နေ့အပူချိန် မြင့်တက်လာသည့်အတွက် ရေသုံးစွဲမှု မြင့်တက်လာပြီး ကန်ရေခန်းခြောက်မှုကြောင့် သောက်သုံးရေ လိုအပ်နေသည့် ရေစကြိုမြို့နယ် ယာကြီးကုန်းကျေးရွာသို့ Eleven Media Group နှင့် စေတနာရှင်များ ရေလှူဒါန်း

PC1 ရေစကြိုမြို့နယ် ယာကြီးကုန်းကျေးရွာတွင် သောက်သုံးရေ လှူဒါန်းပေးနေစဉ်

6 May 2020 - Source: Eleven Media Group Co.Ltd.

နေ့အပူချိန် မြင့်တက်လာသည့်အတွက် ရေသုံးစွဲမှု မြင့်တက်လာပြီး ကန်ရေခန်းခြောက်မှုကြောင့် သောက်သုံးရေ လိုအပ်နေသည့် ရေစကြိုမြို့နယ် ယာကြီးကုန်းကျေးရွာသို့ ELEVEN MEDIA GROUP နှင့် စေတနာရှင်များ ပူးပေါင်း၍ မေ ၆ ရက် သောက်သုံးရေ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ရေစကြိုမြို့နယ် ယာကြီးကုန်းကျေးရွာမှာ စက်ရေတွင်း တူးဖော်ထားသော်လည်း ချက်ပြုတ်ရန်နှင့် သောက်သုံးရန် အဆင်မပြေခြင်းကြောင့် သောက်သုံးရေအတွက် ကန်ရေကိုသာ အားထားသုံးစွဲရပြီး ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှစ၍ ကန်ရေခန်းခြောက်မှု စတင်ကြုံတွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ရှင်မတောင်အနီး အိမ်ခြေ ၁၀၀ ခန့်ရှိ ရေစကြိုမြို့နယ် ယာကြီးကုန်းကျေးရွာသို့ ELEVEN MEDIA GROUP နှင့် စေတနာရှင်များ ပူးပေါင်း၍ သောက်သုံးရေ လှူဒါန်းပေးမှုကြောင့် တစ်အိမ်ထောင်လျှင် သောက်သုံးရေ ဂါလန် ၄၀ ခန့် ရရှိခဲ့ကြောင်း သိရသည်။

"ရွာမြေသားကန်ကတော့ ရေခန်းတာကြာပြီ။ မနှစ်က မိုးနှောင်း မကောင်းတာရော ကန်လည်း ရေအပြည့် မရဘူး။ ဒီနှစ်ဦးပိုင်းလည်း မိုးမရတော့ ကန်ရေက မရဘူး။ ပြီးခဲ့တဲ့ လကတည်းက ကန်မှာ ရေမရှိတော့ဘူး။ ရွာစက်တွင်းက ရေကိုပဲ မရှိသုံး သုံးရေရတာ။ ခုလို ရေအလှူကားတွေလာမှ သောက်သုံးရေ ရတာ"ဟု ယာကြီးကုန်းကျေးရွာမှ ကိုဖိုးလှိုင် က ပြောကြားသည်။

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးကာလ ဖြစ်သည့်အတွက် ရေလှူဒါန်းရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရန် အိမ်ထောင်စုအလိုက် အလှည့်ကျစနစ်ဖြင့် သောက်သုံးရေ ခပ်ယူစေရန် စီမံပေးခဲ့ကြောင်း သိရသည်။

သောက်သုံးရေ လိုအပ်နေသည့် ယာကြီးကုန်းကျေးရွာအတွက် ရေလှူဒါန်းခြင်းနှင့် အခြားသော ရေရှားပါးဒေသများ ရေလှူဒါန်းခြင်းအတွက် ကိုကျော်စိုးပိုင် + မဌေးဌေးဝေ မိသားစုက ကျပ် ၇၀၀၀၀၊ ကိုကျော်အေး + မမွှေးမွှေးသောင်း မိသားစုက ကျပ် ၃၀၀၀၀၀ ထည့်ဝင် လှူဒါန်းခဲ့သည်။

ပခုက္ကူခရိုင်တွင်း ကျေးရွာအချို့တွင် ယခင်နှစ် မိုးရရှိမှုနည်းပါးသည့်အတွက် ကန်ရေ ဆောလျင်စွာ ခန်းခြောက်ခြင်း၊ ရာသီဥတု ပူပြင်းမှုကြောင့် ရေအသုံး မြင့်တက်လာခြင်းများကြောင့် ရေလိုအပ်ချက် များပြားလာပြီး ကျေးရွာအချို့မှာ စက်ရေတွင်း ချို့ယွင်းမှုကြောင့် ရေမလုံလောက်မှု စတင်ကြုံတွေ့ လာသည်။

လာမည့်မေ ၇ ရက်တွင် အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ELEVEN MEDIA GROUP သို့ ပံ့ပိုးသည့် ရေဂါလန် ၃၀၀၀ ဆံ့ ရေသယ်ယာဉ်ဖြင့် ရေစကြိုမြို့နယ် မြစ်လှချောင်ကျေးရွာ၊ မေ ၈ ရက်တွင် ခင်မွန်ကျေးရွာတို့အား သောက်သုံးရေ ဆက်လက် လှူဒါန်းပေးမည် ဖြစ်သည်။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ပံ့ပိုးသည့် ရေသယ်ယာဉ် နှစ်စီးဖြင့် ELEVEN MEDIA GROUP နှင့် စေတနာရှင်များ ပူးပေါင်း၍ ယခုနှစ် ဇန်နဝါရီမှ မေအထိ ရေဂါလန် ခြောက်သိန်းနီးပါးအား ရေလိုအပ်သော ကျေးရွာများသို့ ဖြန့်ဝေ လှူဒါန်းပေးထားသည်။


Over K5 bln worth riverbank project to be implemen...
Ferries resume service in Chindwin River
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal