နာဂစ်အလွန် ဓမင်းဆိပ် Daminseik Beyond the Cyclone Nargis - အပိုင်း (၄)

98291294_3289245071107538_4228537998905442304_o

အပိုင်း (၄) နာဂစ်ကို မည်သူလက်ဆွဲကာ ခေါ်လာခဲ့သနည်း။

သမိုင်းတွင်သည့် မေလ ၂ ရက်နာဂစ်မုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်တွင် စတင်အခြေပြုကာ ကြီးထွားကျယ်ပြန့် လာခဲ့ရာမှ မြန်မာနိုင်ငံဘက်သို့ ဦးတည်တိုက်ခတ်ခဲ့ရာတွင် အစဉ်အလာအရ ယခင်ကမုန်တိုင်းများ ဝင်ရောက်လာလေ့ ရှိခဲ့သည့် တောတောင်ထူထပ်ရာ ရခိုင်ကမ်းရိုးတန်းဘက်မှ မဝင်ရောက်ဘဲ၊ ပထမဆုံးအကြိမ်အဖြစ် တောင်ဘက်ပိုင်းကျပြီး တောင်ကုန်း တောင်တန်းများမရှိဘဲ ဟင်းလင်းဖွင့် မြေနိမ့်ကွင်းပြင် တစ်ခုကဲ့သို့ ဖြစ်နေသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့၊ ၂ဝဝ၈ ခုနှစ် မေလ ၂ ရက်နေ့တွင် တိုက်ရိုက် ကမ်းတက်ဝင်ရောက်ကာ ဖြတ်ကျော်တိုက်ခတ်ခဲ့ခြင်းဖြင့် မြန်မာ့သမိုင်းတွင် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်စေခဲ့သည့် အဆိုးရွားဆုံး သဘာဝဘေးဒုက္ခ ကြုံရမှုကြီးတစ်ခု ဖြစ်လာခဲ့သည်။ဖြတ်သန်းရာလမ်းကြောင်းတစ်လျှောက် မုန်တိုင်းကို ခုခံတားဆီးနိုင်မည့် ပင်လယ်ကမ်းစပ် လမုတောများမှာ မရှိသလောက် အလွန်နည်းလှကာ၊ ကုန်းမြင့်များနှင့် သစ်တောကြီးများလည်းမရှိဘဲ ပြန့်ပြူးနေသည့် ကုန်းမြေတစ်လျှောက် နာဂစ်မုန်တိုင်းသည် မေလ ၂ ရက်နှင့် ၃ ရက်များအတွင်း လူဦးရေ သိပ်သည်းထူထပ်လှသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအပြင်၊ ကပ်လျက်ရှိသည့် ကုန်းမြေဒေသများ တစ်လျှောက် နှေးကွေးသည့် ရွေ့လျားမှုဖြင့် ၃၆-နာရီခန့် ကြာမြင့်စွာ ဖြတ်သန်းတိုက်ခတ်သွားခဲ့သည်။ ထို့အပြင် ဒီ‌ရေတက်ချိန်နှင့် အချိန်ကိုက် ဆုံစည်းမှု စသည့် အကြောင်းများ ပေါင်းစုံကာ အကြီးမားဆုံးစွမ်းအားများဖြင့် ဖျက်ဆီးပစ်နိုင်ခဲ့သဖြင့် ကြုံခဲ့ရသည့် ဘေးဒုက္ခများနှင့် အသက်ဆုံးရှုံးရမှုများမှာ မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် အတိုင်းအဆ အများဆုံး ဖြစ်ခဲ့ရသည်။

ကုန်းမတက်မီ ပင်လယ်ပြင်တွင် အဆင့်-၄ မုန်တိုင်းကြီးတစ်ခု ဖြစ်နေခဲ့သည့် နာဂစ်မုန်တိုင်းသည် ကုန်းတက်ပြီးသည်နှင့် အဆင့်-၃ သို့ လျော့ကျသွားသည့်တိုင် တစ်နာရီလျင် ၁၃၅ မိုင်နှုန်းဖြင့် လေပြင်းတိုက်ခတ်နေစဥ်၊ ပင်လယ်လှိုင်းများမှာ ၄-မီတာ (၁၃-ပေ) အမြင့်အထိ ရောက်ရှိကာ (အချိူ့က ၈-မီတာအထိ ရှိခဲ့သည်ဟု ဖော်ပြကြသည်)၊ ၄ဝ ကီလိုမီတာ (၂၅-မိုင်) ခန့် ကျယ်ပြန့်သည့် ကုန်းတွင်းပိုင်းအထိ ဆိုးရွားလှသည့် ရေကြီးနစ်မြုပ်မှုများကို ဖြစ်စေခဲ့ပြီး၊ အဓိကအားဖြင့် ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့အတွင်းရှိ မြို့နယ် ၅ဝ ကျော်တွင် အနည်းဆုံး လူဦးရေ ၁၄ဝ,ဝဝဝ နှင့်အတူ သန်းပေါင်းများစွာသော တိရိစ္ဆာန်များကို အသက်ဆုံးရှုံး စေခဲ့သည်။ လူဦးရေ ၂ သန်းခွဲမျှ မုန်းတိုင်းကြောင့် ဘေးဒုက္ခများ ကြုံခဲ့ရကာ၊ စပါးစိုက်ခင်းစုစုပေါင်း၏ ၆၃ ရာခိုင်နှုန်းနှင့်၊ ရေချိုရေကန်များ၏ ၄၃ ရာခိုင်နှုန်းကို ပင်လယ်ရေဖြင့် ဖုံးလွှမ်းသွားစေခဲ့ပြီး၊ ပျက်စီးဆုံးရှုံးမှုများမှာ ငွေကြေးတန်ဖိုးအားဖြင့် အနည်းဆုံး ဒေါ်လာ ၄ ဘီလီယန်မျှ ရှိခဲ့သည်ဟု မှန်းဆခဲ့ကြသည်။ အတိုင်းအဆကြီးမားကာ မျက်စေ့တစ်ဆုံးအထိ အနှံ့အပြား ဆိုးရွားစွာရှိနေသည့် အပျက်အစီးများကြောင့်၊ နာဂစ်အပြီး မုန်တိုင်းသင့်ခဲ့သည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ကျယ်ပြန့်ပြင်းထန်လှသည့် တိုက်ပွဲဖြစ်ပြီးကာစ စစ်တလင်းတစ်ခုနှင့် နှိုင်းယှဥ်ဖော်ပြခဲ့ကြသည်။

အသက်ဆုံးရှုံးရမှုနှင့် အပျက်အစီးများပြားရသည့် အခြေအနေများကို ပို၍ဆိုးရွားသွားစေသည့် အချက်များတွင်၊ 

  • မုန်တိုင်း၏ ပကတိအခြေအနေကို အစိုးရက လူထုအား မှန်ကန်စွာ ထုတ်ပြန်ပေးရန် ပျက်ကွက်ခဲ့သည့်အပြင်၊ ထူးခြားသည့် အန္တရာယ်မျိုး မရှိနိုင်သည့် အခြေအနေအဖြစ် လျော့ချကာ ထုတ်ပြန်ကြေညာခဲ့ခြင်း
  • ဖြစ်လာမည့် ဘေးဒုက္ခအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများနှင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးရန် စီမံခြင်း စသည်များကို လုံးဝ လုပ်‌ဆောင် မပေးခဲ့ခြင်း၊ 
  • အစိုးရက ထုတ်ပြန်ပေးသည်များကို ယုံစားကာ ဖြစ်လာနိုင်သည့် ဘေးအန္တရာယ်၏ အတိုင်းအဆကို လူထုက မှန်ကန်စွာ မတွက်ဆနိုင်ခဲ့ခြင်း၊
  • ဧရာဝတီမြစ်ဝကျွန်းပေါ်သို့ တိုက်ရိုက်ကမ်းတက် ဝင်ရောက်သည့် မုန်တိုင်းများမှာ ယခင်က မရှိခဲ့ဘူးသဖြင့် အန္တရာယ်ရှိလာနိုင်သည် ဆိုသည်ကို အလိုအလျောက် ငြင်းပယ်မိနေကြခြင်း၊ 
  • ပင်လယ်ကမ်းခြေဒေသများတွင် မှီတင်းနေထိုင်နေကြသည့် လူ့အသိုင်းအဝိုင်းများကို မုန်တိုင်းများ၏ ဒဏ်မှ သက်သာစေရန်နှင့် မုန်တိုင်းများအတွင်း ပင်လယ်ရေ ပြန်အကျတွင် ရေနှင့်အတူ မျောပါမသွားစေရန် အကာအကွယ် ပေးနိုင်သည့် ပင်လယ်ကမ်းခြေနှင့် ဒီရေရောက် လမုတော အများအပြားမှာ အစိုးရ၏ ဖွံ့ဖြိုးရေး အစီအစဥ်များကြောင့် ပျက်ဆီးပျောက်ကွယ်ခဲ့ရခြင်း၊
  • သစ်ဝါးတို့ကို အခြေခံကာ တည်ဆောက်ထားသည့် အဆောက်အအုံများမှာ ကြံခိုင်မှုမရှိသဖြင့် မုန်တိုင်းဒဏ်မှ အကာအကွယ် မပေးနိုင်ခြင်း၊
  • ပင်လယ်ရေ လွှမ်းမိုးမြင့်တက်လာမှုများမှ တိမ်းရှောင်နိုင်ရန်အတွက် ဘေးလွတ်သည့် ကုန်းမြေ သို့မဟုတ် ခိုင်မာမြင့်များသည့် မုန်တိုင်းခို အဆောက်အအုံများ မရှိခြင်း၊
  • မုန်တိုင်းအပြီးတွင် အစိုးရက ပကတိအခြေအနေကို ချက်ချင်းနှင့် အသေးစိတ် စနစ်တကျ ဆန်းစစ်ရန်နှင့် တုန့်ပြန်မှုပေးရန် ငြင်းပယ်ခဲ့ခြင်း သို့မဟုတ် ပျက်ကွက်ခဲ့ခြင်း၊
  • နိုင်ငံတကာမှ ချက်ချင်း ဝင်ရောက်အကူအညီပေးရန် ကမ်းလှမ်းမှုများကို ငြင်းပယ်ခဲ့ခြင်းနှင့် အကူအညီပေးရန် လုပ်ဆောင်မှုများကို လက်ခံရန် ပျက်ကွက်ခဲ့ခြင်း၊
  • ပြည်တွင်းမှ စာနာထောက်ထားသူအများက အကူအညီပေးရန် လုပ်ဆောင်မှုများကို တားဆီးကန့်သတ်ခြင်း၊ အကူအညီ ပေးသူများကို ဖမ်းဆီးအရေးမှုများ ပြုလုပ်ခြင်း၊စသည်တို့ ပါဝင်ကြသည်။

နာဂစ်မုန်တိုင်းအပြီး ရက်ပိုင်းအတွင်း ရန်ကုန်မှ ရတနာကမ်းလွန်စခန်းသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များအတွင်း ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို ဖြတ်ကာ စီးနင်းပျံသန်းရတိုင်း၊ တစ်ချိန်က ကုန်းမြေဖြစ်ခဲ့သည့် လယ်ကွင်းနှင့် လူနေထိုင်ရာ နေရာအများတွင် ပင်လယ်ရေများက ဆုံးစမရှိ ကျယ်ပြန့်စွာ ဖုံးလွှမ်းလျက်ရှိကာ၊ လယ်ကန်သင်းများကို ပင်လယ်ရေပြင်၏ အောက်တွင် ရေးရေးမျှသာ ရှိနေကြသည့် အညိုရောင် မျဉ်းသေးများအဖြစ် ရဟတ်ယာဥ်ပေါ်မှ ထွင်းဖောက်မြင်နေခဲ့ရသည်။

တစ်ပိုင်းတစ်စ ပေါ်နေသည့် ကုန်းမြေများပေါ်တွင်လည်း အမိုးအကာရှိသည့် အဆောက်အဦဆိုသည်မှာ မရှိ၊ တိုင်ငုတ်နှင့် အရိုးပြိုင်းနေသည့် အိမ်များကို ရေးရေးမျှသာ မြင်ရတော့သည်။ အဆိုးဆုံးမှာ သစ်ပင်တို့တွင် အရွက်အကိုင်းတို့ ကျိုးပြတ်နေကြကာ၊ ကျန်ခဲ့သည့် ရိုးတံနှင့် အရွက်ကျဲများမှာလည်း ပြင်းထန်သည့်နှုန်းဖြင့် လေတိုက်ခတ်မှုများအောက်တွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့ကြရသဖြင့်၊ အရပ်မျက်နှာ တစ်ဘက်တည်းသို့သာ ဦးတည်လည်စောင်းကာ ကျန်ရစ်နေခဲ့ကြရသည်။ တောက်ပသည့် နေရောင်အောက်တွင် အားနည်းစွာကျန်ခဲ့သည့် အိုးအိမ်ပျက်များနှင့် အရွက်မဲ့ သစ်ပင်များ၏ အရိပ်ဆိုသည်မှာ မရှိလောက်အောင်ပင် ပျောက်ကွယ်နေခဲ့သည်။

ဒဏ္ဍာရီမဟုတ်သည့် နာဂစ်ပုံပြင်နာဂစ်မုန်တိုင်းနှင့် ပတ်သက်ဆက်စပ်မိသမျှမှာ ဝမ်းနည်းကြေကွဲစရာများသာ ဖြစ်နေခဲ့ရသည်။ ထိုအထဲတွင် ဖြစ်ခဲ့သည့် ဘေးဒုက္ခများနှင့် ပတ်သက်လျင် ယနေ့အထိ တိကျသည့် ကိန်းဂဏန်းများ မရှိသည့်အပြင်၊ မည်သည့်အတွက်ကြောင့် နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံအတွင်းသို့ တောင်ဘက်ကျသည့် လမ်း‌ကြောင်းအသစ်မှ ဝင်ရောက်လာခဲ့ရသနည်း စသည့် မေးခွန်းများကို ကျယ်ပြန့်စွာ လေ့လာဆန်းစစ်ကာ အဖြေရှာမှုများလည်း မရှိခြင်းတို့ ပါဝင်နေသည်။

နာဂစ်မုန်တိုင်းသည် အမှန်တကယ် ဖြစ်ပျက်ခဲ့၊ ဘေးဒုက္ခများကို လက်တွေ့ ကြုံခဲ့ကြရသော်လည်း ထိုအချိန်ရှိ အစိုးရက ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းများနှင့် အချက်အလက်များမှာမူ လက်တွေ့အခြေအနေများနှင့်နီးစပ်ကာ၊ အစစ်အမှန်ဖြစ်သည်ဟု လက်ခံနိုင်ရန် မဖြစ်နိုင်သည်များသာ ဖြစ်သည်ဟု အများက ယုံကြည်နေခဲ့ကြသည်။ မုန်တိုင်းအပြီး အဆက်အသွယ်များ ပြတ်တောက်ခက်ခဲနေသည့် ကာလအတွင်း အစိုးရရုံးစိုက်ရာ ရန်ကုန်မြို့မှနေ၍ တိကျသည့် အချက်အလက်များကို အသေးစိတ် ရရှိရန် မဖြစ်နိုင်ပေ။ သို့ရာတွင် တစ်စုံတစ်ဦးက မိမိစိတ်တွင်ရှိသည်များကို လက်တန်းချရေးကာ ထုတ်ပြန်ပေးခဲ့သည်ဟု သံသယရှိစရာ အချက်အလက်များဖြစ်သည့်၊ ဘဲဥကြက်ဥ ပျက်စီးမှုကဲ့သို့သော အဓိကမကျသည့် အချက်အလက်များကို နောက်ဆုံး ခုဂဏန်းများအထိ တိကျစွာဖြင့် အစိုးရသတင်းဌာနများက ဖော်ပြနေခဲ့ကြသည်။ အရေးအကြီးဆုံးဖြစ်သည့် လူအသေအပျောက် ပမာဏများမှာ ဖြစ်နိုင်ခြေထက် များစွာနည်းပါးနေခဲ့ကာ၊ နောက်ဆုံးတွင် ၇၇,၇၃၈ ဦး သေဆုံးကာ ၅၅,၉၁၇ ဦးပျောက်ဆုံးပြီး၊ စုစုပေါင်း ၁၃၃,၆၅၅ ဦးဖြစ်သည်ဟု စာရင်းပိတ်ခဲ့သည်။ မြစ်ဝကျွန်းပေါ်တွင် နေထိုင်ကြသူများက ထိုပမာဏသည် မုန်တိုင်းအတွင်း အမှန်တကယ် အသက်ဆုံးပါး သို့မဟုတ် ပျောက်ဆုံးခဲ့ရသည့် လူအရေအတွက်ထက် များစွာလျော့နည်းနေသည်ဟု ယုံကြည်လျက်ရှိနေကြသည့်အပြင်၊ မုန်တိုင်းဖြစ်ပြီးနောက်ပိုင်း အချိန်ကာလ တစ်ခုအထိ ကိန်းဂဏန်းများ ဆက်လက် တိုးမြင့်နေရန် ခိုင်မာသည့် အကြောင်းများ ရှိနေခဲ့သော်လည်း၊ အပြောင်းအလဲ မရှိဘဲ ရပ်တန့်သွားခဲ့သည်။

ဆယ်စုနှစ်ပေါင်းများစွာ စစ်မှန်တိကျသည့် ကိန်းဂဏန်းများအပေါ်တွင် အခြေမခံဘဲ၊ မှန်ကန်သည့် ကိန်းဂဏန်းများကိုပင် အုပ်ချုပ်ရေးစနစ်၏ အလိုကျ မှားယွင်းသည့် ကိန်းဂဏန်းများအဖြစ် မမှန်ကန်သည့် နည်းလမ်းများဖြင့် ပြောင်းလဲလျက် ရည်ညွှန်းပြုကာ တင်ပြနေကြသည့် အချိန်တွင်၊ နာဂစ်မုန်တိုင်းအပြီး ကိန်းဂဏန်းများကို တစ်စုံတစ်ယောက်က ခန့်မှန်းထုတ်ပြန်ပေးနေသည်ဟုသာ အများက ယုံကြည်စရာ ဖြစ်နေခဲ့ကြသည်။ ထိုအချိန်က ထုတ်ပြန်ခဲ့သည့် "နာဂစ်ကိန်းဂဏန်းများ" ဟု ခေါ်ဆိုကြသည့် အချက်အလက်များကို နောက်ပိုင်းတွင် စစ်ဆေးဆန်းစစ် အတည်ပြုရန် ကြိုးပမ်းခြင်းများလည်း မရှိသဖြင့်၊ နာဂစ်မုန်တိုင်းသည် သမိုင်းတွင် အငြင်းပွားစရာ အချက်အလက်များဖြင့် ဒဏ္ဍာရီမဟုတ်သည့် ပုံပြင်တစ်ခုကဲ့သို့်သာ ရှိနေဦးတော့မည်ဖြစ်သည်။

နာဂစ်ကို မည်သူလက်ဆွဲကာ ခေါ်လာခဲ့သနည်း

နာဂစ်မုန်တိုင်းနှင့် ပတ်သက်၍ ဖြစ်ခဲ့ပြီးသည်နှင့် ဖြစ်နေသည်များကိုသာ အခြေခံကာ ရေးသားဖော်ပြကြသည့် ဆောင်းပါးနှင့် စာတမ်းများ အမြောက်အမြားရှိသော်လည်း၊ နာဂစ်မုန်တိုင်းသည် သမိုင်းတွင်မရှိခဲ့ဘူးသည့် မြန်မာပြည်တောင်ပိုင်းမှ မည်သည့်အကြောင်းများကြောင့် ဖြတ်ဝင်ကမ်းတက်ခဲ့ရသနည်း ဆိုသည်နှင့် အနာဂါတ်တွင် အလားတူ မုန်တိုင်းဝင်ရောက်လာမှုများကို ရှောင်လွှဲနိုင်ရန် သို့မဟုတ် ဖြစ်လာနိုင်ခြေများကို လျော့ပါးစေရန် လုပ်ဆောင်နိုင်သည့် နည်းလမ်းများ ရှိနိုင်-မရှိနိုင် စသည့် အသေးစိတ်လေ့လာဆန်းစစ်မှုများဖြင့် ရေးသားထားသည်များကိုမူ ယနေ့အထိ မတွေ့ရှိရသေးပေ။ 

ရာသီဥတုပြောင်းလဲမှုနှင့် အစိုးမရသည့် မုန်တိုင်းလမ်းကြောင်း ပြောင်းလဲတတ်မှုတို့ကြောင့်သာ နာဂစ်မုန်တိုင်းသည် သမိုင်းတွင်မရှိခဲ့ဘူးသည့် လမ်းကြောင်းမှ ဖြတ်ဝင်ကာ ကမ်းတက်ခဲ့ရသည်ဟု အလွယ်တကူ ကောက်ချက်ချထားသည်မျိုးကိုသာ ဆောင်းပါးနှင့် စာတမ်းအချို့တွင် တွေ့ရှိရသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာသည့် ဘေးအန္တရာယ်ဆိုသည်မှာ ဒေသတစ်ခုအတွင်း ရှိနေသည့် အကြောင်းရင်းများကြောင့်မျှသာ ဖြစ်လာသည်မဟုတ်ဘဲ၊ ဆက်စပ်နေသည့် ‌ဒေသများနှင့် ဝေးရာအရပ်များတွင် ဖြစ်တည်နေသည့် သဘာဝပတ်ဝန်းကျင် အခြေအနေ များနှင့်လည်း များစွာ ဆက်စပ်နေလေ့ရှိသည်။ ထို့ကြောင့် မြစ်ဝကျွန်းပေါ်တွင် မုန်တိုင်းတိုက်ခတ်မှုအတွက် မုန်တိုင်းလမ်းကြောင်း တစ်လျှောက် မြေပြင်အခြေအနေများ ကိုသာမက၊ ကုန်းတွင်းပိုင်းရှိ မြေပြင်အခြေအနေများကိုလည်း ထည့်သွင်းစဥ်းစားရန် လိုအပ်သည်။ သစ်ပင်သစ်တောများက မြေကြီးမြေပြင်များကို လုံခြုံမှုရှိစေပြီး၊ မုန်တိုင်းများ၏ ရွေ့လျားရာလမ်းကြောင်းတွင် အတားအဆီးများအဖြစ် ရှိနေကာ၊ မုန်တိုင်းများ၏ ဘေးအန္တရာယ်များမှ အကာအကွယ်ပေးကြသည်။ သစ်ပင်သစ်တောများ မရှိတော့ခြင်းက မုန်တိုင်းများ၏ အန္တရာယ်များကို ပိုမိုကြီးထွားလာစေသည်။ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် မုန်တိုင်းလမ်းကြောင်းများနှင့် ပတ်သက်လျင် သစ်ပင်သစ်တော ပြုန်းတီးမှုများ အထူးသဖြင့် ရခိုင်နှင့် ပဲခူးကဲ့သို့သော ရိုးမတောင်ထိပ်သစ်တောများ ပြုန်းတီးသွားမှုကို မဖြစ်မနေ ထည့်တွက်ရန်လိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ရိုးမသစ်တောများအပါအဝင် သစ်တောပြုန်းတီးမှုများမှာ အရှိန်အဟုန်ဖြင့် တိုးမြင့်လာခဲ့ပြီး၊ ယင်းသစ်တော ပြုန်းတီးမှုများကြောင့် ပြောင်းလဲလာသည့် မြေပြင်အနေအထားများက နိုင်ငံတွင်းနှင့် ဒေသဆိုင်ရာ ရာသီဥတု ပြောင်းလဲခြင်းများအပေါ် ကြီးမားသည့် သက်ရောက်မှုများ ရှိလာခဲ့ခြင်းကြောင့် ဖြစ်သည်။ 

သစ်တောပြုန်းတီးမှုများအပါအဝင် မြေပြင်ဖုံးလွှမ်းမှုပုံစံ ပြောင်းလဲခြင်းများက မြေမျက်နှာပြင်တစ်လျှောက် ရေငွေ့ပျံမှုများနှင့် သစ်ပင်များ‌မှ လေထုအတွင်း ရေငွေ့ထုတ်လွှတ်မှုများကို လျော့ကျစေပြီး၊ မြေပြင်အပူချိန်များကို တိုးလာစေလေ့ရှိသည်။ သစ်ပင်သစ်တောများသည် ကာဘွန်ကို စုပ်ယူထားရာနေရာများလည်း ဖြစ်ကြသဖြင့် သစ်တောပြုန်းတီးမှုများက လေထုအတွင်းရှိနေသည့် ကာဘွန်ဒိုင်အောက်ဆိုဒ် ပမာဏကို တိုးပွားစေကာ အကျိုးဆက်အဖြစ် လေထုပူနွေးမှုကို ဖြစ်လာစေသည်။ ထို့အပြင် သစ်ပင်သစ်တောများက မြေပြင်ထက်ပို၍ နေရောင်ကို ပိုမိုစုပ်ယူနိုင်ကြသည်။ သစ်တောပြုန်းတီးမှုများကြောင့် မြေပြင်တစ်လျှောက် နေရောင်ပြန်လွှင့်မှုများတိုးပွားလာပြီး၊ ဒေသအတွင်း အပူချိန်ကွာခြားချက်များကို တိုးလာစေကာ၊ အမြင့်ပိုင်းရှိ လေစီးကြောင်းများကို ပြောင်းလဲလာစေသည်။ ယင်းအချက်များ၏ အကျိုးဆက်ကြောင့် လေထုအတွင်း ရေငွေ့ပါဝင်မှုနှင့် လေထုရွေ့လျား လှည့်ပတ်မှုပုံစံများကို ပြောင်းလဲလာစေကာ၊ နိုင်ငံတွင်းနှင့် ဒေသဆိုင်ရာ ရာသီဥတု ပြောင်းလဲမှုများကို ဖြစ်လာစေသည်။ ဒေသဆိုင်ရာ ရာသီဥတု ပြောင်းလဲမှုများအချင်းချင်း ထိတွေ့ချိတ်ဆက်မိခြင်းကြောင့် ကမ္ဘာ့ရာသီဥတုများပါ ပြောင်းလဲလာခဲ့ရသည်။ ရခိုင်ရိုးမအပါအဝင် ရိုးမသစ်တောပြုန်းတီးမှုများက နိုင်ငံအနှံ့ ဆိုးရွားလှသည့် အခြားသစ်ပင်သစ်တော ပြုန်းတီးမှုများနှင့်အတူ နိုင်ငံတွင်းနှင့် ဒေသဆိုင်ရာ ရာသီဥတုပြောင်းလဲမှုများအပေါ် ကြီးမားသည့် သက်ရောက်မှုများကို ဖြစ်စေသည်။ ထိုအချက်က ဘင်္ဂလားပင်လယ်အော် မုန်တိုင်းများ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ရာတွင် မုန်တိုင်းလမ်းကြောင်းများ တောင်ဘက်သို့ ‌ရွေ့ဆင်းလာခဲ့သည့် ဖြစ်စဉ်အပေါ် ကြီးမားသည့် လွှမ်းမိုးသက်ရောက်မှုများ ရှိနေခဲ့မည်သာ ဖြစ်သည်။ ရာသီဥတုပြောင်းလဲလာမှုများ၊ ရိုးမသစ်တောပြုန်းတီးမှုများနှင့်အတူ ဆိုးရွားစွာ ပြောင်းလဲလာသည့် မြေပြင်အနေအထားများက၊ မာလာနှင့် နာဂစ်ကဲ့သို့သော ဘင်္ဂလားပင်လယ်အော် မုန်တိုင်းများကို အစဥ်အလာအရ ဝင်ရောက်လာလေ့ရှိသည့် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းဒေသများမှ မဟုတ်ဘဲ၊ ရခိုင်ကမ်းရိုးတန်း၏ တောင်ဘက်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများမှ ဝင်ရောက်လာစေရာတွင် အဓိကအရေးပါသည့် အကြောင်းရင်းများ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ 

ဘင်္ဂလားပင်လယ်အော် မုန်တိုင်းများနှင့် ပတ်သက်လျင် မည်သည့်အချိန် မုန်တိုင်းဖြစ်မည်၊ မည်သည့်လမ်းကြောင်းဖြင့် ရွေ့လျားမည်၊ မည်သည့်မုန်တိုင်းသည် မြန်မာပြည်ဘက်သို့ ဦးတည်လာမည်၊ မည်သည့်နေရာမှ ကမ်းတက်ဝင်ရောက်မည် စသည်များကို ကြိုတင်မှန်းဆနိုင်ရန်မှာ မဖြစ်နိုင်ပါ။ သို့ရာတွင် ရိုးမသစ်တောများအပါအဝင် သစ်တောများ ပြန်လည်တည်ထောင်ပေးရန်မှာ မဖြစ်နိုင်သည့် အရာ မဟုတ်ဘဲ၊ ယင်းတို့ကို အမြန်ဆုံး ပြန်လည်ထူထောင်ရေးမှာ မဖြစ်မနေနှင့် အောင်မြင်အောင် လုပ်ဆောင်ရမည့် အလုပ်တစ်ခုလည်း ဖြစ်သည်။ သစ်တောများ ပြန်လည်ထူထောင်ရေးသည် နိုင်ငံအတွင်း ဆိုးရွားလှသည့် ကုန်းမြေတိုက်စားမှုများ၊ မြစ်ချောင်း ဆည်တမံ တိမ်ကောမှုများ၊ ရေကြီးရေလျှံဖြစ်မှုများ ကဲ့သို့သော သဘာဝ ဘေးအန္တရာယ်များနှင့် လူအများရင်ဆိုင်ကြုံတွေ့နေရသည့် ဘေးဒုက္ခများကို လျှော့ချရာတွင် အရေးအကြီးဆုံးနှင့် အရေးအပါဆုံး လိုအပ်ချက် ဖြစ်သကဲ့သို့၊ နိုင်ငံတွင်းနှင့် ဒေသတွင်း ရာသီဥတုများအပြင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအပေါ်တွင် အကောင်းဘက်မှသာ လွှမ်းမိုးသက်ရောက်လာစေမည် ဖြစ်သည်။

ကယ်ဆယ်ရေးနှင့် အဖြေရှာရေး

မုန်တိုင်းတိုက်ခတ်ပြီးသည်မှ ယနေ့အထိ အများက နာဂစ်မုန်တိုင်း ဖြစ်ပေါ်ကြုံတွေ့ရမှုကို အကူအညီပေးရမည့် ဘေးဒုက္ခတစ်ခုအဖြစ်သာ ကြည့်မြင်ကြလျက်၊ အဖြေရှာရမည့် ပြဿနာတစ်ခုအဖြစ် ကြည့်မြင်ခြင်း မရှိကြပေ။ အထူးသဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများက သဘာဝဘေးအန္တရာယ်များအတွက် ကြည့်မြင်လေ့ရှိသည့် "ဘေးဒုက္ခအန္တရာယ်လျှော့ချရေး" နှင့် "ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရေး" ရှုဒေါင့်နှစ်ခုမှ ဆန်းစစ်ကာ၊ မည်ကဲ့သို့ ကူညီပံ့ပိုးပေးရမည်ဆိုသည့်အပေါ် စီမံချက်များရေးဆွဲခြင်းနှင့် မူဝါဒများ ချမှတ်အကောင်အထည် ဖော်မှုများကိုသာ အင်တိုက်အားတိုက် လုပ်ဆောင်ကြသည်ကိုသာ တွေ့ရှိရသည်။

ထိုသို့လုပ်ဆောင်မှုများသည် အမှန်တကယ်လိုအပ်သည့် အချက်များဖြစ်ပြီး မှားယွင်းခြင်းလည်းမရှိပေ။ သို့ရာတွင် တစ်စုံတစ်ယောက်အတွက် ဒုက္ခရောက်နေစဉ် ဘေးမှ အကူအညီပေး ပံ့ပိုးလာသည်များကို မဖြစ်မနေ လက်ခံရန်လိုအပ်သကဲ့သို့၊ ထိုဒုက္ခများမှ ကျော်လွှားနိုင်ရန်အတွက် နည်းလမ်းများရှာဖွေကာ ကြိုးစားရုန်းထခြင်းဖြင့် ရေရှည်တွင် မိမိဘာသာ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေနိုင်ရန်မှာလည်း အရေးကြီးလှသည်။ တကယ်တော့ ထိုပံ့ပိုးကူညီမှုများမှာ နာကျင်မှုမှ သက်သာစေမည့် အကိုက်အခဲ ပျောက်ဆေးများ ကဲ့သို့သာ ဖြစ်ပြီး၊ နာကျင်မှုကို ဖြစ်စေသည့် အကြောင်းရင်း သို့မဟုတ် ရောဂါကို အမြစ်ဖြတ် ကုသပေးမည့် ဆေးဝါးများကဲ့သို့ ပြဿနာများကို အတိအကျ ဖြေရှင်းပေးနိုင်မည် မဟုတ်သည်ကို နားလည်သင့်ပါသည်။ 

ဘေးဒုက္ခလျှော့ချရေးဆိုင်ရာ မူဝါဒများ၏ အားနည်းချက်မှာ၊ ကယ်ဆယ်ကူညီ ပံ့ပိုးထူထောင်ပေးခြင်းအတွက် ဘေးဒုက္ခကြုံရခြင်းကို ပြဿနာတစ်ခုအဖြစ် ကြည့်မြင်လျက် အဖြေရှာရန် မလိုအပ်ခြင်းကြောင့် ဘေးဒုက္ခဖြစ်ရခြင်း၏ အကြောင်းရင်းမြစ်များကို ဆန်းစစ်ကာ အဖြေရှာရန် ပျက်ကွက်နေစေခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ရေကြီးရေလျှံဖြစ်မှုကဲ့သို့သော နှစ်စဉ်မပြတ်ဖြစ်နေသည့် ဘေးဒုက္ခများအတွက် အဖြေရှာ ဖြေရှင်းပစ်နိုင်ရန် နည်းလမ်းများရှိနေသော်လည်း၊ ဖြစ်လာမှသာ ကူညီပံ့ပိုးမှုများဖြင့် ရှင်းလင်းပေးရမည့်၊ နှစ်စဉ်ဖြစ်နေကျ သမားရိုးကျ ဖြစ်စဉ်များအဖြစ်သာ မှတ်ယူနေကြဆဲ ဖြစ်နေပုံရသည်။ နာဂစ်မုန်တိုင်းအပြီး နောက်ပိုင်း လုပ်ဆောင်လာကြသည့် မုန်တိုင်းခို အဆောက်အဦများ ဆောက်လုပ်ခြင်းနှင့်၊ လမုတောများကို ထိန်းသိမ်းခြင်းနှင့် တိုးချဲ့စိုက်ပျိုးခြင်း စသည့် ကယ်ဆယ်ရေးနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများမှာ ဘေးဒုက္ခအန္တရာယ်လျှော့ချရေး နှင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရေးအတွက် အမှန်တကယ်လိုအပ်သည်များဖြစ်သဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လုပ်ဆောင်ရန်လည်း လိုအပ်လှသည်။ သို့ရာတွင် ထိုအချက်များမှာ ဘေးအန္တရာယ်ကျရောက်လာလျင် ကြုံတွေ့လာရနိုင်သည့် ဒုက္ခများ၏ အတိုင်းအဆများကိုသာ လျော့ပါးစေနိုင်မည် ဖြစ်သည်။ နောက်ထပ်နာဂစ်ကဲ့သို့သော မုန်တိုင်းများ မြစ်ဝကျွန်းပေါ်‌ဒေသသို့ ဖြတ်ဝင်မလာစေရန် သို့မဟုတ် ဝင်လာနိုင်ခြေရှိသည်များကို လျှော့ချနိုင်ရန်အတွက်မူ သစ်ပင်သစ်တောကြီးများ အထူးသဖြင့် ရိုးမတောင်ထိပ် သစ်တောကြီးများကို ပြန်လည်ထူ‌လောင်ခြင်းကဲ့သို့သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကိုပါ တစ်ပြိုင်နက်တည်း ဆောင်ရွက်ပေးရန် လိုအပ်လှသည်။

ဤနေရာတွင် သစ်ပင်သစ်တောများကို ပြန်လည်ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်ကြရာတွင် သဘာဝပတ်ဝန်းကျင် ကောင်းမွန်ရေးနှင့် ရာသီဥတုပြောင်းလဲမှုများကို ရင်ဆိုင်နိုင်ရန်အတွက် မိမိတို့လိုအပ်သည်မှာ သစ်နှင့် သစ်ပင်ထွက်ပစ္စည်း ထုတ်လုပ်ရန်ရည်ရွယ်ချက်ဖြင့် သစ်ပင်အမျိုးအစား တစ်မျိုးတည်းကို အကွက်ချစိုက်ပျိုးထားသည့် သစ်တောသစ်ပင် စိုက်ခင်းများ မဟုတ်ဘဲ၊ တိရိစ္ဆာန် မျိုးကွဲမျိုးစုံ မှီတင်းနေထိုင်နိုင်မည့် လူဖြတ်လျှောက်၍ပင် မရနိုင်သည့် အပင်မျိုးကွဲမျိုးစုံပါဝင်သည့် သဘာဝသစ်တောကြီးများ ဖြစ်သည်ကို ကွဲပြားစွာ နားလည်ရန် လိုအပ်လှပါသည်။

သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ရာတွင် ဘေးဒုက္ခအန္တရာယ် လျှော့ချရေး နှင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရေး လိုအပ်ချက်များအပြင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ရှုဒေါင့်မှ ပြဿနာများကို စနစ်တကျ လေ့လာဆန်းစစ်အဖြေထုတ်ကာ ပေါင်းစပ်လုပ်ဆောင် ပေးမှသာ‌ ပိုမိုကောင်းမွန်စိတ်ချရကာ ရေရှည်တည်တံ့မည့် လူနေမှုပတ်ဝန်းကျင်များ ဖြစ်လာစေနိုင်မည် ဖြစ်သည်။

နာဂစ်အပြီး ဓမင်းဆိပ်နာဂစ်မုန်တိုင်း တိုက်ခတ်ချိန်က တနင်္သာရီကမ်းရိုးတန်း ရေဖြူမြို့နယ် ကန်ဘောက်ဒေသ ဓမင်းဆိပ်ကမ်းခြေတွင် ပင်လယ်ရေတိုက်စားမှုကြောင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းများ မြေပေါ်ပေါ်လာခဲ့ကြခြင်းအတွက် ရတနာနှင့် ရဲတံခွန် ကမ်းလွန် သဘာဝဓါတ်ငွေ့လုပ်ငန်းနှစ်ခုတို့ ပူးတွဲလေ့လာနေကြသည့် အချိန်လည်း ဖြစ်နေသည်။ 

မြစ်ဝကျွန်းပေါ်ဒေသတွင် နာဂစ်မုန်တိုင်းတိုက်ခတ်အပြီး ကန်ဘောက် ကုန်းတွင်းစခန်းမှ ရိုက်ကူးပေးပို့လိုက်သည့် ဓါတ်ပုံများအရ ဓမင်းဆိပ်ကမ်းခြေသည်လည်း ဆိုးဆိုးရွားရွား တိုက်စားခံခဲ့ရပြီး၊ ပင်လယ်ကမ်းခြေ သဲသောင်ထိပ် ကုန်းမြေအစပ်တွင် တစ်မီတာခွဲ (၅-ပေ) ခန့် အမြင့်ရှိသည့် ဒေါင်လိုက်ကမ်းပါးအဖြစ် ကမ်းရိုးတန်းတစ်လျှောက် ဖြတ်စားကျန်ရစ်ခဲ့သည်ကို တွေ့ရှိရသည်။ ကမ်းခြေသောင်ပြင်သည်လည်း သိသာစွာ တိုက်စားခြင်း ခံခဲ့ရကာ၊ ကမ်းခြေကုန်းမြေစပ်တွင် စိုက်ထားသည့် ပင်လယ်ကဗွီးပင် အချို့သည်လည်း အမြစ်မှကျွတ်ထွက်ကာ ပျက်စီးသွားခဲ့ကြသည်။ ထို့အတူပင် ဓမင်းဆိပ်ကျေးရွာတွင်လည်း ကမ်းစပ်အနီးရှိ အိမ်နှင့် သစ်ပင် အချို့ ပင်လယ်ရေကြောင့် တိုက်စားပြိုပျက် သွားခဲ့သည်ကိုလည်း တွေ့ရှိခဲ့ကြရသည်။

ဤကဲ့သို့ ကမ်းခြေတိုက်စားခံရမှုများမှာ ရာသီဥတုဆိုးရွားကာ လှိုင်းလေထန်သည့် မုတ်သုန်ကာလများတစ်လျှောက် ဖြစ်လေ့ဖြစ်ထ ရှိသော်လည်း၊ မုန်တိုင်းတိုက်ခတ်ခံရသည့် ကာလများတွင် ပိုမိုဆိုးရွား ထူးခြားစွာ တိုက်စားခံရလေ့ရှိသည်။ ဓမင်းဆိပ်ကမ်းရိုးတန်း တစ်ခုလုံးသည် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကပင် လူမသိသူမသိဖြင့် အဆက်မပြတ် တိုက်စားခံနေခဲ့ရပြီး ကုန်းမြေရှိရာ အတွင်းဘက်သို့ တိုးဝင်လာလျက် ရှိနေသည်။ 

အနာဂါတ်တွင်လည်း ဆက်လက်တိုက်စားခံနေရဦးမည် ဖြစ်သည့်အပြင်၊ ဘင်္ဂလားပင်လယ်အော် မုန်တိုင်းများ မြန်မာနိုင်ငံတောင်ဘက်ပိုင်းသို့ ပိုမိုဦးတည်လှည့်ဝင်လာလေ ဓမင်းဆိပ်ကမ်းရိုးတန်းသည်လည်း ပိုမိုမြန်ဆန်သည့်နှုန်းဖြင့် တိုက်စားခံနေရလေ ဖြစ်နေဦးမည်သာ ဖြစ်သည်။အနာဂါတ်တွင် ဘင်္ဂလားပင်လယ်အော် မုန်တိုင်းများ မြန်မာနိုင်ငံတောင်ဘက်ပိုင်းသို့ ဦးတည်လှည့်ဝင်မလာစေရန်မှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အတွက်သာမက၊ ဓမင်းဆိပ်ကမ်းရိုးတန်းကဲ့သို့သော မုန်တိုင်းဖြစ်ရာဒေသများနှင့် အလှမ်းဝေးလွန်းသည့် ဒေသများအတွက်လည်း အလွန်အရေးကြီးလှသည့် အချက်ဖြစ်နေသည်။ ထို့ကြောင့် ပင်လယ်ကမ်းခြေများနှင့် ကမ်းရိုးတန်းများကို မုန်တိုင်းများ၏ ဘေးဒဏ်မှ တိုက်ရိုက် လျော့ပါးသက်သာစေမည့် နည်းလမ်းများကို သက်ဆိုင်ရာဒေသများတွင် လုပ်ဆောင်ပေးရန်လိုသကဲ့သို့၊ ရာသီဥတုပြောင်းလဲမှုများအတွင်း တစ်ဆက်တစ်စပ်တည်း ရှိနေသည့် ရိုးမတောင်ထိပ် သစ်တောများနှင့် နိုင်ငံအဝှမ်း သစ်ပင်သစ်တောများ ပြန်လည်ထူထောင်ရေးကိုလည်း တစ်ပြိုင်နက်တည်းနှင့် မပျက်မကွက် အောင်မြင်အောင် အားထည့်ကြိုးပမ်းကြရန် လိုအပ်လျက် ရှိနေပါသည်။

သဘာဝဘေးအန္တရာယ်ဆိုသည်မှာ တားဆီးရှောင်လွှဲ၍မရ၊ တားဆီးရန်ရော ရှောင်လွှဲရန်ပါ မဖြစ်နိုင်ဟု ဆိုကြလေ့ရှိသည့်၊ မစခင်ကတည်းက အလုံးစုံ အရှုံးပေးထားပြီးဖြစ်သည့် ယုံကြည်စိတ်မျိုးဖြင့်၊ ရာသီဥတုပြောင်းလဲမှုများကို အလွယ်တကူ အရှုံးပေးကာ ရင်ဆိုင်ခြင်းမျိုးကို ဆက်လက်ဆုပ်ကိုင် ထားခြင်းမျိုးမှာ မဖြစ်သင့်တော့ပေ။ 

၁ - ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် တားဆီးရှောင်လွှဲရန် သို့မဟုတ် အတူယှဥ်တွဲနေနိုင်ရန် ကြိုးစားလုပ်ဆောင်ခြင်း၊ 

၂ - ဖြစ်လာလျင် ခံစားရမည့် ဘေးဒုက္ခများ လျော့ပါးစေရန် ကြိုတင်ပြင်ဆင်ထားခြင်းနှင့် 

၃ - ဖြစ်လာခဲ့လျင် အကောင်းဆုံး ကယ်ဆယ်ကူညီထူထောင်ပေးရန် ပြင်ဆင်လုပ်ဆောင်ပေးခြင်း စသည့် နည်းလမ်းအဆင့်ဆင့်ကို ပေါင်းစပ်လုပ်ဆောင် ပေးခြင်းဖြင့် ပိုမိုဆိုးရွားလာမည့် ရာသီဥတုပြောင်းလဲမှုများကို ရင်ဆိုင်ရင်း၊ အနာဂါတ်တွင် ရေရှည်တည်တံ့နိုင်ပြီး ပိုမိုကောင်းမွန်သည့် လူမှုပတ်ဝန်းကျင်ကို တည်ဆောက်ဖန်တီး နိုင်ကြမည် ဖြစ်ပါသည်။

**********

အဂႅလိပ် ဝေါဟာရများ။

ဘေးဒုက္ခအန္တရာယ်လျှော့ချရေး - DDR (Disaster Risk Reduction)

ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရေး - CCA (Climate Change Adaptation)

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး - Environmental Maintenance

မုန်တိုင်းခို အဆောက်အဦ - Cyclone Shelter

**********

သိန်းမော် (မေလ ၂၁ ရက်၊ ၂ဝ၂၀ခုနှစ်) Facebook စာမျက်နှာမှကူးယူတင်ပြပါသည်။


...

နာဂစ်အလွန် ဓမင်းဆိပ် Daminseik Beyond the Cyclone Nargis - အပိုင်း (၂) - Myanmar Water Portal

အပိုင်း (၂) သေမင်းတမန်မုန်တိုင်း၏ ရှေ့တော်ပြေးမာလာရှေးယခင် မိမိတို့ ဘိုးဘွားများ လက်ထက်ကတည်းက ဘင်္ဂလားပင်လယ်အော်အတွင်း စတင်အခြေပြုကာ ကြီးထွားကျယ်ပြန့် လာလေ့ရှိသည့် မုတ်သုန်မုန်တိုင်းများ အားလုံးလိုလိုမှာ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများဆီသို့သာ
...
 

နာဂစ်အလွန် ဓမင်းဆိပ် Daminseik Beyond the Cyclone Nargis - အပိုင်း (၃) - Myanmar Water Portal

အပိုင်း (၃) အဖြေသည် ပြဿနာနှင့်အတူ ရှိနေတတ်သည်ဓမင်းဆိပ်ကမ်းခြေတွင် ပင်လယ်ကမ်းရိုးတန်း တိုက်စားမှုများကြောင့် ရတနာ ၃၆-လက္မ သဘာဝဓါတ်ငွေ့ပိုက်လိုင်း၏ တစ်စိတ်တစ်ပိုင်း မြေပေါ်ပေါ်လာသည်ကို မာလာမုန်တိုင်း တိုက်ခတ်မှုအပြီး တစ်နှစ်ကျော် (၁၅လခွဲ) အကြာ၊ ၂ဝ၁၇ ခု
In Tanintharyi, an indigenous alternative to Big C...
Nantha Island and Mayyu Estuaries awarded Ramsar S...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal