နိုင်ငံတကာရှိ ပညာရှင်များနှင့် ပူးပေါင်း၍ ရန်ကုန်တက္ကသိုလ်၌ ရေဘက်ဆိုင်ရာ လေ့လာရေး ဘာသာရပ် "Water Studies" အား အထူးကျွမ်းကျင်မှုစင်တာ တစ်ခုအဖြစ် လာမည့် ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ရန် ပြင်ဆင်နေ

YU-Cover

ရန်ကုန်တက္ကသိုလ်၌ ပထမဦးဆုံး သဘာဝသိပ္ပံနှင့် လူမှုရေးသိပ္ပံ ပေါင်းစပ်သင်ကြားပေးမည့် ရေဘက်ဆိုင်ရာလေ့လာခြင်း "Water Studies" ဟုခေါ်သော ဘွဲ့ကြိုသင်တန်းတစ်ခု ဖွင့်လှစ်တော့မည့် အကြောင်းကို သင်သိပါသလား။ ဤသို့ဆိုလျှင် ရေဘက်ဆိုင်ရာလေ့လာခြင်း "Water Studies" ဆိုတာဘာလဲ။ မည်သည့်သင်ရိုးတွေပါဝင်မလဲ ဆိုတာအခြေခံရှင်းပြပါရစေ။  


"နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်စေချင်သည်မှာ မြန်မာနိုင်ငံ ရေဘက်ဆိုင်ရာ လေ့လာခြင်းတွင် အထူးကျွမ်းကျင်မှုစင်တာ တစ်ခုဖြစ်ထွန်းလာချင်ရုံသာမကပဲ အနာဂတ်တွင် အာဆီယံကိုယ်စားပြု Water Hub တစ်ခု တည်ထောင်ရန် ဆန္ဒရှိသည်"

တွဲဖက်ပါမောက္ခဒေါက်တာစောယုမေ

ရေဘက်ဆိုင်ရာလေ့လာခြင်းများ ဆိုသည်မှာအဘယ်နည်း။

ယေဘုယျအားဖြင့် ရေဘက်ဆိုင်ရာလေ့လာခြင်းများ ဆိုသည်မှာ သဘာ၀ ရေအရင်းအမြစ်များနှင့် ၄င်း၏စိန်ခေါ်မှုများကိုလေ့လာခြင်း နှင့် လူတို့၏ကျန်းမာရေးနှင့် အသက်မွေး၀မ်းကျောင်းမှုကို ကာကွယ်ရန်၊ ရေနေဂေဟစနစ်များနှင့် ရေအရင်းအမြစ်များအား ပြန်လည်ဖြည့်တင်းရန်နှင့် ကာကွယ်ရန်၊ နိုင်ငံ၏စီးပွားရေးကို ပိုမိုအားကောင်းလာစေရန်တို့အတွက် သန့်ရှင်းသောရေကို လုံလောက်စွာ ထောက်ပံ့မှုများပေးနိုင်မည့် ဆန်းသစ်သော သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖြေရှင်းချက်များကို ဖော်ထုတ်နိုင်ရန် ထောက်ပံ့ပေးနိုင်မည့် သုတေသနပြုခြင်းတို့ ဖြစ်ပေသည်။

မြန်မာနိုင်ငံတွင်လည်း ရေဘက်ဆိုင်ရာ လေ့လာခြင်းများ နှင့် ပတ်သက်၍ မည်သို့သော အခွင့်အလမ်းများ ရှိနေပြီနည်း။

ကျွန်ုပ်တို့ မြင်တွေ့နေရသည့် အတိုင်း ဤနှစ်များအတွင်း မြန်မာနိုင်ငံသည် နိုင်ငံတကာအစိုးရအေဂျင်စီများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများစွာကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပေသည်။ ယခုလက်ရှိအချိန်တွင်လည်း ရန်ကုန်တက္ကသိုလ်သည် ၂၀၁၉ ခုနှစ်မတ်လတွင် နယ်သာလန်တက္ကသိုလ်များ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖောင်ဒေးရှင်း "NUFFIC Orange Knowledge Program" ၏ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ၏ ရေနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍတွင် စွမ်းဆောင်ရည်မြှင့်တင်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ "ပတ်ဝန်းကျင် နှင့် ရေဘက်ဆိုင်ရာလေ့လာရေးဌာန" အသစ်ကို စတင်တည်ထောင်ခဲ့ပြီး လာမည့်လများအတွင်းတွင်လည်း ယင်းဌာနသည် ဆွီဒင်၊ အမေရိကန်၊ စင်္ကာပူ နှင့် နယ်သာလန်နိုင်ငံများမှ ကျော်ကြားသောအပြည်ပြည်ဆိုင်ရာပညာရှင်များနှင့် ပူးပေါင်း၍ ဒီဇင်ဘာလတွင်ဖွင့်လှစ်မည့် ရေဘက်ဆိုင်ရာလေ့လာခြင်းဘာသာရပ် "Water Studies" ဘွဲ့ကြိုသင်တန်းအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲကြမည်ဖြစ်သည်။

ယင်းဌာနမှပါမောက္ခဆရာမများနှင့် တွေ့ဆုံမေးမြန်းမှုရလဒ်အရ ယခုကဲ့သို့ ဌာနတစ်ခု အောင်မြင်စွာပေါ်ပေါက်လာရခြင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်မှ၂၀၁၈ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ရန်ကုန်တက္ကသိုလ်ပြုပြင်မွန်းမံရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ နိဂုံးချုပ်အမှာစကားတွင် ဥပဒေဆိုင်ရာ ပညာရပ်များ နှင့် ရေနှင့်သက်ဆိုင်ရာ "Water Studies" ပညာရပ်များအား တိုးတက်ပြန့်ပွားစေရန် အလေးထားဆောင်ရွက်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ပတ်ဝန်းကျင် နှင့် ရေဘက်ဆိုင်ရာလေ့လာရေးဌာန"Environment and Water Studies Department" စတင်တည်ထောင်ခြင်း

၂၀၁၈ ခုနှစ် စက်တင်ဘာလ၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရန်ကုန်တက္ကသိုလ်တွင် ကျင်းပသောအစည်းအဝေးတစ်ခု၌ ရေဘက်ဆိုင်ရာလေ့လာမှုများ နှင့်ပတ်သက်သော သင်တန်းတစ်ခု တည်ထောင်ဖွင့်လှစ်ရန် ပညာရေးအာဏာပိုင်များအား လမ်းညွှန်ခဲ့သည်။ ထို့ကြောင့် ၂၀၁၉ ခုနှစ် မတ်လတွင် ပတ်ဝန်းကျင် နှင့် ရေဘက်ဆိုင်ရာလေ့လာရေးဌာန ကို စတင်တည်ထောင်ခဲ့ပြီး မတူညီသောဌာနခွဲများမှ ပါမောက္ခ(၄)ဦး ဖြစ်သည့် ပါမောက္ခဒေါက်တာစိမ်းလဲ့အေး၊ တွဲဖက်ပါမောက္ခဒေါက်တာစောယုမေ၊ တွဲဖက်ပါမောက္ခဒေါက်တာခင်လေးသွယ် နှင့် ကထိကဒေါက်တာတင်မိုးခိုင် တို့ (၄) ဦးဖြင့် စတင်ခဲ့သည်။

ပတ်ဝန်းကျင် နှင့် ရေဘက်ဆိုင်ရာလေ့လာရေးဌာန ၏ရည်ရွယ်ချက်မှာ သုတေသနလေ့လာခြင်း၊ လေ့ကျင့်သင်ကြားခြင်း၊ ပညာရပ်များကိုချိတ်ဆက်ခြင်း၊ အလေ့အကျင့်များနှင့် မူဝါဒများရေးဆွဲခြင်း နှင့် ပြည်တွင်းပြည်ပရှိ သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်ခြင်း တို့မှတစ်ဆင့် မြန်မာနိုင်ငံ၏ သဘာဝရေသယံဇာတများနှင့် ရေစီမံခန့်ခွဲမှုကဏ္ဍ အမျိုးမျိုးအပေါ်တွင် ဦးဆောင်နိုင်သည့် သိပ္ပံနည်းကျသော ပညာရေးအရင်းအမြစ်တစ်ခု ဖြစ်လာစေရန် နှင့် ရေဘက်ဆိုင်ရာ လေ့လာခြင်းတွင် အထူးကျွမ်းကျင်မှုစင်တာ တစ်ခုအဖြစ် ပေါ်ထွန်းလာစေရေးတို့ ဖြစ်သည်။

ဆက်လက်၍ တွဲဖက်ပါမောက္ခဒေါက်တာစောယုမေမှ "နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်စေချင်သည်မှာ မြန်မာနိုင်ငံ ရေဘက်ဆိုင်ရာ လေ့လာခြင်းတွင် အထူးကျွမ်းကျင်မှုစင်တာ တစ်ခုဖြစ်ထွန်းလာချင်ရုံသာမကပဲ အနာဂတ်တွင် အာဆီယံကိုယ်စားပြု "Water Hub " တစ်ခု တည်ထောင်ရန် ဆန္ဒရှိသည်" ဟုပြောကြားခဲ့သည်။


ရေဘက်ဆိုင်ရာ လေ့လာခြင်းဘာသာရပ်တွင် မည်သို့သောအကြောင်းအရာများပါဝင်မလဲ။

ပါမောက္ခဒေါက်တာစိမ်းလဲ့အေးမှ လာမည့်၂၀၂၀၊ ဒီဇင်ဘာလတွင် ပတ်ဝန်းကျင် နှင့် ရေဘက်ဆိုင်ရာလေ့လာရေးဌာနသည် ရေဘက်ဆိုင်ရာလေ့လာခြင်းဘာသာရပ် "Water Studies" အတွက် ဘွဲ့ကြိုသင်တန်းတစ်ခု ဖွင့်လှစ်နိုင်ရန် စီစဉ်ထားပြီး ၎င်းသင်ရိုးတွင် လူမှုရေးသိပ္ပံ နှင့် သဘာ၀သိပ္ပံ နှစ်ခုလုံးအားပေါင်းစပ်သင်ကြားမှု ပါဝင်မည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ အဆိုပါအစီအစဉ်သည် သင်ကြားရေးနှင့်သုတေသန တစ်ပြိုင်တည်းချဉ်းကပ်မှုဖြစ်မည်ဖြစ်ပြီး အဓိကအားဖြင့် ဧရိယာကြီး (၄)ခုအပေါ် အလေးထားသင်ကြားသွားမည်ဖြစ်သည်။ ၎င်းတို့မှာ-

၁။ ရေအရင်းအမြစ်စီမံခန့်ခွဲမှု

  • ရေ နှင့် ရေဆိုး သန့်စင်ခြင်း
  • ရေအရည်အသွေး စစ်ဆေးခြင်း နှင့် ရေရှည်တည်တံ့စေရန်ထိန်းသိမ်းခြင်း
  • ရေ နှင့် လူမှုသဘောသဘာဝ
  • လူမှုဓလေ့ထုံးတမ်းများတွင် ရေ၏တည်ရှိမှု
  • ရေနှင့်ဆိုင်သော လမ်းညွှန်မှုများ နှင့် မူဝါဒများချမှတ်ခြင်း

၂။ ရေ၏အရည်အသွေး

၃။ ရေ နှင့် ရာသီဥတုပြောင်းလဲမှုတို့၏ ဆက်နွယ်မှုများ

၄။ ရေ နှင့် စွမ်းအင် အစရှိသည်တို့ ပါဝင်မည်ဖြစ်သည်။

ရေအရင်းအမြစ်စီမံခန့်ခွဲမှုကဏ္ဍအောက်တွင် ရေ နှင့် လူမှုသဘောသဘာဝ၊ လူမှုဓလေ့ထုံးတမ်းများတွင် ရေ၏တည်ရှိမှု စသည့်လူမှုရေးသိပ္ပံသင်တန်းများပါ၀င်မည်ဖြစ်သည်။

ဆက်လက်၍ တွဲဖက်ပါမောက္ခ ဒေါက်တာစောယုမေမှ သဘာဝရေသယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် သိပ္ပံနည်းကျအချက်အလက်များနှင့်သက်သေသာဓကများဖြင့်သာ ထိန်းသိမ်း၍ မရနိုင်ကြောင်း ရေနှင့်လူသားမျိုးနွယ်စု တို့၏ဆက်နွယ်မှုများ၊ လူမှုရေးယဉ်ကျေးမှုများကိုပါထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ပါမောက္ခဒေါက်တာစိမ်းလဲ့အေးမှ ဤရေဘက်ဆိုင်ရာလေ့လာခြင်း "Water Studies" ကို "Interdisciplinary Approach" ပညာရပ်နယ်ပယ်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံ ပါဝင်သော သင်ရိုးညွှန်းတမ်းတစ်ခုအဖြစ် လုပ်ဆောင်ရန် စဉ်းစားထားသည်ဟုပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ထိုကဲ့သို့သော သဘာဝသိပ္ပံနှင့် လူမှုရေးသိပ္ပံ သင်ရိုးညွှန်းတမ်းကိုပေါင်းစပ်သင်ကြားခြင်းသည် ပထမဦးဆုံး ဖြစ်ကြောင်း၊ လာမည့် ၅ နှစ်မှ ၁၀ နှစ်ခန့် ကာလများတွင်လည်း သူမတို့ဌာနသည် ရေဘက်ဆိုင်ရာလေ့လာခြင်းတွင်သာမက ပတ်၀န်းကျင်ဆိုင်ရာအကြောင်းအရာများနှင့်ဆက်စပ်သော သင်ရိုးညွှန်းတမ်းများကိုလည်းရေးဆွဲပြီး တိုးချဲ့ဖွင့်လှစ်သွားရန် အစီအစဉ်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ဆက်လက်၍ နယ်သာလန်တက္ကသိုလ်များ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖောင်ဒေးရှင်း "NUFFIC Orange Knowledge Program" ၏ပံ့ပိုးမှုဖြင့် The Water Agency ကုမ္ပဏီမှ ပြည်တွင်းပြည်ပရှိ ရေဘက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် အစိုးရဌာနများ၌ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဈေးကွက်သုတေသန တစ်ခု လုပ်ဆောင်နေပြီး ၎င်းရလဒ်ပေါ်မူတည်၍လည်း သင်ရိုးညွှန်းတမ်းတွင် ရေအရင်းအမြစ်စီမံခန့်ခွဲမှု ကဏ္ဍ အောက်၌ ပထဝီဝင်ဆိုင်ရာသတင်းအချက်အလက်စနစ်များ(Geographic Information System) နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာသက်ရောက်မှုများအားအကဲဖြတ်ခြင်း (Environmental Impact Assessment) ကဲ့သို့သော ဘာသာရပ်များအား ထပ်မံထည့်သွင်းသွားဖို့ အလားအလာရှိကြောင်း ရှင်းပြခဲ့သည်။

ဤသို့ဆိုလျှင် ရန်ကုန်တက္ကသိုလ်မှ ဖွင့်လှစ်မည့် ဤရေဘက်ဆိုင်ရာလေ့လာခြင်းဘာသာရပ် "Water Studies"နှင့် ရေအင်ဂျင်နီယာဘာသာရပ်များ (Water Engineering) မည်သို့ ကွားခြားမည်နည်း။

ပါမောက္ခဒေါက်တာစိမ်လဲ့အေးမှ ဤဝေါဟာရများသည် ကွဲပြားခြားနားခြင်းများစွာ မရှိသော်လည်း ရေအင်ဂျင်နီယာဘာသာရပ်များနှင့် မတူညီသည်မှာ ဤရေဘက်ဆိုင်ရာလေ့လာခြင်းအစီအစဉ်တွင် ဒီဇိုင်းတည်ဆောက်မှုများ၊ တွက်ချက်မှုများ များစွာပါဝင်မည်မဟုတ်ပဲ သီအိုရီများ၊ အခြေခံသဘောတရားများနှင့် လုပ်ငန်းလည်ပတ်မှုဖြစ်စဉ်များကို ဦးစားပေးသင်ကြားသွားမည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

ရေဘက်ဆိုင်ရာလေ့လာခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။

မြန်မာနိုင်ငံသည် ရေအရင်းအမြစ်များပေါကြွယ်ဝသောကြောင့် လူတစ်ဦးချင်းစီ၏ ရေရရှိနှုန်းသည် အာရှတွင် ဘူတန်ပြီးလျှင် ဒုတိယအမြင့်ဆုံးဖြစ်ကြောင်း၊ ထိုအရင်းအမြစ်များအပေါ် မူတည်၍ မြန်မာနိုင်ငံသားများသည် တိုးတက်မှုများစွာရရှိနိုင်သည်မှာ သံသယဖြစ်ဖွယ်မရှိသော်လည်း အခြားတစ်ဖက်တွင် ထိုအရင်းအမြစ်များကို ရေရှည်တည်တံ့သောချဉ်းကပ်မှုဖြင့် မည်သို့ထိန်းသိမ်းရမည် နှင့်ပတ်သက်၍ စိန်ခေါ်မှုများစွာ ရှိနေသေးကြောင်း၊ ယခုအခါတွင် ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မြန်မာ့ရေကြောင်းတက္ကသိုလ် စသည့် နည်းပညာဆိုင်ရာတက္ကသိုလ်များတွင် ရေအင်ဂျင်နီယာသင်တန်းများ ရှိပြီးသားဖြစ်သော်လည်း နိုင်ငံ၌ ရေပညာရှင်များ များစွာလိုအပ်နေသေးကြောင်းကို တွဲဖက်ပါမောက္ခဒေါက်တာစောယုမေမှ ပြောကြားခဲ့သည်။

ထို့အပြင် ပါမောက္ခဒေါက်တာစိမ်းလဲ့အေးမှ ယခုအခါတွင် မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများကို ဒုတိယအများဆုံးခံစားနေရသော နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ ရေအရင်းအမြစ်သည် အာရှတွင် ဒုတိယမြောက်ပေါကြွယ်ဝဆုံးဖြစ်သော်လည်း မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ရေဖြန့်ဖြူးမှု၊ ရေရရှိမှုတို့မှာ များစွာကွဲပြားခြားနားလျက်ရှိနေပြီး ရာသီဥတုပြောင်းလဲမှုများကလည်း ဤအချက်အပေါ် များစွာသက်ရောက်လျက်ရှိနေကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ၏တောင်တန်းဒေသများနှင့် အလယ်ပိုင်းဒေသများတွင် ရေရရှိမှု မလုံလောက်သော အခက်အခဲများနှင့် ပိုမိုရင်ဆိုင်နေရကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အခြားသောပြဿနာတစ်ခုအနေဖြင့်လည်း မြန်မာနိုင်ငံရှိရေအရင်းအမြစ်များအတွက် တိကျခိုင်လုံသော၊ ပြီးပြည့်စုံသော အချက်အလက်များမရှိသေးကြောင်း၊ သက်ဆိုင်ရာဌာနများ၌သာ သက်ဆိုင်ရာဒေတာများရှိနေကြောင်း၊ အသုံးပြုသောထောက်ပံ့ပစ္စည်းများ၊ လူသားအရင်းအမြစ်များ၊ နှင့် လုပ်ဆောင်သောနည်းစနစ်များ ကွဲပြားခြားနားမှုများကြောင့် နမူနာရလဒ်များသည်လည်း ဓာတ်ခွဲခန်းတစ်ခုနှင့်တစ်ခုကွဲပြားလျက်ရှိနေကြောင်း၊ ထို့ကြောင့် လာမည့်ကာလများအတွင်း ရန်ကုန်တက္ကသိုလ်၌ နိုင်ငံလုံးဆိုင်ရာ အမျိုးသားဓာတ်ခွဲခန်းတစ်ခုပေါ်ပေါက်လာစေချင်ကြောင်း၊ ယင်းအခါ၌ သူမတို့၏ သဘာဝပတ်ဝန်းကျင်နှင့် ရေဘက်ဆိုင်ရာလေ့လာရေး ဌာနသည် တစ်နိုင်ငံလုံးဆိုင်ရာ မူဝါဒများချမှတ်ရေး၊ စက်မှုလုပ်ငန်းများနှင့် နောက်ပိုင်းသုတေသနများအတွက် အထောက်အကူပြုနိုင်သော မှန်ကန်တိကျသည့် ရေအရင်းအမြစ်ဆိုင်ရာ အချက်အလက်များကို ထုတ်ပေးနိုင်မည့် ဌာနတစ်ခုအဖြစ် ဖြစ်ထွန်းလာစေချင်ကြောင်း ပြောကြားခဲ့သည်။

သို့ဖြစ်၍ အထက်ပါ အကြောင်းအရာများ၊ ပြဿနာများကို ကောင်းစွာစီမံနိုင်ရန်အတွက် ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်တစ်ခု လိုအပ်နေသည်မှာ ငြင်းဖွယ်မရှိပေ။ ထို့ကြောင့်ပင် မြန်မာနိုင်ငံ၌ ဤကဲ့သို့သော ရေဘက်ဆိုင်ရာလေ့လာခြင်းများ ပေါ်ပေါက်လာရန် လွန်စွာမှအရေးကြီးနေပေသည်။

ဤသို့ဆိုလျှင် ၎င်းရေဘက်ဆိုင်ရာလေ့လာခြင်းဘာသာရပ် ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ မည်သို့သော စိန်ခေါ်မှုများဆက်လက်ရှိနေသနည်း။

ဆရာမများနှင့် တွေ့ဆုံမေးမြန်းမှုရလဒ်အရ သင်တန်းစတင်ဖွင့်လှစ်ရာ၌ တက်ရောက်သူမရှိမည်ကို မစိုးရိမ်ကြောင်း၊ ယခုအချိန်တည်းကပင် ဤဘာသာရပ်ကို စိတ်ဝင်တစားရှိနေကြကြောင်း၊ သို့သော် လက်ရှိအချိန်တွင် ဌာနသည် နိုင်ငံတကာပညာရှင်များနှင့် ပူးပေါင်း၍ ထိရောက်သော သင်ရိုးညွှန်းတမ်း ပေါ်ပေါက်ရေးအတွက်သာ ဦးတည်ဆောင်ရွက်နေရသဖြင့် ဘွဲ့ကြိုသင်တန်းစတင်ဖွင့်လှစ်ချိန်၍ သင်ထောက်ကူပစ္စည်းပြည့်စုံသော ဓာတ်ခွဲခန်းတစ်ခု ရရှိရန် မလုပ်ဆောင်နိုင်သေးကြောင်း၊ ၎င်းဘွဲ့ကြိုသင်တန်းသည်လည်း တက္ကသိုလ်၏မဟာစီမံချက်အရ ရန်ကုန်တက္ကသိုလ်နှစ် (၁၀၀) ပြည့်နေ့အမှီ ဖွင့်လှစ်နိုင်ရမည်ဖြစ်သဖြင့် အစပိုင်းတွင် လက်တွေ့လုပ်ဆောင်ရာ၌ အခြားဌာနများမှ လက်တွေ့ခန်းသုံးပစ္စည်းကိရိယာများ မျှဝေသုံးစွဲသွားရန် စီစဉ်ထားရှိကြောင်း သိရှိခဲ့ရသည်။

သဘာဝပတ်ဝန်းကျင် နှင့် ရေဘက်ဆိုင်ရာလေ့လာရေးဌာနမှ ဖွင့်လှစ်သွားမည့် သင်တန်းအစီအစဉ်များ။

ယခုလက်ရှိအချိန်တွင် သဘာဝပတ်ဝန်းကျင် နှင့် ရေဘက်ဆိုင်ရာလေ့လာရေးဌာနမှ ၂၀၂၀ နှင့် ၂၀၂၁ခုနှစ်များတွင် သင်တန်း (၃) ခု ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်။ ၎င်းတို့မှာ-

၁။ ရေဘက်ဆိုင်ရာလေ့လာခြင်း ဘွဲ့လွန်ဒီပလိုမာသင်တန်း (ဇွန်လ၊ ၂၀၂၀)

လာမည့် ဇွန်လတွင် ရေဘက်ဆိုင်ရာလေ့လာခြင်း ဘွဲ့လွန်ဒီပလိုမာသင်တန်း ကို စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၎င်းအစီအစဉ်အတွက် သင်ရိုးညွှန်းတမ်းကို ဟန်ဂေရီနိုင်ငံ ဗဟိုဥရောပတက္ကသိုလ် (Central European University, Hungary) ၏ ပံ့ပိုးကူညီမှုဖြင့် ရေးဆွဲခဲ့ပြီး ယခုအခါတွင် ခွင့်ပြုချက်တောင်းခံထားကြောင်းသိရှိရသည်။ ဤသင်တန်းတွင် မည်သည့်တက္ကသိုလ်မှမဆို ဘွဲ့ရ (၃၀) ဦးကိုလက်ခံသွားမည်ဖြစ်ပြီး ဟန်ဂေရီနိုင်ငံ ဗဟိုဥရောပတက္ကသိုလ် (Central European University, Hungary) မှ ပါမောက္ခတစ်ဦးပါ လာရောက်သင်ကြားမည်ဖြစ်သောကြောင့် သင်တန်းတက်ရောက်လိုသူများသည် အင်္ဂလိပ်စာနှင့် အကျွမ်းတဝင်ရှိရန်လိုအပ်ပြီး ဝင်ခွင့်စာမေးပွဲကိုဖြေဆိုရမည် ဖြစ်ပေသည်။

၂။ ရေဘက်ဆိုင်ရာလေ့လာခြင်း ဘွဲ့ကြိုသင်တန်း (ဒီဇင်ဘာလ၊ ၂၀၂၀)

ယခုနှစ် ဒီဇင်ဘာလတွင် လေးနှစ်ကြာတက်ရောက်ရမည့် ရေဘက်ဆိုင်ရာလေ့လာခြင်း ဘွဲ့ကြိုသင်တန်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီး ၎င်းသင်တန်းတွင် ဘွဲ့ကြိုကျောင်းသား အယောက် (၅၀) အား လက်ခံသွားမည်ဖြစ်သည်။ ဤသင်တန်းအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းကို ပညာရေး၀န်ကြီးဌာန၏ ထောက်ပံ့ညွှန်ကြားမှုဖြင့် အမေရိကန်၊ ဆွီဒင်နှင့် စင်္ကာပူနိုင်ငံတို့မှ ပညာရှင်ခြောက်ဦး အား ဖိတ်ခေါ်ထားပြီး ယခုအခါတွင် အမေရိကန်နိုင်ငံ အီလီနွိုက်တက္ကသိုလ် (Northern Illinois University) နှင့် ဟန်ဂေရီနိုင်ငံ ဗဟိုဥရောပတက္ကသိုလ် (CEU) တို့မှ ၎င်းတို့၏ ကိုယ်ပိုင် ရန်ပုံငွေဖြင့် ပညာရှင်နှစ်ဦးထပ်မံပါဝင်လာမည်ဖြစ်သည်။ ထို့အပြင် "NUFFIC Orange Knowledge Program" ၏ပံ့ပိုးမှုဖြင့် Vrije Universiteit, Amsterdam မှကျွမ်းကျင်သူတစ်ဦး သည်လည်း သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းတွင် ပူးတွဲပါဝင်သွားမည်ဖြစ်ပေသည်။

၃။ ရေဘက်ဆိုင်ရာလေ့လာခြင်း ဘွဲ့လွန်သင်တန်း (ဒီဇင်ဘာလ၊ ၂၀၂၁)

ဤသင်တန်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်သွားမည် ဖြစ်ပြီး ကြီးကြပ်သည့်ပါမောက္ခဆရာမများနှင့် လက်တွေ့ခန်းသုံးပစ္စည်းများ ရရှိနိုင်မှု အကန့်အသတ်ရှိခြင်းကြောင့် ၂၀၂၀ ဇွန်လတွင် ဖွင့်လှစ်ခဲ့သော ဘွဲ့လွန်ဒီပလိုမာသင်တန်းမှ အရည်အချင်းပြည့်မှီသူ (၄) ဦး မှ (၅) ဦးသည်သာ ယခုမဟာဘွဲ့ကိုတက်ရောက်နိုင်မည်ဖြစ်သည်။ (လက်ရှိအချိန်တွင်  Covid-19 ဖြစ်ပွားနေ၍ ဇွန်လတွင် ဖွင့်လှစ်နိုင်ရန် မသေချာကြောင်း၊ ပုံမှန်အားဖြင့် ဝင်ခွင့်စာမေးပွဲကို သင်တန်းမဖွင့်မီ သုံးပတ်အလိုလောက်တွင် စစ်ဆေးလေ့ရှိပြီး သင်တန်းပြန်လည်ဖွင့်လှစ်ခါနီးတွင် အသေးစိတ်ကြေငြာပေးသွားမည်ဖြစ်ကြောင်း ထပ်မံသိရှိရပါသည်။)

ရေဘက်ဆိုင်ရာလေ့လာခြင်း ဘွဲ့ကြိုသင်တန်းမှ ရရှိလာနိုင်မည့် အခွင့်အလမ်းများ

နိဂုံးချုပ်အနေဖြင့် ဤရေဘက်ဆိုင်ရာလေ့လာခြင်း ဘွဲ့ကြိုသင်တန်းမှ ရရှိလာနိုင်မည့် အခွင့်အလမ်းများ နှင့် ပတ်သက်၍ မေးမြန်းကြည့်ခဲ့ရာ ဆရာမများမှ-

"ယခုအခါ မြန်မာနိုင်ငံသည် ရေရှည်တည်တံ့နိုင်မည့် ရေအရင်းအမြစ်စီမံခန့်ခွဲမှုများအတွက် ရေပညာရှင်များ ပိုမိုလိုအပ်မှုရှိနေသည်မှာ အထင်အရှားပင်။ သို့ဖြစ်၍ ရေဘက်ဆိုင်ရာလေ့လာခြင်း ဘွဲ့ကြိုသင်တန်းသည် အလုပ်အကိုင်အခွင့်အလမ်းများ အလွယ်တကူ ဖန်တီးပေးနိုင်ပေမည်။ ထို့အပြင် သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင်လည်း ပြည်တွင်းပြည်ပရှိ ရေဘက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် အစိုးရဌာနများ၌ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဈေးကွက်သုတေသန ပြုလုပ်ထားမှု၏ ရလဒ်ပေါ်မူတည်၍ လိုအပ်ချက်များနှင့် ကိုက်ညီအောင် ရေးဆွဲသွားမည်ဖြစ်သောကြောင့် ကျောင်းသားများသည် စက်ရုံလုပ်ငန်းများတွင် ရေဘက်ဆိုင်ရာ ကျွမ်းကျင်သူများ "Water Experts" အဖြစ်လည်းကောင်း၊ အစိုးရဌာနများ၌သာမက အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများတွင်လည်း ရေဘက်ဆိုင်ရာ အရာရှိများ "Water Officers" အဖြစ်လည်းကောင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်။ ထိုမျှသာမက နိုင်ငံ၏ဒေသအသီးသီးရှိပညာရေးဆိုင်ရာဌာနများကို တိုက်ရိုက်လျှောက်ထားနိုင်မည်ဖြစ်ပြီး၊ ၎င်းတို့သည် ပြည်ပပညာသင်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်" ဟု ဖြေကြားခဲ့ကြသည်။

သို့ဖြစ်၍ ဤသင်တန်းသည် စိတ်ဝင်စားဖွယ်အတိဖြစ်ပြီး အခွင့်အလမ်းများလည်း ဖန်တီးပေးနိုင်မည်ဖြစ်ရာ ရေဘက်ဆိုင်ရာလေ့လာခြင်းကို စိတ်ဝင်စားသူ မည်သူမဆို လက်မလွှတ်သင့်သော သင်တန်းတစ်ခုဖြစ်ကြောင်း ဆန္ဒပြုရေးသားလိုက်ရပါသည်။

Written by Thandar, a final year student at Yangon Technological University


English Version

...
3

University of Yangon collaborating with international experts to establish a new Centre of Excellence on Water Studies - Myanmar Water Portal

Do you have any idea when you first hear about the water studies? I am sure that you will be willing to know what the water studies is. So, let me introduce the general term of the water studies.
Ferries resume service in Chindwin River
Every Township in Mon State Facing Water Shortage,...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal