ရန်ကုန်မြို့ရှိ မိုးရေစုဆောင်းသော ပုရွက်ဆိတ်များ

b2ap3_large_IMG_505_20200716-093942_1 ရန်ကုန်မြို့သာကေတမြို့နယ်တွင်နေထိုင်သော အသက်၇၇နှစ်အရွယ်ရှိ ဒေါ်ခင်အေးကြူ

Share this article:


"မိုးရေကိုကြိုစုထားမယ်ဆိုရင် ရာသီဥတုပူတဲ့နွေရာသီရောက်ရင် ရေပြတ်မှာ စိတ်မပူရတော့ဘူးပေါ့" 

ရန်ကုန်မြို့သာကေတမြို့နယ်တွင်နေထိုင်သော အသက်၇၇နှစ်အရွယ်ရှိ ဒေါ်ခင်အေးကြူ

ဆောင်းတွင်းအတွက် အစားအစာတွေကိုကြိုးကြိုးစားစား ကြိုတင်စုဆောင်းနေတဲ့ ပုရွက်ဆိတ်လေးအကြောင်းကို ပြောပြထားတဲ့ "ပုရွက်ဆိတ်နှင့် နှံကောင်" ပုံပြင်လေးအကြောင်းအားလုံးကြားဖူးကြမှာပါ။ မမြင်နိုင်တဲ့အနာဂတ်အတွက် လက်ရှိအချိန်ကတည်းက ကြိုတင်ကြိုးစားအားထုတ်ထားခြင်းရဲ့အကျိုးကို ဖော်ညွှန်းထားတဲ့ ဒီပုံပြင်လေးထဲကအတိုင်း ရန်ကုန်မြို့တွင်လည်း နွေရာသီမှာရေနဲ့ငွေကြေးကိုချွေတာနိုင်ဖို့ မိုးရာသီကတည်းက မိုးရေကိုခံယူစုဆောင်းအသုံးပြုနေတဲ့သူတွေရှိပါတယ်။ သာကေတမြို့နယ်မှာနှစ်ပေါင်းသုံးဆယ်ကျော်ကြာနေလာခဲ့တဲ့ အသက်၇၇နှစ်အရွယ် ဒေါ်ခင်အေးကြူဟာ မိုးရာသီတိုင်းမှာမိုးရေကိုခံယူစုဆောင်းသုံးစွဲတဲ့အတွက် ရေသန့်ဘူးဖိုးနဲ့ ရေစက်မောင်းရန်ကုန်ကျမယ့်မီတာခများကို နှစ်စဥ်ချွေတာနိုင်ခဲ့ပါတယ်။

သူမနေထိုင်တဲ့သာကေတမြို့နယ်ဟာ ရန်ကုန်မြို့လယ်ခေါင်ရဲ့ အရှေ့ဘက်မှာတည်ရှိပြီးတော့ ရန်ကုန်မြို့ကိုရေပေးဝေနေတဲ့ ရေလှောင်ကန်တွေနဲ့ အဝေးဆုံးနေရာမှာရှိတဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဒေါ်ခင်အေးကြူလို သာကေတမှာနေထိုင်တဲ့သူအများစုဟာ ဘုံဘိုင်ရေ(စည်ပင်မှပေးဝေသောရေ)ကို မရရှိကြပါဘူး။

သူမဟာ ငယ်ကတည်းက မိုးရေကို သောက်ဖို့သုံးဖို့အတွက် စုဆောင်းလေ့ရှိပါတယ်။ "ကျွန်မအရင်ကနေခဲ့တဲ့နေရာမှာလည်း မိုးရေခံပြီးသုံးတဲ့ဓလေ့ရှိတဲ့အတွက် မထူးဆန်းတော့တဲ့အရာတစ်ခုဖြစ်ပါတယ်" လို့သူမကပြောပြပါတယ်။ သူမဟာ ၁၉၇၀ခုနှစ်မှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကနေ ရန်ကုန်မြို့ကို ပြောင်းရွေ့နေထိုင်ခဲ့တာဖြစ်ပါတယ်။

"အမှန်အတိုင်းပြောရရင် မြေအောက်ရေထက် မိုးရေရဲ့အရည်အသွေးကို ပိုယုံတယ်။ ကျွန်မ မိုးရေကို နေရာတိုင်းမှာသုံးတယ်။ သောက်ရေ၊ ဟင်းချက်၊ ပန်းကန်ဆေး၊ အဝတ်လျှော်၊ ရေချိုး၊ အိမ်သာရေနဲ့ အပင်ရေလောင်းဖို့ကအစသုံးပါတယ်" လို့ သစ်ပင်ပန်းမာန်တွေနဲ့ ပြည့်နှက်နေတဲ့ သူမရဲ့ ဥယျာဥ်ကိုလိုက်ပြရင်း ရှင်းပြခဲ့ပါတယ်။

ဒေါ်ခင်အေးကြူ သူမ၏ဥယျာဥ်ကို လိုက်လံပြသနေစဥ်

ဒေါ်ခင်အေးကြူရဲ့သားဖြစ်တဲ့ အသက်၃၃နှစ်အရွယ် ဦးစိုးရကတော့ "ကျွန်တော်ကငယ်ကတည်းက မိုးရေသောက်လာတာ။ မိုးရေမှာ အက်စစ်ဓာတ်ပါလို့ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ ကျွန်တော့်ကို တစ်ခြားသူတွေကလာပြောကြတယ်။ ဒီလိုပြောမယ်ဆိုရင် မြေအောက်ရေကလည်း အယ်ကာလီဓာတ်များပြီး ကျောက်ကပ်ထိခိုက်နိုင်တာပဲ မဟုတ်လား" လို့ သူ့ရဲ့အတွေးကိုပြောပြခဲ့ပါတယ်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အချက်အလက်တွေအရ ရန်ကုန်မြို့မိုးရေရဲ့ PH ပမာဏ(အက်စစ် သို့မဟုတ် အယ်ကာလီဓာတ်ပါဝင်မှု ပမာဏ)ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့စံချိန်စံညွှန်းအတွင်းမှာ ရှိနေပါတယ်။ (ကိုးကား)

ဒေါ်ခင်အေးကြူ၏သား၊ အသက်၃၃နှစ်အရွယ်ရှိ ဦးစိုးရ (Photo - Kaung Myat Oo)

ကြိုးစားမှုရဲ့ရလဒ် 

မိုးရာသီဟာ ယေဘုယျအားဖြင့် မေလကနေ အောက်တိုဘာလအတွင်း ကျရောက်တတ်တဲ့အတွက် အာစွတ်ပုံပြင်ထဲက အမြော်အမြင်ရှိတဲ့ ပုရွက်ဆိတ်လေးလိုပဲ ဒေါ်ခင်အေးကြူဟာ အနာဂတ်အတွက် မျှော်မှန်းပြီး မိုးရေကိုကြိုတင်ကြိုးစားစုဆောင်းနေပါတယ်။ "မိုးရေကိုကြိုစုထားမယ်ဆိုရင် ရာသီဥတုပူတဲ့နွေရာသီရောက်ရင် ရေပြတ်မှာ စိတ်မပူရတော့ဘူးပေါ့"လို့သူမရဲ့ခံယူချက်ကို ပြောပြခဲ့ပါတယ်။ 

မိုးရေကိုခံယူစုဆောင်းဖို့ ဒေါ်ခင်အေးကြူဟာ ကြိုတင်ပြင်ဆင်တာတွေလုပ်ရပါတယ်။ အိမ်ခေါင်မိုးနဲ့ ရေတံလျှောက်တွေကို သန့်ရှင်းရေးလုပ်ရပါတယ်။ စစချင်းရွာတဲ့ မိုးရေကိုမခံသေးဘဲ ဖုန်နဲ့ ရေညှိတွေကို ဖယ်ရှားဖို့ သုံးလိုက်ပါတယ်။ "မိုးသုံးခါလောက်ရွာပြီးရင်တော့ ရေချိုးရေသောက်ဖို့အတွက် မိုးရေစခံလို့ရပါပြီ" လို့သူမကရှင်းပြပါတယ်။ သူမတို့ မိသားစုဝင်ငါးယောက်ဟာ မိုးရာသီဖြစ်တဲ့ မေလကနေ အောက်တိုဘာလအထိ နေရာတိုင်းမှာ မိုးရေကို လုံလုံလောက်လောက်သုံးစွဲနိုင်ပါတယ်။

 အိမ်ပတ်လည်ရှိ မိုးရေခံထားသည့် ရေစည်များနှင့် ရေတံလျှောက်များ (Photo - Kaung Myat Oo)

သဘာဝကအခမဲ့ပေးထားတဲ့ လက်ဆောင်တစ်ခု 

၁၅၀လီတာဝင်ဆံ့သည့် စဥ့်အိုး (Photo - Kaung Myat Oo)

"ကျွန်တော်တို့ မိုးရေသုံးတဲ့အတွက် ရေတွင်းကရေကိုသုံးခဲတယ်။ ဒါ့ကြောင့် ရေစက်မောင်းစရာမလိုတော့ မီတာခသက်သာသွားတယ်။ ရေသန့်ဘူးဖိုးလည်းမကုန်တော့ဘူးပေါ့" လို့ ဦးစိုးရက မိုးရေသုံးစွဲခြင်းကြောင့် ငွေကုန်ကြေးကျသက်သာကြောင်း ပြောပြခဲ့ပါတယ်။

"ကျွန်တော်တို့ ခြောက်လလောက် ရေသန့်ဘူးဝယ်ဖို့မလိုတဲ့အတွက် တစ်နှစ်ကိုကိုးသိန်းနီးပါး သက်သာပါတယ်" လို့ မိုးရေဟာ သဘာဝကပေးတဲ့ လက်ဆောင်တစ်ခုဖြစ်ကြောင်း ရှင်းပြပါတယ်။

"မိုးတစ်နာရီလောက်ရွာလိုက်ရင် ရေတံလျှောက်ကကျတဲ့ရေက ၁၃၀၀လီတာလောက်ဆံ့တဲ့ ရေစည်အပြည့်ရတယ်" လို့ဦးစိုးရကဆက်ပြောပြပါတယ်။ အိမ်ရဲ့ပတ်ချာလည်မှာလည်း အမြင့်မတူတဲ့ရေစည်နှစ်ခုနဲ့ ၁၅၀လီတာလောက်ဆံ့တဲ့ စဥ့်အိုးကြီးတစ်ခုကို မိုးရေခံဖို့ နေရာချထားတာတွေ့ရပါတယ်။

climate-data.org နဲ့ weather-altas.com တို့မှ မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာအချက်အလက်တွေအရ ရန်ကုန်မြို့ရဲ့ နှစ်စဥ်ပျမ်းမျှမိုးရေချိန်ဟာ ၂၃၇၈မီလီမီတာ (သို့) ၉၃.၆လက်မ မှ ၂၆၈၁မီလီမီတာ (သို့) ၁၀၅.၆လက်မ အထိရှိပါတယ်။ ဒေါ်ခင်အေးကြူရဲ့ အိမ်အမိုးဟာ ၉၃စတုရန်းမီတာကျယ်ဝန်းတဲ့အတွက် နှစ်စဥ် မိုးရေ၂၅၀,၀၀၀လီတာခန့်ကို စုဆောင်းရရှိနိုင်ပါတယ်။ (တွက်နည်း - ၉၃စတုရန်းမီတာ x ၂၆၈၁မီလီမီတာ = ၂၄၉,၃၃၃လီတာ) ရန်ကုန်မြို့မှာ ၃လကနေ ၄လခန့်အထိ မိုးအများဆုံးရွာလေ့ရှိပါတယ်။ (ကိုးကား - Calculating the Amount of Rainwater Capturable from Your Roof)

အခြေခံအားဖြင့် အသားတင် ၂၀၀၀မိုးရေချိန်အတွက် ၁၀၀စတုရန်းမီတာအကျယ်အဝန်းရှိတဲ့ အိမ်ခေါင်မိုးဟာ လီတာ၂၀ရေသန့်ဘူး အရေအတွက်တစ်သောင်းခန့်နဲ့ ညီမျှတဲ့ မိုးရေပမာဏကို စုဆောင်းမိနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့်မိုးရေကိုခံယူသုံးစွဲခြင်းဟာ အိမ်တစ်အိမ်ချင်းစီအတွက် ရေပမာဏအမြောက်မြားကို ထောက်ပံ့ပေးနိုင်ပါတယ်။

တိတိကျကျပြောရမယ်ဆိုရင် မိုးရေတစ်ချို့တစ်ဝက်ဟာ ရေတစ်လျှောက်အတွင်းမှာ ဆုံးရှုံးသွားနိုင်ပါတယ်။ ဖော်ပြခဲ့တဲ့ ကိန်းဂဏန်းတွေဟာ ရေပမာဏဘယ်လောက်ရရှိနိုင်သလဲဆိုတာ ရှင်းရှင်းလင်းလင်းနားလည်စေဖို့ ခန့်မှန်းတွက်ချက်ပြထားခြင်းဖြစ်ပါတယ်။ 


အခြားရေအရင်းအမြစ်များနှင့် မိုးရေသုံးစွဲခြင်းဓလေ့ 

သာကေတမြို့နယ်မှာနေသူအများစုဟာ မိုးရေကို နေရာအမျိုးမျိုးမှာသုံးစွဲလေ့ရှိကြကြောင်း ဒေါ်ခင်အေးကြူထံမှသိရတဲ့အတွက် အခြားသောအိမ်နီးနားချင်းတွေကိုလည်း မိုးရေခံယူသုံးစွဲခြင်းအကြောင်းကို လိုက်လံမေးမြန်းဖြစ်ခဲ့ပါတယ်။

ဒီအခါမှာတော့ မိုးရေကို သောက်သုံးဖို့ရည်ရွယ်ချက်တစ်ခုတည်းအတွက် ခံယူစုဆောင်းနေတဲ့ ဦးသန့်စင်ဦးနဲ့တွေ့ခဲ့ရပါတယ်။ "ရေပြတ်တာမျိုးတွေမဖြစ်ဖို့ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ပုံမှန်မိုးရေခံပြီး သုံးစွဲဖြစ်ပါတယ်" လို့ သူကရှင်းပြပါတယ်။

"ကျွန်တော်တို့နားမှာ ရေကန်ရှိတယ်။ အိမ်ကရေတိုင်ကီပြည့်ဖို့ ရေကန်ကနေပြီးတော့ တွန်းလှည်းနဲ့ တစ်နာရီလောက်ရေခပ်ထည့်ရတယ်" လို့ ဦးသန့်စင်ဦးက ရေတိုင်ကီကို လိုက်ပြရင်းရှင်းပြပါတယ်။ အတိုင်းအတာအရ ကွန်ကရစ်ရတိုင်ကီဟာ ရေ၁၁၀၀လီတာခန့် ဝင်ဆံ့ပါတယ်။ ဒါ့ကြောင့်မိုးတွင်းမှာ မိုးရေခံသုံးခြင်းအားဖြင့် အချိန်နဲ့ လုပ်အားကိုလျော့ချနိုင်ပြီး ဒီဇင်ဘာလခန့်လောက်အထိ ရေအတွက်စိုးရိမ်မှုမရှိဘဲ အေးအေးဆေးဆေးနေနိုင်ကြောင်း သိခဲ့ရပါတယ်။

"ဧည့်သည်တွေလာရင်လည်း ဒီမိုးရေကိုပဲကြိုပြီး ရေနွေးကြမ်းနဲ့ ဧည့်ခံတာလေ" လို့ ဦးသန့်စင်ဦးက မိုးရေကို ရေနွေးကြမ်းအနေနဲ့လည်း သောက်သုံးကြောင်း ပြောပြပါတယ်။

အခြားသော ဘေးပတ်ဝန်းကျင်က အိမ်နီးချင်းတွေကလည်း မိုးရေကို ခံယူသုံးစွဲနေကြပုံအမျိုးမျိုးကို လိုက်လံပြသပေးခဲ့ကြပါတယ်။ "ကျွန်မတို့ကမိုးရေကို ရေသပ္ပာယ်ဖို့ပဲသုံးတယ်။ သောက်ရေကိုတော့ ရေသန့်ဘူးသောက်ပြီး၊ သုံးရေကိုမြေအောက်ရေသုံးတယ်"လို့သာကေတနယ်ခံတစ်ယောက်ကလည်း ပြောပြပါတယ်။ 

မိုးရေခံယူသုံးစွဲပုံကို ရှင်းပြနေသည့် နယ်ခံတစ်ဦး 

ကြီးမားသောပြောင်းလဲမှုများသည် သေးငယ်သောခြေလှမ်းများနှင့် စတင်သည်။ 

Myanmar Times မှသတင်းတစ်ခုတွင် Japan International Cooperation Agency (JICA) နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) တို့ပူးပေါင်းရေးစွဲထားသည့် အစီအစဥ်အရ ရန်ကုန်တစ်ဝန်းလုံးအတွက် ယခုလက်ရှိဖြန့်ဖြူးနေသော ရေပမာဏ၏ နှစ်ဆကျော်ပမာဏ ၂.၄ဘီလီယံလီတာကို ၂၀၄၀ခုနှစ်အမှီ ဖြန့်ဖြူးဖို့ လိုအပ်ကြောင်းဖော်ပြထားပါတယ်။ အစီအစဥ်အရ လက်ရှိအကောင်အထည်ဖော်နေတဲ့ ကုက္ကိုဝရေပေးဝေရေးနှင့် လဂွန်းပြင်ရေပေးဝေရေးစီမံကိန်း တို့ဟာ ၂၀၂၅ နှင့် ၂၀၂၂ ခုနှစ်တို့မှာ အသီးသီး ပြီးမြောက်ကြမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ မိုးရေခံယူသုံးစွဲခြင်းဟာ ငွေကုန်ကြေးကျသက်သာပြီး ရေကိုလုံလုံလောက်လောက်သုံးစွဲနိုင်ဖို့ လက်တွေ့ကျတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် အာစွတ်ပုံပြင်ထဲက အမြော်အမြင်ရှိတဲ့ ပုရွက်ဆိတ်လေးလိုပဲ ယခုဖော်ပြခဲ့တဲ့သူတွေအားလုံးဟာ ခန့်မှန်းမရနိုင်တဲ့ အနာဂတ်အတွက် ငွေကြေးချွေတာနိုင်ဖို့ ဝီရီယရှိရှိ ကြိုးစားလုပ်ဆောင်နေကြတဲ့သူတွေဖြစ်တဲ့အကြောင်း ဒီဆောင်းပါးကနေ တင်စားဖော်ပြလိုက်ရပါတယ်။ 

-ဘာသာပြန် (Thinzar Mon)


...

Ants in Yangon Saving Rainwater - Myanmar Water Portal

If we save it in time, we don't have to be concerned about water shortage during summer, when the heat is intense by Daw Khin Aye Kyu, 77-year-old, who lives in Tharketa, Yangon We all know the famous fable about The Ant and the Grasshopper, tellin

Share this article:

စွန့်ပစ်ရေထဲတွင် မိုက်ခရိုပလတ်စတစ် ပါဝင်နေမှုအတွက်...
New approach to discharge groundwater in Myanmar a...

Related Posts

 

Comments

Already Registered? Login Here
No comments made yet. Be the first to submit a comment

By accepting you will be accessing a service provided by a third-party external to https://www.myanmarwaterportal.com/

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal