မိုးရွာသွန်းမှုနည်းပါးပြီး ကန်ရေအနည်းငယ်သာ ရရှိခြင်းကြောင့် သောက်သုံးရေ ရှားပါးနေဆဲဖြစ်သည့် ရေစကြိုမြို့နယ် ဥက္ကံကျေးရွာအား Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်းရေလှူဒါန်း

မိုးရွာသွန်းမှုနည်းပါးပြီး ကန်ရေအနည်းငယ်သာ ရရှိခြင်းကြောင့် သောက်သုံးရေ ရှားပါးနေဆဲဖြစ်သည့် ရေစကြိုမြို့နယ် ဥက္ကံကျေးရွာအား Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်းရေလှူဒါန်း ရေစကြိုမြို့နယ် ဥက္ကံကျေးရွာမှ ဒေသခံများ သောက်သုံးရေ ခပ်ယူနေစဉ်

8 July 2020 - Source: Eleven Media Group Co.,Ltd.

မိုးရွာသွန်းမှု နည်းပါးပြီး ကန်ရေအနည်းငယ်သာ ရရှိခြင်းကြောင့် သောက်သုံးရေ ရှားပါးနေဆဲဖြစ်သည့် ရေစကြိုမြို့နယ် ဥက္ကံကျေးရွာအား Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်းပြီး ယခု ဇူလိုင်လအတွင်း ရေလှူဒါန်း ပေးလျက်ရှိသည်။

ဇွန်လကုန်ပိုင်း မိုးရွာသွန်းမှုကြောင့် ရေစကြိုမြို့နယ် ဥက္ကံကျေးရွာ သောက်ရေကန်များမှာ မိုးရေ အနည်းငယ် ရရှိသော်လည်း အနည်အနှစ်များ များပြားနေခြင်းနှင့် ရေရရှိမှု နည်းပါးခြင်းကြောင့် လတ်တလော သောက်သုံးရန် အဆင်မပြေသေးကြောင်း သိရသည်။

"မိုးက ရွာတော့ ရွာတယ်။ ကန်ရေ ရလောက်အောင် မရွာဘူး။ ကန်ရေက ခြေသလုံး အလည်လောက် ခြေမျက်စိလောက်ပဲဝင်တော့ ဘယ်လိုမှ သောက်မဖြစ်ဘူး။ ရေခပ်လိုက်တာနဲ့ အောက်ခြေက အနည်ထလာ တာပဲ။ ဆိုင်ကယ် စက်ဘီးရှိတဲ့ သူက နှစ်မိုင်လောက် ဝေးတဲ့ဆီမှာရှိတဲ့ စက်ရေတွင်းကို သွားခပ်ရတယ်။ ဆိုင်ကယ်တို့ စက်ဘီးတို့လည်းမရှိ လူငယ်လည်း မရှိတဲ့အိမ်က ရေဝယ်သုံးရတယ်။ ရေဝယ်မသုံးနိုင်တဲ့ အိမ်ကတော့ ကန်ရေကိုပဲ မရှိသုံး အနည်တိမ်ပြီး သုံးရတာပေါ့။ အရင်ကတော့ နယုန်မိုးသေး မြက်သားမွေးဆိုပြီး မိုးကောင်းတယ်။ ခုကတော့ မိုးကို ကောင်းကောင်း မရွာသေးဘူး" ဟု ဥက္ကံကျေးရွာမှ ဦးသန်းလွင်က ပြောကြားသည်။

သောက်သုံးရေ လိုအပ်နေသည့် ရေစကြိုမြို့နယ် ဥက္ကံကျေးရွာမှာ ကန်ရေခန်းခြောက်ပြီး စက်ရေတွင်းတစ်ခု တည်းကိုသာ မှီခိုသုံစွဲနေရာမှ စက်ရေတွင်း ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့သည့်အတွက် ရေအလှူကားများကိုသာ အားထားခဲ့ရကြောင်း သိရသည်။

အိမ်ခြေ ၂၀၀ ကျော်ရှိ ရေစကြိုမြို့နယ် ဥက္ကံကျေးရွာမှာ Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ ရေဂါလန် ၃၀၀၀ လှူဒါန်းပေးမှုကြောင့် သောက်သုံးရေ သုံးရက်စာခန့် ဖူလုံခဲ့ပြီး ယခုနှစ်အတွင်း ၁၅ ကြိမ် မြောက် လှူဒါန်းပေးခြင်းဖြစ်သည်။

"အရင်ကတော့ မိုးရွာလို့ ချောင်းကျပြီး ရင် စိမ့်ရေထွက်တယ်။ ချောင်းထဲမှာ နှစ် တောင် သုံးတောင်လောက် တူးပြီးရင် ရေ ထွက်တယ်။ အဲဒီရေကို ရေမှုတ်နဲ့ခပ်ပြီး ပုံးတွေနဲ့ သယ်လို့ရတယ်။ ခုကတော့ စိမ့်ရေကို လုံးဝမထွက်ဘူး။ စက်ရေတွင်းက ရေကလည်းငန်တော့ သောက်ရေမရဘူ။ သောက်ရေက ဒီလိုရာသီမှာ တစ်နေ့ ရေသုံးပုံးဆိုတာ အနည်းဆုံးကုန်တာပဲ။ လူများရင် များသလောက် ရေကုန်တာပဲ။ ခုလို ရေကားလာရင် အနည်းဆုံး သုံးရက်စာလောက်တော့ရတယ်" ဟု ဥက္ကံကျေးရွာမှ ဦးသန်းလွင်က ပြောကြားသည်။

ရေစကြိုမြို့နယ် ဥက္ကံကျေးရွာမှာ ရေအ ခက်အခဲ ဖြေရှင်းရန် ကျေးရွာနှင့် တစ်မိုင်ခန့် အကွာတွင် စက်ရေတွင်း တူးဖော်နိုင်ရေး ကြိုးစားနေသော်လည်း ကုန်ကျစရိတ် သိန်း ၁၀၀ နီးပါးရှိမည်ဖြစ်သည့် အတွက် ရေတွင်း တူးဖော်ရေး အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။

ပခုက္ကူနှင့် ညောင်ဦးခရိုင်အတွင်း ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင် နှစ်ရက်ခန့် မိုးရွာသွန်းခဲ့သည့်အတွက် အချို့သော ကျေးရွာများမှ မြေသားကန်များမှာ သောက်သုံးရေ အများအပြား သိုလှောင်နိုင်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ပံ့ပိုးသည့် ရေသယ်ယာဉ် နှစ်စီးဖြင့် Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လထိ ရေဂါလန် တစ်သန်းကျော်ကို ရေရှားပါးသော ပခုက္ကူနှင့် ညောင်ဦးခရိုင်တွင်း ကျေးရွာများသို့ လှူဒါန်းပေးထားသည်။


Sesame plants in Magway under threat by drought
ရေ၊ ရာသီ၊ မြန်မာပြည်
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal