နာဂစ်အလွန် ဓမင်းဆိပ် Daminseik Beyond the Cyclone Nargis - အပိုင်း (၃)

14

အပိုင်း (၃) အဖြေသည် ပြဿနာနှင့်အတူ ရှိနေတတ်သည်
ဓမင်းဆိပ်ကမ်းခြေတွင် ပင်လယ်ကမ်းရိုးတန်း တိုက်စားမှုများကြောင့် ရတနာ ၃၆-လက္မ သဘာဝဓါတ်ငွေ့ပိုက်လိုင်း၏ တစ်စိတ်တစ်ပိုင်း မြေပေါ်ပေါ်လာသည်ကို မာလာမုန်တိုင်း တိုက်ခတ်မှုအပြီး တစ်နှစ်ကျော် (၁၅လခွဲ) အကြာ၊ ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် စတင်တွေ့ရှိခဲ့ကြသည်။ ၃၆-လက္မ သဘာဝဓါတ်ငွေ့ပိုက်လိုင်း ဆိုသည်မှာ ကမ်းလွန်ပင်လယ် ကြမ်းပြင်အောက်မှ ထုတ်လုပ်လိုက်သည့် သဘာဝဓါတ်ငွေ့များကို ဝယ်ယူသူရှိရာ အိမ်နီးချင်းနိုင်ငံ၏ နယ်စပ်မျဉ်းအထိ ပို့ဆောင်ပေးရာတွင် ပင်မသွေးကြောကဲ့သို့ အဓိကကျပြီး အပိုအရန်မရှိသည့် တစ်ခုတည်းသော ပိုက်လိုင်း ဖြစ်သဖြင့် လုပ်ငန်းအတွက် လုံးဝအထိအခိုက် မခံနိုင်သည့်အရာ ဖြစ်သည်။


တစ်ပြိုင်နက်တည်းလိုပင် ရတနာ သဘာဝဓါတ်ငွေ့ပိုက်လိုင်း၏ တောင်ဘက်တွင် ကပ်လျက်ရှိနေသည့် ရဲတံခွန် ၂၄-လက္မ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းပါ ကမ်းပေါ်လာခဲ့ခြင်းကြောင့် ဓမင်းဆိပ်ကမ်းခြေသည် ကုမ္ပဏီနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်ရန်အတွက် အကြောင်းအရာ အသစ်တစ်ခု ဖြစ်လာခဲ့သည်။ မူလထွက်လာရာ ကမ်းလွန်‌ရေပြင်ချင်း မတူသော်လည်း ပိုက်လိုင်းနှစ်ခုစလုံး ဓမင်းဆိပ်တွင် အတူတကွ ကမ်းတက်ကြကာ၊ ကုန်းမြေပိုင်းတစ်လျှောက် အတူတကွ ယှဉ်တွဲဖြတ်သန်း နေကြရခြင်းကြောင့် လမ်း၊ တံတား၊ အဆောက်အဦနှင့် လုပ်ငန်းသုံး ယာဉ် ယန္တရား ပစ္စည်းများကို မျှဝေအသုံးပြုကြရန် သဘောတူညီချက် တစ်ခုကလည်း ရှိနှင့်ပြီး ဖြစ်နေသည်။ ထို့အတွက် ဓမင်းဆိပ်ကမ်းခြေကိုလည်း အတူတကွ လေ့လာဆန်းစစ်မှု ပြုရန် ၂ဝဝ၈ ခုနှစ် ဖေဖော်ဝါရီလတွင် သဘောတူခဲ့ကြသည်။ ရဲတံခွန်ကမ်းလွန်လုပ်ငန်းက မလေးရှားရှိ မိမိတို့ကုမ္ပဏီက အသုံးပြုသည့် ရေနှင့် ပင်လယ်ဘက်ဆိုင်ရာ အတိုင်ပင်ခံ ကုမ္ပဏီကို လုပ်ငန်းအပ်နှံရန် အကြံပြုချက်ကိုလည်း နှစ်ဘက် သဘောတူ လက်ခံခဲ့ပြီး လေ့လာဆန်းစစ်မှုများကို စတင်ခဲ့ကြသည်။


ရတနာကမ်းလွန်သဘာဝဓါတ်ငွေ့လုပ်ငန်းတွင် ပိုက်လိုင်းများအားလုံးကို စစ်ဆေးရေးဌာနကသာ ပုံမှန်စစ်ဆေးကာ လိုအပ်သည်များကို လုပ်ဆောင်ပေးရသည် ဖြစ်သဖြင့် ဓမင်းဆိပ်ကမ်းခြေ ပိုက်လိုင်းပေါ်သည့် ကိစ္စတွင်လည်း ပထမဆုံး လှုပ်ရှားရသည့်ဌာနမှာ စစ်ဆေးရေးဌာန ဖြစ်သည်။ သို့ရာတွင် ဓမင်းဆိပ်အတွက် ပြဿနာမှာ ပိုက်လိုင်းမဟုတ်ဘဲ၊ ပင်လယ်ကမ်းခြေ တိုက်စားခံရမှု ဖြစ်နေသည်။ ထိုကဲ့သို့ ပုံမှန်မဟုတ်သည့် ပြဿနာများအတွက် လုပ်ငန်းလေ့လာဆန်းစစ်မှုဆိုင်ရာ နည်းလမ်းလေးခုကို အဆင့်လိုက် လုပ်ဆောင်ကာ အကျိုးရလာဒ် အများဆုံးဖြစ်မည့်အဖြေတစ်ခုကို စတင်အကောင်အထည် ဖော်နိုင်သည်အထိ ပြင်ဆင်ပေးရန် လိုအပ်သည်။ ယင်းနည်းလမ်း လေးခုမှာ - ဖြစ်နေသည်များကို အချက်အလက်များအပေါ် အခြေခံကာ အသေးစိတ် လေ့လာခြင်း၊ မည်သည့်အတွက်ကြောင့် ဖြစ်လာရသည်ကို ဆန်းစစ်ဖော်ထုတ်ခြင်း၊ ရှေ့တွင်ဖြစ်လာကြုံလာ ရနိုင်သည်များကို ဆန်းစစ်ခန့်မှန်းခြင်းနှင့် ပြဿနာကို ဖြေရှင်းရန်အတွက် ဖြစ်နိုင်သည့် ရွေးချယ်စရာ နည်းလမ်းများ အကြားမှ လက်တွေ့ကျသည့် အကောင်းဆုံးအဖြေကို ဖော်ထုတ်အကြံပြုခြင်းတို့ ဖြစ်ကြသည်။


ထို့အတွက် အခက်အခဲမှာ လေ့လာဆန်းစစ်မှု ပြုရန်နှင့် အဖြေရှာရန်အတွက် ကုမ္ပဏီ၏ ရန်ကုန်ရုံးတွင် နားလည်ကျွမ်းကျင်သူ မရှိ ဖြစ်နေရခြင်းပင် ဖြစ်သည်။ ဥရောပရုံးချုပ်သို့ တင်ပြကာ ဆက်လက်ကိုင်တွယ်ရန် အကူအညီ တောင်းခဲ့သော်လည်း၊ ရုံးချုပ်တွင်လည်း ပင်လယ်ကမ်းခြေနှင့် ဆက်စပ်သည့် ကျွမ်းကျင်သူ မရှိသည်ကို အကြောင်းပြကာ ရန်ကုန်ရုံးကသာ ဆက်လက်လုပ်ဆောင်ရန် အကြောင်းပြန်ကြားခဲ့သည်။ ဝန်ထမ်းအများ၏ ထုံးစံအရ မိမိ မကျွမ်းကျင်သည့် အလုပ်သစ်တစ်ခုကို ခက်ခဲစွာ တာဝန်ယူရင်း မှားယွင်းတိမ်းစောင်းခဲ့ပါက ဖြစ်လာရှိလာနိုင်သည့် ထိခိုက်မှုများကို ရှောင်ရှားလိုကြလေ့ရှိသည်။ ထို့ကြောင့် ထိုအချိန်အထိ ဓမင်းဆိပ်ကမ်းခြေအတွက် စိတ်ပါဝင်စားစွာ တာဝန်ယူမည့်သူ မရှိ ဖြစ်နေခဲ့ရသည်။


အခြားသူများအတွက် သဲနှင့်တရှပ်ရှပ် ဖြစ်နေပုံရသည့် ဓမင်းဆိပ်ပြဿနာသည် မိမိအတွက်မူ အဆီဝင်းနေသည့် အခွင့်အရေး တစ်ခုအဖြစ် မြင်နေမိသည်။ အဘယ့်ကြောင့်ဆိုသော် ပုံမှန်အားဖြင့် စစ်ဆေးရေးဌာနအတွက် ပင်လယ်နှင့်ဆက်စပ်သည့် လေ့လာဆန်းစစ်မှုများ လုပ်ပြီးတိုင်း လက်တွေ့ လုပ်ဆောင်မှုများအတွက် နိုင်ငံခြားကုမ္ပဏီတစ်ခုခုကို အလုပ်အပ်နှံလေ့ ရှိသော်လည်း၊ ဓမင်းဆိပ်အတွက် ပင်လယ်ကမ်းခြေ ထိန်းသိမ်းရေးအလုပ်ကိုမူ မိမိတို့ကိုယ်တိုင် လုပ်နိုင်ပြီး၊ ကိုယ်တိုင်လုပ်ဆောင်ရလိမ့်မည်ဟု ယုံကြည်စွာ မြင်မိနေသည့် အတွက်ဖြစ်သည်။ ထိုသို့ဖြစ်လာခဲ့ပါက ကနဦးလေ့လာဆန်းစစ်မှုများမှ စတင်ကာ ထဲထဲဝင်ဝင် ပါဝင်သိရှိနေရန် မဖြစ်မနေ လိုအပ်သည်ဟု ယူဆမိသည်။
ထို့ကြောင့် စစ်ဆေးရေးဌာနမှုးအား လုပ်ငန်းသဘာဝအရ ဓမင်းဆိပ်လုပ်ငန်းကို စစ်ဆေးရေးဘတ်ဂျက်အတွင်း ထည့်သွင်းထားရန်နှင့် ကမ်းခြေထိန်းသိမ်းရေးဆိုင်ရာ လက်တွေ့လုပ်ဆောင်မှုများကို မိမိက တာဝန်ခံ ဆောင်ရွက်ပေးမည်ဟု ညှိနှိုင်းကာ၊ မိမိတို့အထက်မှ လုပ်ငန်းလည်ပတ်ရေး ဌာနကြီးမှုးအားလည်း ရှင်းပြလျက် အားလုံး၏ သဘောတူမှုကို ရယူခဲ့ကြသည်။ အရပ်စကားနှင့်ပြောရလျင် နာမည်အငှားနှင့် အလုပ်လုပ်ပေးရမည့်ပုံစံဖြစ်သည်။ ထိုအစီအစဉ်မှာ မိမိအတွက် မည်သည့်ရှုပ်ထွေးမှုမျှ မရှိသကဲ့သို့ အများအတွက် လျှို့ဝှက်ထားရမည့် အရာတစ်ခုလည်း မဟုတ်သဖြင့်၊ ဌာနနှစ်ခု အတူလက်တွဲကာ တစ်ပြိုင်နက်တည်း အဖြေရှာလုပ်ဆောင်ခြင်းဟု ဖော်ကျူးလိုက်ကြသည်။

ဤနေရာတွင် စစ်ဆေးရေးနှင့် ထိန်းသိမ်းရေး တို့၏ လုပ်ငန်းသဘာဝတို့ကို ရှင်းပြရန် လိုအပ်မည်ဟု ယူဆမိသည်။ စစ်ဆေးရေး၏ အဓိကတာဝန်မှာ "လိုက်နာကိုက်ညီမှု ရှိစေရေး" ဖြစ်သည်။ လုပ်ငန်းတစ်ခုအတွက် အသုံးပြုသည့် အရင်းအနှီးများနှင့် အရင်းအမြစ်များ၊ တစ်နည်းအားဖြင့် အရင်းပစ္စည်းများအားလုံးကို ပြဌာန်းထားသည့် ဥပဒေများ၊ ညွှန်ကြားချက်များ၊ သတ်မှတ်ထားသည့် စံများနှင့် အစဉ်အမြဲ လိုက်နာကိုက်ညီမှု ရှိနေစေရခြင်း ဖြစ်သည်။ ထိန်းသိမ်းရေး၏ အဓိကတာဝန်မှာ "နဂိုပုံစံမပျက် အားပြည့် စွမ်းရည်ပြည့် ရှိစေရေး" ဖြစ်သည်။ စက်၊ ယာဉ်၊ အဆောက်အဦနှင့် တည်ဆောက်မှုများစသည့် အရင်းပစ္စည်းများအားလုံးကို နဂိုအတိုင်း ပုံစံမပျက် ရှိနေစေရန်၊ သတ်မှတ်ထားသည့် အမြင့်ဆုံးစွမ်းအားဖြင့် လည်ပတ်အသုံးပြုနိုင်ရန်နှင့် အမြင့်ဆုံး စွမ်းဆောင်ရည်ဖြင့် အလုပ်လုပ် အသုံးခံနိုင်စွမ်း ရှိနေစေရခြင်း ဖြစ်သည်။


ရှေးယခင် မူလအစ ပြုပြင်ထိန်းသိမ်းရေးခေတ် ကာလများအတွင်း (လက်ရှိမြန်မာနိုင်ငံသည် ထိုခေတ်အတွင်းမှာပင် ရှိနေဆဲဖြစ်သည်)၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် စစ်ဆေးခြင်း နှစ်မျိုးစလုံးကို တစ်ဦးတစ်ဖွဲ့ထဲကသာ တွဲ၍ဆောင်ရွက်ခဲ့ကြသည်။ နောက်ပိုင်းတွင်၊ အရင်းပစ္စည်းများ၏ အရည်အသွေး ပိုမိုကောင်းမွန်မြင့်မားလာမှုနှင့်အတူ နည်းပညာများ ရှုပ်ထွေးလာခြင်း၊ ရင်းနှီးမြှုပ်နှံစရိတ်များ အလွန်အမင်း ကြီးမြင့်လာခြင်း၊ မမျှော်လင့်ဘဲ ချို့ယွင်းပျက်စီးလျင် လုပ်ငန်းရပ်ဆိုင်းရမှုကြောင့် ယုံကြည်မှုပျက်သုဉ်းခြင်းနှင့်အတူ ငွေကြေးကုန်ကျမှု အပါအဝင် ဆုံးရှုံးရမည့် ပမာဏများ လွန်စွာကြီးမားခြင်း၊ လွှမ်းခြုံထားသည့် ဥပဒေနှင့် စံများ ပြင်းထန်တင်းကျပ်လာခြင်း စသည်တို့ကြောင့် ဆိုးလာပျက်လာမှ ပြုပြင်ထိန်းသိမ်းခြင်းအစား၊ ကောင်းနေစဉ်ကတည်းက မပျက်စေရန် ဂရုစိုက်ကာ ထိန်းသိမ်းပေးခြင်းသို့ ပြောင်းလဲကျင့်သုံးလာခဲ့ကြသည်။ တစ်ချိန်တည်းတွင် ပြုပြင်ထိန်းသိမ်းမှု ကာလက ပြုလုပ်နေခဲ့ကြသကဲ့သို့ မိမိစစ်ဆေးတွေ့ရှိသည်ကို မိမိကိုယ်တိုင် ဖြေရှင်းပြီး၊ မိမိကိုယ်တိုင် ကောင်းမကောင်း၊ ဥပဒေ စံများနှင့် ကိုက်ညီမှု ရှိမရှိကို ဆုံးဖြတ်ရန်မှာလည်း မဖြစ်နိုင် လက်မခံကြတော့သဖြင့် ထိန်းသိမ်းရေးနှင့် စစ်ဆေးရေးကို သီးခြားစီခွဲကာ လုပ်ဆောင် လာခဲ့ကြသည်။ သက်ဆိုင်ရာ လုပ်ငန်းစဉ်များ အတွက်လည်း၊ စစ်ဆေးရေးနှင့် ထိန်းသိမ်းရေး ဆိုင်ရာ ကိုယ်ပိုင် လမ်းညွှန်သဘောတရားများပေါ်တွင် အခြေခံကာ ဆောင်ရွက်လုပ်ကိုင် လာခဲ့ကြသည်။


ရဲတံခွန်နှင့် ရတနာ ကမ်းလွန်လုပ်ငန်း နှစ်ခုစလုံးအတွက် ဓမင်းဆိပ်ကမ်းခြေ လေ့လာဆန်းစစ်မှုဆိုင်ရာ ပထမဆုံးအစည်းအဝေးကို၊ ၂ဝဝ၈ ခုနှစ် မတ်လတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းဘေး ရွေတောင်ကြားအရပ်ရှိ ရဲတံခွန်ကမ်းလွန်ရေနံကုမ္ပဏီရုံး၏ အစည်းအဝေးခန်းမ တစ်ခုအတွင်း ပြုလုပ်ခဲ့သည်။ အစည်းအဝေးအတွင်း မလေးရှားနိုင်ငံအခြေစိုက် ရေနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အတိုင်ပင်ခံကုမ္ပဏီက ဓမင်းဆိပ်ကမ်းခြေ တိုက်စားနိုင်ခြေနှင့် တိုက်စားမှုမှ ကာကွယ်ရန် ကနဦးပုံစံ ထုတ်လုပ်မှုအတွက် ပင်လယ်လှိုင်းများနှင့် ပင်လယ်ရေစီးများ၏ တိုက်စားသယ်ယူပို့ချမှုများကို လေ့လာဆန်းစစ်မည့် လုပ်ငန်းစဉ်ကို ရှင်းပြခဲ့သည်။


ပင်လယ်အကြောင်း လေ့လာထားခြင်းမရှိသူ တစ်ယောက်အတွက် ပြောနေသည့် ဘာသာစကားကို နားလည်သော်လည်း ထွက်လာသည့် ဘာသာရပ်ဆိုင်ရာ စကားလုံးများမှာ လုံးဝမကြားမတွေ့ဘူးသည့် အသစ်အဆန်းများ ဖြစ်နေသဖြင့်၊ မမြင်မတွေ့ဘူးသော်လည်း လှပသည့် ရုပ်ပုံကားချပ်များကို နားမလည်နိုင်သည့် ဘာသာစကားတစ်ခုဖြင့် ရှင်းပြနေသည်ဟုသာ ခံစားနေရသည်။ ရှင်းပြနေသူမှာ အတိုင်ပင်ခံကုမ္ပဏီ၏ ညွှန်ကြားရေးမှုး ဒေါက်တာဘွဲ့ရထားသူတစ်ဦး ဖြစ်သည်။ သူပြောနေသည်များကို အမှီလိုက်နားလည်နိုင်ရန်မှာ အပြင်းအထန်လေ့လာကာ ဒရွတ်တိုက်နှင့် ဇွတ်လိုက်ရမည့် အခြေအနေမျိုးတွင် ရောက်ရှိနေရသည်ဟုသာ နားလည်ထားမိ လိုက်သည်။


အစည်းအဝေးအတွင်း မိမိမှတ်မိ နားလည်မိသမျှမှာ လေ့လာဆန်းစစ်မှုအတွက် ဒေသအကျယ်အဝန်းကို ဓမင်းဆိပ်ကမ်းခြေအပေါ် သက်ရောက်မှုရှိသည့် ဘင်္ဂလားပင်လယ်အော်နှင့် မုတ္တမပင်လယ်ကွေ့တို့အား လတ်တီကျုနှင့် လောင်ဂျီကျုတစ်စုံဖြင့် သတ်မှတ်ထားသည်။ ၂ဝဝ၈ ခုနှစ်အတွင်း ပြုလုပ်မည့် လေ့လာဆန်းစစ်မှုကို ယင်းဒေသအတွက် ပြည့်စုံသည့် အချက်အလက်များ ရရှိထားပြီးဖြစ်သည့် ၂ဝဝ၆ ခုနှစ်အတွင်းမှ တိုင်းတာချက်များကို အခြေခံမည်ဟု ဆိုသည်။ ရှင်းလင်းမှု၏အလယ်တွင် မျှော်လင့်မထားသည့် အခိုက်အတန့် တစ်ခုနှင့် ကြုံလာရသည်။ ၂ဝဝ၆ ခုနှစ် ဧပြီလကုန်ပိုင်းတွင် ရုတ်တရက် အရှိန်အဟုန်ဖြင့် မြင့်မားစွာ ထိုးတက်နေသည့် ပင်လယ်လှိုင်းများနှင့် လေတိုက်ခတ်မှုများကို တွေ့ရှိရပြီး ယင်းတို့မှာ မည်သည့်အကြောင်းကြောင့် ဖြစ်ပေါ်ခဲ့ရသည်ကို အစရှာမရ ဖြစ်နေသည်ဟု ဆိုသည်။ ၂ဝဝ၆ ခုနှစ် ဧပြီလအတွင်း မိမိတို့မှာ မာလာမုန်တိုင်းအတွင်း ရောက်ရှိနေခဲ့ရသည်မို့ မေ့ပျောက်၍ မရနိုင်သေးပါ။ ထို့ကြောင့် ယင်းထောင်တက်နေသည့် ပုံပြမျဉ်းများမှာ မာလာမုန်တိုင်းကြောင့် တိုင်းတာရရှိထားခြင်း ဖြစ်သဖြင့် ဘင်္ဂလားပင်လယ်အော် မုန်တိုင်းများကိုလည်း လေ့လာဆန်းစစ်မှုအတွင်း ထည့်သွင်းပေးရန် ဆွေးနွေးခဲ့ကြသည်။


အတိုင်ပင်ခံကုမ္ပဏီက ရှင်းပြခဲ့သည့် အကြောင်းအရာများကို အသေးစိတ် နားလည်နိုင်ရန်အတွက်၊ ထိုအချိန်က မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှတဆင့် ချိတ်ဆက်ထားသည့် နှေးကွေးလှသော အင်တာနက်လိုင်းကို အားထားကာ လေ့လာခဲ့ရသည်။ မိမိ၏ ရည်မှန်းချက်မှာ လေ့လာဆန်းစစ်မှု လုပ်နေသည်များ၏ သဘောတရားကို နားလည်ရန်၊ ထွက်လာမည့် အဖြေကို အကောင်းအဆိုး ခွဲခြားသိရှိနိုင်စွမ်း ရှိရန်နှင့် ဓမင်းဆိပ်အတွက် လက်တွေ့အသုံးချနိုင်သည့် အကောင်းဆုံးနည်းလမ်းကို ခန့်မှန်းသိရှိနိုင်ရန်တို့ ဖြစ်သည်။ ထို့အတွက် လေ့လာမှုကို ကျောင်းစာကဲ့သို့ စနစ်ကျသည့် သင်ရိုးဖွဲ့စည်းမှုဖြင့် တစ်ဆင့်ခြင်း မသွားဘဲ၊ လိုအပ်မည် ထင်သည့်အပိုင်းများ၏ အဝန်းအဝိုင်းကို ချဲ့နိုင်သမျှချဲ့ကာ အသေးစိတ်နားလည်နိုင်ရန်အတွက် ဖြတ်လမ်းမှလိုက်ပါကာ ကြိုးစားရှာဖွေ ဖတ်ရှုနေမိသည်။


ထိုအတောအတွင်း ကန်ဘောက်ကုန်းတွင်းစခန်းမှ လမ်း တံတား ထိန်းသိမ်းရေးနှင့် တည်ဆောက်ရေး အဖွဲ့က၊ ဓမင်းဆိပ်ကမ်းခြေတွင် ပေါ်လာသည့်ပိုက်လိုင်းကို ဝါးများ၊ ပလပ်စတစ်ထည်များ၊ ကျောက်ဖြည့်သံခြင်းများစသည့် နည်းလမ်းနှင့် ပုံစံအမျိုးမျိုးဖြင့် ယာယီဖုံးအုပ်ထားနိုင်ရန် အကြိမ်ကြိမ်အဖန်ဖန် ကြိုးစားခဲ့ကြသော်လည်း၊ ယင်းတို့အားလုံးကို ပြင်းထန်သည့် ပင်လယ်လှိုင်းများက ဖျက်ဆီးတိုက်စား ဝါးမျိုသွားသည်ကိုသာ ကြုံတွေ့လာကြရသည်။ ထိုလုပ်ဆောင်ချက်များ အားလုံးမှာ အချည်းနှီး ဖြစ်သွားသည်မဟုတ်ဘဲ ပြင်းထန်သည့် ပင်လယ်နှင့် ရင်ဆိုင်ရာတွင် မဖြစ်နိုင်သည့်၊ ရှောင်ရှားရမည့် နည်းလမ်းများအဖြစ် တန်ဖိုးရှိစွာ မှတ်တမ်းတင်နိုင်ခဲ့ကြသည်။


စမ်းသပ်ချက်များအရ ဓမင်းဆိပ်ကမ်းခြေကို ထိန်းသိမ်းရာတွင် အဖြေထွက်ရန်အတွက် နှစ်နှင့်ချီလျက် ကြာနိုင်သည်ကို တွက်ဆမိရသည်။ အဘယ့်ကြောင့်ဆိုသော် ပင်လယ်လှိုင်းများက များသောအားဖြင့် ကမ်းခြေကို ဒေါင့်မှန်ကျကျ ရိုက်ခတ်လေ့ရှိကာ၊ မိမိတို့ကိုယ်တိုင် ကမ်းခြေပေါ်တွင် ပို့ချကာ တင်ထားပေးသမျှကို အချိန်မရွေး ပြန်လည်ဆွဲချကာ ယူဆောင်သွားလေ့ ရှိသကဲ့သို့၊ ကမ်းခြေတစ်လျှောက်ရှိ ရေစီးများ၏ တောင်နှင့်မြောက် ဦးတည်ရာအရပ် ပြောင်းလဲတိုင်း သဲပို့သည့်ဘက်မှာလည်း လိုက်ပါပြောင်းလဲ သွားလေ့ ရှိခြင်းကြောင့် ဖြစ်သည်။ တကယ်တော့ ကမ်းပေါ်တွင် ပေါ်နေသည့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကြီး ကိုယ်တိုင်က ကမ်းရိုးတန်းကို ဒေါင့်မှန် အနေအထားဖြင့် ကန့်လန့်ဖြတ်လျက် ရှိနေပြီး၊ ပင်လယ်ကမ်းခြေများကို ကာကွယ်ထိန်းသိမ်းရာတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြလေ့ရှိသည့် ကမ်းဖြတ်ကျောက်တန်းရှည် တစ်ခုကဲ့သို့ပင် ဖြစ်နေကာ၊ အဖြေကို မည်သို့ရှာရမည်ဆိုသည်ကို ကိုယ်တိုင်အစမ်းသပ်ခံပေးလျက် ရှိနေသကဲ့သို့ ဖြစ်နေသည်။


ပေါ်နေသည့် ပိုက်လိုင်း၏ မြောက်ဘက်တွင် သဲများကို ပို့ချပေးကာ တောင်ဘက်တွင် တိုက်စားနေရာမှ၊ ရက်ပြောင်းရာသီပြောင်းသည်နှင့် တောင်ဘက်တွင် ပို့လာ၍ မြောက်ဘက်တွင် တိုက်စားနေသည်ကို တွေ့ရပြန်သည်။ တစ်ချိန်တွင် ကျယ်ပြန့်စွာဖြင့် မို့မောက်နေသည့် သဲပြင်ကျယ်ကို အားရဝမ်းသာစရာ တွေ့လိုက်ရသော်လည်း၊ စိတ်ပျက်စရာ ဆိုးဆိုးရွားရွား ဆွဲယူနှိုက်စား သွားသည်ကိုလည်း အချိန်မရွေး ကြုံတွေ့ရနိုင်သည်။ အချိန်တိုတစ်ခုအတွင်း ကမ်းခြေ၏ အခြေအနေကို ရေတိုမျှသာကြည့်လျက် အဖြေကိုကောက်ချက် ချရန်မှာ လုံးဝ မဖြစ်နိုင်ဘဲ၊ နှစ်ကာလကြာမှသာ အဖြေအစစ်အမှန်ကို တွေ့ရနိုင်မည် ဖြစ်သည်။


ထိုသို့ အပြောင်းအလဲ မြန်ပြီး ပြင်းထန်ဆိုးရွားလှသည့် ပင်လယ်ကိုမှီလျက် ယင်း၏ကမ်းခြေတွင် ဓမင်းဆိပ်ရွာမှာ မည်သည့်အတွက်ကြောင့် ကြာရှည်တည်တံ့ နေနိုင်ပါသနည်း။ ဓမင်းဆိပ်ရွာအပါအဝင် ဓမင်းဆိပ်ကမ်းခြေနှင့် ကမ်းရိုးတန်းတစ်ခုလုံးသည် ပင်လယ်၏ တိုက်စားမှုများကြောင့် တဖြည်းဖြည်း နောက်သို့ ဆုတ်လာနေရသော်လည်း မူလပုံစံမပျက်မယွင်းကား ရှိနေဆဲပင် ဖြစ်နေသေးသည်။ ဆိုးရွားလှသည့် ပင်လယ်ဂေဟ စနစ်အောက်တွင် ဓမင်းဆိပ်ရွာ၏ ကမ်းခြေကို မည်သည်က မည်သို့ အကာအကွယ် ပေးထားပါသနည်း။


ကမ်းခြေတစ်လျှောက် ပင်လယ်ဂေဟစနစ်မှ အကာအကွယ် ပေးထားနိုင်သည့် အရာဟူ၍ ကမ်းရိုးတန်း၏ မြောက်ဘက်ထိပ်စွန်း ဓမင်းဆိပ်ကျေးရွာရှေ့ ညာဘက်ရှိ ကျောက်ဆောင် ကျောက်တုံးကြီးများသာ ရှိနေသည်ကို တွေ့ရှိရသည်။ ယင်းကျောက်တုံးကြီးများကို စိတ်တွင် ဖယ်ရှားကြည့်လိုက်သည်နှင့် ပြင်းထန်ဆိုးရွားလှသည့် ပင်လယ်ကြောင့် ဓမင်းဆိပ်ရွာမှာ လက်ရှိနေရာတွင် ရှိနေနိုင်မည် မဟုတ်သည့်အပြင်၊ ဓမင်းဆိပ်ကမ်းရိုးတန်း ဆိုသည်မှာလည်း လက်ရှိကမ်းခြေမျဥ်း၏ နောက်သို့ များစွာရောက်ရှိနေပြီး ဖြစ်လိမ့်မည်ဟု မြင်ယောင်မိလာရသည်။ အဘယ့်ကြောင့်ဆိုသော် ယင်းကျောက်တုံးကြီးများက၊ ကမ်းရိုးတန်းတစ်လျှောက်ကပ်လျက် တောင်မှ‌‌မြောက်သို့ စီးဆင်းနေသည့် ပင်လယ်ရေစီးများနှင့် အတူပါလာသည့် သဲများကို တားဆီးစုယူပေးထားကာ၊ ပင်လယ်လှိုင်းများက ကမ်းခြေသဲပြင်မှ ဆွဲယူသွားသည်များကို တုန့်ပြန်ဖြည့်တင်း ပေးနေခြင်းကြောင့် ဖြစ်သည်။


တကယ်တော့ ဓမင်းဆိပ်ကမ်းရိုးတန်းရှေ့ရှိ ဆိုးရွားပြင်းထန်လှသည့် ပင်လယ်ပြင်၏ အမူအကျင့်များကို ဓမင်းဆိပ်ရွာရှေ့ရှိ ကျောက်တုံးကျောက်တန်းများနှင့် ကမ်းခြေတွင် ကမ်းပေါ်လာသည့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းတို့က မည်သို့တုန့်ပြန်ကြသည် ဆိုသည့်အပေါ်တွင် အခြေပြုကာ လေ့လာအဖြေရှာခြင်းဖြင့်၊ ဓမင်းဆိပ်ကမ်းခြေတိုက်စားမှု ပြဿနာကို ဖြေရှင်းနိုင်ရန် အ‌ကောင်းဆုံး နည်းလမ်းကို တွေ့ရှိလာနိုင်မည်ဟု ယုံကြည်မိသည်။


အဂႅလိပ် ဝေါဟာရများ။
သဘာဝဓါတ်ငွေ့ပိုက်လိုင်း - export natural gas pipeline
ပင်လယ်ကမ်းခြေ တိုက်စားခံရမှု - shore erosion
လုပ်ငန်းလေ့လာဆန်းစစ်မှုဆိုင်ရာ နည်းလမ်းလေးခု - four types of analytics
ဖြစ်နေသည်များကို အချက်အလက်များအပေါ် အခြေခံကာ အသေးစိတ် လေ့လာခြင်း - descriptive analytics
မည်သည့်အတွက်ကြောင့် ဖြစ်လာရသည်ကို ဆန်းစစ်ထုတ်ဖော်ခြင်း - diagnostic analytics
ရှေ့တွင်ဖြစ်လာကြုံလာ ရနိုင်သည်များကို ဆန်းစစ်ခန့်မှန်းပေးခြင်း - predictive analytics
ပြဿနာကို ဖြေရှင်းရန်အတွက် လက်တွေ့ကျသည့် အကောင်းဆုံးအဖြေကို ဖော်ထုတ်အကြံပြုခြင်း - prescriptive analytics
ပင်လယ်ကမ်းခြေ ထိန်းသိမ်းရေး - shoreline erosion protection
အရင်းအနှီး - investment
အရင်းအမြစ် - resources
အရင်းပစ္စည်း - asset
စစ်ဆေးရေး - inspection
ထိန်းသိမ်းရေး - maintenance
ပြုပြင်ထိန်းသိမ်းရေး - corrective maintenance
လိုက်နာကိုက်ညီမှု ရှိစေရေး - compliance
နဂိုပုံစံမပျက် အားပြည့် စွမ်းရည်ပြည့် ရှိစေရေး - upkeeping integrity and efficiency
စွမ်းဆောင်ရည် - efficiency
လမ်းညွှန်သဘောတရား - philosophy
ကမ်းဖြတ်ကျောက်တန်း - groyne or groin

ကျောက်ဖြည့်သံခြင်း - gabion 

************

သိန်းမော် (မေလ ၈ ရက်၊ ၂ဝ၂၀ခုနှစ်) Facebook စာမျက်နှာမှကူးယူတင်ပြပါသည်။


...
 

"နာဂစ်အလွန် ဓမင်းဆိပ်" Daminseik Beyond the Cyclone Nargis - Myanmar Water Portal

အပိုင်း (၁) ပင်လယ်၏မာယာဓမင်းဆိပ် ပင်လယ်ကမ်းခြေ တိုက်စားခံရအပြီး မြေအောက်တွင် မြှုပ်ထားခဲ့သည့် ၃၆-လက္မ ဓါတ်ငွေ့ပိုက်လိုင်း ပေါ်လာသည်ကို ကာကွယ်ရန်အတွက် ကမ်းခြေကာ ကျောက်တန်းများ ချထားသည်မှာ ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။ မှန်းဆထားခဲ့သလို လိုချင်သည့်ပုံစံ
...
 
 

နာဂစ်အလွန် ဓမင်းဆိပ် Daminseik Beyond the Cyclone Nargis - အပိုင်း (၂) - Myanmar Water Portal

အပိုင်း (၂) သေမင်းတမန်မုန်တိုင်း၏ ရှေ့တော်ပြေးမာလာရှေးယခင် မိမိတို့ ဘိုးဘွားများ လက်ထက်ကတည်းက ဘင်္ဂလားပင်လယ်အော်အတွင်း စတင်အခြေပြုကာ ကြီးထွားကျယ်ပြန့် လာလေ့ရှိသည့် မုတ်သုန်မုန်တိုင်းများ အားလုံးလိုလိုမှာ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများဆီသို့သာ
Police arrest people for electrofishing in Ayeyarw...
Eleven Media Group နှင့် စေတနာရှင်အလှူရှင်များ ရေလ...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal