နာဂစ် ၁၂ နှစ်ပြည့်နှင့် ကျပ်တည်းနေကြသောဘဝများ

Cover နာဂစ်မုန်တိုင်းဒဏ် အပြင်းအထန်ခံစားခဲ့ရသော လပွတ္တာမြို့နယ်အတွင်းရှိ ကျေးလက်အသီးသီးမှ လူနေမှုမြင်ကွင်းများကို နာဂစ် ၁၂ နှစ်ပြည့်မတိုင်မီရက်ပိုင်းအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

3 May 2020 - Source: Eleven Media Group Co.Ltd.

မြန်မာနိုင်ငံ သမိုင်းတစ်လျှောက် ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တ ရာယ်များအနက် အဆိုးရွားဆုံးဖြစ်ခဲ့ပြီး ကမ္ဘာ့သမိုင်းတွင် အပျက်အစီး ဆုံးရှုံးမှုအများဆုံး သဘာဝဘေးအဖြစ် နံပါတ်(၈) အဆင့်ရှိခဲ့တဲ့ နာဂစ်မုန်တိုင်းကြီးဟာ မြန်မာနိုင်ငံကို ၂၀၀၈ ခုနှစ် မေ ၂ ရက်နေ့ ညနေပိုင်းကနေ စတင်ပြီးတော့ တိုက်ခတ်ခဲ့ပါတယ်။ နာဂစ်မုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသရှိ မြို့နယ် ၁၀ ခုမှ လူပေါင်း တစ်သိန်းလေးသောင်းကျော် အသက်ဆုံးရှုံးခဲ့ရပြီး အိမ်မွေးတိရစ္ဆာန် ကျွဲနွားများ တစ်သိန်းခွဲကျော် ဆုံးရှုံးခဲ့ရပါတယ်။ ပစ္စည်းတန်ဖိုးဆုံးရှုံးမှုအဖြစ် အစိုးရရဲ့ထုတ်ပြန်ချက်များအရတော့ ကျပ်သန်းပေါင်း တစ်သန်းကျော်တယ်လို့ ဆိုပါတယ်။ ယနေ့ဆိုလျှင်တော့ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တာ ၁၂ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ဟိုင်းကြီးကျွန်းဆွယ်ကို ဦးတည်ပြီးတော့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီကို မိုင် ၁၃၀ ခန့်ထိ ရှိကာ အချင်းဝက်အကျယ် မိုင် ၁၉၀၊ တောင်မြောက်အကျယ် ၂၅၅ မိုင်ခန့် ထိရှိတဲ့ နာဂစ်မုန်တိုင်းဟာ လပွတ္တာ၊ ပြင်စလူ၊ ငပုတော၊ ဘိုကလေး၊ ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ မြောင်းမြ၊ ပုသိမ်၊ ၀ါးခယ်မ၊ မအူပင်၊ ဒေးဒရဲ၊ ကျုံမငေး၊ ကျိုက်လတ်၊ ပန်းတနော်၊ ရန်ကုန်မြို့များကို ဖြတ်သန်းပြီးတော့ လမ်းတစ်လျှောက်မှာရှိတဲ့ ပြည်သူများရဲ့ အသက်ပေါင်းများစွာ ပို်င်ဆိုင်မှုများစွာကို ဖျက်ဆီးသွားခဲ့ပါတယ်။ အဆိုးရွားဆုံးကြုံတွေ့ခဲ့ရတဲ့ မြို့နယ်ကတော့ လပွတ္တာမြို့နယ်ပါပဲ။ ထိုအချိန်က အစိုးရရဲ့ တရားဝင်ထုတ်ပြန်မှုအရ လူပေါင်း ၁၃၈၀၀၀ ကျော် အသက်ဆုံးပါးခဲ့ကာ အိမ်ရာအဆောက်အအုံပေါင်း ခုနစ်သိန်းခွဲကျော် ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးဟာ ၁၁ ဒသမ ၈ ထရီလီယံကျပ် ရှိတယ်လို့ ဆိုပါတယ်။ ဒေသခံများကတော့ မြေပြင်အခြေအနေမှာ ယခုထက်ပိုမို အသက်တွေ ဆုံးရှုံးခဲ့တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ မုန်တိုင်းဝင်ရောက်ဖျက်ဆီးခဲ့တဲ့ ဒေသများမှာရှိတဲ့ ဆားကွင်းတွေ၊ လယ်ယာတွေ၊ ရေလုပ်ငန်းတွေမှာ အဝေးနေရာများကနေ လာရောက်လုပ်ကိုင်နေကြတဲ့ စာရင်းမဝင် အိမ်ထောင်စုမဲ့ လုပ်သားများစွာဟာလည်း နာဂစ်မုန်တိုင်းနဲ့အတူ ပျောက်ဆုံးသွားခဲ့ကြပါတယ်။


လူတွေရဲ့အသက်တွေတင်သာမက ဘဝတွေ၊ အနာဂတ်တွေကိုပါ တိုက်ဖျက်သွားတဲ့ မုန်တိုင်းကြောင့် နာဂစ်ဒဏ်သင့် ဒေသတွေဟာ ယနေ့အထိ ပြည်လည်တည်ငြိမ်ဖို့ ခက်ခဲနေဆဲပါပဲ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး နာဂစ်မုန်တိုင်းရဲ့ အမည်ဆိုးကြောင့် ဒေသတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်လိုသူ လုပ်ငန်းရှင်တွေဟာ နည်းပါးသွားခဲ့ပြီး ယနေ့အထိကို ပြန်လည်တည် ငြိမ်လာခြင်း မရှိသေးပါဘူး။ နာဂစ်မုန်တိုင်းကြောင့် အဓိကအများဆုံး ထိခိုက်ခဲ့တာ လပွတ္တာမြို့နယ်ပါပဲ။

နာဂစ်မုန်တိုင်းဟာ လူတွေရဲ့ အသက်တွေကိုသာမက မျှော်လင့်ချက်တွေ အနာဂတ်တွေ စီးပွားရေး လုပ်ငန်းတွေ၊ ကလေးငယ်များရဲ့ အနာဂတ်ပညာရေးတွေကိုပါ ရယူသွားခဲ့တာပါ။ အသက်တွေ ပေးဆပ်ခဲ့ရသလောက် ပြန်လည်ရပ်တည်ဖို့ ခက်ခဲနေဆဲက လပွတ္တာမြို့နယ်ပါပဲ။ နာဂစ်မုန်တိုင်းကြောင့် လပွတ္တာမြို့နယ်တစ်ခုတည်းမှာပင် လူဦးရေတစ်သိန်းကျော် အသက်ဆုံးပါးခဲ့ရပါတယ်။ ဒုတိယအများဆုံးကတော့ ဟိုင်းကြီးကျွန်း၊ ဘိုကလေးမြို့နယ်၊ ဖျာပုံမြို့နယ်များပါ။ ယနေ့အချိန်မှာတော့ ဘိုကလေးမြို့နယ်နဲ့ ဖျာပုံမြို့နယ်များမှာတော့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှု ဒေသအတွင်း ပြန်လည်ရင်းနှီး မ,တည်လိုသည့် လုပ်ငန်းရှင်များ ပေါ်ထွက်ခဲ့မှုကြောင့် ယခင်အချိန်ကာလကလို ပြန်လည်မစည်ပင် မဖွံ့ဖြိုး သေးပေမဲ့ လူသားပီသစွာ နေထိုင်ရခြင်းများတော့ ရရှိလာကြပါပြီ။

နာဂစ်မုန်တိုင်းကြောင့် လပွတ္တာမြို့နယ်ဟာ အဘက်ဘက်ကနေ ယိုယွင်းခဲ့ရပါတယ်။ နာဂစ်သတင်းဆိုးကြောင့် လာရောက်ရင်းနှီးမြှုပ်နှံလိုသူ လုပ်ငန်းရှင်များ မဲ့ခဲ့ရပြီး လူငယ်အများစုဟာ နေရပ်ကနေစွန့်ခွာကာ နိုင်ငံရပ်ခြားများ ရန်ကုန်ကဲ့သို့သော အလုပ်အကိုင် အခွင့်အလမ်းများရှိရာကို သွားရောက်ခဲ့ကြပါတယ်။ နာဂစ်မုန်တိုင်းကြောင့် တစ်စစီယိုယွင်းခဲ့ရတဲ့ လပွတ္တာမြို့ဟာ ပြန်လည်တည်ဆောက်မှု အစပျိုးနိုင်ခဲ့တာ နာဂစ်မုန်တိုင်းအပြီး ၁၀ နှစ်ခန့်အကြာမှပဲ ဖြစ်ပါတယ်။ နှစ်စဉ်လိုလို အရှုံးဖြင့် ရင်ဆိုင်ခဲ့ရတဲ့ ဆားလုပ်ငန်း၊ ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်းတွေဟာ တည်ငြိမ်စပြုခဲ့တာဟာ လပေါင်း ၂၄ လကာလကိုတောင်မှ မရောက်ရှိသေးပါဘူး။ ကံအကြောင်းမလှစွာပဲ ဒီနှစ်မှာတော့ မိုးရေချိန်လုံလောက်စွာ မရရှိမှုကြောင့် တစ်သီးစားသာ စိုက်ပျိုးရတဲ့ တောင်သူတွေမှာ စိုက်ပျိုးသီးနှံတွေ အထွက်လျော့ကျ အချို့လယ်ယာတွေမှာ တံဇဉ်လွတ်သည်အထိ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် ကမ္ဘာ့ရောဂါကပ်ဆိုးကြီးတစ်ခုဖြစ်တဲ့ COVID-19 ရောဂါကြောင့် နာဂစ်ဒဏ်သင့်ဒေသဟာ ပြန်လည်ဦးမော့လာမယ်ရှိနေချိန်မှာ အနာဂတ်တွေ ထပ်ပျက်ရပြန်ပါတယ်။

လပွတ္တာမြို့နယ်မှာ အဓိကအားဖြင့် စီးပွားလုပ်ငန်းဟာ သုံးခုရှိပါတယ်။ အဓိက လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြပြီးတော့ ငါး၊ ပုစွန်၊ ကဏန်း ရှာဖွေရောင်းချကြရတဲ့ ရေလုပ်ငန်း၊ နေလှမ်းဆားချက် လုပ်ခြင်းလုပ်ငန်းများပါ။ လယ်ယာလုပ်ငန်းဟာ နှစ်အတန်ကြာ ပြန်လည် အဆင်ပြေခဲ့ပေမဲ့ ၂၀၁၉ ခုနှစ် မိုးရာ သီစိုက်ပျိုးချိန်မှာတော့ ကျဆင်းခဲ့တဲ့ စပါးစျေးနှုန်း၊ အောင်ရေလုံလောက် စွာ မရရှိမှုကြောင့် အထွက်ဆုတ်ရတဲ့ သီးနှံများကြောင့် တောင်သူအများစုဟာ အကြွေးနွံကို ထပ်မံရင်ဆိုင်ရပြန်ပါတယ်။ ဒါ့အပြင် ရေလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ လပွတ္တာမြို့နယ်ရဲ့ အဓိကစီးကြောင်းဟာ ကဏန်း လုပ်ငန်းပါပဲ။ COVID-19 ရောဂါကြောင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံမှထွက်ရှိတဲ့ ကဏန်းတွေကို ဝယ်ယူဖို့ရပ်ဆိုင်းတာ လမ်းတွေကို ပိတ်လိုက်တာဟာ လပွတ္တာမြို့ကို ခြောက်ကပ်သွားစေပါတယ်။ တစ်မြို့နယ်လုံးမှာ ရာချီရှိနေတဲ့ ကဏန်းဒိုင် အားလုံးဟာ လုပ်ငန်းများ ရပ်တန့်သွားပြီးတော့ ကဏန်းထောင် အသက်မွေးသူတွေပါ အခက်တွေ့စေခဲ့ရပါတယ်။ ဒါ့အပြင် နောက် ဆားလုပ်ငန်းဟာလည်း ဆားကြမ်းစျေးနှုန်းတွေဟာ ထုတ်လုပ်မှုကုန်ကျ စရိတ်အောက် လွန်ကဲစွာကျဆင်းမှုကြောင့် ဆားလုပ်ငန်းရှင်များဟာ အရှုံးဖြင့် ရင်ဆိုင်ရပြီး လာမည့်ဆားရာသီကို ပြန်လည်စတင်ဖို့ပါ စဉ်းစားနေရပါပြီ။


"နာဂစ်မုန်တိုင်းဖြစ်လိုက်ချိန်မှာ ဒေသရဲ့စီးပွားရေးတွေ အကုန်ယိုယွင်းသွားတာရှိတယ်၊ အဲဒီအခြေအနေပေါ်မှာ အဓိကဖြစ်သွားတာကတော့ ဒေသမှာ အလုပ်အကိုင်တွေ ရှားပါးတယ်။ အဲဒီအခြေခံပေါ်မှာ စက်ရုံအလုပ်ရုံတွေ ပြည်ပကိုရောက်သွားတဲ့လူတွေက ဒီမြို့နယ်က အများကြီးဖြစ်သွားတယ်။ တစ်ချက်ပေါ့၊ ဒီနှစ်အနေအထားကျတော့ လပွတ္တာမြို့နယ်ရဲ့ အဓိကစီးပွားရေးက ဆန်စပါး၊ ဒုတိယက ဆား၊ တတိယက ရေလုပ်ငန်းပေါ့။ အဲဒီမှာ ဆန်စပါးဆိုရင် ဒီနှစ်မှာ သိသိသာသာ ပျက်စီးသွားတာရှိတယ်။ တချို့ဆိုရင် လုံးဝကို မရိတ်သိမ်းနိုင်တာရှိတယ်။ ရိတ်သိမ်းစရိတ်တွေနဲ့ သူရဲ့ ရမဲ့ဟာ မကာမိတဲ့ဟာတွေကျတော့ လယ်သမားတွေ တော်တော်များများ လက်လွှတ်လိုက်ရတာရှိတယ်။ ရာသီဥတုကြောင့်၊ နောက် ဆားလုပ်ငန်း ဆားဆိုရင် ဒီရက်ထဲမှာ ဖျက်မိုးရွာတယ်ပေါ့။ ဖျက်မိုးဆိုပေမဲ့ ဆားသမားတွေကို မေးကြည့်တဲ့အခါကျတော့ ဖျက်မိုးဟာ တော်တော်များသွားတာဖြစ်တာကြောင့် ဆားလုပ်ငန်းရဲ့ထုံးစံမှာ ဒီရက်ဟာ အရမ်းစောလွန်းတယ်။ မိုးရွာတာ ဒီအချိန်ကပဲ တစ်နွေလုံးမှာ နေပူရှိန်က တက်မယ်လို့ကြံကာပဲ ရှိသေးတယ်။ အခုက သာမန်ရိုးရိုးနေတဲ့ သူတွေကတော့ နေခင်းဘက်ကို အပူရှိန်မြင့်တယ်လို့ ဆိုသော်ငြားလည်း ညဘက်ကို အေးပြီးတော့ နှင်းကျနေသေးတာ ဖြစ်တယ်။ ဆားရဲ့လုပ်ငန်းစဉ်မှာ ညဘက်ပါ ပူရမဲ့အချိန်မှာ အခုဖျက် မိုးဝင်ရွာသွားတဲ့အတွက် အဲဒီမိုးရဲ့ဒဏ်ကို နောက်ထပ်ပြန်ပြင်မယ်ဆိုတဲ့ မျှော်လင့်ချက် တော်တော်အား နည်းသွားတာဖြစ်တဲ့အတွက် ဆားထုတ်လုပ်ငန်းတွေမှာ ခက်ခဲကုန်တယ်။ နောက်တစ်ခုက ကိုဗစ်ပေါ့။ ကိုဗစ်ဖြစ်လိုက်တဲ့အချိန်မှာ ဒီက ထွက်သွားတဲ့ လုပ်အားတွေ များတယ်။ တချို့ဆိုရင် ရွာမှာရှိနေတဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ လူတွေဆိုရင် တော်တော်များများဟာ စက်မှုဇုန်တွေမှာ။ နောက်တစ်ခု နိုင်ငံခြား တိုင်းပြည်တွေမှာ အခုကိုဗစ်ကြောင့် စက်ရုံတွေပိတ်တယ်ဆိုတော့ ပြန်ပြီးတော့ အကုန်လုံးဝင်လာကြတယ်၊ ဝင်လာကြတဲ့အခါကျတော့ နဂိုတုန်းက ဒီလူတွေတစ်ဖက်မှာ စီးပွားရှာပြီးတော့ ကိုယ့်မိသားစုကို ပြန်ပံ့ပိုးတာ အခုသူတို့ပြန်လာတဲ့ဆိုတဲ့ အနေအထားအရ သူတို့ကိုယ်တိုင် အလုပ်အကိုင်မရှိတော့တဲ့အတွက် ပြန်လာဖြစ်တယ်၊ ပြန်လာတော့ ဒီမှာ အကုန်လုံးစုပြီးတော့ အလုပ်အကိုင်လည်း မရှိဘူး။ ရှာဖွေလို့မရ အလုပ်အကိုင်တွေကလည်း ကိုဗစ်ကြောင့် ရပ်နေပြီဆိုတော့ ဒီမြို့နယ်ရဲ့ အနေအထား ပြန်လည်ဦးမော့ဖို့ ခက်သွားပြီ" ဟု လပွတ္တာမြို့နယ် ကျန်းမာရေး အထောက်အကူပြုကော်မတီမှ ဦးအောင်မိုးဝင်းက ပြောသည်။

နာဂစ်မုန်တိုင်းပြီးချိန်မှာ ဒေသတွင်း အလုပ်လက်မဲ့ ပြဿနာကြောင့် လူငယ်လူရွယ်အများစုဟာ မိမိတို့ ဇာတိကျေးရွာများကို စွန့်ခွာပြီးတော့ ရန်ကုန်မြို့မှာရှိတဲ့ စက်ရုံအလုပ်ရုံတွေကို သွားရောက်လုပ်ကိုင်တာ၊ နိုင်ငံရပ်ခြားကို စွန့်ခွာထွက်သွားတာတွေဟာ များပြားခဲ့ပါတယ်။ အခုတော့ ကမ္ဘာ့ရောဂါကပ်ဆိုးကြီးနဲ့အတူတူ နေရပ်ကို ပြန်လည်ရောက်ရှိလာပါတော့တယ်။ ၁၀ နှစ်ကျော် အချိန်ကာလအတွင်း ကျေးရွာအတွင်းမှာ မြင်ရတွေ့ရခဲတဲ့ လူငယ်တွေဟာ အခုတော့ ကျေးရွာတွေအသီးသီးကို ပြန်လည်လာရောက်နေကြရပါပြီ။ ကောင်းမွန်သော ပြန်လည်လာရောက်ခြင်းမျိုးမဟုတ်ဘဲ ရေကြည်မြက်နုရာ ဝမ်းစာသွားရှာပြီး နေလို့မရတော့တာကြောင့် ဇာတိရွာလေးတွေကို ပြန်လည်လာရောက်ကြတာပါ။ ဇာတိရွာကို ပြန်လည် ရောက်ရှိလာကြသော်လည်း မည်သည့် အလုပ်အကိုင်မျှမရှိ မရကြဘဲ အနာဂတ်တွေ ထပ်မံပျောက်ဆုံးကြရပါတယ်။

"ကျွန်တော်တို့ တစ်ရွာတည်းမှာပဲ အခုဆို တစ်ဝက်ကျော်ကျော် ပြန်လာကြတယ်။ တချို့က ပြန်လာချင်တယ် ပြန်လာလို့ မရလို့သာ။ ရန်ကုန်မှာ အလုပ်သွားလုပ်နေတဲ့သူတွေ အကုန်လုံးလိုလိုပြန်လာတာ။ ဒီပြန်ရောက်တော့လည်း အကုန်လုံးက ဘာအလုပ်မှမရှိဘူးလေ။ မိသားစုနဲ့အတူတူ ၀ိုင်းလုပ်ဝိုင်းစား ဖြစ်နေတာပေါ့" ဟု စလူဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းဝင်းအောင်က ပြောသည်။

မိမိတို့ကျေးရွာများသို့ ပြန်လည်လာရောက်နေသည့် လူငယ်များတွင်သာ အလုပ်အကိုင်မဲ့ ဖြစ်ရခြင်းသာမကဘဲ ကျေးရွာတွင် နေထိုင်ကျန်ရှိနေသော မိသားစုဝင်များပါ အလုပ်အကိုင်မဲ့များ ဖြစ်လာရခြင်းနှင့် ပက်သက်၍ "အရင်က လူငယ်တွေကို မမြင်ရတဲ့ ရွာတွေမှာ လူငယ်တွေအကုန်လုံးလိုလို ပြန်လာကြတယ်။ ဒီလိုပြန်သာလာတာ သူတို့မှာက ပိုက်ဆံစုဆောင်းမိလို့ ပြန်လာကြတာလည်း မဟုတ်ဘူး။ ကိုဗစ်ရောဂါကြောင့်သာ အလုပ်တွေရပ်နားခံရပြီး ပြန်လာကြတာ၊ အခုကျတော့ မိသားစုနဲ့ ၀ိုင်းလုပ်ဝိုင်းစား ဆိုပေမဲ့ ကျေးရွာတွေမှာက ဘာအလုပ်မှ ရှိတာမဟုတ်ဘူးလေ။ အရင်ကလို ကဏန်းထောင်ငါးရှာ၊ လယ်ယာထဲကူ လုပ်ရအောင်လည်း အဆင်မပြေဘူး။ ကဏန်းထောင် ငါးရှာလည်း ကိုယ့်အိမ်ဟင်းစားပဲ ရှာလို့ရမယ် ပြန်ရောင်းရအောင် ဝယ်မယ့် ဒိုင်တွေကမရှိဘူး။ နိုင်ငံတော်က ဝေငှပေးတဲ့ ရိက္ခာကလည်း ရတဲ့ သူက ရတယ် မရတဲ့သူ မရဘူး။ ဒီအခြေအနေဟာ လပိုင်းလောက်ထပ်ကြာမယ်ဆိုရင် အရင်ကတည်းက နာဂစ်ကြောင့် နိမ့်ကျခဲ့ရတဲ့ဒေသမှာ စားဝတ်နေရေးတွေ ကျပ်တည်းလာမှုကြောင့် တရားဥပဒေစိုးမိုးရေးပါ ထိခိုက်လာမယ်။ ဒေသကတော့ ပြန်နာလန်ထူဖို့ ခက်လာမယ်" ဟု ပဒဲကောကျေးရွာမှ ကျောင်းဆရာတစ်ဦးဖြစ်သူ ဆရာဦးအောင်ကျော်ဇောက ပြောပါတယ်။

နာဂစ်မုန်တိုင်းဒဏ်ကို ခံစားရမှု အဆိုးဆုံးဖြစ်ခဲ့ရတဲ့ ပြင်စလူမြို့ကတော့ ဒဏ်ရာများ အနာမကျက်သေးခင်မှာပဲ COVID-19 ရောဂါကပ်ဆိုးရဲ့ ရိုက်ခတ်မှုကို ထပ်မံကြုံရပြန်ပါတယ်။ ပြန်လည်ဦးမော့စပြုလာတဲ့ လုပ်ငန်းအားလုံး ရပ်ဆိုင်းသွားရပြီးတော့ အလုပ်လက်မဲ့ဖြစ်ကာ နေရပ်ပြန်လာကြတဲ့ လူငယ်များစွာနဲ့ ခက်ခဲစွာကို ရုန်းကန်နေရပါတယ်။

"မုန်တိုင်းသတင်းလေးကလည်း ကြားရတော့ အစ်ကိုတို့မှာလည်း ရိက္ခာတွေအားလုံးကို ရှပ်တာတွေ ပေါ်တင်ထားကြတယ်။ မြို့ကို ပြန်လာတဲ့ လူငယ်တွေလည်း မနည်းဘူး။ အကုန်လုံး ခက်ကုန်တာပေါ့။ ဒီမှာက ဘာမှလုပ်လို့မရဘူးလေ။ နောက်ပြီး ညမထွက်အမိန့်ဆိုတာကို အစ်ကိုတို့မှာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီး ညှိနှိုင်းထားရတယ်။ ငါးရှာပိုက်ထောင်ဆိုတာ ညဘက်မှ လုပ်လို့ရတာလေ။ အဲဒါကြောင့် အစ်ကိုတို့မှာ သူတို့ကိုတော့ ခွင့်ပြုပေးဖို့ ပြောရတယ်၊ အလုပ်တွေကမရှိကြ ငွေကလည်း မရှိကြဆိုတော့ ခက်ကုန်တာပေါ့၊ နှစ်တိုင်းလုပ်နေကျဖြစ်တဲ့ နာဂစ်မုန်တိုင်းမှာ ဆုံးပါးသွားတဲ့ သူတွေကို ရည်စူးပြီးတော့ ဆွမ်းကပ် အလှူတောင် ဒီနှစ်မှာ လုပ်နိုင်ကြဖို့ မလွယ်ကြလို့ မလုပ်တော့ဖို့ ဆုံးဖြတ်ထားရတယ်၊ တကယ်ကို စိတ်မကောင်းစရာပါပဲ" ဟု ပြင်စလူမြို့ အရန်မီးသတ်တပ်ဖွဲ့မှ ဦးတင်အုန်းက ပြောကြားပါတယ်။

နာဂစ်မုန်တိုင်းဖြစ်စဉ်ဟာ မြန်မာနိုင်ငံအတွက်တော့ သဘာဝဘေးများစွာအနက်မှာ လူသေဆုံးမှု အများဆုံးနဲ့ အဆိုးဝါးဆုံးဖြစ်စဉ်ပါပဲ။ ဒီဖြစ်စဉ်ကို ကြုံတွေ့ဖြတ်သန်းခဲ့ရသူများဟာ ယနေ့အချိန်ထိကို မိုးလေသံများကြားရလျှင် ကြောက်လန့်တကြား မျက်ရည်ဝဲနေကြတုန်းပါ။ ပျက်သုဉ်းခဲ့တဲ့ စီးပွားရေးလုပ်ငန်းများ ပြန်လည်တည်ငြိမ်စပြုလာခဲ့တဲ့ ဒေသတစ်ခုဟာ ကမ္ဘာ့ရောဂါကပ်ဆိုးကြောင့် အခုဆိုရင် သဘာဝဘေးဆိုးဂယက် မပျက်ပြယ်သေးခင် ရောဂါကပ်ဆိုးဂယက်ကြောင့် မျှော်လင့်ချက်တွေ ထပ်မံရိုက်ချိုးခံခဲ့ရပြန်ပါတယ်။ နာဂစ်ဒဏ်သင့်ဒေသများ အခုလို အကျပ်အတည်းအားလုံးကနေ အမြန်ဆုံး အားလုံးကင်းဝေးစေဖို့ ဆုတောင်းရင်းနဲ့သာ မြန်မာနိုင်ငံသားအားလုံး ဘေးဆိုး ကပ်ဆိုးအပေါင်းမှ အမြန်ကင်းဝေးပါစေလို့ ဆုတောင်းလိုက်ပါတယ်။


Roving bandits and looted coastlines: How the glob...
Myanmar govt warns of potential storm in Bay of Be...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal