ဘေးအန္တရာယ်မှအခွင့်အလမ်းသို့ပြောင်းလဲခြင်း

ကမ္ဘာတစ်လွှာမှာရှိတဲ့ခေါင်းဆောင်များက ရေဟာ အကျိုးသက်ရောက်မှုနဲ့ အန္တရာယ်ဖြစ်နိုင်ခြေမြင့်မားတဲ့ အရာဖြစ်ပြီးတော့ ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်တွေ၊ ဒေသတွင်းတည်ငြိမ်မှုနဲ့ စီးပွားရေးလုပ်ဆောင်မှုတွေအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်တယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့်လည်း ရေဟာ စီးပွားရေးဖွံ့ဖြိုးမှု၊ လူမှုစီးပွားဘဝနဲ့ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲမှုတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ကြီးမားတဲ့အခွင့်အလမ်းတစ်ရပ်ဖြစ်နေပါသေးတယ်။ ရေကို ကျွန်တော်တို့ စီမံခန့်ခွဲပုံကသာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူသားတွေရဲ့ သုခချမ်းသာနဲ့ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲမှုကို ဘယ်လိုရယူမလဲဆိုတာကို ဆုံးဖြတ်ပေးပါလိမ့်မယ်။

ရေကို "ဘေးအန္တရာယ်" အဖြစ်မှကျော်လွန်ရွေ့လျားနိုင်ဖို့ ကျွန်တော်တို့ဟာ တာဝန်ယူစိတ်မြှင့်တင်ခြင်း၊ အခွင့်အရေးများကို ဆုပ်ကိုင်ခြင်းနဲ့ ရေနဲ့ပတ်သတ်တဲ့ စိန်ခေါ်မှုအသစ်တွေကို အားပေးအထောက်အကူပြုခြင်းတွေမှာ အာရုံစိုက်ဖို့လိုအပ်ပါတယ်။ ဒီလိုလုပ်ရာမှာ အဓိကဧရိယာ ၃ခုကို အာရုံစိုက်ဖို့အဆိုပြုထားပါတယ်။

(၁) စိမ်း-ပြာရောင်တော်လှန်ရေးမြှင့်တင်ခြင်း ("စိမ်း-ပြာရောင်တော်လှန်ရေး - လိုအပ်သော သောက်သုံးရေရရှိရေးနဲ့ စိုက်ပျိုးရေးအတွက်ဆည်ရေရရှိရေး" လို့အတိုချုံးပြောနိုင်ပါတယ်။)

(၂) ရေစီမံခန့်ခွဲမှုအသစ်၏ 5R ကို အကောင်အထည်ဖော်ခြင်း

(၃) ဂေဟစနစ်ကိုရှေးရှူသော မြို့ပြဧရိယာတည်ဆောက်ခြင်း

ဤနည်းလမ်းများကို အသုံးပြုခြင်းအားဖြင့် ရေရှားပါးမှုကို "ပြဿနာ" တစ်ခုကနေ အခွင့်အလမ်းတစ်ခုအဖြစ် ပြောင်းလဲနိုင်ပါတယ်။ ဥပမာပေးရမယ်ဆိုရင်တော့ ရေကိုပြန်လည်အသုံးပြုခြင်းနဲ့ ပင်လယ်ရေကို ရေချိုဖြစ်အောင် ပြောင်းလဲခြင်းလိုမျိုး ထိရောက်မှုတွေတိုးမြင့်စေမယ့် ရေဖြေရှင်းချက်တွေမှာရင်းနှီးမြှုပ်နှံခြင်းမျိုးပါ။ ဤအဖြေများဟာ မြို့ပြ၊ စက်မှုနဲ့ စိုက်ပျိုးရေး ရေကွင်းဆက်များကို မောင်းနှင်တဲ့ စိမ်း-ပြာရောင်တော်လှန်ရေးရဲ့ အချက်အချာကျတဲ့ အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။ "ရေ"ဟာ အန္တရာယ်တစ်ခုမဟုတ်ပါဘူး။ ရေကိုစနစ်တကျ စီမံခန့်ခွဲမှုမရှိခြင်းကသာ အန္တရာယ်ဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံ၊ အစိုးရ၊ အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ စိုက်ပျိုးရေးကဏ္ဍတွေကနေ အဆင့်ဆင့်လုပ်ဆောင်မှုတွေကို လုပ်ဆောင်ရပါမယ်။

ဆင်းရဲခြင်း နဲ့ ချမ်းသာခြင်း - အခြေခံအစိတ်အပိုင်း

ကျွန်တော်တို့ ပိုမိုကျယ်ပြန့်တဲ့ ရှုထောင့်ကနေ ကြည့်လိုက်ကြရအောင်။ ကျွန်တော်တို့ပုံဖော်နေတဲ့ အနာဂတ်ဟာ ဆင်းရဲတဲ့နိုင်ငံနဲ့ ချမ်းသာတဲ့နိုင်ငံကြား ကွဲပြားမှုနည်းပါးတဲ့ကမ္ဘာမှာ ဖြစ်လိမ့်မယ်။ ၂၀၅၀ခုနှစ်ရောက်တဲ့အခါမှာ ကမ္ဘာကြီးဟာဆင်းရဲချမ်းသာတစ်သားတည်းဖြစ်လာလိမ့်မယ်။ လူအများစုဟာ အခြေခံဖြစ်တဲ့ ရေနဲ့ မိလ္လာစနစ်ကောင်းပြီး ဝင်ငွေအလယ်အလတ်ရှိတဲ့ အာရှမှာနေလာကြလိမ့်မယ်။ သို့သော်လည်း ရေအလေအလွင့်မဖြစ်စေရေးနဲ့ ရေအရည်အသွေး သေချာစေဖို့ လိုအပ်တဲ့နေရာမှာ ကြီးမားတဲ့အင်အားစိုက်ထုတ်ဖို့ လိုအပ်ပါတယ်။ ရေဆုံးရှုံးမှုလျှော့ချခြင်း၊ ရေဆိုးသန့်စင်စနစ်တိုးတက်ခြင်းနဲ့ စက်ရုံများကြောင့် မြေပေါ်မြေအောက်ရေ ညစ်ညမ်းမှုများကို လျှော့ချခြင်းတွေမှာ အဓိကရင်းနှီးမြှုပ်နှံဖို့လိုအပ်ပါတယ်။ ၂၀၅၀ပြည့်နှစ်မှာ ဆောက်လုပ်ဆဲမြို့ပြအခြေခံ အဆောက်အအုံရဲ့၆၀ရာခိုင်နှုန်းကို တည်ဆောက်နေဆဲ ဖြစ်တာကြောင့် ၎င်းကိုအမှန်တကယ်ရဖို့လည်း အခွင့်အလမ်းများစွာရှိပါတယ်။ ဒီလိုဖြစ်ဖို့ ကျွန်တော်တို့ရဲ့အတွေးနဲ့ လုပ်ဆောင်မှုတွေကို တကယ့် စိမ်း-ပြာရောင်တော်လှန်ရေးအဖြစ်ပြောင်းဖို့လိုအပ်ပါတယ်။

မြို့ပြဧရိယာတွေကို အာရုံစိုက်ခြင်းဟာလည်း ရေကို "ဘေးအန္တရာယ်" မှ "အခွင့်အလမ်း" အဖြစ်ပြောင်းလဲရာမှာ အရေးကြီးတဲ့စမှတ်ဖြစ်နိုင်ပါတယ်။ ၂၀၃၀ပြည့်နှစ်မှာ ကမ္ဘာ့လူဦးရေရဲ့ ၆၀ရာခိုင်နှုန်းကျော်ဟာ မြို့ပြဒေသမှာနေထိုင်ဖို့ ကမ္ဘာကြီးဟာလည်း မြို့ပြပုံစံ အလျင်အမြန် ဖြစ်ထွန်းနေပါတယ်။ ယနေ့မြို့ပြဒေသများဟာ ကမ္ဘာ့စုစုပေါင်းပြည်တွင်းထုတ်ကုန် ၇၀ရာခိုင်နှုန်း ထွက်ရှိလာရတဲ့ အကြောင်းအရင်းပဲဖြစ်ပါတယ်။ မြို့ကြီးများဟာ စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ ယန္တရားတွေပဲဖြစ်ပါတယ်။ သူတို့ဟာ လူသားတွေ၊ အရင်းအမြစ်တွေနဲ့ ရှင်သန်ဖို့ လှုံ့ဆော်မှုတွေကို ဆွဲဆောင်ပါတယ်။ အရင်းအမြစ်များစွာကို အတူတကွ စုစည်းထားတာကြောင့် စိမ်း-ပြာရောင်တော်လှန်ရေးကို မောင်းနှင်ဖို့ အခွင့်အလမ်းကောင်း တစ်ခုပဲဖြစ်ပါတယ်။ ဒီလိုအခွင့်အလမ်းတွေရရှိလာဖို့ ကျွန်တော်တို့ဟာ တစ်ဦးချင်းစီကနေ အိမ်နီးချင်းတွေ၊ မြို့တွေကနေမှတစ်ဆင့် နိုင်ငံအဆင့်ထိ အဆင့်ဆင့်လုပ်ဆောင်ကြရပါမယ်။

နိုင်ငံသားနဲ့ သုံးစွဲသူ

နိုင်ငံသားနဲ့ သုံးစွဲသူတွေကနေ စလိုက်ကြရအောင်။ သုံးစွဲသူအပြုအမူတွေဟာ လာမယ့်နှစ်တွေအတွင်းမှာ သိသိသာသာ ပြောင်းလဲလာပါလိမ့်မယ်။ စွမ်းအင်သုံးစွဲသူအသစ်တွေဟာ စွမ်းအင်ကိုအသုံးပြုရုံသာမက သူတို့ကတစ်ဆင့် ဥပမာ- စွမ်းဆောင်ရည်ရှိတဲ့ အိမ်သုံးအခြေခံနေရောင်ခြည်စွမ်းအင်ကိုလည်း "ထုတ်လုပ်"လာကြပါတယ်။ သုံးစွဲသူ(consumer)မှ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲသူ(prosumer) အဖြစ်သို့ပြောင်းလဲခြင်းဟာ စွမ်းအင်ဆိုင်ရာအပြုအမူကို ပြောင်းလဲစေသော စားသုံးသူထုတ်ကုန်ဖြစ်သော Google(-Nest)နဲ့ Ikea Solar တို့ကဲ့သို့သော ကဏ္ဍများမှ ပါဝင်သူများကို အထောက်အကူပြုပါတယ်။ ဒီလိုပြောင်းလဲလာတဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အိမ်သုံးစွမ်းအင်အများစုကို ရေအပူပေးဖို့ အသုံးပြုနေရတဲ့ မြို့ပြရေအတွက်အလွန်အရေးကြီးပါတယ်။ နောက်ဆုံးအသုံးပြုသူများ (end-users)ကို နားလည်ပြီး စစ်မှန်သောဝန်ဆောင်မှု ကုမ္ပဏီများဖြစ်လာခြင်းနဲ့ စိမ်း-ပြာရောင်တော်လှန်ရေး ပိုမိုအားကောင်းလာစေဖို့ လုပ်ငန်းနဲ့ ထုတ်ကုန်အသစ်များ ကမ်းလှမ်းခြင်းဟာလည်း ရေသုံးစွဲမှု ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ညွှန်ပြနေပါတယ်။

ရေသုံးစွဲမှု

မြို့ကြီးတွေနဲ့ သူတို့ရဲ့ ရေသုံးစွဲမှုတွေဟာ "ဘေးအန္တရာယ်"ကနေ "အခွင့်အလမ်း"အဖြစ် ပြောင်းလဲဖို့နဲ့ ယခုလက်ရှိပြဿနာတွေရဲ့ လမ်းကြောင်းကို ပြောင်းပြန်ဖြစ်ဖို့ အခွင့်အရေးများစွာ ရှိပါတယ်။ ကျွန်တော့်အမြင်အရ မြို့ပြရေစီမံခန့်ခွဲမှုလုပ်ငန်း လည်ပတ်မှု စံချိန်စံညွှန်းနဲ့ အလေ့အကျင့်များကို ပိုမြင့်မားတဲ့အဆင့်ကိုသတ်မှတ်ဖို့ ရေသုံးစွဲမှုလုပ်ငန်းကို ဦးဆောင်လုပ်သင့်ပါတယ်။ ဒီလိုဖြစ်လာနိုင်ဖို့ ရေစီမံခန့်ခွဲမှုအသစ်ရဲ့ 5R( re-duce, re-use, re-cover, re-cycle and re-plenish) ကို အာရုံစိုက်ခြင်းအားဖြင့် ရေအရင်းအမြစ်၊ ရေပေးဝေခြင်းနဲ့ သုံးစွဲခြင်းတန်ဖိုးကွင်းဆက်တွေကနေ လုပ်ဆောင်နိုင်ပါတယ်။

ရေဆုံးရှုံးမှုလျှော့ချခြင်းနဲ့ ရေအလေအလွင့်မရှိမှုတိုးမြှင့်ခြင်းတွေဟာ စက်ရုံအများစုရဲ့ လုပ်ငန်းခွင်ဧရိယာမှာ ကုန်ကျစရိတ်လျှော့ချခြင်းနဲ့ ရေမလုံလောက်မှုလျော့နည်းစေဖို့ အခွင့်အလမ်းများစွာပေးပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလည်ပတ်မှုနဲ့ အနီးအနားမှာရှိတဲ့ စက်ရုံတွေနဲ့ပူးပေါင်းပြီး ရေကိုပြန်လည်အသုံးပြုခြင်းအားဖြင့် မြို့နေလူထုနဲ့ လယ်သမားတွေဟာ လုပ်ငန်းရှင်တွေကြားက ခက်ခဲမှုတွေကိုဖြေရှင်းပေးနိုင်ပြီး ဒေသတစ်ခုလုံးလဲ အမှန်တကယ် ပြောင်းလဲလာပါလိမ့်မယ်။ စွန့်ပစ်ရေနဲ့ စက်ရုံသုံးရေများမှ ရေ၊ စွမ်းအင်၊ အာဟာရများနဲ့ အခြားသောပစ္စည်းများ ပြန်လည်ရယူခြင်းဟာလည်း စီးပွားရေးအရပို၍ အလားအလာ ကောင်းလာပြီး အဖိုးတန်အာဟာရများနဲ့ အခြားသောပစ္စည်းများ ပြန်လည်အသုံးချခြင်းရဲ့ အခြေခံအကြောင်းရင်းဖြစ်လာပါတယ်။ နောက်ဆုံးမှာတော့ အနာဂတ်ရဲ့ ရေစီမံခန့်ခွဲမှုလုပ်ငန်းသစ်ဟာ အောင်မြင်မှုလမ်းစဖြစ်လာပြီး ရေဝေရေများ၊ ရေကန်များနဲ့ မြေအောက်ရေများကို သိုလှောင်ခြင်းဖြင့် ပတ်ဝန်းကျင်ကိုပြန်လည်ဖြည့်တင်းပေးဖို့ ကြီးမားတဲ့အသုံးဝင်မှုအဖြစ်နဲ့ ရောက်ရှိလာမှာဖြစ်ပါတယ်။ မြို့ကြီးများနဲ့ ရေသုံးစွဲမှုဟာလည်း 5Rရဲ့ အရေးကြီးမှုကို ပြသနိုင်ဖို့နဲ့ ရေရှည်တည်တံ့ခိုင်မြဲသော ရေဖြေရှင်းချက်များအတွက် အဓိကကျနိုင်ပါတယ်။

မြို့ပြကိုကျော်လွန်၍

ဟုတ်ပါတယ် မြို့ကြီးများဟာ သီးခြားစီမတည်ရှိကြပါဘူး။ ၎င်းတို့ဟာ ပတ်ဝန်းကျင်ဒေသများသာမက ၎င်းတို့ရဲ့စီးပွားရေးကို အထောက်အကူပြုတဲ့ ဝေးလံသောနေရာများက အရင်းအမြစ်များကိုတောင် အသုံးပြုကြပါတယ်။ မြို့ရဲ့ခေါင်းဆောင်များက မြို့ပြနဲ့ ပြည်သူနှစ်ဦးစလုံးဟာ ဒေသတွင်းနဲ့ ဒေသတွင်းမဟုတ်တဲ့ ရေပြဿနာများရဲ့ ဖြေရှင်းချက်တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြန်လည်ဆန်းစစ်ဖို့စတင်ချိန်မှာ မြို့ကြီးများနဲ့ ၎င်းတို့မှာနေထိုင်သူများရဲ့ ရေချိုသုံးစွဲမှုဟာ မြင့်တက်လာပါလိမ့်မယ်။ ဥပမာအားဖြင့် အချို့သောမြို့ကြီးတွေဟာ ကျန်းမာရေးအတွက်စိတ်ချရပြီး လုံလောက်သော ရေပမာဏရရှိစေဖို့ အရေးကြီးတဲ့ ရေဝေကုန်းတန်းအထက်ပိုင်း ဂေဟစနစ်ကိုထိန်းသိမ်းဖို့ ရင်းနှီးမြှုပ်နှံနေကြပါတယ်။ အခြားမြို့ကြီးတွေကတော့ မြစ်အောက်ပိုင်းရေ လုံလောက်သော ပမာဏရရှိရေး တိုးမြှင့်နိုင်ရန်အတွက် လယ်သမားအဆင့်ထိရောက်မှုတွေမှာ ရင်းနှီးမြှုပ်နှံကြပါတယ်။ သို့သော် အခြားမြို့တွေကတော့ မြို့တွင်းဂေဟစနစ်ဖြစ်ပေါ်စေပြီး ၎င်းတို့ရဲ့ ရေစီမံခန့်ခွဲမှုလုပ်ငန်းများကို ဂေဟစနစ်အခြေခံမူများနဲ့ အလေ့အကျင့်များအပေါ်အခြေခံကြပါတယ်။

ဂေဟစနစ်ကိုရှေးရှူသောမြို့

5R စီမံခန့်ခွဲမှုမူကိုအသုံးပြုသော မြို့ပြရေလုပ်ငန်းစဥ်ချမှတ်ခြင်းနဲ့ ဂေဟစနစ်ရှေးရှူသောမြို့ ဖန်တီးခြင်းကို အာရုံစိုက်ခြင်းတွေက ကျန်းမာပြီး နေထိုင်ဖို့ သင့်လျော်တဲ့အပြင် ဖြစ်ပေါ်လာနိုင်တဲ့ဘေးအန္တရာယ်တွေ ဒဏ်ခံနိုင်ပြီး တပြိုင်နက်တည်းမှာပဲ ပြန်လည်ထူထောင်နိုင်သော မြို့တစ်မြို့ဖြစ်ဖို့အတွက် ပိုမိုကောင်းမွန်တဲ့ စီမံကိန်းရေးဆွဲနိုင်ပါတယ်။ ဒီလုပ်ငန်းစဥ်များကို နားလည်သဘောပေါက်ဖို့ လှုံ့ဆော်မှုဟာ လျင်မြန်စွာကြီးထွားနေသောမြို့ကြီးများနဲ့ အဓိကကျသောအရင်းအမြစ်ကန့်သတ်ချက်များနဲ့ ရင်ဆိုင်နေရသော်လည်း လူ့ကျန်းမာရေးနဲ့ စိတ်ဝင်စားဖွယ်စီးပွားရေးပတ်ဝန်းကျင်ကို ထောက်ပံ့ရန်လိုအပ်သော နေရာများမှ လာပါလိမ့်မယ်။ ဂေဟစနစ်ကို ရှေးရှူသော မြို့တည်ဆောက်ခြင်းဟာ ရေထက်ကျော်လွန်ပြီး မြို့ပြစည်းမျဥ်းစည်းကမ်းများကိုလည်း ဖော်ပြထားပါတယ်။ ၎င်းက ရေဟာ မြို့ပြဒေသကို မုန်တိုင်းနဲ့ ရေကြီးမှု စီမံခန့်ခွဲမှုပါဝင်တဲ့ သဘာဝနည်းလမ်းများကတစ်ဆင့် ပုံသွင်းတယ်လို့ အသိအမှတ်ပြုထားပါတယ်။ ဒါ့အပြင် အဆောက်အဦး၊ ခရိုင်နယ်မြေနဲ့ အဓိကမြို့ကြီးများအဆင့်ရှိတဲ့ မြို့ပြဒေသတွေကို ပေါင်းစည်းထားပါက ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေ ဒဏ်ခံနိုင်ပြီး ပြန်လည်ထူထောင်နိုင်သော မြို့ပြရေလုပ်ငန်းကို အကောင်အထည်ဖော်နိုင်မှာလည်းဖြစ်ပါတယ်။

ဂေဟစနစ်ကိုရှေးရှူသောမြို့ဖြစ်ဖို့ ဘက်စုံထောင့်စုံကနေ စီမံထားရပါမယ်။ မြို့ပြစီမံကိန်းမှာ ရေ-အစာ-စွမ်းအင် ဆက်စပ်မှုကို အကျုံးဝင်လာဖို့ သက်ဆိုင်ရာနယ်မြေများကို ချိတ်ဆက်ထားရပါမယ်။ ရေပေးဝေရေးနဲ့ မိလ္လာစနစ်၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်ထောက်ပံ့ရေးနဲ့ ထုတ်ကုန်ထုတ်လုပ်မှုတွေမှာသာမက ဒေသတွင်း ကဏ္ဍပေါင်းစုံ ညှိနှိုင်းဆောင်ရွက်မှုကို ဖော်ထုတ်ခြင်းနဲ့ အဆောက်အဦးတည်ဆောက်မှု ပမာဏများအတွက် စီးပွားရေးလုပ်ဆောင်မှုတွေကိုလည်း စီမံထားရပါမယ်။ ရေဟာ မြို့ပြစီမံကိန်းရေးဆွဲခြင်းရဲ့ တစ်ခုတည်းသော အစိတ်အပိုင်းဖြစ်ပြီး ရေပညာရှင်များဟာ အခြားသော စည်းမျဥ်းစည်းကမ်းများနဲ့ ချိတ်ဆက်လုပ်လို့ မရတော့ပါဘူး။ ကျွန်တော်တို့အချင်းချင်း လှုံ့ဆော်ပြီး စိမ်း-ပြာရောင်တော်လှန်ရေး ဖြစ်မြောက်ဖို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှာ အတူတကွ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ရေစီမံခန့်ခွဲမှုရဲ့ 5Rမူကို ဆောင်ရွက်ခြင်းဟာလည်း ရေတိုအကျိုးကျေးဇူးများနဲ့ အနာဂတ်ရင်းနှီးမြှပ်နှံမှုတွေကို လက်တွေ့လုပ်ဆောင်ရာမှာ အထောက်အကူဖြစ်စေပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ ဂေဟစနစ်ကိုရှေးရှူသော မြို့ပြရေစီမံခန့်ခွဲမှုကို တိုးတက်အောင် ပြုလုပ်နိုင်ပါတယ်။

ဒါပေမယ့် လူသားတွေဟာ မြို့တော်ဖွံ့ဖြိုတိုးတက်မှုနဲ့ ၎င်းရဲ့ရေစီမံခန့်ခွဲမှုအတွက် အဓိကဆိုတာမမေ့ပါနဲ့။ ဒါက ကျွန်တော်တို့ဟာ ပြည်သူတွေနဲ့ထိတွေ့ပြီး သူတို့ရဲ့လိုအပ်ချက်ကို နားလည်ဖို့နဲ့ အားလုံးအကျိုးအမြတ်ခံစားရမယ့် အမူအကျင့်မျိုးပြောင်းလဲဖို့ ထောက်ပံ့မှုကို လိုအပ်တယ်လို့ဆိုလိုပါတယ်။ ဤနည်းအားဖြင့် ကျွန်တော်တို့ဟာ ပြည်သူတွေကို စိမ်း-ပြာရောင်တော်လှန်ရေးရဲ့ အင်အားဖြစ်စေပြီး အနာဂတ်ရဲ့ ဂေဟစနစ်ကိုရှေးရှူသောမြို့များကို အတူတကွ ဖန်တီးရာမှာ ကူညီနိုင်ပါတယ်။

Translated by Ma Hnin Einzali, a member of Myanmar Water Portal Translation Community

​Source: "Capitalizing on the Urban Water Opportunities" - International Water Association