မိုးရွာသွန်းမှုလျော့နည်းနိုင်သည့် ခန့်မှန်းချက်များနှင့် ရွေးချယ်ရတော့မည့် စိုက်ပျိုးရေးသီးနှံများ

မိုးရွာသွန်းမှုလျော့နည်းနိုင်သည့် ခန့်မှန်းချက်များနှင့် ရွေးချယ်ရတော့မည့် စိုက်ပျိုးရေးသီးနှံများ Source: နီလာ၊ ဆန်းထူးအောင်

14 June 2020 - Source: Eleven Media Group Co.,Ltd.

(၁)

ယခုနှစ်တွင် မိုးရွာသွန်းမှု လျော့နည်းနိုင်သည့်အတွက် တောင်သူများအနေဖြင့် ဒေသအလိုက်စျေးကွက်ဝင် သက်တမ်းတိုစပါးမျိုးနှင့် ရေငတ်ဒဏ်ခံစပါးမျိုးများ ပြောင်းလဲစိုက်ပျိုးကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်များအရ မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကာလအတွင်း မိုးရွာသွန်းမှုအခြေအနေသည် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းထားသည်။

ယခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးသို့ မုတ်သုံလေဝင်ရောက်နိုင်မှုသည် ဇွန် ၃ ရက်မှ ၈ ရက်နေ့အတွင်း ဝင်ရောက်နိုင်သည်ဟု မိုး/ ဇလက ခန့်မှန်းထားခဲ့သော်လည်း ဇွန် ၁၀ ရက်မှသာ တစ်နိုင်ငံလုံးသို့ မုတ်သုံလေ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် မိုးရာသီကာလအား အပိုင်းသုံးပိုင်းခွဲထားပြီး မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကာလတို့ ဖြစ်သည်။ မိုးဦးကာလသည် မြန်မာနိုင်ငံသို့ မုတ်သုံလေ စတင်ဝင်ရောက်သည့်အချိန်မှ ဇွန်လကုန်ထိဖြစ်ပြီး မိုးလယ်ကာလသည် ဇူလိုင် ၁ ရက်မှ သြဂုတ်လကုန်အထိဖြစ်ကာ မိုးနှောင်းကာလသည် စက်တင်ဘာ ၁ ရက်မှ အနောက်တောင် မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ဆုတ်ခွာသည့်အချိန်ဖြစ်သည်။

မိုးတွင်းကာလအတွင်းတွင်လည်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ၁၁ ကြိမ်ဖြစ်ပေါ်ပြီး ငါးကြိမ်သည် မုန်တိုင်းအဖြစ် ပြောင်းလဲနိုင်ကြောင်း မိုး/ ဇလက ခန့်မှန်းထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် မိုးလေဝသပညာရှင်များက ယခုနှစ် မိုးတွင်းကာလတွင် မိုးနည်းနိုင်သည်ဟု ခန့်မှန်းထားသည်။

နှစ်ပေါင်း ၃၀ ပျမ်းမျှမိုးရေချိန် ပမာဏထက် ရာခိုင်နှုန်း ၂၀ မိုးလျော့နည်းမှုသည် ခုနစ်ရက်ထက်ပိုပါက မိုးခေါင်ခြင်းဟု သတ်မှတ်သည်။ အဆိုပါမိုးခေါင်ခြင်းကို သာမန်မိုးခေါင်ခြင်း (Minor Drought) ဟု သတ်မှတ်သည်။ နှစ်ပေါင်း ၃၀ ပျှမ်းမျှမိုးရေချိန် ပမာဏထက် ရာခိုင်နှုန်း ၅၀ နှင့်အထက် လျော့နည်းမှု ၁၅ ရက်ထက်ပိုပါက အဓိကမိုးခေါင်ခြင်း (Major Drought) ဟု သတ်မှတ်ကြောင်း သိရသည်။

ယခင်ကာလများတွင် မြန်မာနိုင်ငံ၌ တစ်နှစ်ပတ်လုံး မိုးရွာသွန်းမှုသည် ၁၄၄ ရက်ရှိပြီး ယခုနောက်ပိုင်းတွင် တစ်နှစ်ပတ်လုံး မိုးရွာသွန်းမှုသည် ၁၀၅ ရက်ခန့်သာ ရှိတော့သည်။


(၂)

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး လူဦးရေ၏ ရာခိုင်နှုန်း ၇၀ ခန့်မှာ ကျေးလက်ဒေသတွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင် စားသောက်နေခြင်းဖြစ်သည်။

လက်ရှိအချိန်၌ ရာသီဥတု ပြောင်းလဲပြီး မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မိုးသီးကြွေခြင်း၊ တောမီးလောင်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များသည် တောင်သူများ၏လူမှုစီးပွားဘဝကို ထိခိုက်စေလျက်ရှိသည်။

ပြောင်းလဲလာသည့်ရာသီဥတုနှင့်အညီ ရေကို အကျိုးရှိရှိထိရောက်စွာ အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရေလိုအပ်ချက်နည်းသော သက်တမ်းတိုသီးနှံများကို စိုက်ပျိုးခြင်း၊ ဒေသအခြေအနေအပေါ်မူတည်၍ သီးနှံနှင့် သီးနှံပုံစံများ ပြောင်းလဲစိုက်ပျိုးခြင်း၊ စပါး စိုက်ပျိုးရာတွင် ရေသွင်း၊ ရေခမ်းစနစ် အသုံးပြု၍စိုက်ပျိုးစေခြင်း၊ ရေကို ချွေတာသုံးစွဲနိုင်သည့် ခေတ်မီရေသွင်းကိရိယာများ အသုံးပြု စိုက်ပျိုးစေခြင်းစသည့် ပညာပေးလုပ်ငန်းများ၊ သရုပ်ပြပွဲများ ဆောင်ရွက်လျက်ရှိကြောင်း၊ အပူပိုင်းဇုန်ဒေသများတွင်လည်း ရေတွင်းများတူးပေးခြင်း၊ ရေစု၊ ရေလှောင်ကန်များ ပြုလုပ်ပေးခြင်း၊ ရေရရှိမှုအပေါ် မူတည်ပြီး နွေစပါးအစား အခြားသီးနှံများ စိုက်ပျိုးမည့်အစီအစဉ်များ ရေးဆွဲခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ၂၀၂၀ ပြည့်နှစ် မတ် ၂ ရက် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၏သဝဏ်လွှာတွင် ဖော်ပြထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံအတွင်း စပါးတန်ချိန် ၂၆ သန်း စိုက်ပျိုးထုတ်လုပ်ထားပြီး ပြည်တွင်း စားသုံးမှုလိုအပ်ချက်မှာ တစ်နှစ်လုံးအတွက် စပါးတန်ချိန် ၁၅ သန်းကျော်သာရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် စပါးစိုက်ဧက ၁၇ ဒသမ ၈ သန်းခန့် စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် တစ်နှစ်လျှင် စပါးတန်ချိန် ၂၇ သန်းဝန်းကျင်ရှိကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်သည် ငါးနှစ်အတွင်းတန်ချိန် ၂၇ ဒသမ ၅ သန်းကျော်ဖြင့် အများဆုံးထွက်ရှိသည့်နှစ်ဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် နှစ်အလိုက် စပါးစိုက်ဧကနှင့် စပါးအထွက်နှုန်းကို လေ့လာကြည့်ပါက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် စပါးစိုက် ဧက ၁၇၇၂၂၃၅၅ (၁၇ သန်းကျော်) စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် စပါးတန်ချိန် ၂၆၄၂၃၃၁၉ (၂၆ သန်းကျော်) ထွက်ရှိသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စပါးစိုက်ဧက ၁၇၈၂၀၅၈၆ (၁၇ သန်းကျော်) စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် စပါးတန်ချိန် ၂၆၂၁၀၃၁၉ (၂၆ သန်းကျော်) ထွက်ရှိသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စပါးစိုက်ဧက ၁၇၆၉၅၅၂၅ (၁၇ သန်းကျော်) စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် စပါးတန်ချိန် ၂၅၆၇၂၈၃၃ (၂၅ သန်းကျော်) ထွက်ရှိပြီး ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက စပါးအထွက်နှုန်း လျော့ကျခဲ့သည့်နှစ်ဖြစ်သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စပါးစိုက်ဧက ၁၇၉၃၀၂၉၄ (၁၇ သန်းကျော်) စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် စပါးတန်ချိန် ၂၅၆၂၄၄၉၂ (၂၅ သန်းကျော်) ထွက်ရှိပြီး ပြီးခဲ့သည့် လေးနှစ်အတွင်း စပါးအထွက်နှုန်း အနည်းဆုံးနှစ်ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စပါးစိုက်ဧက ၁၇၈၆၁၀၅၅ (၁၇ သန်းကျော်) စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် စပါးတန်ချိန် ၂၇၅၇၃၅၈၉ (၂၇ သန်းကျော်) ထွက်ရှိခဲ့သဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ ငါးနှစ်အတွင်း စပါးအထွက်နှုန်းအများဆုံးနှစ်ဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သည့် မြန်မာနိုင်ငံအနေဖြင့် တောင်သူများ ဝင်ငွေတိုးတက်ရေးသည် နိုင်ငံစီးပွားဖွံ့ဖြိုးရေးကို တိုက်ရိုက်အချိုးကျ ပတ်သက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ သဘာဝ ရေမြေရာသီဥတုအရ စိုက်ပျိုးမြေ ဧရိယာများစွာ ရှိသော်လည်း လက်ရှိအသုံးချစိုက်ပျိုးမှု ဧရိယာမှာ နည်းပါးလျက်ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားထားသည်။


(၃)

လယ်ယာကဏ္ဍတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က တိုးတက်မှုနှုန်း ၂ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကဏ္ဍအလိုက် စုစုပေါင်းထုတ်လုပ်မှုတန်ဖိုး (GDP) အရ လယ်ယာကဏ္ဍတွင် ၂ ဒသမ ၃ ရာခိုင်နှုန်းနှင့် သားငါးကဏ္ဍမှ ၂ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းတွင် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို နှစ်အလိုက်စျေးနှုန်းအရ ကျပ် ၁၀၆ ဒသမ ၀၉၆ ထရီလီယံနှင့် ၇ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းခဲ့ရာ ပထမခြောက်လပတ်တွင် ကျပ် ၆၇ ဒသမ ၁၈၆ ထရီလီယံရရှိခဲ့သဖြင့် စီမံကိန်းရည်မှန်းချက်အပေါ် ၆၃ ဒသမ ၃ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ ပုံမှန်စျေးနှုန်းအရ ၆ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး နှစ်ကုန်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းရရှိရန် ရည်မှန်းခဲ့ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို နှစ်အလိုက် စျေးနှုန်းအရ ကျပ် ၁၁၉ ဒသမ ၀၂၃ ထရီလီယံရရှိရန် ခန့်မှန်းထားပြီး GDP တိုးတက်မှုနှုန်းကို ခုနစ် ရာခိုင်နှုန်း ရရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း ၎င်းက ဆိုသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကဏ္ဍကြီးများအလိုက် စီးပွားရေးတိုးတက်မှုကို လယ်ယာကဏ္ဍကြီးတွင် ၂ ဒသမ ၅ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးတွင် ၈ ဒသမ ၆ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီးတွင် ၈ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားသည်။

လယ်ယာကဏ္ဍကြီးတွင် ပြည်တွင်းစားသုံးမှုသာမက ပြည်ပသို့ တင်ပို့နိုင်ရန်၊ စျေးကွက်ဝင်အထွက် ကောင်းမျိုးစေ့အဆင့်ဆင့် ထုတ်လုပ်ရန်၊ ငါး၊ ပုစွန်တိုးချဲ့မွေးမြူနိုင်ရန်နှင့် နည်းပညာအဆင့်မြှင့်တင်ရန်တို့ကို မျှော်မှန်းထားကြောင်း သိရသည်။

သို့သော်လည်း လယ်ယာကဏ္ဍ အထူးသဖြင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မုတ်သုံမိုး ရရှိမှုသည်လည်း အဓိကကျသည့် အချက်တစ်ချက်ပင် ဖြစ်သည်။

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ခန့်မှန်းချက်များအရ ယခုနှစ်တွင် မုတ်သုံလေဝင်ရောက်မှု နောက်ကျပြီး မိုးရွာသွန်းမှု လျော့နည်းနိုင်သည့်အတွက် စိုက်ပျိုးရေရရှိမှု နည်းပါးနိုင်ကြောင်း သိရှိရသည်။

သို့ဖြစ်ရာ ရာသီဥတုပြောင်းလဲမှု အခြေအနေများအပေါ် မူတည်၍ တုံ့ပြန်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အသိပေးထုတ်ပြန်ထားသည်။

" နွေစပါးတွေစိုက်တဲ့အခါမှာ ရေအတွက် မိုးရေမရတဲ့အတွက် မြစ်ရေတင်ပြီး စိုက်တယ်။ ဒါနွေစပါးအတွက်၊ မိုးစပါးကတော့ မိုးရေနဲ့ ဆည်ရေပေးပြီး စိုက်တယ်။ မနှစ်ကလည်း မိုးနည်းတယ်။ ဒီနှစ်ကလည်း မိုးနည်းနေတယ်။ မိုးနည်းနေတဲ့အတွက် ဆည်တွေထဲမှာ ရေသိပ်မဝင်သေးဘူး။ မဝင်သေးတဲ့အချိန်မှာ စိုက်ပျိုးရေးက ဇွန်လဆို အလယ်ပိုင်းက လုပ်ရတော့မယ်။ လုပ်တဲ့အချိန်မှာ မိုးက နေ့စဉ်ပုံမှန်မရွာဘူး။ စပါးစိုက်ပျိုးဖို့အတွက် မှန်မှန်မရွာဘူး။ မှန်မှန် မရွာဘူးဆိုတဲ့နောက်မှာ မမှန်မကန်ရွာတယ် မမှန်မကန် ရွာတယ်ဆိုတာက သုံးလေးငါးရက်မရွာဘူး။ တစ်ရက်ရွာတယ်။ အများကြီး၊ နောက်နေ့မရွာဘူး။ ရွာတဲ့နေ့မှာ မိုးတွေများပြီး ရေတွေလျှံကုန်တယ်။ နောက်နေ့မှာ ရေက မရှိဘူး။ အဲဒီလိုမျိုးဖြစ်နေတယ်" ဟု မိုးလေဝသ ပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။

ယခုကဲ့သို့ ဖြစ်ပွားသည့်အတွက် ဆည်ဘက်မှ ဆည်ရေပေးရန် ရေသိပ်မရှိကြောင်း၊ မြစ်ရေတင်ပြီး စိုက်ပျိုးမည်ဆိုပါကလည်း ရေတင်ပေးနိုင်သည့် အကွာအဝေးအတွင်း ရှိလယ်များကိုသာ ရေတင်ပေးနိုင်ကြောင်း၊ ရေတင်ရာတွင် ဒီဇယ်၊ ဓာတ်ဆီ အသုံးပြုက တင်ရသည့်အတွက် လောင်စာဆီကုန်ပြီး ငွေကုန်ကျမှု ပိုများနိုင်ကြောင်း သိရသည်။

" ရေအများကြီး မသုံးရဘဲနဲ့ စပါးဖြစ်နိုင်တဲ့ နည်းကိုပြောင်းလဲပြီးတော့ စိုက်ရမယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူကတော့ ပြောထားတယ်။ သူစမ်းသပ်ထားတယ်လို့ ပြောတယ်။ တစ်နိုင်ငံလုံး အောင်မြင်မယ် မအောင်မြင်ဘူးဆိုတဲ့ရလဒ်ကိုတော့ မသိရသေးဘူး။ ပဲခူးတိုင်း တောင်ငူနယ်တစ်ဝိုက်မှာ အဆင်ပြေတယ်လို့ ပြောတယ်။ ရေနည်းနည်းနဲ့ စိုက်လို့ရတယ်ဆိုတဲ့ နေရာက မြေဆီလွှာက ဘယ်လိုမြေမျိုးလဲ။ သဲဆန်တဲ့မြေဆိုရင် ရေစုပ်တယ်ဆိုရင် ရေနည်းနည်းနဲ့ စိုက်တဲ့အခါ အဆင်ပြေနိုင်မလား၊ ဒါတွေကိုတော့ သုတေသနလုပ်ရမယ်။ လယ်သမားတွေကလည်း နည်းလမ်းပြောင်းပြီး စိုက်တဲ့အခါမှာ လက်ခံပြီးတော့ လုပ်ဖို့လိုတယ်" ဟု ဦးချစ်ကျော်က ပြောကြားသည်။

ရာသီပြောင်းလဲမှုကို သက်ဆိုင်ရာဝန်ကြီးဌာနများက သိရှိနေသော်လည်း တောင်သူလယ်သမားများမှ သိရှိမှုနည်းနေသေးသည့်အတွက် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေသည့် စိုက်နည်းစနစ်၊ သက်တမ်းတိုသည့်စပါးမျိုးများကို စိုက်ပျိုးသင့်ပေသည်။

" ပုံမှန်စိုက်နေတဲ့ စပါးမျိုးက ရက်ပေါင်း ၁၃၀ ၊ ၁၂၀ ရှိတဲ့ စပါးမျိုးတွေစိုက်တယ်။ ရက်ပေါင်း ၉၀ စပါးမျိုးတွေ စိုက်သင့်တယ်။ ရက်ပေါင်း ၉၀ အတွင်းမှာ စပါးရှင်သန်နိုင်ဖို့ ရေမရဘူးဆိုရင် စိုက်နည်းက ပြောင်းရဦးမယ်။ အဲဒါလက်ရှိ တောင်သူလယ်သမားတွေကို သိစေချင်တဲ့အချက်ပါပဲ။ အရင် မိုးရွာရက်က ရက်ပေါင်း ၁၄၄ ရက်လောက်ရှိတယ်။ အခုရွာရက်က ၁၀၅ ရက်လောက်ပဲရှိတယ်။ စပါး သက်တမ်း ၁၃၀ ရှိတဲ့စပါးက မိုး ၁၀၅ ပဲရတော့ ဘယ်လိုဖြစ်တော့မလဲ" ဟု ဦးချစ်ကျော်က ပြောကြားသည်။

မိုးရရှိမှုနည်းနိုင်သဖြင့် ထုတ်ပြန်ထားသည့် အသိပေးချက်များအရ ရေလိုအပ်ချက်နည်း၍ ဒေသနှင့်ကိုက်ညီသည့် စျေးကွက်ဝင်သက်တမ်းတိုး စပါးမျိုးများနှင့် ရေငတ် ဒဏ်ခံစပါးမျိုးများ ပြောင်းလဲစိုက်ပျိုးကြရန် ဖြစ်သည်။

ထို့ပြင် ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စနစ်၊ တိုက်ရိုက်အစေ့ချစိုက်ပျိုးနည်းစနစ် (အခြောက်/ အစို)၊ Drum Seeder ဖြင့် စိုက်ပျိုးခြင်းစနစ်၊ ကြဲခင်းစနစ်များဖြင့် ဆောင်ရွက်ရန်ထုတ်ပြန်ထားသည်။

လုပ်သားအင်အား ရရှိနိုင်မှုအပေါ်မူတည်၍ လုပ်သားအင်အားရရှိနိုင်ပါက ပျိုးနုကောက်ကွက်ကြဲ (SRI) စနစ်ကို အသုံးပြုရန်၊ လုပ်သားအင်အား အကန့်အသတ်ရှိပါက တိုက်ရိုက်အစေ့ချစိုက်ပျိုးနည်းစနစ် (အခြောက်/အစို)၊ Drum Seeder ဖြင့် စိုက်ပျိုးခြင်းစနစ်၊ ကြဲခင်းစနစ်များကို အသုံးပြုရန်ဖြစ်သည်။

ယခုကဲ့သို့ မိုးရွာရက်နည်းပါးခြင်း၊ ရွာသွန်းပါကလည်း မိုးရေချိန် အလွန်များပြားခြင်းများကြောင့် ပြုန်းတီးနေသည့် သစ်တောများကို ပြန်လည်စိုက်ပျိုးသင့်ကြောင်း၊ သို့သော် သစ်တောများ ပြန်လည်စိုက်ပျိုးရန် အချိန်လေးငါးနှစ်ဖြင့် မရသည့်အတွက် ရေတိုဆောင်ရွက်သင့်သည့် အချက်များကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စီမံသင့်ကြောင်း မိုးလေဝသပညာရှင် ဦးချစ်ကျော်က ဆိုသည်။

မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် လယ်ယာမြေရေရှိရန် အခက်အခဲရှိမှုအပြင် ရုတ်တရက် မိုးကြီးမှုကြောင့် လယ်ကွင်းများတွင် ရေကြီးရေလျှံမှု အန္တရာယ်လည်း ရှိနိုင်သည်။ ထို့ကြောင့် လယ်မြေများအား တာရိုးများပြုလုပ်ပြီး ရေသွားမြောင်းများ ပြုလုပ်ထားပြီး၊ ရေကြီးပါက ယင်းရေမြောင်းမှ ရေထုတ်ကာ ရေနည်းသည့်အချိန်တွင် ယင်းရေမြောင်းများမှ ပြန်လည်ရေသွင်းမှုများ ဆောင်ရွက်သင့်ကြောင်း စိုက်ပျိုးရေးဆိုင်ရာ ကျွမ်းကျင်သူများက ဆိုသည်။

မိုးရရှိမှုနည်းပါးသဖြင့် အခက်အခဲရှိ လာနိုင်မှုအပြင် အခြားတစ်ဖက်တွင် မြန်မာနိုင်ငံ၌ ကြုံတွေ့ရသည့် စိန်ခေါ်မှုမှာ ရေကြီးရေလျှံမှု ဖြစ်ပွားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ရေကြီးရေလျှံမှု ဇူလိုင်နှင့် သြဂုတ်လတွင် ဖြစ်ပွားခြင်းဖြစ်ပြီး၊ စက်တင်ဘာနှင့် အောက်တိုဘာလများတွင်လည်း ဖြစ်ပွားသည်။

" ဒီနှစ်က မိုးနည်းတဲ့အတွက်ကြောင့် မြစ်တွေမှာ ရေကြီးတာ နည်းနည်းသက်သာတယ်။ ဒါပေမဲ့ မြို့ပြတွေ ရေကြီးတာတွေ ရှိနိုင်တယ်။ မြို့ပြရေကြီးတာနဲ့ မြစ်ရေကြီးတာ မတူဘူး။ ရေစီးရေလာမကောင်းဘူး။ ရန်ကုန်မြို့မှာ ရေကြီးတာ။ မြို့ပြပေါ်ရေကြီးတာ၊ မိုးကြီးမယ်၊ ရေစီး ရေလာမကောင်းဘူး၊ ရေတိုက်စားတဲ့ နေရာတွေရှိရင် မြေပြိုမယ်။ အဲဒါတွေက မြို့ပြရေကြီးတာ၊ ဒါက မိုးများရင် ရေကြီးတာ။ မြို့ပေါ်မှာ ရေကြီးတာကို လျှပ်တစ်ပြက်ရေကြီးတာလို့ ခေါ်တယ်။ မြစ်ထဲမှာတော့ မြစ်ရေကြီးတယ်လို့ ခေါ်တယ်။ ဒီနှစ်က မိုးနည်းနိုင်တဲ့အတွက် မြစ်ရေကြီးတာ နည်းနိုင်တယ်။ ဒါပေမဲ့ ကွက်ကွက်ပြီးတော့ မိုးကြီးတဲ့အတွက် မြို့ပြရေကြီးမှု၊ ရေတိုက်စားမှု၊ မြေပြိုမှုတွေဖြစ်နိုင်တယ်ဆိုတဲ့ အခြေအနေရှိတယ်" ဟု ဦးချစ်ကျော်က ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၁၉၈၁ မှ ၂၀၁၀ အထိ မြန်မာနိုင်ငံ၏ ရာသီဥတုများကို လေ့လာဆန်းစစ်ရာတွင် တစ်နိုင်ငံလုံးအနေဖြင့် မိုးရေချိန်တိုးလာသည်ကို တွေ့ရှိရသော်လည်း မိုးရွာသွန်းမှုပုံစံသည် ပျံ့ပျံ့နှံ့နှံ့ရွာသွန်းပြီး ရွာသွန်းမြဲကို ပြည့်မီကျော်လွန်ခြင်း မဟုတ်ဘဲ အချိန်အခါမဟုတ် ရွာသွန်းခြင်း၊ တစ်နေရာတည်းတွင် မိုးအလွန်သည်းထန်စွာ ရွာသွန်းခြင်းများကြောင့် ရွာသွန်းမြဲထက် ပိုမိုကျော်လွန်ခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် မိုးနည်းရေရှားဒေသများအပါအဝင် မြန်မာနိုင်ငံဒေသအချို့တွင် မိုးခေါင်ခြင်း၊ သောက်သုံးရေနှင့် စိုက်ပျိုးရေရှားပါး ပြတ်လပ်ခြင်းများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ရာသီဥတုပြောင်းလဲလာမှုသည် ရေရှည်တွင် စိုက်ပျိုးထုတ်လုပ်မှုနှင့် စားနပ်ရိက္ခာ ဖူလုံမှုအပေါ်တွင် ရိုက်ခတ်မှုများ ရှိလာနိုင်သောကြောင့် ရာသီဥတုပြောင်းလဲလာမှုနှင့် လိုက်လျောညီထွေဖြစ်မည့် စိုက်ပျိုးရေးနည်းစနစ်များ ထွန်းကားလာရန် လိုအပ်နေသည်။

ရာသီဥတု ပြောင်းလဲလာမှုနှင့် ကိုက်ညီသော စိုက်ပျိုးရေးစနစ်သည် ကာလတိုအတွင်း တောင်သူများ ကြုံတွေ့နိုင်မည့်အန္တရာယ်များ လျော့နည်းစေရန်အပြင် ပြောင်းလဲလာသော ရာသီဥတုဒဏ်ကို ခံနိုင်ရည်များ ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် လယ်ယာကဏ္ဍအပေါ် မှီခိုအားထားနေရခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်လာသည်နှင့်အမျှ ဆင်းရဲမွဲတေမှုများ လျော့နည်းပြီး စားနပ်ရိက္ခာ ပိုမိုဖူလုံလာမည်ဖြစ်သည်။


Taking a glimpse of the journey of a young water e...
25,000-acre monsoon paddy to be grown in Naga self...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal