နာဂစ်အလွန် ဓမင်းဆိပ် Daminseik Beyond the Cyclone Nargis - အပိုင်း (၂)

95346177_3239703622728350_2850719396656054272_o

အပိုင်း (၂) သေမင်းတမန်မုန်တိုင်း၏ ရှေ့တော်ပြေးမာလာ
ရှေးယခင် မိမိတို့ ဘိုးဘွားများ လက်ထက်ကတည်းက ဘင်္ဂလားပင်လယ်အော်အတွင်း စတင်အခြေပြုကာ ကြီးထွားကျယ်ပြန့် လာလေ့ရှိသည့် မုတ်သုန်မုန်တိုင်းများ အားလုံးလိုလိုမှာ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများဆီသို့သာ ဦးတည်ရွေ့လျားကာ၊ ထိုနိုင်ငံများအတွင်းသို့သာ ကမ်းတက်ဝင်ရောက် သွားကြလေ့ ရှိသည်။ မိမိတို့ငယ်စဉ်က ထိုအိမ်နီးချင်း နိုင်ငံများအတွင်း မုန်တိုင်းများ ဝင်ရောက်ကာ လူအများ ဒုက္ခရောက်ကြရသည်များကို ကြားရ ဖတ်မိရတိုင်း လူကြီးသူမများက မိမိတို့ ကိုးကွယ်သည့် ဘာသာကြောင့်သာ မြန်မာနိုင်ငံမှာ ကပ်ဘေးများမှ အမြဲလွတ်ကင်းနေရသည်ဟု ဆိုကြလေ့ရှိသည်ကို ခေါင်းတွင်စွဲကာ အမှတ်ရနေခဲ့မိသည်။
သုတေသနစာတမ်းတစ်ခုအရ ၁၉၇၇ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ဘင်္ဂလားပင်လယ်အော် မုန်တိုင်းများ၏ ၈ ရာခိုင်နှုန်းမှာ အရှေ့ဘက်ခြမ်းရှိ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားကာ ဝင်ရောက်ကမ်းတက်ကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံဘက်သို့ ဦးတည်တိုက်ခတ် လာခဲ့လျင်လည်း ရခိုင်ကမ်းခြေဒေသများ အထူးသဖြင့် တောတောင်ထူထပ်သည့် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းဒေသများဆီသို့သာ ဝင်ရောက်ကာ ကုန်းတက်လေ့ ရှိကြပြီး၊ ကုန်းတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် အလွယ်တကူနှင့် လျင်မြန်စွာ အားပျော့ပျက်ပြယ် သွားခဲ့ကြသည်သာ ဖြစ်သည်။ ရခိုင်ကမ်းရိုးတန်းကို ကျော်လွန်လျက် မြန်မာနိုင်ငံ ကုန်းတွင်းဒေသများ တစ်လျှောက် ဝင်ရောက်ဖြတ်သန်းကာ ကြီးမားသည့်အင်အားဖြင့် တိုက်ခတ်မွှေနှောက် ဖျက်ဆီးကာ မခန့်မှန်းနိုင်လောက်သည့် အတိုင်းအဆဖြင့် ဘေးဒုက္ခရောက်ရမှုများကို ဖန်တီးသွားခဲ့သည့် မုန်တိုင်းဆိုသည်မှာ သမိုင်းတွင် မရှိခဲ့ပေ။ အကြောင်းမှာ ရှည်လျားမြင့်မားပြီး နေပျောက်မထိုးနိုင်အောင် ထူထပ်လှသည့် သစ်တောကြီးများ ပေါက်ရောက်ဖုံးလွှမ်းနေသည့် ရခိုင်ရိုးမကြီးက မုန်တိုင်းများကို သဘာဝတံတိုင်းကြီးသဖွယ် အကာအကွယ် ပေးထားခြင်းကြောင့်သာ ဘင်္ဂလားပင်လယ်အော် မုန်တိုင်းများ မြန်မာပြည်မ အတွင်းပိုင်းသို့ ဝင်မလာနိုင်ခြင်း ဖြစ်ကြောင်း အများက နားလည်ထားကြသည်။ ထိုကဲ့သို့ နိုင်ငံတစ်လွှား အခြားဒေသအများမှာ မုန်တိုင်းများ၏ဒဏ်မှ လုံခြုံမှု ရရှိနေကြသော်လည်း မြန်မာနိုင်ငံသို့ ဝင်လာသမျှ ဘင်္ဂလားပင်လယ်အော် မုန်တိုင်းများ၏ဒဏ်ကို ရခိုင်ပြည်နယ် ကမ်းရိုးတန်းတစ်လျှောက်တွင် နေထိုင်သူများက အများဆုံး ရင်ဆိုင်ကြုံတွေ့ခဲ့ကြရကာ ဖြစ်လာသည့် ဘေးဒုက္ခများကို သိမ်းကြုံးကာ ခံစားကြရလေ့ ရှိသည်။
၁၉၁၇ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ထုတ် ဗမာပြည်ပြန်တမ်း ကျောက်ဖြူခရိုင်မှတ်တမ်းတွင်၊ ၁၈၆၇ ခုနှစ် နိုဝင်္ဘာလ ၁၃ ရက်နေ့က ကျောက်ဖြူခရိုင်အတွင်း ဝင်ရောက်တိုက်ခတ် သွားခဲ့သည့် မုန်တိုင်းမှာ ထိုအချိန်အခါက အသက်ရှင်နေထိုင်ကြသူ အားလုံး၏ အမှတ်တရ သမိုင်းတစ်လျှောက် အဆိုးဆုံးနှင့် အပျက်အစီး အများဆုံး မုန်တိုင်းဖြစ်ခဲ့သည်ဟု မှတ်တမ်းတင်ထားခဲ့သည်။ မုန်တိုင်းနှင့်အတူ မြစ်များအတွင်း ဒီရေလှိုင်းများ ဝင်ရောက်လာကာ ရေကြီးရေလျှံဖြစ်မှုနှင့်အတူ၊ လမ်းတွင်ထိတွေ့သမျှကို ဖျက်ဆီးသွားခဲ့ရာတွင် အသက်ဆုံးရှုံးမှု များစွာကို ဖြစ်စေခဲ့ကာ အလွန်ခိုင်မာစွာ တည်ဆောက်ထားသည့် အိမ်များသာ ကျန်ရစ်ခဲ့ပြီး၊ စိုက်ပျိုးသီးနှံဆုံးရှုံးမှုမှာလည်း အတိုင်းအဆ လွန်စွာ ကြီးမားခဲ့သည်။ တစ်ဘက်တွင် တိရိစ္ဆာန်ရောဂါကျရောက်မှုနှင့် အခြားတစ်ဘက်တွင် ကာလဝမ်းရောဂါ ဖြစ်ပွားမှုကြောင့် လူအင်အား ရရှိရန် ခက်ခဲသဖြင့်၊ ပြန်လည်ထူထောင်ရန်အတွက် အချိန် ခြောက်နှစ်မှ ကြာမြင့်ခဲ့သည်။ ထို့နောက် ၁၈၈၄ ခုနှစ် မေလ ၁၇ ရက်က တိုက်ခတ်ခဲ့သည့် အလားတူ ပြင်းထန်သည့် မုန်တိုင်းတစ်ခုကြောင့်လည်း ထိခိုက်ပျက်စီးမှုများစွာကို ဖြစ်စေခဲ့သည်။ နောက်ပိုင်းနှစ် ကာလများဖြစ်သည့် ၁၈၉၅ ခုနှစ် ဧပြီလ၊ ၁၉ဝ၈ ခုနှစ် နိုဝင်္ဘာလနှင့် ၁၉၁၅ ခုနှစ် မေလများအတွင်း မုန်တိုင်းဒဏ် ခံခဲ့ကြရသော်လည်း ၁၈၈၄ ခုနှစ် မုန်တိုင်းလောက် ထိခိုက်ပျက်စီးမှုများ ကြီးမားခြင်း မရှိခဲ့ဟု ဖော်ပြထားခဲ့သည်။
စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး အတိုင်ပင်ခံအဖွဲ့ (အေအာရ်ဒီစီ) ၏ နှစ် ၁ဝဝ မြန်မာ့သဘာဝဘေးဒုက္ခများ (၁၉ဝ၁-၂ဝဝဝ) စာရင်းအရ၊ ၁၉၂၆ ခုနှစ် မေလ ၁၉ ရက်နေ့က တိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် မြန်မာနိုင်ငံအတွင်း လူဦးရေ ၂,၇ဝဝ မျှ အသက်ဆုံးရှုံးခဲ့ရပြီး သမိုင်းတစ်လျှောက် လူအသေအပျောက်အများဆုံး မုန်တိုင်းကြီး ဖြစ်ခဲ့သည်ဟု တွေ့ရှိရသည်။ ၁၉၃၆ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က တိုက်ခတ်ခဲ့သည့် မုန်တိုင်းအတွင်းတွင် လူဦးရေ ၁,ဝဝဝ ခန့် အသက်ဆုံးရှုံးခဲ့ရသည်။ ထို့နောက် ၁၉၆၈ ခုနှစ် မေလ ၁ဝ ရက်နေ့က စစ်တွေမြို့အနီး ဝင်ရောက်တိုက်ခတ်ခဲ့သည့် မုန်တိုင်းအတွင်း လူဦးရေ ၁,ဝ၇ဝ မျှ အသက်ဆုံးရှုံးခဲ့ရပြီး ဒုတိယ လူအသေအပျောက်အများဆုံး မုန်တိုင်း ဖြစ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
၁၉၉၂ ခုနှစ် နိုဝင်္ဘာလ ၂ဝ ရက်နေ့က အဆင့်-၄ ဆိုင်ကလုန်းမုန်တိုင်းကြီးအဖြစ် အားကြီးလာခဲ့သည့် ဖော်ရက်စ် မုန်တိုင်းမှာ ကမ်းမတက်မီပင် အားပျော့သွားကာ နိုဝင်္ဘာလ ၂၁ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းသို့ ဝင်ရောက်လာခဲ့သော်လည်း ထိခိုက်ပျက်စီးမှု မရှိသလောက် နည်းခဲ့ရသည်။ ထို့နောက်ပိုင်း ၂ဝဝ၄ ခုနှစ် မေလ ၁၉ ရက်နေ့က တိုက်ခတ်ခဲ့သည့် အဆင့်-၁ ဆိုင်ကလုန်း မုန်တိုင်းအတွင်းတွင်မူ လူဦးရေ ၂၃၆ ယောက်မျှ အသက်ဆုံးရှုံးခဲ့ရပြီး လူပေါင်း ၁၈,ဝဝဝ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရသည်။
ထို့နောက် ၂ဝဝ၆ ခုနှစ် ဧပြီလ ၂၄ ရက်မှ ၃ဝ ရက်အထိ ကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် မာလာမုန်တိုင်းအတွင်းတွင်မူ လူဦးရေ ၃၇ ဦးမျှ အသက်ဆုံးရှုံးခဲ့ရပြီး၊ ယင်းတို့အထဲတွင် မုန်တိုင်းကြောင့် ဟင်္သာတခရိုင်အတွင်း ဖြစ်ပွားခဲ့သည့် ရုတ်တရက် ရေကြီးမှုများကြောင့် ဆုံးပါးသွားရသူ ၁၈ ဦးလည်း ပါဝင်ခဲ့သည်။ မုန်တိုင်းတိုက်ရိုက် တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်မှာ ဘေးဒုက္ခများကို အများဆုံးခံစားခဲ့ရပြီး ဂွမြို့တွင် အဆိုးဆုံး ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ မာလာမုန်တိုင်းမှာ အဆင့်-၄ ဆိုင်ကလုန်း မုန်တိုင်းကြီးတစ်ခု ဖြစ်ခဲ့သော်လည်း ယင်းကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးမှုများမှာ မုန်တိုင်း၏ အတိုင်းအဆနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးခဲ့သည်ဟု ဆိုကြသည်။ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်တွင် အမြင့် ၁၅-ပေအထိ ဒီရေမြင့်တက်ခဲ့သော်လည်း ကောင်းမွန်သည့် ကြိုတင်သတိပေးမှုနှင့် အချိန်ကိုက် ထိရောက်စွာ ပြောင်းရွှေ့ ရှောင်တိမ်းနိုင်မှုတို့ကြောင့် အသက်ဆုံးရှုံးရမှုနှင့် ပျက်စီးဆုံးရှုံးရမှုများ နည်းပါးခဲ့သည်ဟု မှတ်တမ်းတင်ထားခဲ့ကြသည်။

မာလာမုန်တိုင်းသည် ဧပြီလလယ်ခန့်တွင် ဘင်္ဂလားပင်လယ်အော်အတွင်း လေထုမငြိမ်မသက်ဖြစ်မှုမှ စတင်ဖြစ်တည်လာကာ၊ ဧပြီလ ၂၄ ရက်တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ် ဖွံ့ဖြိုးလာပြီး နောက်တစ်နေ့တွင် မာလာမုန်တိုင်းအဖြစ် နာမည်ရလာခဲ့သည်။ ဧပြီလ ၂၇ ရက်တွင် အလျင်အမြန် အားကောင်းလာခဲ့ပြီး ဧပြီလ ၂၈ ရက်တွင် အဆင့်-၄ ဆိုင်ကလုန်း မုန်တိုင်းကြီးအဖြစ် သတ်မှတ်ခံခဲ့ရသည်။ မုန်တိုင်းသည် ဧပြီလ ၂၉ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်ရိုက်ခတ်ပြီးနောက် သံတွဲမြို့တောင်ဘက်မှကပ်လျက် ကမ်းတက်ကာ ကုန်းတွင်းပိုင်းသို့ ဆက်လက်ဝင်ရောက်စဉ် အလျင်အမြန်ပင် အားပျော့သွားခဲ့သည်။
မာလာမုန်တိုင်း တိုက်ခတ်စဉ်ကာလအတွင်း မိမိမှာ ရတနာကမ်းလွန်စခန်းတွင် တာဝန်ကျနေခဲ့ပြီး၊ မုန်တိုင်းဖြစ်ခါစတွင် မိုးလေဝသ ခန့်မှန်းချက်များအရ မုန်တိုင်းသည် မြန်မာနိုင်ငံဘက်သို့ ရွေ့လျားလာနိုင်ဖွယ် မရှိဟု တွက်ဆထားခဲ့ကြသည်။ သို့ရာတွင် မုန်တိုင်းမှာ မြန်မာနိုင်ငံဘက်သို့ ရုတ်တရက် ဦးတည်ရွေ့လျားလာပြီး မိမိတို့နှင့် မလှမ်းမကမ်းမှ ဖြတ်သွား‌မည်ကို အနီးကပ်မှ သိရှိလိုက်ကြရသည်။ ထိုအချိန်တွင် ကမ်းလွန်စခန်းအနီး ပင်လယ်ရေပြင်တွင် မဖြစ်မနေနှင့် အမြဲရှိနေရလေ့ရှိသည့် ထောက်ပံ့ရေး သင်္ဘောငယ်မှာ၊ လှိုင်းလုံးကြီးများ အကြား စိတ်မချမ်းမြေ့စရာ ပျောက်ချည်တလှည့် ပေါ်ချည်တစ်ခါဖြင့် အပြင်းအထန်ရုန်းကန်ကာ နေရာမပျက်စေရန် ထိန်းသိမ်းနေခဲ့ရပြီးနောက် ကမ်းလွန်စခန်းတွင် ဆက်လက် ရပ်တည်နေနိုင်ရန်မှာ မဖြစ်နိုင်တော့သဖြင့် မုန်တိုင်းလွတ်ရာသို့ တိမ်းရှောင်ရန် ထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။
နှစ်ရက်ခန့်ကြာသည့် အရေးပေါ်ကာလအတွင်း ကမ်းလွန်စခန်းမှ လူအရေအတွက်များစွာကို လျှော့ချရာတွင်၊ မရှိမဖြစ်ကျန်နေရမည့် ဝန်ထမ်းအနည်းငယ်မှလွဲ၍ အခြားသူများအားလုံးကို ပြင်းထန်ဆိုးရွားလှသည့် မိုးရွာလေတိုက်ခတ်မှုများ အကြားမှ ရဟတ်ယာဉ်ဖြင့် ရန်ကုန်သို့ ခေါက်တုန့်ခေါက်ပြန် သယ်ပို့ရသည်မှာ ရဟတ်ယာဉ်ကို မောင်းနှင်သူ လေယာဉ်မှုးနှစ်ဦး အတွက်သာမက၊ တက်ရောက်စီးနင်းသူများ အတွက်ရော၊ ကမ်းလွန်စခန်းတွင် ကွင်းဆင်းကွင်းတက် ထောက်ကူပံ့ပိုး ပေးကြရသူများ၊ လေယာဉ်စက်မရပ်ဘဲ ဆီဖြည့်ပေးရသူများ အတွက်ပါ အလွန်အန္တရာယ် များလှကာ သက်စွန့်ဆံဖျား လုပ်ဆောင်ခဲ့ကြရသည်။ မုန်တိုင်းအဝန်းအဝိုင်း အတွင်းမှဖြတ်ကာ ရဟတ်ယာဉ်ဖြင့် စီးနင်းလိုက်ပါ သွားရသူများမှာ ကမ်းလွန်စခန်းတွင် ကျန်ရစ်ခဲ့မည့်သူများထက်ပင် ပိုမိုတုန်လှုပ်‌ခြောက်ခြားကာ စိုးရိမ်စရာ ဖြစ်နေခဲ့ကြမည်မှာ မလွဲပေ။ ထိုကာလအတွင်း စခန်းတွင် ကျန်ရစ်ခဲ့သူ တစ်ဒါဇင်ခန့်မှာမူ ကမ်းလွန်ပင်လယ်ပြင်ရှိ သံစင်များကို တဝုန်းဝုန်းရိုက်ခတ်ကာ ဖွာထွက်သွားတတ်သည့်၊ အများစုအတွက် မိမိတို့တစ်သက်တွင် မမြင်ခဲ့ဘူးသည့် လွန်စွာကြီးမားလှသည့် လှိုင်းလုံးကြီးများကို၊ ယင်းတို့၏ တဒုံးဒုံး ရိုက်ခတ်မှုများကြောင့် အဆက်မပြတ် တုန်ခါလှုပ်ရမ်းနေသည့် လူနေအိပ်ဆောင်သံစင်ပေါ်မှ အံ့သြငေးမောကာ စောင့်ကြည့်ရင်း ဖြတ်သန်းခဲ့ကြရသည်။
မုန်တိုင်းဖြစ်ပေါ်စဉ်ကာလ လေတိုက်ခတ်မှု ပြင်းထန်နေစဉ်အတွင်း မည်သူမျှ လူနေအိပ်ဆောင်သံစင်၏ အပြင်သို့ သွားရန်လည်း မဖြစ်နိုင်၊ သွားခွင့်လည်း မရှိတော့သဖြင့် မိမိတို့ ရုံးခန်း၊ အလုပ်ခန်း၊ အိပ်ခန်းနှင့် နားနေစရာ နေရာများတွင်ပင် ငြိမ်သက်စွာ ရှိနေခဲ့ကြသည်။ လေပြင်းတိုက်ခတ်မှုကြောင့်ရော ပင်လယ်လှိုင်းလုံးကြီးများ၏ ရိုက်ခတ်မှုနှင့် မြန်သန်သည့် ပင်လယ်ရေစီးတို့၏ တွန်းထိုးမှုတို့ကြောင့်ပါ သံစင်တစ်ခုလုံးမှာ အဆက်မပြတ် ရှေ့နောက်ဘယ်ညာ ယိမ်းထိုးလျက်ရှိနေသည့်အပြင် တစ်ချက်တစ်ချက် ငလျင်လှုပ်သည်ကဲ့သို့ တုန်ခါမှုမျိုးကိုပါ ခံစားကြရသည်။ ကမ်းလွန်စခန်းတွင် လျှပ်စစ်ဓါတ်အားကို ကိုယ်ပိုင်ဓါတ်ငွေ့တာဘိုင် လျှပ်စစ်ဓါတ်အားပေးစက်များဖြင့် မောင်းနှင်ထုတ်လုပ် ရရှိပြီး၊ သောက်သုံးစရာ ရေကို ရေချိုထုတ်စက်များဖြင့် ပင်လယ်ရေမှ ချက်လုပ်ရရှိသည်။ မုန်တိုင်းတိုက်နေသည့်တိုင် မောင်းနှင်နေသည့်စက်များ၊ အထူးသဖြင့် လျှပ်စစ်ဓါတ်အားပေးစက်များ ကောင်းမွန်စွာ လည်ပတ်နေသရွေ့ ရေ၊ မီးနှင့် စားရေးသောက်ရေးအတွက် ပူပင်စရာ မရှိပါချေ။
မုန်တိုင်းအတွင်း မည်သည့်အန္တရာယ်မျှ မကြုံခဲ့ကြရသော်လည်း လူနေအိပ်ဆောင်သံစင်၏ တုန်လှုပ်မှုများကမူ စိုးရိမ်စရာ ဖြစ်နေခဲ့ရသည်။ မုန်တိုင်း မဝင်မီကာလကပင် ကမ်းလွန်စခန်းတွင် ကာလရှည်ကြာ အလုပ်လုပ်နေခဲ့ကြသူ အချို့၏အဆိုအရ သံစင်မှာ မူလအနေအထားနှင့်မတူဘဲ တုန်လှုပ်မှုများမှာ မကြာခဏ ပိုမိုဆိုးရွားလာတတ်သည်ကို သတိပြုမိခဲ့ကြသည်။ ကမ်းလွန်သံစင်များ၏ ခြေထောက်များကို နံရံထူထဲသည့် သံမဏိပိုက်လုံးများဖြင့် ဖွဲ့စည်းထားသည်။ ပင်လယ်ကြမ်းပြင်တွင် ကျွံဆင်းမသွားစေရန်အတွက် သံစင်များ၏ အောက်ခြေတွင် ရွှံ့ကာခြေနင်းပြားများနှင့် တွဲဆက်ချထားကာ တည်ဆောက်ထားသည်။ ထို့အပြင် ပင်လယ်ရေစီးများ၊ လှိုင်းများနှင့် လေဒဏ်၊ မိုးဒဏ်၊ ငလျင်ဒဏ်များကို ခံနိုင်ရန်အတွက်၊ ခြေထောက်ပိုက်များအတွင်းမှဖြတ်လျက် သံမဏိပိုက်လုံးရှည်ကြီးများကို အုတ်မြစ်တိုင်များအဖြစ် ပင်လယ်ကြမ်းပြင် အတွင်းသို့ နက်ရှိုင်းစွာ ရိုက်သွင်းထားသဖြင့် မြင့်မားလှသည့် ခိုင်မာတောင့်တင်းမှုဖြင့် ရပ်တည်နေနိုင်ကြသည်။
သို့ရာတွင် သံစင်များ၏အောက်ရှိ သဘာဝဓါတ်ငွေ့များ ထုတ်လုပ်ပေးနေသည့် ပင်လယ်ကြမ်းပြင်အောက် ထုံးကျောက်လွှာထုကြီး၏ အနေအထားမှာမူ ခန့်မှန်းရခက်လှသည်။ ထုံးကျောက်လွှာများအတွင်း မြင့်မားသည့် ဖိအားဖြင့် ခိုအောင်းနေသည့် သန့်စင်သည့် သဘာဝဓါတ်ငွေ့ကို နှစ်ပေါင်းများစွာ ထုတ်ယူခြင်းကြောင့် ထုံးကျောက်လွှာအတွင်း ဖိအားများလျော့ကျလာကာ ထုံးကျောက်လွှာနှင့်အတူ ပင်လယ်ကြမ်းပြင်ကို နိမ့်ဆင်းလာစေနိုင်သည်။ ထို့အပြင် သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှုမှ ထွက်ရှိလာသည့် စွန့်ပစ်အရည်များကို ထုံးကျောက်လွှာထုအတွင်း ပြန်လည်တွန်းထည့် ပေးခြင်းဖြင့် ထုံးကျောက်လွှာအတွင်း စိုစွတ်လာမှုကြောင့်လည်း ပင်လယ်ကြမ်းပြင် နိမ့်ကျလာမှုကို ပိုမိုဆိုးရွား လာစေနိုင်သည်။
သံစင်များ၏ ပင်လယ်အတွင်း တည်နေရာနှင့် အနေအထားကို နှစ်ကန့်သတ်ချက်ဖြင့် ပုံမှန်တိုင်းတာမှုများ ပြုလုပ်လေ့ ရှိသော်လည်း၊ ယင်းတို့ မည်ကဲ့သို့နှင့် မည်သည့်အတိုင်းအတာဖြင့် လှုပ်ရမ်းနေသည်ကိုမူ ပုံမှန်တိုင်းတာမှုများ မရှိချေ။ လူနေအိပ်ဆောင်သံစင်၏ မူမမှန်သည့် လှုပ်ရမ်းမှုများမှာ အဆိုပါသံစင်ပေါ်တွင် တပ်ဆင်ထားသည့် အဓိကဝန်ချီစက် မောင်းနှင် အသုံးပြုနေစဉ် အတွင်းတွင်သာ ဖြစ်ပေါ်သည်လား သို့မဟုတ် အခြားအချိန်များတွင်ပါ လှုပ်ရမ်းသည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း သိနိုင်ရန်အတွက် ကမ်းလွန်အလုပ်ရုံတွင် သံမဏိဆိုင်းကြိုးဖြင့် ခဲတံတပ် ချိန်သီးတစ်ခုကို ပြုလုပ်ခဲ့ကြသည်။ ချိန်သီးတိုင်ကို မိမိ၏ရုံးခန်းအတွင်း ချထားကာ နေ့စဉ် လူနေအိပ်ဆောင်သံစင်၏ လှုပ်ရမ်းမှုများကို စက္ကူတွင်ခဲတံဖြင့် ခြစ်စေလျက် ဆိုးရွားသည့် လှုပ်ရမ်းမှုများကို မှတ်တမ်းတင်နေမိခဲ့သည်။ ဝန်ချီစက်မောင်းနှင်ခြင်း မရှိသည့်အချိန်တွင်ပင် ပုံမှန်မဟုတ်သည့် လှုပ်ရမ်းမှုများ ရှိနေသည်ကို တွေ့ရှိလာရသည်။ မုန်တိုင်းကာလအတွင်း သံစင်လှုပ်ရမ်းမှုများကား ပရမ်းပတာ ရှိလှသည်။ အတိုင်းအတာ အတိအကျမရသော်လည်း လှုပ်ရမ်းမှုများ၏ လမ်းကြောင်းများနှင့် ပြင်းထန်မှု အတိုးအလျော့များကို နှိုင်းယှဉ်ဖော်ပြနိုင်သည့် ချိန်သီးဖြင့် မှတ်တမ်းတင်ခြင်းကား အလဟဿ မဖြစ်ခဲ့ပါချေ။ မာလာမုန်တိုင်းနောက်ပိုင်း စနစ်တကျ တိုင်းတာမှုများအရ ပြီးခဲ့သည့် ထုတ်လုပ်ရေးကာလများအတွင်း ပင်လယ်ကြမ်းပြင် နိမ့်ကျမှုများနှင့်အတူ ရတနာကမ်းလွန်သံစင်များမှာလည်း လုံခြုံစိတ်ချရမှုအတွက် လိုအပ်သည့် အနေအထားထက် ကျော်လွန်ကာ နိမ့်ဆင်းသွားသည်ကို တွေ့ရှိလာကြရပြီး နောက်ပိုင်းတွင် သံစင်များအတွက် လိုအပ်သည့် ပြန်လည်မြှင့်တင်ခြင်းများကို ပြုလုပ်ခဲ့ကြရသည်။ 

မာလာမုန်တိုင်း တိုက်ခတ်နေစဉ် ကာလအတွင်း သဘာဝဓါတ်ငွေ့ ထုတ်လုပ်ပို့လွှတ်မှုများကို ရပ်တန့်ခြင်း မရှိခဲ့ပေ။ မည်သူမျှ အပြင်ထွက်ရန် မဖြစ်နိုင်သဖြင့် တစ်စုံတစ်ခုဖြစ်ခဲ့လျင် စက်များ အလိုအလျောက် ရပ်တန့်သွားသည်ကို စောင့်ကြည့်နေရုံသာ ဖြစ်သည်။ ကမ်းလွန်ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းများသည် အဓိကအားဖြင့် မီးလောင်လွယ်သည့် အန္တရာယ်ကြီးမှုကြောင့် အရာရာကို အဖက်ဖက်မှ လုံခြုံစိတ်ချရအောင် လုပ်ဆောင်ထားကြရလေ့ ရှိသည်။ တစ်စုံတစ်ရာ အမှားအယွင်း ဖြစ်ခဲ့ပါကလည်း စက်ကရိယာများကို ရပ်တန့်သွားစေပြီး၊ ဘေးကင်းလုံခြုံသည့် အနေအထားသို့သာ အလိုအလျောက် ရောက်ရှိသွားစေရန် စီမံထားကြသည်။ ထို့အပြင် လုပ်ငန်းခွင်အတွင်း တစ်ချိန်ထက်တစ်ချိန် ပိုမိုတင်းကျပ် လာလေ့ရှိသည့် ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် ပတ်ဝန်းကျင် ကောင်းမွန်ရေး အစီအစဉ်များကို ချမှတ်ကာ အားလုံးက လေးစားစွာ လိုက်နာကြရသည်။ ယင်းအစီအစဉ်များ၏ အကျိုးဆက်အဖြစ် အလုပ်ခွင်အတွင်းတွင် အလုပ်လုပ်နေကြ သူများသာမက၊ လည်ပတ်မောင်းနှင်နေသည့် စက်ကိရိယာများ၏ ကြံ့ခိုင်ကျန်းမာမှုများသည်လည်း အမြဲလိုပင် ကောင်းမွန်နေလေ့ရှိသည်။ ထို့ကြောင့်ပင် ပြင်းထန်စွာ မုန်တိုင်း တိုက်ခတ်နေသည့် အရေးပေါ်ကာလအတွင်း ဆိုးရွားခက်ထန်လှသည့် ပင်လယ်ပြင်ဝန်းကျင်တွင် တပ်ဆင်ထားသည့် သံစင်များ၏ ခိုင်မာတောင့်တင်းမှု၊ မောင်းနှင်နေသည့် စက်ကိရိယာများ၏ ကြံ့ခိုင်ကျန်းမာမှု တို့ကြောင့် ကမ်းလွန်စခန်း၏ လည်ပတ်ထုတ်လုပ်မှုများမှာ ရပ်တန့်မသွားဘဲ အဆင်ပြေချောမွေ့စွာပင် ဖြတ်သန်းနိုင်ခဲ့သည်။
ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းများ မည်ကဲ့သို့ စတင်ဖြစ်ပေါ်လာသည်နှင့် မည်သည့်အရပ်သို့ ဦးတည်ရွေ့လျားကာ၊ မည်သည့်နေရာတွင် ကုန်းတက်မည် ဆိုသည်ကို စောလျင်တိကျစွာ ခန့်မှန်းရန် အလွန်ခက်ခဲလှသည်ဟု မိုးလေဝသလေ့လာသူများက ဆိုကြသည်။ မာလာမုန်တိုင်းသည်လည်း ရှေ့တွင် ရခိုင်ကမ်းခြေဒေသသို့ ဝင်ရောက်ကုန်းတက်ကာ တိုက်ခတ်ခဲ့သည့် မုတ်သုန်မုန်တိုင်း အများစုကဲ့သို့ပင်၊ ကုန်းတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် အလွယ်တကူအားပျော့သွားခဲ့သည်။ သို့ရာတွင် အခြားမုန်တိုင်းအများစု ကမ်းတက်ဝင်ရောက်လေ့ရှိသည့် ကျောက်ဖြူခရိုင်နှင့် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းထက် တောင်ဘက်ပိုင်း ပိုကျသည့်၊ သံတွဲခရိုင် သံတွဲမြို့၏ တောင်ဘက် ဂွမြို့တွင် ဝင်ရောက် ကမ်းတက်ခဲ့ကာ ကုန်းပေါ်တွင် ၁၈-နာရီကြာသည်အထိ ဆက်လက်တည်ရှိနေခဲ့သည်။ ရန်ကုန်မြို့ လှိုင်သာယာအထိ အဖျားခတ်လာသည့် မုန်တိုင်း၏ဒဏ်ကြောင့် စက်ရုံအလုပ်ရုံအချို့နှင့် အိမ်ခြေ ၆ဝဝ ခန့် ထိခိုက်ပျက်စီးခဲ့ရသည်။
မြန်မာနိုင်ငံဆီသို့ ဦးတည်တိုက်ခတ်လာသည့် မုန်တိုင်းတစ်ခု တောတောင်ထူထပ်သည့် ရခိုင်ကမ်းခြေမြောက်ပိုင်းထက် တောတောင်အကာအကွယ် နည်းပါးသည့် ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းမှ ဝင်ရောက်ကမ်းတက်လာခဲ့ခြင်းကမူ မြန်မာနိုင်ငံအတွင်းပိုင်း ဒေသများတွင် ပိုမိုပြင်းထန်သည့် မုန်တိုင်း၏ဒဏ်ကို ပိုမိုကြာရှည်စွာ တွေ့ကြုံခံစားလာရနိုင်သည့်အတွက် စိုးရိမ်စရာ ဖြစ်လာရသည်။ အကယ်၍သာ မာလာမုန်တိုင်းသည် ပိုမိုတောင်ဘက်ကျပြီး ရခိုင်ကမ်းရိုးတန်း၏ အကာအကွယ်ရမှု များစွာနည်းပါးလှသည့်နေရာမှ ဝင်ရောက်လာခဲ့ကာ၊ ယခုကဲ့သို့ အလျင်အမြန် အားပျော့သွားခြင်းမရှိဘဲ ဟင်းလင်းပြင် မြေပြန့်တစ်လျှောက် အချိန်ကြာမြင့်စွာ ဆက်လက် ရွေ့လျားတိုက်ခတ်ခဲ့ပါလျင် အတိုင်းအဆ အလွန်ကြီးမားကာ ဆိုးရွားလှသည့် ပျက်စီးဆုံးရှုံး ဘေးဒုက္ခရောက်ရမှုများနှင့် ကြုံတွေ့လာကြရနိုင်သည်။
တကယ်တော့ ဆိုးရွားပြင်းထန်လှသည့် မာလာမုန်တိုင်းကို ပင်လယ်ပြင်တွင် နဖူးတွေ့ဒူးတွေ့ ကြုံခဲ့ရသည့်တိုင်၊ မာလာထက် ပိုမိုပြင်းထန်ပြီး နှိုင်းမရအောင်ပင် ဆထက်တိုး ဆိုးရွားကာ မြန်မာနိုင်ငံအတွင်း ဟင်းလင်းပွင့်ကုန်းမြေ‌ဒေသတစ်ခုကို ဝင်ရောက်ဖြတ်ကျော်လျက် အချိန်ကြာမြင့်စွာ တိုက်ခတ်သွားမည့် နောက်ထပ်မုန်တိုင်းကြီး တစ်ခုကို အနာဂါတ်ကာလ နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကာ သမိုင်းတင်ရမည့် အဖြစ်ဆိုးများနှင့် ကြုံကြရတော့မည်ကို မိမိတို့ တစ်ဦးတစ်ယောက်မျှ တွေးမိ၊ ခံစားမိ၊ သိရှိနိုင်မိခြင်း မရှိခဲ့ပါချေ။ 

အင်္ဂလိပ်ဝေါဟာရများ။
ဗမာပြည်ပြန်တမ်း ကျောက်ဖြူခရိုင် - Burma Gazetteer, Akyab District
စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး အတိုင်ပင်ခံအဖွဲ့ (အေအာရ်ဒီစီ) – Agriculture and Rural Development Consultants (ARDC)
ဖော်ရက်စ် မုန်တိုင်း – Cyclone Forrest
မာလာမုန်တိုင်း – Cyclone Mala
အဆင့်-၄ ဆိုင်ကလုန်း – Category-4 Cyclone; a Saffir–Simpson hurricane wind scale (SSHWS)
ကမ်းလွန်စခန်း – Offshore Facilities
ကမ်းလွန်သံစင် – Offshore Platform
လူနေအိပ်ဆောင်သံစင် – Quarters Platform
ထောက်ပံ့ရေးသင်္ဘော – Support Vessel, Supply Boat
ဓါတ်ငွေ့တာဘိုင် လျှပ်စစ်ဓါတ်အားပေးစက် – Gas-turbine Generator
ရေချိုထုတ်စက် – Desalinator
ရွှံ့ကာခြေနင်းပြား - Mud Mat
အုတ်မြစ်တိုင် - Pile
ကမ်းလွန်ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း – Offshore Oil & Gas Industry
လေယာဉ်စက်မရပ်ဘဲ ဆီဖြည့်ပေးခြင်း - Hot refuelling
စက်ကရိယာများ ရပ်တန့်သွားလျင်၊ ဘေးကင်းလုံခြုံသည့် အနေအထားသို့ အလိုအလျောက် ရောက်ရှိသွားခြင်း – Fail-Safe concept
ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် ပတ်ဝန်းကျင်ကောင်းမွန်ရေး အစီအစဉ် – Health, Safety & Environment (HSE) Program

********************

သိန်းမော် (မေလ ၂ ရက်၊ ၂ဝ၂၀ခုနှစ်) Facebook စာမျက်နှာမှကူးယူတင်ပြပါသည်။


...

"နာဂစ်အလွန် ဓမင်းဆိပ်" Daminseik Beyond the Cyclone Nargis - Myanmar Water Portal

အပိုင်း (၁) ပင်လယ်၏မာယာဓမင်းဆိပ် ပင်လယ်ကမ်းခြေ တိုက်စားခံရအပြီး မြေအောက်တွင် မြှုပ်ထားခဲ့သည့် ၃၆-လက္မ ဓါတ်ငွေ့ပိုက်လိုင်း ပေါ်လာသည်ကို ကာကွယ်ရန်အတွက် ကမ်းခြေကာ ကျောက်တန်းများ ချထားသည်မှာ ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။ မှန်းဆထားခဲ့သလို လိုချင်သည့်ပုံစံ
Every Township in Mon State Facing Water Shortage,...
CERP should focus more on agriculture, livestock s...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal