နာဂစ်အလွန် ဓမင်းဆိပ် Daminseik Beyond the Cyclone Nargis - အပိုင်း (၅)

3

အပိုင်း (၅) - ကိုယ်တိုင်လုပ်ကိုင်ဖူးခြင်းနှင့် လုပ်ဆောင်နိုင်ခြင်းသည် တန်ဖိုးအရှိဆုံးအရာများ ဖြစ်သည်။

ဓမင်းဆိပ်ကမ်းခြေကို ဘယ်လိုထိန်းသိမ်းမလဲ။ ဓမင်းဆိပ်ကမ်းခြေတွင် မိမိတို့ ရင်ဆိုင်နေရသည့် ပြဿနာမှာ လုပ်ငန်းအတွက် အဓိကကျသည့် အရင်းပစ္စည်းတစ်ခု အချိန်မရွေး ဘေးအန္တရာယ် ကျရောက်နိုင်သည့် အနေအထားတွင် ရောက်ရှိနေရခြင်းဖြစ်သည်။ ဥပမာပေးရလျင် လူတစ်ယောက်သည် ကားများသွားရန် အသုံးပြုနေသည့် လမ်းပေါ်သို့ တက်လိုက်သည်နှင့်၊ လမ်းပေါ်တွင် ကားရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ အချိန်မရွေး ကားတိုက်ခံရမည့် သို့မဟုတ် လမ်းနှင့်ဆက်စပ်နေသည့် ဘေးအန္တရာယ် တစ်စုံတစ်ရာ ကျရောက်နိုင်သည့် စက်ကွင်းထဲသို့ ဝင်ရောက်သွားပြီဖြစ်ပြီး၊ ဘေးကင်းလုံခြုံမှုများ လျော့ကျသွားသည့် အနေအထားသို့ ရောက်ရှိသွားရသည်မျိုး ဖြစ်သည်။မြေကြီးအတွင်း ဖုံးမြှုပ်ထားရမည့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကြီး မြေပေါ်ပေါ်နေခြင်းသည်၊ အချိန်မရွေး ဘေးအန္တရာယ် တစ်စုံတစ်ရာ ကျရောက်နိုင်သည့် အနေအထားတွင် ရောက်ရှိနေရခြင်း ဖြစ်သဖြင့် လုပ်ငန်းခွင်အတွင်း ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် ပတ်ဝန်းကျင် ကောင်းမွန်ရေး လိုအပ်ချက်များနှင့် သွေဖီလျက် ရှိနေသည်။ ဤအချက်က မြေပေါ်တွင် ပေါ်နေသည့်ပိုက်လိုင်းကို ကာကွယ်ထိန်းသိမ်းမှုများ အပြည့်အဝ အလုပ်ဖြစ်သည့် အချိန်ထိ၊ မိမိတို့ရှေ့ရှိ ကွန်ပျူတာမျက်နှာပြင်တွင် မီးနီပြနေမည့်အချက် ဖြစ်နေခြင်းကြောင့် ထိုအခြေအနေမှ လွတ်မြောက်ရေး အမြန်ဆုံးဆောင်ရွက်ပေးရန် ဖိအားများ ကျရောက်လျက် ရှိနေသည်။

ဓမင်းဆိပ်ကမ်းခြေတိုက်စားမှုကို ထိန်းသိမ်းကာကွယ်ရန်အတွက် နည်းလမ်းပေါင်းများစွာ ရှိနေသည်။ သို့ရာတွင် အချိန်နှင့်အမျှ ပြောင်းလဲနေသည့် အခြေအနေများအောက်တွင်၊ မည်သည့်နည်းလမ်းကမျှ ပြည့်စုံကောင်းမွန်သည် ဟူ၍မရှိဘဲ ကောင်းချက်နှင့် ဆိုးကွက်များမှာ အမြဲတွဲလျက်သာ ရှိနေကြသည်။ ထိုနည်းလမ်းများအကြားတွင် ကုန်ကျစရိတ်အနည်းဆုံးဖြစ်ပြီး၊ ပင်လယ်က မိမိတိုက်စား သွားခဲ့သည်များကို သဘာဝအလျောက် မိမိကိုယ်တိုင် ပြန်လည်တည်ဆောက် ပေးလာစေမည့် နည်းလမ်းသည်သာ အကောင်းဆုံး ဖြစ်သည်ဟု ယုံကြည်ထားမိသည်။ ထိုသို့လုပ်‌ဆောင်ပေးလာနိုင်ရန်အတွက် လိုအပ်သည့် ထိန်းသိမ်းတည်ဆောက်ရေး နည်းလမ်းများကိုသာ ရှာဖွေလေ့လာနေမိရသည်။

၁။ သဲစုပ်တင်ကာ ဖို့ကာပေးခြင်း

ဓမင်းဆိပ်ကမ်းခြေပေါ်သို့ အနီးတစ်ဝိုက်ရှိ ပင်လယ်ရေအောက် ကြမ်းပြင်မှ သဲများကို သဲစုပ်စက် သဲစုပ်သင်္ဘော စသည်တို့ဖြင့် စုပ်တင်ရယူကာ တိုက်စားသွားသည့် နေရာများတွင် ဖြည့်ဖို့ဖြန့်ညှိကာ ကာကွယ်ထိန်းသိမ်းပေးရန်မှာ ဖြစ်နိုင်သည့် နည်းလမ်းအများထဲမှ တစ်ခု ဖြစ်သည်။သို့ရာတွင် ပိုက်လိုင်းကြီး ရှိနေမှုကြောင့် ကမ်းခြေ၏ အနီးတစ်ဝိုက် ကြမ်းပြင်မှ သဲစုပ်တင်ရန်အတွက် မဖြစ်နိုင်သည့်အပြင်၊ အလှမ်း‌ဝေးကွာသည့် နေရာမှ စုပ်တင်ရန်မှာလည်း အကုန်အကျ ပိုမိုများပြားလှမည် ဖြစ်သည်။ ရေထဲတွင် ဆင်းလျက် အလုပ်လုပ်ရန် လိုအပ်လာပါကလည်း ထိုအချက်မှာ ကုန်းပေါ်တွင် အလုပ်လုပ်ရသည်ထက် ပို၍ပင် ရှုပ်ထွေးကာ စီစဉ်ဆောင်ရွက်ရန်ပင် များစွာခက်ခဲလေ့ ရှိသည်။ ဓမင်းဆိပ်ကမ်းခြေတွင် ကမ်းပေါ်နေသည့် ပိုက်လိုင်းအပြင် တိုက်စားသွားသည့် ကမ်းခြေ တစ်ခုလုံးပေါ်သို့ မှုတ်တင်ပေးရန် အတွက် လိုအပ်သည့် သဲထုထည်ပမာဏမှာ ကြီးမားလှသည်။ လိုအပ်သည့် သဲပမာဏကို တစ်ကြိမ်တည်းဖြင့် မှုတ်တင်ပေးမည်လား သို့မဟုတ် အကြိမ်ကြိမ်ခွဲလျက် မှုတ်တင်ပေးမည်လား ဆိုသည်ကလည်း ဆုံးဖြတ်ရန် မလွယ်ကူလှပေ။ သဲဖြင့်မှုတ်တင်ပေးသည့်တိုင် ရာသီဥတုဆိုးရွားသည့် ကာလများအတွင်း ပြင်းထန်သည့် လှိုင်းလုံးများက အလွယ်တကူ ပြန်လည်တိုက်စား ဆွဲချသွားမည်သာ ဖြစ်သဖြင့် ရေရှည်ခံမည့် နည်းလမ်းတစ်ခုအဖြစ် ယူဆနိုင်ရန်လည်း ခက်ခဲလှသည်။ထို့အပြင် ကမ်းခြေတွင် လက်တွေ့စမ်းသပ်မှုများအရ ပြင်းထန်ဆိုးရွားလှသည့် ပင်လယ်လှိုင်းများ၏ဒဏ်ကို မည်သည့် အပေါ့စား တည်ဆောက်မှုကမျှ ကြံ့ကြံ့ခံရင်ဆိုင်ကာ ရပ်တည်နိုင်ခြင်း မရှိခဲ့သဖြင့်၊ လေးလံကြီးမားသည့် ကျောက်တုံးကြီးများ စသည်တို့ဖြင့် ထုထည်ကြီးတည်ဆောက်မှုများကိုသာ အသုံးပြုရမည် ဖြစ်သည်ဟု ဓမင်းဆိပ်ကမ်းခြေ ထိန်းသိမ်းရေးအတွက် လက်တွေ့လုပ်ကိုင် နေကြသူများက နားလည်ထားခဲ့ကြသည်။

၂။ ကမ်းပါးကာ/ကမ်းပါးခင်း

ပင်လယ် တိုက်စားမှု၊ မြစ်ချောင်းတိုက်စားမှု၊ မိုးရေတိုက်စားမှု စသည့် ရေနှင့်ပတ်သက်သည့် တိုက်စားမှုများအားလုံးတွင် တူညီသည့် အချက်တစ်ခုမှာ၊ တိုက်စားခံရသည့် မျက်နှာပြင်က ကျောက်သားကဲ့သို့ မာကျောသည့်ပစ္စည်းမျိုး ဖြစ်လျင် တိုက်စားမှုကို ခံနိုင်ရည် ရှိမည်ဖြစ်ပြီး၊ ရွှံ့ သဲ တို့ကဲ့သို့ ဖွဲ့စည်းမှုပျက်ရန် လွယ်ကူသည့် မျက်နှာပြင်များမှာမူ အလွယ်တကူ တိုက်စားခံရလေ့ ရှိသည်။ထို့အတွက် တိုက်စားခံရသည့် မျက်နှာပြင်ကို ရေစီးနှင့် တိုက်ရိုက် ထိတွေ့မှု မရှိစေရန် သို့မဟုတ် ရေစီးနှင့်ထိတွေ့ကာ တိုက်စားခံရမှု မရှိစေရန်အတွက်၊ အသားပြင်ကို အရေပြားအုပ်ပေးသကဲ့သို့၊ ရေတိုက်စားခံရသည့် မျက်နှာပြင်နှင့် ရေစီးတို့၏အကြားတွင် ကြားခံအထည် တစ်ခုဖြင့် ခွဲခြားကာ ကန့်ကာပေးရလေ့ ရှိသည်။ ကြားခံထည်ဆိုသည်မှာ ချည်ထည် ပလပ်စတစ်၊ ဝါး သစ် သံ သတ္ထု၊ ကျောက် ကွန်ကရစ် စသည်တို့ဖြင့် ဖွဲ့စည်းထားသည့် "ကမ်းပါးကာ သို့မဟုတ် ကမ်းပါးခင်း" တစ်ခုခုကို ဆိုလိုသည်။

ဓမင်းဆိပ်ကမ်းခြေကို ကမ်းပါးခင်းတစ်ခုခုဖြင့် ကာကွယ်ထိန်းသိမ်းရန်အတွက်၊ ပထမဆုံး ပိုက်လိုင်းကို ဖုံးအပ်သွားစေရန်နှင့် ကမ်းခြေမျက်နှာပြင် ပိုမိုကျယ်ပြန့်လာစေရန် သဲ စသည်တို့ဖြင် ဖြည့်ဖို့ပေးရန် လိုအပ်သည်။ ထို့နောက် ကျယ်ပြန့်လာသည့် ကမ်းခြေ မျက်နှာပြင်တစ်လျှောက် ပင်လယ်နှင့် ထိစပ်နေသည့် အပိုင်းကို၊ ပြင်းထန်သည့် လှိုင်းဒဏ်ကို ခံနိုင်မည့် လေးလံကြီးမားသည့် ကျောက်တုံးကြီးများ သို့မဟုတ် ကွန်ကရိတုံးကြီးများဖြင့် အုပ်ကာပေးရန် လိုအပ်သည်။ ထိုလုပ်ငန်းများအတွက် ကုန်ကျစရိတ်များမှာ လွန်စွာများပြားလှမည် ဖြစ်သည်။ဤနည်းလမ်းကို အသုံးပြုနိုင်ရန်အတွက် အဓိကအတားအဆီး ဖြစ်မည့်အချက်မှာ ပိုက်လိုင်းပေါ်နှင့် ပိုက်လိုင်းအနီးတွင် မည်သည့် လေးလံသည့် ပစ္စည်းများကိုမျှ ချထားပေးရန်အတွက် ခွင့်မပြုနိုင်ခြင်း ဖြစ်သည်။

၃။ ကမ်းဖြတ်တန်းနှင့် ကမ်းပြိုင်တန်းများ

"ကမ်းဖြတ်တန်း" ဆိုသည်မှာ ပင်လယ်ကမ်းရိုးတန်း သို့မဟုတ် မြစ်ချောင်းကမ်းခြေများတွင် ရေစီးကို ပိတ်တားရန် အတွက်၊ သစ် ဝါး သံ မြေကြီး ကျောက် ကွန်ကရိ စသည့် ပစ္စည်းများဖြင့်၊ ကမ်းခြေနှင့် ကမ်းနားရေပြင်အပိုင်း တစ်ခုတို့ကို ခွလျက်၊ အရွယ်အစားနှင့် ပုံစံအမျိုးမျိုးဖြင့် ကမ်းကို ဒေါင်လိုက်ကန့်လန့်ဖြတ်ကာ ချခင်းထားသည့် တန်းများ ဖြစ်ကြသည်။ "ကမ်းပြိုင်တန်း"များမှာ ရေပြင်အတွင်း ကမ်းခြေနှင့်အပြိုင် ချခင်းထားသည့် တန်းများ ဖြစ်သည်။ ကမ်းဖြတ်တန်းနှင့် ကမ်းပြိုင်တန်းများ၏ ခြားနားချက်မှာ တစ်ခုနှင့်တစ်ခု ၉ဝ ဒီဂရီ စောင်းလျက် ရှိနေကြခြင်း ဖြစ်သည်။

ပင်လယ် တိုက်စားမှု၊ မြစ်ချောင်းတိုက်စားမှု၊ မိုးရေတိုက်စားမှု စသည်တို့အကြား မတူညီသည့်အချက်မှာ၊ မိုးရေစီးနှင့် မြစ်ချောင်း စသည်တို့မှာ (ပင်လယ်နှင့် ထိစပ်နေကာ ဒီရေအတက်အကျ ရှိသည့်နေရာမျိုးမှ လွဲလျင်)၊ အရပ်မျက်နှာ တစ်ဘက်တည်းသို့သာ တစ်သမတ်တည်း စီးဆင်းလေ့ရှိပြီး၊ ပင်လယ်ရေစီးတို့မှာ တစ်နေရာတည်းတွင်ပင် ရေစီးဦးတည်ရာ ပြောင်းလဲကာ စီးဆင်းလေ့ ရှိကြခြင်း ဖြစ်သည်။ ထိုအတွက် ကွာခြားချက်မှာ "ကမ်းဖြတ်တန်း" စနစ်များကို ပင်လယ်အတွက်ရော မြစ်ချောင်းများအတွက်ပါ အသုံးပြုနိုင်သော်လည်း၊ "ကမ်းပြိုင်တန်း" များကိုမူ ပင်လယ်ကမ်းခြေများကို ထိန်းသိမ်းရာတွင်သာ အသုံးပြုကြလေ့ ရှိသည်။"ကမ်းဖြတ်တန်း" တစ်ခုကြောင့် ရေစီး၏ အထက်ဘက်တွင် ပို့ချမှု ရှိလာသည်နှင့်အတူ၊ အောက်ဘက်ခြမ်းတွင် တိုက်စားမှုများ ဖြစ်လာလေ့ ရှိသည်။ ထိုတိုက်စားမှုကို ဖြေလျှော့ရန်အတွက် ရေစီး၏အောက်ဘက် အကွာအဝေးတစ်ခုတွင် နောက်ထပ် ကမ်းဖြတ်တန်း တစ်ခုကို ထပ်မံချထားပေးရလေ့ရှိသည်။ ထို့ကြောင့် ကမ်းခြေတိုက်စားမှုများကို ကာကွယ်ထိန်းသိမ်းပေးရာတွင်၊ ရှည်လျားသည့် ကမ်းရိုးတန်းများတစ်လျှောက်၊ ပစ္စည်းနှင့် တည်ဆောက်မှုပုံစံ အမျိုးမျိုးဖြင့်၊ ကမ်းဖြတ်တန်း အရေအတွက် အများအပြားကို တစ်ခုနှင့်တစ်ခု အပြိုင်ထားလျက်၊ စီတန်းကာ ချထားပေးသည့် "ကမ်းဖြတ်တန်းကွင်း" များအဖြစ် တွေ့ရလေ့ရှိသည်။ ရေလမ်းကြောင်းများကို မူလဦးတည်ရာမှ အခြားဘက်များသို့ လွှဲဖယ်ပြောင်းလဲပေးရာတွင်မူ ကမ်းခြေကို ဒေါင်လိုက်မကျစေတော့ဘဲ၊ ကမ်းဖြတ်တန်း၏ ဦးတည်ရာကို လိုအပ်သလို စောင်းကာ ချထားပေးကြလေ့ ရှိသည်။ပင်လယ်ကမ်းခြေကို ကာကွယ်ရန်အတွက် ကမ်းဖြတ်တန်းစနစ်ကို အသုံးချနိုင်ရန်မှာ၊ ပြောင်းလဲနေသည့် ရေစီးများအတွင်း သဲပို့ချမှုက မည်သည့်ဘက်သို့ အလေးသာသည်ကို အသေးစိတ် သိရှိရန် လိုအပ်သည်။ တိုင်းတာတွက်ချက်မှု မှားယွင်းပါက လိုအပ်သည့်ဘက်တွင် ပို့ချရမည့်အစား တိုက်စားသည့် ဆိုးကျိုးများကို ရရှိလာနိုင်သည်။

"ကမ်းပြိုင်တန်း" ၏ ထူးခြားချက်မှာ အစုန်အဆန် ဦးတည်ရာပြောင်းကာ စီးဆင်းတတ်သည့် ပင်လယ်ရေစီးများ‌ကြောင့် ကမ်းပြိုင်တန်းနှင့် ကမ်းခြေကြားတွင် "သဲညှို့မှု" ဖြစ်လာစေပြီး၊ ကမ်းခြေဘက်မှစတင်ကာ "သဲတံတား" ထိုးလာလေ့ရှိသည်။ အချိန်ကြာလာသည့်အခါ ကမ်းခြေနှင့် ကမ်းပြိုင်ကျောက်တန်းတို့အကြားတွင် သဲသောင်တန်းအပြည့် ဖြစ်လာပြီး၊ ကမ်းခြေတိုက်စားမှုကို အပြည့်အဝ အကာအကွယ် ပေးနိုင်သည့် နည်းလမ်းဖြစ်သည်။ပင်လယ်ကမ်းခြေများကို ထိန်းသိမ်းရာတွင် "ကမ်းပြိုင်တန်း"သည် အသေချာဆုံးနည်းလမ်း တစ်ခုဖြစ်သည်။ သဲညှို့မှု ဖြစ်လာစေရန်အတွက် သဲပို့ချမှုက မည်သည့်ဘက်သို့ အလေးသာသည်ကို တိုင်းတာသိရှိရန် မလိုအပ်တော့ပေ။ သို့ရာတွင် ပိုက်လိုင်းပေါ်ဖြတ်လျက် မည်သည့်ပစ္စည်းမှ ချထားရန် မဖြစ်နိုင်သဖြင့် ဓမင်းဆိပ်ရှိ ပိုက်လိုင်းကို ကာကွယ်ရန်အတွက် ကမ်းပြိုင်တန်းစနစ်ကို အသုံးပြုရန်မှာ မဖြစ်နိုင်ချေ။

၄။ ပင်လယ်ကြမ်းပြင် ရေအောက် အရံအတားများ

အရံအတား အမျိုးမျိုးကို မြစ်ရေအောက် သို့မဟုတ် ပင်လယ်ရေအောက်တွင် ကြမ်းပြင်များတွင် တည်ဆောက်ချထား ပေးခြင်းဖြင့်၊ ရေစီးကိုနှေးသွားစေပြီး ပါလာသည့် သဲ နုံး စသည်များကို ပို့ချစေသည့် နည်းလမ်းအမျိုးမျိုးကိုလည်း ကြမ်းပြင်များကို မြှင့်တင်ပေးရာတွင် အသုံးပြုကြလေ့ရှိသည်။ သို့ရာတွင် ယင်းတို့ကို ကြမ်းပြင်များကို ထိန်းသိမ်းရာတွင်သာ အသုံးပြုလေ့ရှိပြီး၊ ကမ်းခြေ ကမ်းပါးများကို ထိန်းသိမ်းရာတွင် အသုံးပြုကြလေ့ မရှိကြပေ။

ရေအောက်အရံအတားများ ချထားခြင်းကို၊ သဲ နုံး စသည့် ပို့ချစရာများ မပါရှိသည့် ရေကြည်နေသည့် နေရာများတွင် အသုံးပြုရန်လည်း မဖြစ်နိုင်ပေ။ ထို့အပြင် ယင်းတို့ရေအောက်တွင် ရောက်ရှိကာ နစ်မြုပ်နေချိန်တွင် မာကျောချွန်ထက်သည့် ပစ္စည်များဖြစ်ပါက၊ ရေမျက်နှာပြင်တစ်လျှောက် သွားလာနေသည့် လှေသင်္ဘောများကို ထိခိုက်နိုင် အနှောင့်အယှက် ဖြစ်နိုင်သဖြင့် ရေကြောင်းသတိပေး စနစ်များကို တွဲဖက်ချထားပေးရန် လိုအပ်လေ့ရှိသည်။

ရေစီးတို့၏ သဘာဝဖြစ်စဉ်ကို အသုံးချလျက် ကမ်းခြေကိုပြန်ဖို့ပေးခြင်းပင်လယ်၊ မြစ်ချောင်းများနှင့် မိုးရေ စသည့် ရေစီးအားလုံးတွင် တိုက်စားခြင်း၊ သယ်ယူခြင်းနှင့် ပို့ချခြင်း စသည့် တူညီသည့် လုပ်ငန်းစဉ်များ ရှိနေကြသည်။ ရေစီးသန်မှုအပေါ် မူတည်လျက် ရွှံ့ သဲမှုန် သဲ ကျောက်ခဲ ကျောက်တုံး စသည်တို့ကို အဆင့်ဆင့် တိုက်စားလေ့ ရှိကြကာ၊ ရေစီးအတွင်း စိမ့်ဝင်မျောပါလျက် သော်လည်းကောင်း၊ ကြမ်းပြင်တွင် ဒရွတ်တိုက် ပွတ်ဆွဲလျက် သော်လည်းကောင်း၊ ရေစီးနှင့်အတူ သယ်ယူသွားကြလေ့ ရှိသည်။ စီးသည့်နှုန်း နှေးသွားသည့်အခါ ရေစီးအတွင်းရှိ စွမ်းအင်များ လျော့ပါးသွားကြသည်။ ထိုအခါ သယ်ယူလာသည့် ပစ္စည်းများကို ဆက်လက်သယ်ဆောင်နိုင်စွမ်း မရှိတော့သဖြင့် လေးလံသည့် ကျောက်တုံး ကျောက်ခဲများမှ စတင်ကာ သဲ နှင့် ရွံ့စသည်တို့ကို တစ်ဆင့်ချင်း စွန့်လွှတ်ပို့ချ ပေးကြလေ့ရှိသည်။ ဤအချက်မှာ ရေနှင့်ပတ်သက်သည့် တိုက်စားမှုများအားလုံးကို ကာကွယ်ထိန်းသိမ်းရန်အတွက် တန်ဖိုးအရှိဆုံး အသုံးချနိုင်သည့် အချက်လည်း ဖြစ်သည်။

"ရေစီးတို့၏ တိုက်စား သယ်ယူ ပို့ချခြင်း" သဘာဝကို ကောင်းစွာနားလည်ပါက ရေစီးကြောင့် တိုက်စားပျက်စီးသွားသည့် ကမ်းပါးနေရာများတွင်၊ ယင်းရေစီးနှင့်အတူ ပါလာသည့် ရွှံ့သဲ ကျောက် စသည်တို့ကို အသုံးချလျက် အလွယ်တကူနှင့် အလိုအလျောက် ပြန်လည် ဖို့ဖြည့်ပေးနိုင်မည် ဖြစ်သည်။ ဤနည်းမှာ ငါးကြင်းဆီဖြင့် ငါးကြင်းကြော် ဆိုသကဲ့သို့၊ ရေစီးနေသမျှနှင့် ရေစီးအတွင်း သဲ နုံးတို့ ပါဝင်နေသမျှ၊ ရေစီးအတွင်း ရှိနေသည့် စွမ်းအင်ကိုလျှော့ချပေးကာ သဲ နုံး တို့ကို ပို့ချစေလျက်၊ ကမ်းပါးတိုက်စားမှုများကို သဘာဝအတိုင်း အလိုအလျောက် ပြန်လည်ဖြည့်ဖို့ တည်ဆောက်ပေးကာ ထိန်းသိမ်းပေးသည့် နည်းလမ်းဖြစ်သည်။

ရေစီးအတွင်း ရှိနေသည့် စွမ်းအင်ကိုလျှော့ချရာတွင် လိုအပ်သည့် အတိုင်းအတာ တစ်ခုအထိ ရေစီးကို နှေးသွားစေရန် အရံအတားများ ပြုလုပ်ပေးရန် လိုအပ်သော်လည်း၊ ရေစီးကို အပြည့်အဝ ပိတ်ကာတားဆီးပစ်ခြင်းမျိုးကဲ့သို့ အန္တရာယ်များသည့် လုပ်ဆောင်မှုများကို ဖြစ်နိုင်သမျှ မပြုလုပ်သင့်ပေ။ အဘယ့်ကြောင့်ဆိုသော် ရေစီးကို အပြည့်အဝ ပိတ်တားမှုတိုင်းအတွက် တစ်ဘက်တွင် ကောင်းမွန်လိုအပ်သည့် အကျိုးကို ရရှိနိုင်သော်လည်း၊ အရံအတား၏ အခြားတစ်ဘက်တွင် မလိုအပ်သည့် တိုက်စားမှု ကဲ့သို့သော ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ဖြစ်သည်။ ထုကြီးထည်ကြီး တည်ဆောက်မှုများမှာ ပြုလွယ်ပြင်လွယ်မဟုတ်သဖြင့် အမှားအယွင်း ဖြစ်လာရှိလာခဲ့သည့်အခါ အချိန်မီမတားဆီးနိုင်ခဲ့ခြင်းကြောင့် မျှော်လင့်ထားသည်ထက် ပိုမိုဆိုးရွားလာခဲ့ပါက၊ ပျက်စီးဆုံးရှုံးရမှုများအတွက် တာဝန်ယူရမည့် အပိုင်းကိုလည်း မျှော်လင့် တွက်ဆထားရန် လိုအပ်မည်ဖြစ်သည်။

အလုံပိတ်မဟုတ်သည့် အရံအတားများတွင်မူ ယင်းတို့ကို ဖြတ်သန်းကာ ရေဆက်လက် စီးဆင်းနိုင်မည်ဖြစ်သဖြင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိ သို့မဟုတ် ထိခိုက်မှုအနည်းဆုံးသာ ဖြစ်လာစေတတ်သည်။ ယင်းအတားအဆီးများကြောင့် ရေစီးနှုန်းကို လျှော့ချပေးကာ ရေစီးနေသမျှနှင့် အနည်များ ပါဝင်နေသမျှ ကမ်းခြေများကို သဘာဝအလျောက် အဆက်မပြတ် ဖြည့်ဖို့ပေးနေမည်ဖြစ်သည်။ ဤသို့ ရေစီးကို အသုံးပြုလျက် တိုက်စားခံရသည့် ကမ်းခြေနှင့် ကမ်းပါးများကို ပြန်လည်ထိန်းသိမ်းပေးသည့်နည်းမှာ၊ အကုန်အကျ အသက်သာဆုံးနှင့် ရေရှည်တည်တံ့နိုင်မှု အရှိဆုံးလည်း ဖြစ်သဖြင့် ဦးစားပေး ရွေးချယ်သင့်သည့် နည်းလမ်းဖြစ်သည်။သတိပြုရန်အချက်မှာ ကြည်လင်နေသည့်ရေတွင် ပို့ချပေးစရာ တိုက်စားသယ်ဆောင်လာသည်များ မပါရှိသည့်အတွက်၊ ဤနည်းလမ်းကို ကြည်လင်သည့်ရေစီးများအတွင်း အသုံးပြု၍ ရနိုင်မည်မဟုတ်ပေ။ ကြည်လင်နေသည့် ရေစီးများသည် တိုက်စားမှုများကိုပင် အလွယ်တကူ ဖြစ်စေနိုင်သည့်အတွက် ဆာလောင်နေသည့် ရေစီးများအဖြစ် ညွှန်းဆိုကြလေ့ ရှိသည်။

အတိုင်ပင်ခံ ကုမ္ပဏီ၏ ပထမအဆိုပြုချက်

၂ဝဝ၈ ခုနှစ် မေလ နာဂစ်မုန်တိုင်းတိုက်ခတ်အပြီး မေလအကုန်တွင် အတိုင်ပင်ခံ ကုမ္ပဏီမှ ပထမအဆင့် အဆိုပြုချက်ကို ကုန်ကျစရိတ် တွက်ချက်မှုများနှင့်အတူ တင်သွင်းလာခဲ့သည်။ "ကမ်းဖြတ်ကျောက်တန်း"သည်သာ အဖြစ်နိုင်ဆုံးနည်းလမ်း ဖြစ်သည်ဟု ဖော်ပြထားပြီး၊ ပိုက်လိုင်းတစ်ခုစီ၏ မြောက်ဘက်တွင် ကမ်းဖြတ်ကျောက်တန်း တစ်ခုစီကို တည်‌ဆောက်ပေးရန်နှင့် ပိုက်လိုင်းကို ကွန်ကရိတုံးများကို ကြိုးများဖြင့်တွဲဆက်ထားသည့် "ပိုက်လုံးကာ"ဖြင့် စောင်ခြုံသကဲ့သို့ ဖုံးအုပ်ပေးရန်အပြင်၊ ကမ်းခြေကို သဲများဖြင့် စုပ်တင်ဖုံးအုပ်ပေးရန်အတွက် အဆိုပြုခဲ့သည်။

ရတနာပိုက်လိုင်းအတွက် အဆိုပြုထားသည့် ၁၃၅ မီတာရှည်လျားမည့် ကမ်းဖြတ်ကျောက်တန်းကြောင့် ရေရှည်တွင် ပိုက်လိုင်း၏ တောင်ဘက်မှ သဲများဖုံးလာနိုင်ခြေရှိပြီး၊ ပိုက်လိုင်း၏ မြောက်ဘက်ရှိ ဓမင်းဆိပ်ရွာကမ်းခြေတွင် တိုက်စားမှုများ ဖြစ်ပေါ်လာနိုင်သည်ကို ထောက်ပြထားသော်လည်း၊ ဓမင်းဆိပ်ရွာဘက်ခြမ်းတွင် ကမ်းဖြတ်ကျောက်တန်းများ ဆက်လက်ချထားပေးရန် လိုအပ်သည်ကို ထည့်သွင်းတွက်ချက် မထားခြင်းက အဓိကအားနည်းချက် ဖြစ်နေသည်ကို တွေ့ရှိရသည်။ ထို့အပြင် ပိုက်လိုင်းဝန်းကျင်တွင် သဲမှုတ်ကာ ကာကွယ်ထားခြင်းအတွက် ကြာရှည်ခံရန် သေချာမှုမရှိကြောင်းကိုလည်း ဖော်ပြထားသည်။

ထို့ကြောင့် ကမ်းဖြတ်ကျောက်တန်း တစ်ခုတည်းချထားခြင်းထက် ဓမင်းဆိပ်ရွာကမ်းခြေတွင် တိုက်စားလာနိုင်မှုများကို ကာကွယ်ရန် အတွက်ပါ နောက်ထပ် ကျောက်တန်းများကို တိုးလျက်ချထားပေးရန် လို-မလို သိလိုကြောင်း ပြန်ကြားခဲ့သည်။ အတိုင်ပင်ခံ ကုမ္ပဏီက မိမိတို့ ကွန်ပျူတာများဖြင့် ပုံဖော်နေမှုများ မပြီးသေးသဖြင့်၊ နောက်ဆုံးအဆိုပြုချက် တင်သွင်းသည်အထိ စောင့်ဆိုင်းပါရန် တောင်းဆိုခဲ့သဖြင့် မည်သည့်ဆုံးဖြတ်ချက်မှ ချနိုင်ခြင်း မရှိခဲ့ပေ။

နောက်ဆုံး အဆိုပြုချက်ကို ၂ဝဝ၉ ခုနှစ် ဂျူလိုင်လအတွင်း ရရှိခဲ့ရာတွင်မူ အံ့အားသင့်စရာ တစ်ဆစ်ချိုး ပြောင်းလဲမှုကို ကြုံလာကြရသည်။ မူလက "ကမ်းဖြတ်ကျောက်တန်း" ချထားရန် အဆိုပြုခဲ့သော်လည်း နောက်ဆုံးတွင် ၉ဝ ဒီဂရီလှည့်ကာ "ကမ်းပြိုင်ကျောက်တန်း"ကြီး တစ်ခုကို (ပိုက်လိုင်းပေါ်ဖြတ်ရန် မဖြစ်နိုင်သဖြင့်) ပိုက်လိုင်းများနေရာတွင် ချန်လှပ်ကာ ချထားပေးရန် ဖော်ပြလာခဲ့သည်။ပင်လယ်ကမ်းခြေများကို ထိန်းသိမ်းရာတွင် "ကမ်းပြိုင်တန်း"သည် အသေချာဆုံးနည်းလမ်း တစ်ခုဖြစ်သည်ကို နားလည်သော်လည်း၊ အဆိုပြုထားသည့်ပုံစံက ပိုက်လိုင်းပေါ်တွင် သဲတံတားထိုးလာစေမည်မဟုတ်သဖြင့် ပိုက်လိုင်းကို အကာအကွယ်ပေးရန် မဖြစ်နိုင်ပါချေ။ ထို့အပြင် ကမ်းပြိုင်တန်းအတွက် ပင်လယ်ရေအတွင်း ဆင်းကာ အလုပ်လုပ်ရမည် ဖြစ်သဖြင့်၊ ခန့်မှန်းကုန်ကျ စရိတ်များကလည်း များစွာတိုးမြင့်လာခဲ့သည်။ ထို့အတွက် လုပ်ငန်းအပ်နှံသူဘက်မှာ ပံ့ပိုးပေးရမည့် စရိတ်များကလည်း ပိုမိုများပြားလာတော့မည် ဖြစ်သည်။

အဆုံးအဖြတ်ပေးရမည့် နောက်ဆုံးအချိန်ပိုက်လိုင်းမြေပေါ်ပေါ်လာသည်ကို စတင်တွေ့ရှိခဲ့သည့် ၂ဝ၁၇ ခုနှစ် သြဂုတ်လမှ စတင်ရေတွက်လျင် အချိန် ၂-နှစ်မျှ ကြာသွားခဲ့ပြီ ဖြစ်သည်။ အတိုင်ပင်ခံကုမ္ပဏီ၏ လေ့လာတိုင်းတာ တွက်ချက်တင်ပြမှုများမှာလည်း များစွာ တန်ဖိုးရှိလှသည်။ သို့ရာတွင် အခြား သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ်သည့်လေ့လာမှုများကဲ့သို့ပင် ပင်လယ်ကမ်းခြေတစ်ခု၏ သဘာဝအခြေအနေများနှင့် အပြုအမူများကို ၂-နှစ်အတွင်း အပြည့်အဝ လေ့လာသိရှိရန်မှာ ဖြစ်နိုင်ချေအလွန်နည်းသဖြင့် အသေချာဆုံး ဖြစ်မည့် နည်းလမ်းကို ရွေးချယ်ခဲ့သည်ဟု နားလည်မိရသည်။ ယင်းတို့ အဆိုပြုလာသည့် ပိုက်လိုင်းကာကွယ်ထိန်းသိမ်းရန် တည်ဆောက်မှုကို၊ လက်ခံဆောင်ရွက်ရန်မှာမူ လက်တွေ့မကျ မဖြစ်နိုင်ပါချေ။

ထို့အပြင် အဆိုပြုချက်နှင့်အတူ ပူးတွဲတင်ပြလာသည့် ကွန်ပျူတာ ပုံဖော်ချက်များမှာလည်း စိတ်ဝင်စားစရာနှင့် ဆွဲဆောင်နိုင်စွမ်းများ ကြီးကြီးမားမား ရှိနေသော်လည်း၊ ဖြစ်ခဲ့ပြီးဖြစ်သည့် မာလာနှင့် နာဂစ်ကဲ့သို့သော မုန်တိုင်းများကြောင့် ကမ်းခြေအပေါ် သက်ရောက်ခဲ့မှုများကို အနီးစပ်ဆုံး ပုံဖော်နိုင်သော်လည်း၊ အဆိုပြုထားသည့် ကမ်းခြေတည်ဆောက်မှုများကြောင့် ဖြစ်လာမည့် အခြေအနေများမှာမူ ၂-နှစ်အတွင်း ရရှိခဲ့သမျှ အချက်အလက်များအပေါ်တွင်သာ အခြေခံထားပြီး၊ လက်တွေ့မြေပြင်တွင် ဖြစ်လာနေသည်များနှင့် တိုက်ဆိုင်ညှိထပ်ထားနိုင်ခြင်း မရှိသေးသဖြင့်၊ တိကျမှုရာခိုင်နှုန်းများမှာ နည်းပါးလျက် ရှိနေသည်ကို တွေ့ရသည်။ ဤနေရာတွင် ဗေဒင်ပညာရှင်တစ်ယောက် ရေးထားသည့် အချက်တစ်ခုကို အမှတ်ရမိသည်။ "ဗေဒင်ပညာဖြင့် ဖြစ်ခဲ့ပြီးသည်များကို ၁ဝဝ% မှန်အောင် တွက်ချက်ပြနိုင်သော်လည်း၊ ဖြစ်မလာသေးသည်များကိုမူ ၄ဝ% မျှ အထိသာ မှန်အောင် တွက်ချက်နိုင်သည်" ဟု ဆိုသည်။ ရရှိသည့် အချက်အလက်များက အားနည်းနေလျင် သို့မဟုတ် မပြည့်စုံလျင် သို့မဟုတ် မှားယွင်းနေလျင်၊ ခန့်မှန်းတွက်ချက်ထားမှုများကိုလည်း လက်တွေ့ဖြစ်လာသည့် အချက်အလက်များနှင့် လုံလောက်သည့် အချိန်တစ်ခုအထိ ညှိထပ်စစ်ဆေးနိုင်မှုများ မရှိလျင်၊ မည်သည့်ခန့်မှန်းချက်မဆို လွဲချော်နိုင်ခြေများ ရှိနေမည်သာ ဖြစ်သည်။

ပိုက်လိုင်းပေါ်နေသည်ကို ကာကွယ်ထိန်းသိမ်းမှုများ အမြန်ဆုံး လုပ်ဆောင်ပေးရန် ဖိအားများကလည်း အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ပါဝင်ပတ်သက်သူအားလုံးက အမြန်ဆုံး ဖြစ်နိုင်မည့်နည်းလမ်းကို အသုံးချလိုကြသော်လည်း၊ ပတ်ဝန်းကျင်ထိခိုက်မှု အကျိုးဆက်များမရှိစေရေး သို့မဟုတ် အနည်းဆုံး ဖြစ်စေရေးနှင့် ကုန်ကျစရိတ် အသက်သာဆုံး ဖြစ်စေရမည့် ကန့်သတ်ချက်များကလည်း ရှိနေသည်။မိမိတို့ကိုယ်တိုင် ဓမင်းဆိပ်ကမ်းခြေ ပိုက်လိုင်းကို ကာကွယ်ထိန်းသိမ်းရန်အတွက် ပုံစံကြမ်းရေးဆွဲအပြီး၊ တွက်ချက်မှုများအရ ကုန်ကျစရိတ်တွင် အနည်းဆုံး အဆ ၅ဝ ခန့် သက်သာမည်ဖြစ်သည်ကို တွေ့ရှိလာရသည်။ ထို့ထက်ပို၍ မိမိတို့ကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းဆိုသည့် စွမ်းရည်နှင့်၊ လုပ်ကိုင်ဆောင်ရွက်ဖူးခြင်းဆိုသည့် အတွေ့အကြုံက ထို့ထက်အဆများစွာပို၍ တန်ဖိုးရှိသည့်အရာများ ဖြစ်ပါလိမ့်မည်။

မဖြစ်မနေ လုပ်ရတော့မည့်အချိန်တွင် ရွေးချယ်စရာလမ်းကလည်း နှစ်ခုသာရှိနေခဲ့သည်။ အတိုင်ပင်ခံကုမ္ပဏီက အဆိုပြုထားသည်ကို လက်ခံမည်လား (သို့မဟုတ်) မိမိတို့ကိုယ်တိုင် လုပ်ဆောင်မည်လား ဆိုသည်တို့သာ ဖြစ်ကြသည်။ ယင်းတို့နှစ်ခုအနက် တစ်ခုကို ပြတ်ပြတ်သားသား ရွေးချယ်ရန်အတွက် ‌မိမိတို့တွင် နည်းပညာပိုင်းအရရော ငွေကြေးဆိုင်ရာ တွက်ချက်မှုများအရပါ ခိုင်မာသည့် ကျိုးကြောင်းပြစရာများ ရှိနေပြီ ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် ရတနာကမ်းလွန်လုပ်ငန်း စီမံအုပ်ချုပ်သူများက ထိုမေးခွန်းကို မေးလာခဲ့သည်။ ယင်းအတွက် အဖြေမှာ "ပိုက်လိုင်းနှင့် ကမ်းခြေထိန်းသိမ်းမှုကို မိမိတို့ကိုယ်တိုင်သာ လုပ်ဆောင်မည်" ဟူ၍သာ ဖြစ်သည်။

အင်္ဂလိပ်ဝေါဟာရများ။

အရင်းပစ္စည်း - Asset

ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် ပတ်ဝန်းကျင်ကောင်းမွန်ရေး လိုအပ်ချက်များ - Health, Safety & Environment (HSE) requirements

သဲစုပ်တင် ဖို့ကာပေးခြင်း - Shore Nourishment

သဲစုပ်သင်္ဘော - Dredger or Dredging Vessel

အပေါ့စား တည်ဆောက်မှု - Light structure

ထုထည်ကြီးတည်ဆောက်မှု - Hard structure

ကမ်းပါးကာ/ကမ်းပါးခင်း - Revetment

တိုက်စားခြင်း၊ သယ်ယူခြင်းနှင့် ပို့ချခြင်း - Erosion, Transportation & Sedimentation

အပြည့်အဝ ပိတ်ကာတားဆီးပစ်ခြင်း -Impermeable Barrier

ကမ်းဖြတ်တန်း - Groyne or Groin

ကမ်းဖြတ်တန်းကွင်း - Groyne field

ကမ်းပြိုင်တန်း - Breakwater

ပင်လယ် တိုက်စားမှု၊ မြစ်ချောင်းတိုက်စားမှု၊ မိုးရေတိုက်စားမှု - Coastal erosion, Stream erosion, Rainwater erosion

သဲပို့ချမှုက မည်သည့်ဘက်သို့ အလေးသာသည် - Net littoral transportation

သဲညှို့မှု - Stimulation

သဲတံတား - Tombolo

ပင်လယ်ကြမ်းပြင် ရေအောက် အရံအတားများ - Underwater barriers

ပိုက်လုံးကာ - Scour mat

ကွန်ပျူတာ ပုံဖော်ခြင်း - Computer modelling

**********

သိန်းမော် (ဇွန်လ ၁၂ ရက်၊ ၂ဝ၂၀ခုနှစ်) Facebook စာမျက်နှာမှကူးယူတင်ပြပါသည်။


...

နာဂစ်အလွန် ဓမင်းဆိပ် Daminseik Beyond the Cyclone Nargis - အပိုင်း (၄) - Myanmar Water Portal

အပိုင်း (၄) နာဂစ်ကို မည်သူလက်ဆွဲကာ ခေါ်လာခဲ့သနည်း။ သမိုင်းတွင်သည့် မေလ ၂ ရက်နာဂစ်မုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်တွင် စတင်အခြေပြုကာ ကြီးထွားကျယ်ပြန့် လာခဲ့ရာမှ မြန်မာနိုင်ငံဘက်သို့ ဦးတည်တိုက်ခတ်ခဲ့ရာတွင် အစဉ်အလာအရ ယခင်ကမုန်တိုင်းများ ဝင်ရောက်လာလေ့ ရှ
Focus on planting trees taking advantage of monsoo...
Priority should be given to ban electrofishing
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal