကခန့် ပျက်စီးခဲ့သည်ဟု အဆိုပါဒေသရှိ လယ်သမားများက ပြောကြားခဲ့သည်။

အဆိုပါ ဒေသတွင် မိုးသုံးရက်ခန့် ဆက်တိုက်ရွာသွန်းမှုကြောင့် သြဂုတ်လ ၅ ရက် ညပိုင်းမှ နတ်မြောင်းချောင်း တာရိုးကျိုးကာ ချောင်းလမ်းကြောင်းသည် လယ်ကွင်းအတွင်း ဖြတ်စီးခဲ့ခြင်း ဖြစ်သည်။

" ၂၀၁၉ တုန်းက လုပ်ထားတဲ့ တာရိုးက ၂၀၁၉ မှာ ပြန်ပေါက်ပြီး ကျိုးတဲ့တာရိုးက ၂၀၂၀ မှာ ပြန်ပြုပြင်တယ်။ ပြုပြင်တယ်ဆိုတာကလည်း အခိုင်အခန့်မဟုတ်တော့ ရေများတဲ့အခါမှာ ပြန်ကျိုးပြီး လယ်တွေ အကုန်ရေလျှံကုန်တယ်။ လယ်တွေကတော့ အခုထိ ရေလွှမ်းနေတုန်းပဲ။ စိုက်ပြီးသားလယ်တွေ ရေလွှမ်းကုန်တာ။ ချောင်းလမ်းကြောင်းက လယ်ထဲကို ပြောင်းသွားတာ။ ဒီမြောင်းက ဧက ၃၈၀ လောက်ရှိတယ်။ အဲဒီအထဲမှာ မစိုက်ရသေးတဲ့ဟာတွေက ရှိသေးတော့ စိုက်ပြီးသား ဧက ၂၀၀ လောက်က ရေလွှမ်းသွားတာပေါ့။ ရာခိုင်နှုန်းနဲ့ တွက်ကြည့်မယ်ဆိုရင် ပျက်စီးမယ့်အနေအထားက များတယ်။ ရေတွေက နွံတွေ ပါတာကိုး။ ရေစီးတာကလည်း တအားသန်တာကိုး။ ကန်သင်းတွေ ကျိုး၊ နွံတွေဖုံးတဲ့ အနေအထားရောက်သွားမှာ။ ပြန်စိုက်ဖို့ဆိုတာကလည်း မစိုက်ရဲတော့ဘူး။ နတ်မြောင်းချောင်း တစ်ချောင်းလုံးက ကျွန်တော်တို့ လယ်တွေဘက်ကို ဝင်လာတာ။ ချောင်းအတိုင်းမသွားဘဲ လယ်ထဲ စီးလာတော့ ချောင်းရေက လယ်ထဲဖြတ်နေတော့ ပြန်စိုက်ဖို့လည်း မလွယ်ပါဘူး" ဟု လယ်ပိုင်ရှင် ဦးဆန္ဒက ပြောကြားသည်။

စစ်ကိုင်းတိုင်း

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကသာမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မင်းကင်းမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ရွှေဘိုမြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ခန္တီးမြို့နယ် စသည့် မြို့နယ်များတွင် ဇွန်လအတွင်း ရေကြီးရေလျှံမှု ၂၅ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး လူဦးရေ တစ်သောင်းကျော် ရေဘေးသင့်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှုး ဦးစဝီလီဖရန့်၏ပြောကြားချက်အရ သိရသည်။

အဆိုပါရေကြီးရေလျှံမှုကြောင့် လုံးဝပျက်စီးသွားခဲ့သည့် လူနေအိမ် ၁၇ လုံးအထိရှိကြောင်း၊ ပြောင်းရွှေ့ရသည့် လူနေအိမ် ၂,၃၄၇ လုံးအထိရှိခဲ့ကြောင်းနှင့် ရေဘေးသင့်အိမ်ထောင်စု ၂,၄၃၂ ခုအထိရှိခဲ့ကြောင်း သိရသည်။

" မြစ်ကြောင်း ကောက်နေတာတွေကို ဖြောင့်သင့်တဲ့နေရာကို ဖြောင့်ရမယ်။ နှစ်စဉ် ရေကြီးရေလျှံမှု ဖြစ်နေတဲ့နေရာတွေအစား ရေကြီးရေလျှံမှု မဖြစ်တဲ့နေရာမှာ လူတွေနေရင် ပိုကောင်းတာပေါ့။ သူတို့ကို ကျွန်တော်တို့က ရွှေ့မယ်ဆိုရင် သူတို့အတွက် လုပ်ကိုင်စားသောက်ရေးပါ ထည့်ပြီးစဉ်းစားပေးမှ ရမယ်။ အခုကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီးမှာ မိုးသိပ်ပြီး မရွာဘဲနဲ့ ရေကြီးတာပေါ့။ ကမ်းပြိုကမ်းထိန်းနံရံ တည်ဆောက်ဖို့ကလည်း မလိုဘူး မဟုတ်ဘူး။ လိုအပ်တယ်။ ဒါပေမဲ့ ကမ်းပြိုကမ်းထိန်းနံရံ တည်ဆောက်ဖို့ဆိုရင်လည်း ငွေက အများကြီးကုန်မှာ။ ကျွန်တော်တို့နိုင်ငံအတွက် သိပ်တော့ မလွယ်ဘူးလို့ ကျွန်တော်ကတော့ ထင်တယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာ၊ ကသာ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ စစ်ကိုင်း၊ ထီးချိုင့်၊ ဟုမ္မလင်း၊ ခန္တီး၊ ကလေး၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ မင်းကင်းနှင့် ကနီ စသည့်မြို့နယ်များသည် နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ချင်းတွင်းမြစ်ဖျားပိုင်းဒေသရှိ ခန္တီး၊ ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့များတွင် ဇူလိုင် ပထမအပတ်မှစတင်၍ ချင်းတွင်းမြစ်ရေ မြင့်တက်ခဲ့သည်။ ဇူလိုင်တတိယအပတ်တွင် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၏ စိုးရိမ်ရေမှတ်သို့ နီးကပ်ရောက်ရှိခဲ့ပြီး ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့များတွင် စိုးရိမ်ရေမှတ်အထက် တစ်ပေခန့် မြင့်တက်ရောက်ရှိခဲ့သည်။ ခန္တီး၊ ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့များတွင် ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကမ်းနံဘေး အနိမ့်ပိုင်းကျေးရွာအချို့ရှိ လူနေအိမ်များ ပြောင်းရွှေ့ခဲ့ရသည်။ ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်အကြား ဗျူဟာကားလမ်းမပေါ်ရှိ တံတားအချို့ ရေနစ်မြုပ်ကာ တစ်ပတ်ကျော်ခန့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု‌ဖြစ်ပေါ်ခဲ့သည်။ ချင်းတွင်းမြစ်ရေသည် မြစ်ဖျားပိုင်းရှိ ခန္တီး၊ ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့များတွင် ဇူလိုင်နောက်ဆုံးအပတ်က ပြန်လည်ကျဆင်းခဲ့ပြီးနောက် ယခုအခါ အနည်းငယ်ပြန်လည် မြင့်တက်စပြုနေသည်။ 

ပိန်းဇလုပ် ရထားလမ်းပိုင်းတစ်နေရာတွင် ရေကျော်နေသည်ကို သြဂုတ် ၄ ရက်က တွေ့ရစဉ်

 ပဲခူးတိုင်း

သြဂုတ် ၄ ရက်က ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့တွင် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးနစ်မြုမှုမှာ သဘာဝဘေးအန္တရာယ်ကြောင့်မဟုတ်ဘဲ လူတွေလုပ်၍ဖြစ်သည့် ရေကြီးနစ်မြုပ်မှုဟု ဒေသခံများက ပြောကြားသည်။

အကြောင်းမှာ တံတားတည်ဆောက်ရာတွင် ကွန်ကရစ်လောင်းရန် ထောက်ထားသည့် သံငြမ်းထောက်တိုင်များကို ဖြုတ်မထားခြင်းမရှိသည့်အတွက် ရေမစီးဘဲ တာ ပိတ်သလိုဖြစ်ပြီး ရေကြီးရခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

" ကျွန်တော်တို့ဒေသမှာ အခုလိုရေကြီးတာ တစ်ခါမှမဖြစ်ဖူးဘူး။ ရေကြီးလည်း အနည်းငယ်ပဲ သဘာဝ ရေကြီးတာက စစ်တောင်းမြစ်ရေကြီးလို့ အခုလို ရေကျော်တဲ့အထိ မဖြစ်ဘူး။ အခုက သဘာဝကြောင့် ကြီးတာမဟုတ်ဘူး။ ကုမ္ပဏီကဒေသခံတွေ စကားကို နားမထောင်လို့ သူတို့လုပ်တာ နည်းလမ်းမကျလို့ကြီးတာ အခု သံလမ်းတံတားတွေဆောက်နေတဲ့အခါမှာ အရင်အင်္ဂလိပ်လက်ထက်က ဆောက်ခဲ့တဲ့တံတားတွေထက် နိမ့်သွားတယ်။ ဟိုဘက်ဒီဘက် တံတားနှုတ်ခမ်းကလည်း အရင်တံတားတွေထက် တစ်ဖက်ကို သုံးပေတိုးပြီး ကွန်ကရစ်လောင်းထားတော့ အရင်ထက် တံတားအကျယ်က ခြောက်ပေကျဉ်းသွားတယ်။ ရေက စီးသင့်သလောက ် မစီးတော့ဘူး။ ဒီထက်ဆိုးတာက မိုးရာသီ သြဂုတ်လထဲ ရောက်နေပြီ။ ပုံမှန်မိုးများတဲ့ လရောက်နေပြီ။ သံငြမ်းတွေကို မဖြုတ်သေးဘူး။ တံတားက အရင်ထက် နိမ့်တယ်။ ကျဉ်းသွားတယ်။ သံငြမ်းထောက်တိုင်တွေက စေ့နေအောင်ထောက်ထားပြီး မဖြုတ်ထားတော့ အသစ်ဆောက်နေတဲ့ သံလမ်း တံတားတွေက တောင်ကျချောင်းတွေကနေ မိုးများပြီး စီးလာတဲ့ရေကို ပိတ်ထားသလိုဖြစ်ပြီး ရထားလမ်းရဲ့ အထက်ဘက်မှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ရတာပါ။ သံလမ်းရဲ့ အောက်ဘက်နဲ့ အထက်ဘက်က အနိမ့်အမြင့် ၁၀ ပေလောက် ကွာသွားတယ်။ သံလမ်းအောက်ဘက်မှာ လုံးဝမကြီးဘဲ ပုံမှန်အတိုင်းပါပဲ။ ရေကြီးတော့ လူနေအိမ်အသေးလေးတွေ ရေနဲ့ မျောပါသွားတယ်။ ပိန်းဇလုပ်တိုက်နယ်ဆေးရုံ ရေမြုပ်သွားတယ်။ လူနာတွေ ရွှေ့လိုက်ရတယ်။ ဆန်စက်ကြီးလေးလုံးလည်း ရေဝင်နစ်မြုပ်မှု ရှိခဲ့ပါတယ်" ဟု ဒေသခံ မြို့မိမြို့ဖတစ်ဦးက ဆိုသည်။

ပိန်းဇလုပ်မြို့တွင် ယခုလို ရေကြီးမှုက တစ်ကြိမ်တည်းနှင့် ပြီးသွားခြင်းမျိုးမဟုတ်ဘဲ မိုးသည်းထန်စွာ ရွာသွန်းသည့်အချိန်တိုင်း ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

အဆိုပါ ပိန်းဇလုပ်မြို့ ရေကြီးမှုဖြစ်စဉ်ကြောင့် အိမ်ခြေ ၁၁၀၀ ခန့် ရေကြီးနစ်မြုပ်ခဲ့ပြီး လူဦးရေ ၅၀၀၀ ကျော် ရေဘေးဒုက္ခကြုံခဲ့ရသည်။

မကွေးတိုင်း

အောင်လံမြို့နယ်ရှိ ရွှေပန်းတောတိုက်နယ်နှင့် ကျေးရွာပေါင်း ၆၀ ခန့် ဆက်သွယ်ထားသည့် ရွှေပန်းတော တံတား ရေနောက်မျောပါမှုကြောင့် ရွာပေါင်း ၆၀ ခန့် ရွှေပန်းတောတိုက်နယ်နှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ပြီး အဆိုပါတံတားကို ချက်ချင်းတည်ဆောက်ပေးရန် ဒေသခံများက လိုလားလျက်သည်။

" ရွှေပန်းတော အခြေစိုက်သုံးရွာဆိုင်အုပ်စု လက်ပံခုန်ကျေးရွာမှာ မနေ့က ရွာတဲ့မိုးကြောင့် ချောင်းရေကြီးပြီး အိမ် ၆၀ လောက် မျောပါပျက်စီးခဲ့ပါတယ်။ ရွာသူရွာသားများမှာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ မိမိအသက်ရှင်ဖို့ ထွက်ပြေးခဲ့ရတယ်။ လက်ရှိတော့ ဘယ်ကမှ အကူအညီ အထောက်အပံ့မရသေးပါဘူး။ နေအိမ်ပါသွားတဲ့ လူတွေက ဆွေမျိုးတွေ အိမ်တွေမှာ နေနေရပါ တယ်။ ရွာမှာ ရေနောက် မျောပါသွားတာက ငါးယောက်ရှိတယ်။ လေးယောက်က ပြန်တွေ့တယ်။ တစ်ယောက်ကတော့ ရှာမတွေ့သေးပါဘူး။ ကြက်တွေ၊ ဝက်တွေလည်း ရေနောက်ပါပြီး သေကုန်တယ်။ လက်ရှိ‌မှာ အကူအညီ အထောက်အပံ့တွေ လိုအပ်နေပါတယ်" ဟု ‌ပဒဲချောင်းရေကြီးမှုတွင် ကြုံတွေ့ခဲ့ရသည့် လက်ပံခုန်ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

" ဒီ‌လိုရေကြီးတာ ကျွန်တော် ၁၀ နှစ်သားတုန်းက တစ်ခါကြုံတယ်။ အခုအသက် ၆ဝကျော် ရှိပြီ။ ချောင်းရေ ထပ်ကြီးပြန်တယ်။ နှစ်ပေါင်း ငါးဆယ်‌ကျော်အတွင်း အဆိုးရွားဆုံး ရေကြီးမှုပါ။ ရေကြီးမှုကြောင့် သစ်ချိုရွာက လူတစ်ယောက် လက်ပံခုန်ရွာက လူတစ်ယောက် သရက်ချောင်းက လူတစ်ယောက် ရေနောက်မျောပါ ပျောက်ဆုံးနေလို့ ကြားပါတယ်။ ရွှေပန်းတော တံတားကျိုးသွားတာကြောင့် ရွာပေါင်း ၆၀ ကျော် လူပေါင်းသုံး သောင်းကျော်လောက် ဒုက္ခရောက်သွားတယ်။ နေအိမ်တွေပါသွားတဲ့ လူတွေကတော ့ ဆွေမျိုးတွေနဲ့ နေနေရတာပေါ့။ ရွာပေါင်း ၆၀ ကျော်နဲ့ ရွှေပန်းတောနဲ့ ဆက်သွယ်ထားတဲ့တံတား ခရိုင်ချင်းဆက်တံတားပေါ့။ အဲဒီတံတားက ချက်ချင်းပြန်လုပ်ပေးဖို့ လိုလားပါတယ်" ဟု ရွှေပန်းတောတိုက်နယ် ဒေသခံတက်ကြွလှုပ်ရှားသူ ဦးဉာဏ်သိန်းက ပြောသည်။

ချောင်းရေကြီးမှုကြောင့် ချောင်းများဘေးတွင်တည်ရှိသည့် သီးနှံခင်း ထောင်နှင့်ချီပျက်စီးခဲ့ပြီး ခိုင်းနွားအချို့လည်း ချောင်းရေ နောက်မျောပါပျောက်ဆုံးမှု ရှိနေကာ သက်ဆိုင်တာဝန်ရှိသူများကလည်း ကူညီထောက်ပံ့မှုများ ပြုလုပ်ရန်သွားနေသော်လည်း တံတားပျက်စီးခြင်း၊ ရေကျော်များ ရေကျနေခြင်းတို့ကြောင့် ကူညီထောက်ပံ့မှုများ ပြုလုပ်ရန်နှောင့်နှေးနေကြောင်း သိရသည်။

တနင်္သာရီတိုင်း

တနင်္သာရီမြစ်ရေမှာ သြဂုတ် ၆ ရက် ညပိုင်းက စိုးရိမ်ရေမှတ်ဖြစ်သည့် ၁၇ ပေနီးပါးသို့ စတင်ရောက်ရှိလာသည့်အတွက် ဒေသခံများ ရေလွတ်ရာနေရာများသို့ စတင်ပြောင်းရွှေ့နေကြပြီ ဖြစ်သည်။

ထားဝယ်ဒေသဘက်မှ မြစ်ဖျားခံစီးဆင်းလာသည့် တနင်္သာရီမြစ်ရေမှာ မိုးရွာသွန်းမှုများပြားလာပါက တနင်္သာရီမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာအုပ်စုပေါင်း ၂၀ ကျော်ကို ရေနစ်လွှမ်းမိုးလေ့ရှိကြောင်း သိရသည်။

စိုးရိမ်ရေမှတ် ၁၇ ပေမှ စတင်ပြီးရေထပ်တိုးလာပါ အန္တရာယ် ရေမှတ်ဖြစ်သည့် ၂၄ ပေသို့ ရောက်ရှိသွားနိုင်ကာ လယ်ယာဥယျာဉ်များနှင့် နေအိမ်များ ရေလွှမ်းမိုးမှု ဖြစ်ပေါ်သလို မြစ်ရေ လွှမ်းသည့်အချိန်မှာလည်း လနှင့်ချီကာ ကြာမြင့်တတ်ကြောင်း သိရသည်။

" လက်ရှိ ကျွန်တော်တို့ဘေး စီမံကော်မတီဖွဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဆောင်ဖို့ အစီအစဉ် ချထားပြီးသားပါ။ တနင်္သာရီမြစ်ရေက စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၁၇ ပေအောက်နားမှာ တန့်နေတယ်။ မြစ်ရေ ထပ်တိုးလာရင်တော့ နေအိမ်တွေ၊ လယ်ယာ၊ ဥယျာဉ်တွေ နစ်မြုပ်ပြီး ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်။ လက်ရှိ ကျွန်တော်တို့ မြစ်ရေ တိုး၊ မတိုး စောင့်ကြည့်နေတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အစည်းအဝေးလုပ်ပြီး အဆင်သင့် ပြင်ထားပြီးပါပြီ" ဟု တနင်္သာရီမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောကြားခဲ့သည်။

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်မှ ထပ်တိုးလာပါက ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီး ပိတ်ဆို့သွားနိုင်ပြီး သွားလာမှုပြတ်တောက်နိုင်ကြောင်း သိရသည်။

" လက်ရှိ ရေမြုပ်နေတဲ့နေရာတွေကတော့ ပျို့ အိုင်ရွာ၊ ပဝကျေးရွာဘက်က သာယာကုန်းရွာတွေ ရေစတင်မြုပ်နေပြီ။ မြို့ပေါ် ရပ်ကွက်တွေမှာက ချောင်းငယ်ရပ်ကွက်က မွန်စုနှင့် ရွှေလိပ်ပြာလမ်းတွေမှာ ရေဝင်နစ်မြုပ်နေပြီ မြို့ထဲကို ရေမဝင်အောင်တော့ ရေတံခါးကို ပိတ်ထားတယ်။ ရေစုပ်စက်တွေနှင့် စုပ်ထားတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကတော့ နှစ်တိုင်းစီမံနေကျအတိုင်းပဲ အဖွဲ့ခြောက်ဖွဲ့နှင့် ကျေးရွာတွေကို စားနပ်ရိက္ခာထောက်ပံ့ဖို့ စီစဉ်ထားတာရှိတယ်။ ရွှေ့ပြောင်းတဲ့ လူဦးရေတော့ နည်းသေးတယ်။ အိမ်ထောင်စု ငါးစုလောက်ပဲ ပြောင်းကြသေးတယ်။ ရေတကယ်ကြီးလာရင် အခက်အခဲဖြစ်လာနိုင်တဲ့ ကျေးရွာတွေ ရှိတယ်။ မြေမအုံကျေးရွာ၊ ကျောက်မီးကျောင်းတို့လို ရွာတွေမျိုးပေါ့။ အဲဒီရွာတွေက ပြည်သူတွေ ပြောင်းရွှေ့ရရင် ရေလွတ်တဲ့နေရာတွေမှာ ရွက်ဖျင်တဲလေးတွေနဲ့ နေရာချထားပေးဖို့ စီမံဆောင်ရွက်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက ဘုန်းကြီးကျောင်းမှာ စုပြီး နေကြတယ်။ အခုက COVID-19 ကာလဆိုတော့ လူစုလူဝေးမဖြစ်အောင် ယာယီရွက်ဖျင်တဲတွေမှာ နေထိုင်လို့ရအောင် ကြိုတင်စီစဉ်နေပါတယ်" ဟု တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် တနင်္သာရီမြစ်ရေကြီးမှုကြောင့် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၂၂ စုမှ အိမ်ခြေပေါင်း ၃၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ကာ လူဦးရေအားဖြင့် ၁၇၀၀၀ ကျော် ရေဘေးဒုက္ခ ခံစားခဲ့ရကြောင်း တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

ယခုနှစ်ဖြစ်နိုင်ခြေ

လက်ရှိတွင် သြဂုတ်လဆန်းပိုင်းသာ ရှိသေးသည့်အတွက် ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ပညာရှင်များက သုံးသပ်ထားသည်။

ဇူလိုင်၊ သြဂုတ်လသည် ရေကြီးရေလျှံမှု အများဆုံးဖြစ်ပွားပြီး စက်တင်ဘာနှင့် အောက်တိုဘာလများတွင်လည်း စစ်တောင်းမြစ်မှ မြစ်ဖျားခံသည့် မြစ်များ၊ ရှမ်းပြည်နယ်တွင် မြစ်ဖျားခံသည့် မြစ်များသည် တောင်တရုတ်ပင်လယ်မှ တိုင်ဖုန်းမုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များသည် မြန်မာနိုင်ငံသို့ ဝင်လာသည့် အနေအထားနှင့် မုတ်သုံလေအားကောင်းသည့်အချိန်နှင့် တိုက်ဆိုင်သည့်ကာလတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားတတ်သည့် ဖြစ်စဉ်များ ရှိသည်။

" ဒုဋ္ဌဝတီမြစ်တို့ စစ်တောင်းမြစ်တို့၊ ပဲခူးမြစ်တို့ အဲဒီမြစ်တွေကလည်း စက်တင်ဘာလလောက်ထိ စောင့်ကြည့်ရမယ့် အနေအထားရှိတယ်။ ဒုဋ္ဌဝတီမြစ်ဆို အောက်တိုဘာလအထိ ရေကြီးရေလျှံမှု ဖြစ်ခဲ့တာမျိုးတွေ ရှိတယ်" ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

ယခင်က မြန်မာနိုင်ငံတွင် ရေကြီးရေလျှံမှုသည် နှစ်နှစ်တစ်ကြိမ် သုံးနှစ်တစ်ကြိမ်သာလျှင် ဖြစ်ပွားလေ့ ရှိသော်လည်း ၂၀၁၄ နောက်ပိုင်းမှ စတင်ကာ မုတ်သုံကာလသို့ ရောက်ရှိလာသည့်အချိန်တွင် နှစ်စဉ် ရေကြီးရေလျှံမှုကို ကြုံတွေ့လာရသည်။

" အဓိက မိုးရွာသွန်းမှုပုံစံပြောင်းသွားတာ အချိန်တိုလေးအတွင်း မိုးမြောက်များစွာ ရွာလိုက်တယ်။ တစ်ရက်၊ နှစ်ရက်အတွင်း ရွာလို့တဲ့ မိုးက တစ်ပတ်အတွင်းရွာတဲ့ မိုးရေချိန်ထက် ပိုနေတဲ့အနေအထားမျိုး သွားတွေ့ရတဲ့ အနေအထားရှိတယ်။ နောက်လေးငါးရက်လောက် ရွာလိုက်တဲ့မိုးရေချိန်က တစ်လအတွင်း ရွာလိုက်တဲ့ မိုးရေချိန်ထက်များသွားတဲ့ အနေအထားမျိုးတွေ့ရတယ်။ ရေကြီးရေလျှံမှုက ၂၀၊ ၂၁ ရာစုမှာ အာရှဒေသတွေမှာ ရေကြီးရေလျှံမှုက တစ်နှစ်ထက်တစ်နှစ် ပိုများလာနိုင်တယ်။ ရေကြီးရေလျှံမှုက တရုတ်တို့၊ မြန်မာနိုင်ငံတို့လောက် ဖြစ်ပေမယ့် အခုဆိုရင် အာရှမှာ ဂျပန်တောင် နှစ်တိုင်းနီးပါးလောက် ဖြစ်နေတယ်။ အိန္ဒိယဆိုရင်လည်း နှစ်တိုင်းနီးပါးလောက် ဖြစ်နေတယ်။ ရေကြီးရေလျှံမှု မရှိသလောက်ရှားတဲ့ နီပေါမှာတောင် ရေကြီးရေလျှံမှုဖြစ်တဲ့ အနေအထား ရှိနေတယ်" ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ

ရေကြီးရေလျှံမှုသည် နှစ်စဉ်ကြုံတွေ့လာရသည့်အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် နှစ်စဉ်ရေကြီးရေလျှံမှုဖြစ်ပွားတတ်သည့် ဒေသများတွင် ရေဘေးရှောင်စခန်းများကို ကြိုတင်ပြင်ဆင်ထားမှုများ ဆောင်ရွက်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောကြားသည်။

" မြို့နယ်တွေမှာရှိတဲ့ သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့တွေ စီမံခန့်ခွဲ ဆောင်ရွက်ကြတယ်။ ကိုဗစ်ကာလ ဖြစ်တဲ့အတွက်ကြောင့်မို့လို့၊ စာသင်ကျောင်းတွေကို အတတ်နိုင်ဆုံးလျှော့ပြီး စခန်းမဖွင့်ဘူး။ ဘုန်းကြီးကျောင်းတို့၊ ဓမ္မာရုံတို့ကို ဖွင့်တယ်။ စာသင်ကျောင်းကို တော်တော်လျှော့ထားတယ်။ တကယ်ပြောင်းရွှေ့တဲ့ အခါမှာလည်း စာသင်ခန်းတစ်ခန်းမှာ အိမ်ထောင်စုတစ်စုလောက်ပဲ ထားတာမျိုး လုပ်တယ်။ ရေဘေးရှောင်တဲ့ လူတွေများလာရင်လည်း တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ ဘယ်နေရာတွေကို စခန်းလုပ်မယ်ဆိုတာ ပြင်ဆင်ထားတယ်။ ဆိုင်ကလုန်းရှဲလ်တာတွေ ရှိတယ်။ အဆောက်အအုံတွေကို ကြိုပြီးစဉ်းစားထားတာရှိတယ်" ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောကြားသည်။

သတင်းပေးလမ်းညွှန်ချက်များ

မြန်မာနိုင်ငံ၌ နှစ်စဉ် ဇူလိုင်၊ သြဂုတ်လများတွင် ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှုအခြေအနေများအရ ပုံမှန်ရေကြီးရေလျှံမှုများအပြင် အချိန်တိုအတွင်း မိုးရေချိန်များ ပြားစွာရွာသွန်းမှုကြောင့် လျှပ်တစ်ပြက် ရေကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်းများကိုလည်း ကြုံတွေ့ရနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်ရာ ယခုကာလ၌ ပုံမှန်ရေကြီးရေလျှံခြင်းမျိုးသာမက လျှပ်တစ်ပြက်ရေကြီးခြင်းများ၊ မြေပြိုမှုများနှင့် ပတ်သက်၍လည်း အထူးသတိပြုရန် လိုအပ်ကြောင်းနှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသ သတင်းများနှင့် ထူးခြားမြစ်ရေအခြေအနေ ထုတ်ပြန်ချက်များကို သတိပြုနားထောင်ရန်၊ မိသားစုများ အရေးပေါ် ပြောင်းရွှေ့နိုင်ရန် နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ်ကို ကြိုတင်သတ်မှတ်ထားရန်၊ ရေစိုပျက်စီးနိုင်သော ပစ္စည်းများကို ခြောက်သွေ့၍ မြင့်သောနေရာတွင် ထားရှိရန်၊ အရေးပေါ် အသင့်စား အစားအစာများ၊ ဆေးဝါး၊ သောက်ရေ၊ လက်နှိပ်ဓာတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်များ အရန်သင့်ဆောင်ထားရန်၊ အသက်ကယ်အကျႌ၊ ဘေကြွင်း၊ လေလုံပိတ်ရေပုံးအလွတ်၊ ကားတာယာကျွတ် အစရှိသည့် အရေးပေါ် အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြေနိမ့်ဒေသ၊ ချိုင့်၊ ရေနုတ်မြောင်းအစရှိသည့် ရေလွှမ်းမိုးပါက အန္တရာယ်ဖြစ်နိုင်သော နေရာများကို မြင်သာသော အမှတ်အသားများဖြင့် ကြိုတင်မှတ်သားထားရှိရန်၊ တောင်ပေါ်ဒေသများ၊ ချောင်းဖျား၊ မြစ်ဖျားများတွင် မိုးကြီးပါက မြစ်ဝှမ်းတစ်လျှောက်တွင် လျှပ်တစ်ပြက် ရေကြီးခြင်းများဖြစ်နိုင်ကြောင်း သတိပြုရန်၊ လျှပ်တစ်ပြက်ရေကြီးခြင်းသည် ရှောင်တိမ်းရန် အချိန်အလွန်နည်းသဖြင့် ညအချိန်များတွင် ပိုမိုဂရုပြုနေထိုင်ရန်၊ မြစ်၊ ချောင်းကမ်းပါးများနှင့် အလွန်နီးကပ်စွာ နေထိုင်သူများ၊ သဲသောင်ပြင်များတွင် သီးနှံစိုက်ပျိုးကြသူများ လိုအပ်ပါက အန္တရာယ်လွတ်ကင်းသည့်နေရာများသို့ ခေတ္တပြောင်းရွှေ့နေထိုင်ရန်၊ ရေကြီးသောဒေသများတွင် မြစ်၊ ချောင်းကမ်းပါးတိုက်စားပြီး ပြိုကျတတ်သောကြောင့် မြစ်၊ ချောင်းကမ်းပါးများအနီးသို့ မသွားပါနှင့် တောင်ကုန်း၊ တောင်စောင်းများအနီးတွင် နေထိုင်သူများ တောင်ပြိုကျမှုအန္တရာယ်ကို သတိထားရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြို့ရွာများအတွက် မြစ်ရေကြီးခြင်း ဘေးအန္တရာယ်တွေ့ကြုံရန် စိုးရိမ်ရကြောင်းနှင့် လိုအပ်သော ရေဘေးကာကွယ်ရေးနှင့် လျော့ပါးရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း သတိပေးသည့် မြစ်ရေမှတ်အမြင့်ကို အဆိုပါမြို့၏ စိုးရိမ်ရေမှတ်ဟု သတ်မှတ်သည်။ သက်ဆိုင်ရာ မြို့ရွာများ၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါက မြစ်ရေ ရောက်ရှိရန် သုံးပေခန့် (တစ်မီတာခန့်) အလိုတွင် မြစ်ရေကြီးခြင်း သတိပေးချက်ကို မိုးဇလက ထုတ်ပြန်ပေးသည်။ မြစ်ရေသည် သက်ဆိုင်ရာ မြို့ရွာများ၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနေချိန်တွင် မြစ်ရေဆက်လက်တက်ရောက်နိုင်မှု၊ ကျဆင်းနိုင်မှု အခြေအနေအပေါ် မူတည်၍ မြစ်ရေကြီးမှု အခြေအနေသတင်းကို မိုးဇလက ထုတ်ပြန်ပေးသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည့် မြစ်ရေကြီးခြင်း သတိပေးချက်နှင့် မြစ်ရေကြီးမှု အခြေအနေသတင်းများကို အလေးထားကြည့်ရှုပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ လမ်းညွှန်ချက်များကို နှစ်စဉ်ရေဘေး ကြုံတွေ့နေရသည့်ဒေသများအနေဖြင့် အထူးသတိပြုလိုက်နာဆောင်ရွက်ရန်လည်း လိုအပ်သည်။

မြစ်ရေကြီးခြင်းကို ကာကွယ်ရန်

" မြစ်ရေကြီးမှုနဲ့ပတ်သက်ပြီး တော့ မြစ်ကြောင်းတွေဖြောင့်တန်း မှုလိုသလို၊ သဲနှုန်း ပို့ချမှုတွေကို လည်း ဆောင်ရွက်ဖို့ လိုတယ်။ သက်ဆိုင်တဲ့ဌာနတွေကတော့ နှစ်စဉ်တော့ လုပ်နေတယ်။ တစ်နှစ်တည်းနဲ့အပြီး လုပ်နိုင်ဖို့ကျွန်တော်တို့နိုင်ငံအနေနဲ့ မဖြစ်နိုင်ဘူး။ ဖြည်းဖြည်းစီ မြစ်ကြောင်းကို ထိန်းသိမ်းသွားမှရမယ့် အနေအထားရှိတယ်။ ဒီနိုင်ငံရဲ့ Capacity ဆိုတဲ့နေရာမှာ Human Resources ပိုင်းရော၊ နောက်ပြီးတော့ ငွေအားရော တစ်နေရာတည်း မှာသွားလုပ်လိုက်ရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ နည်းနည်းလေး လျော့ကျသွားနိုင်တဲ့ အနေအထားရှိနေတာကြောင့် ဘက်စုံမျှပြီးတော့ သုံးနေရတဲ့အနေအထား ရှိတယ်" ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

မိုးရွာရက် နည်းပါးခြင်း၊ ရွာသွန်းပါကလည်း မိုးရေချိန်အလွန် များပြားခြင်းများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့်အတွက် ပြုန်းတီးနေသည့် သစ်တောများကို ပြန်လည်စိုက်ပျိုးသင့်ကြောင်း၊ သို့သော် သစ်တောများ ပြန်လည်စိုက်ပျိုးရန် အချိန်လေးငါးနှစ်ဖြင့် မရသည့်အတွက် ရေတိုဆောင်ရွက်သင့်သည့် အချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စီမံသင့်ကြောင်း မိုးလေဝသပညာရှင် ဦးချစ်ကျော်က ဆိုသည်။


ချင်းတွင်းမြစ်နှင့် နန်းကသည်းချောင်း (မဏိပူရ်မြစ်)...
Mekong River Commission Urges More Data Sharing Am...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal