"နာဂစ်အလွန် ဓမင်းဆိပ်" Daminseik Beyond the Cyclone Nargis

94779965_3229100363788676_788367098588954624_o

အပိုင်း (၁) ပင်လယ်၏မာယာ

ဓမင်းဆိပ် ပင်လယ်ကမ်းခြေ တိုက်စားခံရအပြီး မြေအောက်တွင် မြှုပ်ထားခဲ့သည့် ၃၆-လက္မ ဓါတ်ငွေ့ပိုက်လိုင်း ပေါ်လာသည်ကို ကာကွယ်ရန်အတွက် ကမ်းခြေကာ ကျောက်တန်းများ ချထားသည်မှာ ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။ မှန်းဆထားခဲ့သလို လိုချင်သည့်ပုံစံ အပြည့်အဝ မရသော်လည်း၊ ပေးထားခဲ့သည့် မူလပုံစံအတိုင်း အားလုံးကလက်ခံကာ စိတ်ရောကိုယ်ပါ ထည့်ဝင်လျက် အမြန်ဆုံး အကောင်အထည် ဖော်ပေးခဲ့ကြသည်ကို ကျေးဇူးတင်နေမိသည်။ တစ်ဆက်တည်း စိတ်ထဲတွင် မေးစရာမေးခွန်းများနှင့် တွေးစရာအချက်များကလည်း တသီတတန်းကြီး ကျန်နေဆဲ ဖြစ်သည်။


ပထမဆုံးမေးခွန်းမှာ "အလုပ်ဖြစ်ပါ့မလား" ဟူသည့် အရေးအကြီးဆုံး မေးခွန်းဖြစ်သည်။ အဖြေက "အလုပ်ဖြစ်မယ်လို့ ယုံကြည်တယ်" ဟူ၍ ဖြစ်သည်။ ဤသည်မှာ အလုပ်တစ်ခုအတွက် ကိုယ့်ဘက်တွင် အမြဲရှိနေရမည့် အချက်များထဲမှ အနည်းဆုံးရှိနေရမည့် အချက်တစ်ခုမျှသာ ဖြစ်သည်။ သို့ရာတွင် ထိုယုံကြည်မှုကို ခိုင်မာအောင် သက်သေပြ ပံ့ပိုးပေးစရာ သုတေသနပြုပြီး အချက်အလက်များကား မမျှော်လင့်နိုင်လောက်အောင်နှင့် ယုံကြည်စရာ မရှိလောက်အောင်ပင် နည်းပါးနေလွန်းလှသည်။


ဧရာဝတီ မြစ်ဝကျွန်းပေါ်ကမ်းလွန်မှ ရတနာနှင့် တနင်္သာရီကမ်းလွန်မှ ရဲတံခွန် ပင်လယ်ပြင် ဓါတ်ငွေ့တွင်းများမှ မုတ္တမပင်လယ်ပြင်ကို ဖြတ်လျက် ယိုးဒယားနယ်စပ်သို့ သွယ်တန်းထားသည့် ၃၆-လက္မ ရတနာပိုက်လိုင်းနှင့် ၂၄-လက္မ ရဲတံခွန်ပိုက်လိုင်း နှစ်ခုစလုံးသည် ပင်လယ်ကမ်းခြေတွင် မြေမြှုပ်ထားခဲ့ရာမှ၊ ၂ဝဝ၇ ခုနှစ်အလယ်နောက်ပိုင်းတွင် ကုန်းမြေသို့ ပိုက်လိုင်းကမ်းတက်ရာ တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကန်ဘောက်ဒေသ ဓမင်းဆိပ်ရွာအနီးရှိ ကမ်းခြေမြေပေါ်သို့ ပေါ်လာခဲ့ကြသည်။ ပင်လယ်ရေအောက် ကြမ်းပြင်တစ်လျှောက် ခင်းချထားသည့် ပိုက်လိုင်းများကို၊ ပင်လယ်ကမ်းခြေ ရေစီးကြောင်းများနှင့် ပင်လယ်လှိုင်းများကြောင့် တိုက်စားခံရမှုများအပြင် ငါးဖမ်းပိုက်များနှင့် လှေ သင်္ဘောများ ကျောက်ချမှု စသည့် အန္တရာယ်ဖြစ်စေနိုင်သည့် အကြောင်းများမှ ကာကွယ်ရန်အတွက် ကမ်းပေါ်တက်မလာမီကပင် ပင်လယ်ကမ်းခြေ မြေကြီးအတွင်း မြှုပ်နှံဖုံးအုပ်ပေးကြရသည်။ အကြောင်းအမျိုးမျိုးကြောင့် မြေကြီးအတွင်း မြှုပ်နှံထားသည့် ပိုက်လိုင်းများ မြေအောက်တွင် ဖုံးအုပ်ထားခြင်း ရှိမရှိကို အချိန်မှန် စစ်ဆေးပေးကြရပြီး၊ ယခုကဲ့သို့ ကမ်းခြေတိုက်စား ခံရမှုကြောင့် မြေပေါ်သို့ ပေါ်လာပါက မြေကြီးအတွင်း ပြန်လည်မြှုပ်နှံပေးခြင်း သို့မဟုတ် အပေါ်မှ တစ်နည်းနည်းဖြင့် ဖုံးကာပေးခြင်းများ ပြုလုပ်ပေးကြရသည်။


ဤကဲ့သို့ ပိုက်လိုင်းမြေပေါ်ပေါ် ခြင်းမျိုးကလည်း အလွန်ပင် ဖြစ်တောင့်ဖြစ်ခဲ ဖြစ်တတ်သည်မျိုးသာ ဖြစ်သည်။ အနည်းဆုံး နှစ် ၁ဝဝ အတွင်း ဖြစ်လာနိုင်သည့် အဆိုးဆုံး ရာသီဥတုနှင့် ပင်လယ်ပြင် အခြေအနေများကို ထည့်သွင်းတွက်ချက်ကာ တည်ဆောက်ထားသည်များမှာ အမှားအယွင်း အတိမ်းအစောင်း နည်းပါးလေ့ရှိသည်။ ပိုက်လိုင်းများ ကမ်းပေါ် ပေါ်လာမှုကြောင့် ဓမင်းဆိပ်ကမ်းခြေသည် မူလခန့်မှန်းတွက်ချက်ထားသည်များမှ သွေဖီကာ တိုက်စားခံနေရပြီဟု ခံစားလိုက်မိရသည်။ ကမ္ဘာ့ရာသီဥတုများ လျင်မြန်စွာ ပြောင်းလဲလာမှုနှင့်အတူ မြန်မာပြည်၏ ဒေသဆိုင်ရာ ရာသီဥတုများလည်း ပြောင်းလဲသွားခဲ့ပြီလား။


ဓမင်းဆိပ်ကမ်းခြေကို ပြန်လည်ထိန်းသိမ်းရန်အတွက် လိုအပ်သည့် တည်ဆောက်မှုပုံစံများ ရေးဆွဲထုတ်လုပ်ပေးနိုင်ရန်အတွက် မိမိတို့တွင် တိကျသည့် ကိန်းဂဏန်းတွက်ချက်မှုများ မရှိခဲ့ပါချေ။ ရှိသမျှမှာ ဒတ်ချ်အတိုင်ပင်ခံ အင်ဂျင်နီယာ ကုမ္ပဏီက ကမ်းခြေအနီး ပင်လယ်အတွင်း ရေအောက် ရေစီးတိုင်းကရိယာများချကာ တိုင်းတာအပြီး ထုတ်ပေးထားသည့် ကမ်းခြေရေစီး ပြောင်းလဲမှုများနှင့်၊ ကမ်းစပ်အနီး ဖြစ်ပေါ်လေ့ရှိသည့် တောင်တစ်လှည့် မြောက်တစ်ခါ စီးနေသည့် ရေစီးများအတွင်း သဲသယ်ဆောင်နှုန်း ခြားနားချက်များသာ ဖြစ်သည်။ ထို့ထက်ပို၍ ထိုစဉ်က ‌နှေးကွေးလှသည့် အင်တာနက်မှတစ်ဆင့် အချိန်ယူကာ လေ့လာဖတ်ရှုထားခဲ့သည့် ကမ္ဘာတစ်ဝှမ်း ပင်လယ်ကမ်းခြေများကို ထိန်းသိမ်းရာတွင် သုံးစွဲကြလေ့ရှိသည့် နည်းလမ်းများ၊ ပြုလွယ်ပြင်လွယ် မဖြစ်သည့် ထုထည်ကြီး တည်ဆောက်မှုများကို မှားယွင်းစွာ ‌ရွေးချယ်မိခြင်း သို့မဟုတ် မှားယွင်းစွာ လုပ်ဆောင်မိခြင်းများကြောင့်၊ မျှော်လင့်ထားသည့် ကောင်းသောအဖြေထက် မျှော်လင့်မထားသည့် ဆိုးရွားလှသည့် ပင်လယ်ကမ်းခြေတိုက်စား ပျက်စီးမှုများနှင့် ရုတ်တရက် ကြုံရတတ်ခြင်း စသည့် နမူနာယူစရာ အချက်များမျှသာ ဖြစ်သည်။


ထိုအချက်များကိုပင် အခြေခံလျက် ကုန်ကျစရိတ်အနည်းဆုံးဖြင့် ရေရှည်တွင် ပိုက်လိုင်းရှိရာ ကမ်းမြေပေါ်သို့ သဲများ အလိုအလျောက် ဖုံးတင်လာစေကာ ပိုက်လိုင်းကို နှစ်ပေါင်းများစွာတိုင် ကာကွယ်ပြီးသား ဖြစ်နေစေရန်နှင့်၊ မြောက်ဘက်ရှိ ဓမင်းဆိပ်ရွာ ကမ်းခြေတွင် တိုက်စားမှုများ ရှိမလာစေရန် သို့မဟုတ် တိုက်စားမှု အနည်းဆုံးဖြစ်စေရန်အတွက် ကမ်းခြေကာ ကျောက်တန်းများကို မည်ကဲ့သို့ နေရာချကာ ခင်းကျင်းပေးရမည်ကို ပုံစံထုတ်ကာ ရှင်းလင်းပြခဲ့ရုံမျှသာ ဖြစ်သည်။


ထိုအခြေအနေတွင် မိမိချပြသည့် ပုံစံဒီဇိုင်းကို လက်ခံခဲ့ကြသည့် အထက်လူ ပြင်သစ်လူမျိုး လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှုး၊ လက်တွေ့ အကောင်အထည် ဖော်ရသည့် ဒတ်ချ်နှင့် မြန်မာ ကုန်းတွင်းစခန်းတာဝန်ခံ အင်ဂျင်နီယာများ၊ မြေပြင်တွင်ကြီးကြပ်သူ အင်ဂျင်နီယာများ စသည်တို့အားလုံးက အဘယ့်ကြောင့် မေးခွန်းအနည်းငယ်မျှသာမေးပြီး အမြန်ဆုံး လက်တွေ့ အကောင်အထည်ဖော် ပစ်ခဲ့ကြပါသနည်း။ သူတို့သည်လည်း မိမိလိုပင် အမှန်တကယ် အလုပ်ဖြစ်ကာ မျှော်လင့်ထားသည့်အတိုင်း အဖြေထွက်လိမ့်မည်ဟု ယုံကြည်မှု ရှိနေကြခြင်းကြောင့်သာလျင် လက်ခံဆောင်ရွက် ခဲ့ကြခြင်းဖြစ်မည်ဟု ယုံကြည်မိသည်။


တကယ်တော့ မြန်မာနိုင်ငံအလယ်ပိုင်း မြေလတ်ဒေသ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းဘေးတွင် မွေးဖွားကြီးပြင်းခဲ့ရသူ တစ်‌ယောက်အတွက် ပင်လယ်ကမ်းခြေဆိုသည်မှာ မြင်ဖူးတွေ့ဖူးသည်မှလွဲ၍ တစ်သက်နှင့်တစ်ကိုယ် အလွန်အလှမ်းဝေး သို့မဟုတ် လက်လှမ်းမမီနိုင်သည့် အရာတစ်ခုမျှသာ ဖြစ်သည်။ ပင်လယ်ပြင်တွင် အလုပ်လုပ်ဖူးသော်လည်း ပင်လယ်ကမ်းစပ်နှင့် မည်သည့်ရင်းနှီးကျွမ်းဝင်ဖူးခြင်းမျှ မရှိခဲ့ပါချေ။ သို့သော်လည်း ကံအားလျော်စွာပင် တာဝန်အရ ဓမင်းဆိပ်ကမ်းခြေတိုက်စားမှုကို ကာကွယ်ထိန်းသိမ်းရန် လိုအပ်လာမှုနှင့်၊ လေ့လာရန်အတွက် အတိုင်ပင်ခံငှားထားသည့် ဒတ်ချ်ကုမ္ပဏီကြောင့် ပင်လယ်ဆိုသည်ကို နည်းပညာရှု‌ဒေါင့်မှ တစ်စိတ်တစ်ပိုင်း ကြည့်မြင်နားလည်ခွင့် ရလာခဲ့သည်။


ပင်လယ်ဆိုသည်က လွန်စွာနားလည်ရ ခက်လှသည်။ ပင်လယ်၏ တိုက်စားမှုကြောင့် နံနက်က အတွင်းသို့ ခွက်ဝင်နေသည့် ကမ်းခြေသည် ညနေတွင် သဲပို့၍ မို့မောက်ကာ ကျယ်ပြန့်သွားတတ်လေ့ ရှိသည်။ ထို့အတူ တောင်ပို့တစ်ခုကဲ့သို့ ပင်လယ်အတွင်းသို့ စွန်းထွက်နေသည့် ကမ်းခြေသဲပြင်သည်လည်း နောက်တစ်ရက်တွင် တိုက်စားပျောက်ကွယ် သွားသည်မျိုး ရှိတတ်ပြန်သည်။ တစ်ချိန်တွင် ရေစီးတွင် ပါလာသည့် သဲများပို့၍ ပိုက်လိုင်းတောင်ဘက်တွင် မို့မောက်နေကာ မြောက်ဘက်တွင် တိုက်စားချိုင့်ခွက် နေသည်ကို တွေ့နိုင်သော်လည်း၊ ရက်ပြောင်း ရာသီပြောင်းသည်နှင့် ပို့နေသည့်ဘက်တွင် စားသွား၍၊ စားနေသည့်ဘက်တွင် ပို့လာကာ အခြေအနေမှာ လုံးဝပြောင်းပြန် ဖြစ်သွားတတ်ပြန်သည်။ ယင်းအဖြစ်အပျက်များ၏ အတိုင်းအဆမှာ ကမ်းခြေအနေအထား၊ မြေအမျိုးအစားနှင့် ဖွဲ့စည်းတည်ရှိမှု၊ ကျောက်ဆောင် ကျောက်တန်း သစ်တောနှင့် ကျွန်းများ စသည့် ပတ်ဝန်းကျင်အနေအထား၊ ပင်လယ်ကြမ်းပြင် အနေအထား ဖွဲ့စည်းပုံနှင့် မြေအမျိုးအစား၊ ထက် လယ် အောက် အလွှာမတူသည့် ပင်လယ်ရေစီးများ၏ မတူသည့် လားရာနှင့် ရေစီးနှုန်း ပြောင်းလဲမှုများ၊ အပူချိန်ခြားနားမှုများ၊ ရေစီးများက သယ်ဆောင်သည့် သဲ နုံး အမျိုးအစားနှင့် ယင်းတို့၏ အရွယ်အစား၊ ရာသီဥတုပြောင်းလဲမှု၊ လပြည့် လကွယ်နှင့် လ၏ အနေအထား၊ ပတ်ဝန်းကျင်ရှိ လေလမ်းကြောင်းများ၊ မုန်တိုင်းနှင့် လေပြင်း တိုက်ခတ်မှုများ၊ ပင်လယ်လှိုင်းများ၏ အရွယ်အစားနှင့် ပုံစံ စသည့် အချက်အလက်ပေါင်း များစွာက လွှမ်းမိုးလျက် ရှိနေသည်။


ငယ်စဉ်က မိန်းမဆိုသူများမှာ မြစ်ကဲ့သို့ မာယာများသူများသာ ဖြစ်သည်ဟု လူကြီးသူမများ မကြာခဏ ပြောဆိုခဲ့ကြဖူးသည်ကို သတိရမိသည်။ တကယ်တော့ ပင်လယ်နှင့် ယှဉ်သောအခါ၊ မြစ်ဆိုသည်မှာ မာယာမရှိ။ ရှိလျင်လည်း မများ၊ များလျင်လည်း တောသူမတစ်ယောက်၏ ရိုးရှင်းနားလည်လွယ်သည့် မာယာမျိုးသာ ဖြစ်သည်ကို တွေ့ရပါလိမ့်မည်။
မမြင်ဘူး မသင်ဘူး မကြုံဘူးပါဘဲလျက် ငွေကုန်ကြေးကျ ဖြစ်စေသည့် တည်ဆောက်မှုတစ်ခုကို စက်အားလူအားများ အသုံးပြုကာ လုပ်ဆောင်ခဲ့သည်မှ တစ်စုံတစ်ရာ လွဲချော်မှုရှိလာခဲ့ပါက အများ၏ ဝေဖန်မှုများကို ရှောင်လွှဲ၍ရနိုင်မည် မဟုတ်ပါ‌ချေ။ နိုင်ငံတကာအဆင့် လုပ်ငန်းတစ်ခုတွင် လုပ်ငန်းတိုးတက်မှုရှိရန်နှင့် ကောင်းမွန်သည့်အဖြေရရှိရန်အတွက် နေ့စဉ်မညှာမတာ ပြောဆိုငြင်းခုန် ဝေဖန်ကာ တွန်းတွန်းတိုက်တိုက် အလုပ်လုပ်ရသည်မှာ ထုံးစံတစ်ခုမျှသာ ဖြစ်သည်။ မိမိတို့လုပ်ငန်းအတွက် အကျိုးရှိစေရန်နှင့် လက်တွေ့ အကျိုးဖြစ်သည့်အဖြေ ထွက်လာစေရန်အတွက် အားနာမှုဆိုသည်မှာ မရှိ၊ "အားနာသည်" ဆိုသည့်စကားလုံးသည် အားလုံးအတွက် တန်ဖိုးမဲ့ကာ သုံးစား၍မရသည့် စကားလုံးမျှသာြဖစ်လေ့ရှိသည်။ အလုပ်တစ်ခုကို ကိုယ်တိုင် တာဝန်ယူဆောင်ရွက်မှုနှင့် ဖြစ်လာသည်များကို တာဝန်ခံတတ်ရလေ့ ရှိသည်မှာလည်း ဝန်ထမ်းအဆင့်တိုင်းအတွက် လုပ်ရိုးလုပ်စဉ်မျှသာ ဖြစ်သည်။
အချိန်တစ်နှစ်ခန့်အတွင်း ဓမင်းဆိပ်ကမ်းခြေတွင် ပေါ်လာသည့်ပိုက်လိုင်းကို ဖုံးကာပေးနိုင်ရန်အတွက် နည်းလမ်းမျိုးစုံဖြင့် စမ်းသပ်မှုများ၊ လိုအပ်ချက်များနှင့် ရေရှည်အတွက် မည်ကဲ့သို့ ထိန်းသိမ်းရမည်ဆိုသည့် နည်းလမ်းများကို မကြာခဏနှင့် အဆက်မပြတ် အားလုံးပါဝင် ဆွေးနွေးခဲ့ကြပြီး ဖြစ်သည်။ ထို့အပြင် လုပ်ဆောင်သင့်သည့် ရွေးချယ်စရာ ဖြစ်နိုင်သည့် နည်းများကိုလည်း အသီးသီး ကြိုးစားတင်ပြကာ ဝိုင်းဝန်းသုံးသပ်ခဲ့ကြပြီးလည်း ဖြစ်သည်။


ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လူသည်ရောင်းကုန်ဖြစ်သလို၊ တစ်ချိန်တည်းတွင် လူတိုင်းသည် စျေးသည်များလည်း ဖြစ်ကြသည်။ မိမိတို့၏ လုပ်အားနှင့် အချိန်အတွက် အမြင့်ဆုံး လုပ်အားလစာ သို့မဟုတ် အမြတ် ရရှိနိုင်ရန် အကောင်းဆုံး ပြင်ဆင်ကာ အရောင်းအဝယ် ပြုကြရသကဲ့သို့၊ မိမိတို့၏ အကြံဥာဏ်များကိုလည်း အကောင်းဆုံး ကြိုးစားပြင်ဆင်ကာ စိတ်အရှည်ဆုံး ရှင်းလင်းတင်ပြခြင်းဖြင့် လူအများ လက်ခံကျင့်သုံးလာကြစေရန်အတွက် အားထုတ်ကြရသည်။ လုပ်အားနှင့် အချိန်အတွက် စျေးကွက်ရှိရန် လိုသကဲ့သို့၊ အကြံဥာဏ်များအတွက်လည်း စျေးကွက်ကောင်း ရှိရန်လိုသည်။ အကြံဥာဏ်စျေးကွက် ကောင်းစွာ ဖွံ့ဖြိုးသည့် နိုင်ငံများတွင်သာ အလျင်အမြန်နှင့် အကောင်းဆုံး ဖွံ့ဖြိုးလာနိုင်ကြပြီး ကမ္ဘာကို ဦးဆောင်နိုင်ကြသည်သာ ဖြစ်သည်။ အရောင်းအဝယ် ဖြစ်မှုမှာ အချိန်အခါ၏ လိုအပ်ချက်ပေါ်တွင် အများဆုံးတည်နေလေ့ ရှိသည်။ ထို့ထက်ပို၍ ‌ရောင်းလိုက်သည့် အကြံဥာဏ်ကို လက်တွေ့အကောင်အထည်ဖော်ကာ အဆိုးအကောင်းကို မှတ်ကျောက်တင်နိုင်ရန်မှာကား အ‌‌ရေးတကာ့ အရေးအကြီးဆုံးပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မိမိ၏ အကြံဥာဏ်ကား နောက်ဆုံးတွင် ရောင်းထွက်ခဲ့ပြီးဖြစ်ကာ လက်တွေ့အကောင်အထည် ဖော်ခဲ့နိုင်ပြီဖြစ်သော်လည်း၊ တစ်စုံတစ်ရာ အမှားအယွင်းရှိခဲ့ပါက တာဝန်ယူရမည့်သူမှာ မိမိသာလျင် ဖြစ်သည်ဟုသာ နားလည်ထားလိုက်မိသည်။


ကမ်းခြေကာ ကျောက်တန်းများ ချထားအပြီး ပင်လယ်ကမ်းခြေတွင် ပြောင်းလဲဖြစ်ပေါ်လာသည်များကို နေ့စဉ်စောင့်ကြည့် ဓါတ်ပုံရိုက် တိုင်းတာမှတ်တမ်းတင်ကာ လိုအပ်သလို ပြောင်းလဲဖြည့်စွက်ကာ လုပ်ဆောင်ပေးနေရသည်များကို အဖွဲ့လိုက် တက်ကြွစွာ ဆက်လက် ဆောင်ရွက်ကြမည်မှာ စိုးရိမ်စရာ မရှိအောင်ပင် ယုံကြည်မိသည်။ အဘယ့်ကြောင့်ဆိုသော် ဓမင်းဆိပ်ကမ်းခြေရှိ ဓါတ်ငွေ့ပိုက်လိုင်းကိုရော ကမ်းခြေကိုပါ ပင်လယ်ရေတိုက်စားမှုမှ ကာကွယ်ထိန်းသိမ်းပေးရန်မှာ အားလုံး၏ စိတ်ဝင်စားမှု ဖြစ်နေခြင်းကြောင့် ဖြစ်သည်။

အဂႅလိပ်ဝေါဟာရများ။

ကမ်းခြေကာ ကျောက်တန်း - shore protection structure
ပိုက်လိုင်းကမ်းတက်ရာနေရာ - pipeline landfall area
ထုထည်ကြီး တည်ဆောက်မှု - hard structure
ရေအောက် ရေစီးတိုင်းကရိယာ - Acoustic Doppler Current Profiler (ADCP)
လုပ်ငန်းလည်ပတ်ရေးဌာနကြီး – Operations Division

*****************

သိန်းမော် (ဧပြီလ ၂၈ ရက်၊ ၂ဝ၂၀ခုနှစ်)  Facebook စာမျက်နှာမှကူးယူတင်ပြပါသည်။


...

နာဂစ်အလွန် ဓမင်းဆိပ် Daminseik Beyond the Cyclone Nargis - အပိုင်း (၂) - Myanmar Water Portal

အပိုင်း (၂) သေမင်းတမန်မုန်တိုင်း၏ ရှေ့တော်ပြေးမာလာရှေးယခင် မိမိတို့ ဘိုးဘွားများ လက်ထက်ကတည်းက ဘင်္ဂလားပင်လယ်အော်အတွင်း စတင်အခြေပြုကာ ကြီးထွားကျယ်ပြန့် လာလေ့ရှိသည့် မုတ်သုန်မုန်တိုင်းများ အားလုံးလိုလိုမှာ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများဆီသို့သာ
Erasmus Internship at International Hydropower Ass...
Wild waters: Ye, Mon State
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal