ကမ်းရိုးတန်းဒေသများရှိ မမြင်နိုင်သော မြေအောက်ရေအတွင်းဆားငန်ဝင်ရောက်မှုကို စီမံခန့်ခွဲခြင်း

IHE-Delft-Groundwater

ကမ္ဘာ့လူဦးရေ၏ ၄၀ရာခိုင်နှုန်းခန့်သည် ကီလိုမီတာ ၁၀၀ ခန့် ရှည်လျားသော ကမ္ဘာ့ကမ်းရိုးတန်းတစ်လျှောက်တွင် နေထိုင်လျက်ရှိကြသည်။ လူဦးရေထူထပ်များပြားလာသည်နှင့်အမျှ ကမ်းရိုးတန်းဒေသရှိ ရေချိုအရင်းအမြစ်၊ အထူးသဖြင့် မြေအောက်ရေလုံလောက်မှုအပေါ် ဖိအားပိုမိုကြီးမားလာသည်။ မြေအောက်ရေအရင်းအမြစ်၏ မြင်ကွင်းမှ ပျောက်ကွယ်နေသည့် သဘောသဘာဝက အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းနှင့် သုံးစွဲမှုနည်းပါးခြင်းများမှတစ်ဆင့် မြေအောက်ရေအပေါ် မဝေခွဲနိုင်သော ထိခိုက်နိုင်မှုများဖြစ်စေသည်။

မြေအောက်ရေလှောင်ကန်များနှင့် ရေအောင်းလွှာများသည် ကမ္ဘာ့ရေဝေစု၏ ၉၀ ရာခိုင်နှုန်းနီးပါးသိုလှောင်ထားသော အကြီးမားဆုံးသော ရေချိုအရင်းအမြစ်များဖြစ်သည်။ ရေရှားပါးသောဒေသများအတွက် အဖိုးတန်သော ရေအရင်းအမြစ် ဖြစ်သကဲ့သို့ အမှတ်တမဲ့ထားတတ်သော ရေအရင်းအမြစ်လည်း ဖြစ်သည်။ တစ်ဖက်တွင်လည်း လူဦးရေထူထပ်များပြားသော ဒေသများတွင် ရေအရင်းအမြစ်အပေါ် မဆင်မခြင်၊ မတွေးမဆ သုံးစွဲမှုကြောင့် ဒေသအတွင်းရှိ ရေချိုအတွင်း ဆားငန်ဝင်ရောက်မှုနှုန်း မြင့်မားလာစေသည်။

ကမ်းရိုးတန်းဒေသများရှိ ရေအောင်းလွှာသည် ပင်လယ်ရေနှင့် ဆက်စပ်နေသည်။ မြေအောက်ရေထုတ်ယူသုံးစွဲမှုကို အဓိကအားဖြင့် မိုးနည်းသော ကာလများတွင် ပင်လယ်ဆားငံရေက တစ်စိတ်တစ်ပိုင်းဝင်ရောက် မျှတစေသည်။ အချို့သော ကမ်းရိုးတန်းဒေသများတွင် အတိတ်ကာလက ပင်လယ်ရေမြင့်တက်ကာ ရေလွှမ်းခဲ့စဉ် တင်ကျန်ရစ်ခဲ့ပြီး မြေအောက်တွင် ပိတ်လှောင်မိနေတတ်သော ဆားငန်အလွှာ ရှိတတ်သည်။ မြေအောက်ရေ ပမာဏအမြောက်အများ ထုတ်ယူခြင်း သို့မဟုတ် အလျင်အမြန် ထုတ်ယူခြင်းကြောင့် ဆားငန်ရေ ဝင်ရောက်မှု မြင့်မားလာပြီး ရေထုအတွင်း ဆားငန်ပါဝင်နှုန်း တဖြည်းဖြည်းမြင့်မားလာစေကာ ရေကို သောက်သုံးရန်သာမက စိုက်ပျိုးရေးသုံးရန် အတွက်ပါ မသင့်တော်သောအခြေအနေကို ဖန်တီးလာသည်။ လူသားတို့၏ရေအရင်းအမြစ်အပေါ် မှီခိုနေရမှုကို ထောက်ရှုစဉ်းစားပါက သိသာထင်ရှားသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်။

ဥပမာအနေဖြင့် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် မြေအောက်ရေဆားငန်မှုသည် ဗီယက်နမ်နိုင်ငံ၏ စားနပ်ရိက္ခာထုတ်လုပ်မှု ၅၀ ရာခိုင်နှုန်းကျော်ထွက်ရှိသော ဒေသအပေါ် အကျိုးသက်ရောက်မှု ရှိသည်။ အာဖရိကတိုက်၊ မိုဇန်ဘိခ်နိုင်ငံရှိ မတ်ပူတိုမြို့ကဲ့သို့ ကမ်းရိုးတန်းမြို့ကြီးများတွင် ၂ သန်းခန့်သော မှီတင်းနေထိုင်သူများ၏ ၆၀ ရာခိုင်နှုန်းကျော်သည် ရေအတွင်း ဆားငံနှုန်းမြင့်မားမှုကြောင့် ပိုမိုထိခိုက်မှုများ ခံစားလာရပြီး ရေချိုရရှိရန် ကန့်သတ်ချက်များ သို့မဟုတ် ရေချိုလုံးဝမရရှိခြင်းများ ကြုံတွေ့လာရသည်။ မိုးခေါင်ရေရှားပါးမှုနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်မားလာမှု အစရှိသော ရာသီဥတု ဖောက်ပြန်မှုတို့မှလည်း ဆားငန်ရေ ဝင်ရောက်မှု ပြဿနာကို ပိုမိုဆိုးရွားနိုင်စေသည်။ ထို့ကြောင့် အဆိုပါဒေသများတွင် စားနပ်ရိက္ခာလုံခြုံမှု အတွက် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက် နှင့် သောက်သုံးရေ ရရှိစေရန် ရေအရင်းအမြစ် တစ်ခုအဖြစ် ထိရောက်သော မြေအောက်ရေစီမံခန့်ခွဲမှုသည် အလွန်အရေးပါသည်။

ရေလုံခြုံမှုတိုးတက်ကောင်းမွန်စေရန်တွက် မြေအောက်ရေအတွင်း ရေငန်ဝင်ရောက်မှု အကျိုးဆက်များကို လျော့ချခြင်း

SALINPROVE ပရောဂျက်သည် မတူညီသော ကမ်းရိုးတန်းဒေသ ၃ ခုဖြစ်သော မိုဇန်ဘိခ်နိုင်ငံ၊ မတ်ပူတိုမြို့တော်၏ မြို့ပြဒေသ၊ ဗီယက်နမ်နိုင်ငံ၊ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ ချာဗင်းပြည်နယ်နှင့် တရုတ်နိုင်ငံ၊ လန်ကျိုးပင်လယ်အော် ဒေသများရှိ အဆိုပါ ပြဿနာများကို ဖြေရှင်းရန် ရည်ရွယ်ထားသည်။ ရေအဓိကအသုံးပြုသူများ၊ ဆက်စပ်အဖွဲ့အစည်းများ နှင့်အတူ ပူးပေါင်းဆောင်ရွက်ပြီး မြေအောက်ရေ အတွင်း ဆားငန်ရေဝင်ရောက်မှုပြဿနာများကို လက်ရှိကာလအတွက် သာမက အနာဂတ်ကာလ ရာသီဥတုပြောင်းလဲမှုနှင့် လူမှုစီးပွားရေး ပြောင်းလဲမှုများအတွက် မတူညီသော ရှုထောင့်များနှင့် အကျိုးဆက်များကို ရှာဖွေသတ်မှတ်ကာ သင့်တော်သော ဖြေရှင်းနည်းများ ဖော်ထုတ်နိုင်ရန် ရည်ရွယ်ထားသည်။

အဆိုပါ သုတေသနသည် လေ့လာနေသော ဧရိယာအတွင်း ဆားငန်ရေ တိုးဝင်မှု မည်သို့ဖြစ်သည်၊ ရာသီဥတုနှင့် လူသားတို့၏ အပြုအမူများကြောင့် မည်သို့ ပိုမိုဆိုးဝါးလာသည် စသော မေးခွန်းများကို အဖြေရှာရာ၌ အထောက်အကူပြုလိမ့်မည်။ ဒေသအလိုက် မတူကွဲပြားချက်များနှင့် ပါဝင်ပတ်သတ်သော မသေချာမှုများကို ဂရုစိုက်ရန် လိုအပ်သည်။ မြေအောက်ရေ ဆားငန်ဝင်ရောက်မှု၏ လူမှုစီးပွားရေးဆိုင်ရာ အကျိုးဆက်များကို ဖော်ထုတ်ပြသနိုင်ရန် မျှော်လင့်ထားသည်။ အဓိကရည်ရွယ်ချက်တစ်ခုမှာ ဒေသအသီးသီးတွင် ရေငန်ဝင်ရောက်မှုကြောင့် ထိခိုက်မှုကို နည်းပညာပိုင်းနှင့် စီးပွားရေးအရ သင့်တော်သော ထိခိုက်မှုလျှော့ချခြင်း သို့မဟုတ် လိုက်ရောညီထွေပြောင်းလဲသော နည်းလမ်းများ ဖော်ထုတ်ပြီး ပူးပေါင်းပါဝင်မှု အခြေအနေကို စောင့်ကြည့်ရန်ဖြစ်သည်။ ဆက်စပ်ရည်မှန်းချက်အဖြစ် မြေအောက်ရေသယံဇာတ စီမံခန့်ခွဲမှုအတွက် အသိပေး ဆုံးဖြတ်ချက်ချမှတ်ခြင်းကို အကောင်အထည်ဖော်ရန်ဖြစ်သည်။


နည်းလမ်းများနှင့် နည်းဗျူဟာများ

မြေပေါ်ရှိရေသည် အလျင်အမြန်စီးဆင်းပြီး အလျင်အမြန် ပြန်လည်ဖြည့်တင်းနိုင်သည်။ သို့ရာတွင် မြေအောက်ရေသည် နှေးကွေးသော စနစ်တစ်ခုဖြစ်ပြီး အချိန်ကာလအားဖြင့် ဆယ်စုနှစ်မှ နှစ်ရာထောင်ချီ ကြာမြင့်နိုင်သည်။ ထို့ကြောင့်ပင် မြေအောက်ရေအနိမ့်အမြင့်နှင့် ရေအရည်အသွေး စောင့်ကြည့်လေ့လာမှုသည် အဓိကကျပြီး ဒေသခံ မိတ်ဖက်အဖွဲ့အစည်းများသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။

IHE Delft ရှိ ဘူမိဇလဗေဒနှင့် မြေအောက်ရေအရင်းမြစ် ဘာသာရပ်ဆိုင်ရာ ကထိကတစ်ဦးဖြစ်ပြီး SALINPROVE ၏ ပရောဂျက်မန်နေဂျာတစ်ဦးလည်းဖြစ်သော Tibor Stigter က ပရောဂျက်ပြုလုပ်ခဲ့ပုံကို အကြမ်းဖျင်း ရှင်းပြခဲ့သည်။ "ကျွန်တော်တို့အနေနဲ့ စောင့်ကြည့်လေ့လာတဲ့ စနစ်များအပြင် ဆားငန်နှုန်းတိုးလာမှုကို စောလျင်စွာ သတိပေးရန်အတွက် လူထုအတွင်း စောင့်ကြည့်လေ့လာသူများနှင့် ပေါင်းစပ်ပြီး အကောင်းဆုံးပူးပေါင်းပြုလုပ်ခဲ့ကြပါတယ်။ မြေအောက်ရေ စီးဆင်းပြောင်းလဲပုံနှင့် ဆားငန်နှုန်း ပြောင်းလဲမှုများကို အခြေအနေအမျိုးမျိုးပေါ် မူတည်ပြီး ဆန်းစစ် လေ့လာနိုင်သော model များကို အတူတည်ဆောက်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ သဘာဝရေအောင်းလွှာထဲကို ရေဖြည့်တင်းမှု ပိုမိုများပြားစေမယ့် မြေယာအသုံးချမှုပြောင်းလဲခြင်း၊ မြေမျက်နှာပြင်ပေါ် စီးဆင်းသောရေလျှော့ချခြင်း စသော အဖြေများကို အတူဖန်တီးကြမယ်။ အဖြေများကို ကုန်ကျငွေ-အကျိုးရလဒ် ဆန်းစစ်ချက်၊ လူမှုစစ်တမ်းကောက်ချက်များနှင့် မေးမြန်းချက်များသာမက မြေအောက်ရေပုံစံလေ့လာမှုများကို အခြေခံပြီး လူမှုရေး၊ စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ အလုပ်ဖြစ်နိုင်စွမ်းတို့အတွက် နောက်ဆုံး စမ်းသပ်ခဲ့ကြတယ်။"

ထိုသို့ပြုလုပ်ခြင်းဖြင့် သက်ဆိုင်ရာ ရေသုံးစွဲမှုတွင် ပါဝင်ပတ်သတ်သူများကို ပြုပြင်ပြောင်းလဲသော အဖြေများကို ပေးအပ်နိုင်သည်။ ထိုအဖြေများသည် ကောင်းမွန်သော ရေထုတ်ယူသည့် အလေ့အကျင့်ကဲ့သို့သော ဆိုးကျိုးလျော့ချနည်းလမ်းများ အပြင် ဆားငန်ရေဖြင့် ဆားငန်ဒဏ်ခံနိုင်ရည်ရှိသော ကောက်ပဲသီးနှံများ စိုက်ပျိုးရာတွင် အသုံးပြုခြင်း စသော အလိုက်သင့် ပြောင်းလဲမှုစနစ်များ ဖြစ်သည်။ နောက်ဆုံးပန်းတိုင်မှာ မြေအောက်ရေကို သန့်ရှင်းစေပြီး လူသားအားလုံး သုံးစွဲနိုင်ရန်စသော ဘုံပန်းတိုင်တစ်ရပ်ထားရှိပြီး ကမ်းရိုးတန်းဒေသများရှိ မြေအောက်ရေစီမံခန့်ခွဲမှုကို အချက်အလက်တိကျသော သတင်းအချက်အလက်အပေါ် အခြေတည်နိုင်ရန်ဖြစ်သည်။ ဆိုးကျိုးလျော့ချခြင်းနှင့် အလိုက်သင့်ပြောင်းလဲမှု ဗျူဟာများသည် အခြေအနေအလိုက် ပြောင်းလဲနိုင်သော်လည်း ပရောဂျက်တွင် အသုံးပြုသော နည်းစနစ်များကို ကမ္ဘာ့ဒေသ အသီးသီးတွင် အသုံးပြုနိုင်မည် ဖြစ်သည်။

ညှိနှိုင်းပေါင်းစပ်ခြင်း = မိတ်ဖက်အဖွဲ့အစည်းများ၊ stakeholders များနှင့် ပူးပေါင်းလုပ်ကိုင်ခြင်း

ပရောဂျက်၏ တစ်မူထူးခြားချက်မှာ stakeholders များ ကနဦးကတည်းက ပူးပေါင်းပါဝင်ခဲ့ခြင်းဖြစ်ကြောင်း Tibor Stigter က ထင်မြင်သည်။ Stakeholders များက ဒေသန္တရဗဟုသုတ တွင်သာမက သွားလာထောက်ပံ့ရေးတွင် အကူအညီများပေးနိုင်သည်။

ပရောဂျက်၏ ကိုယ်စားလှယ်တစ်ဦး ဖြစ်သော ဟိုချီမင်းနည်းပညာတက္ကသိုလ်မှ Dr. Dao Hong Hai က သူ၏ တက္ကသိုလ်ကို ဗီယက်နမ်နိုင်ငံ ချာဗင်းပြည်နယ်အတွင်းရှိ ပရောဂျက်အတွက် အသင့်တော်ဆုံး ဆက်သွယ်ရန်ဌာနတစ်ခု အဖြစ်ထင်မြင်သည်။ "ကျွန်တော်တို့ဆီမှာ ဗီယက်နမ်တောင်ပိုင်းဒေသ ပြည်နယ်အစိုးရများနဲ့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။ ဒီဆက်ဆံရေးကြောင့် ပြည်နယ်အစိုးရများနှင့် ဌာနဆိုင်ရာများက ကျွန်တော်တို့အတွက် အဖက်ဖက်က ပူးပေါင်းပါဝင် ထောက်ပံ့ပေးဖို့ ဆန္ဒရှိကြပါတယ်။ အထူးသဖြင့် ဒေသတွင်း ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးမှုရှိစေဖို့ သုတေသနလုပ်ငန်းတွေမှာ ကူညီပေးဖို့ ဆန္ဒရှိကြပါတယ်။"

ပရောဂျက်အတွက် စောင့်ကြည့်လေ့လာရာတွင် ပူးပေါင်းပါဝင်ကူညီရန် ချာဗင်းပြည်နယ် ဒေသခံလူထု၏ စိတ်ဝင်စားမှုများကို စွဲခေါ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ချာဗင်းပြည်နယ်ရှိ လူငယ်သမဂ္ဂအဖွဲ့အစည်း စသော အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်မှုမှတဆင့် ရိုးရှင်းလွယ်ကူ သက်သာသော ပစ္စည်းကိရိယာများ အသုံးပြုပြီး ရေမျက်နှာပြင်နှင့် ဆားငန်နှုန်း တိုင်းတာမှုများ ပြုလုပ်လာနိုင်ခဲ့ကြသည်။ ဗီယက်နမ်တောင်ပိုင်း စုံစမ်းစစ်ဆေးရေးနှင့် ရေအရင်းမြစ် စီမံကိန်းဌာနမှ ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး Dr. Bui Tran Vuong က လူထုအတွင်း ပြဿနာအကြောင်း သဘောပေါက်နားလည်စေပြီး မြေအောက်ရေ ရေရှည်တည်တံ့အောင် အသုံးပြုနိုင်ရေးအတွက် လူထုကိုပညာပေးနိုင်ရန် အထောက်အကူပြုသည်ဟု ခံစားထင်မြင်ကြောင်းပြောသည်။ "IHE Delft မှ ကျွမ်းကျင်ပညာရှင်များရဲ့ အကူအညီနဲ့ သုတေသနလုပ်ငန်းအဆင့်ဆင့် ဆက်လက် လုပ်ဆောင်ဖို့ သင်ယူလေ့ကျင့်ပြီးပြီဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ဒေသမှာရှိတဲ့ ရေအောင်းလွှာရဲ့ တည်နေရာနဲ့ ဖြန့်ကျက်ပုံကို သိရှိနေပါပြီ။ ကျွန်တော်တို့အနေနဲ့ ဒေသခံလူထုများ ဘေးထွက်ဆိုးကျိုးမဖြစ်ပေါ်စေပဲ ရေဘယ်လောက်ထုတ်ယူနိုင်တယ်ဆိုတာ သိရှိစေဖို့နဲ့ ဆားငန်ရေ တိုးဝင်ရောက်မှုကို တားဆီးနိုင်မယ့် နည်းလမ်းတွေအတွက်လည်း အထောက်အကူဖြစ်စေမယ့် လက်တွေ့ကျသောနည်းလမ်းများကို ဖော်ထုတ်ချင်ပါတယ်။"

မိတ်ဖက်တက္ကသိုလ်တစ်ခုဖြစ်သော Eduardo Mondlane University မှ ဆရာ Dr. Dinis Juizo က အကောင်းဆုံးအချက်မှာ အာဖရိကရှိ မိုဇန်ဘိခ်နိုင်ငံ မတ်ပူတိုမြို့တွင် စောင့်ကြည့်လေ့လာမှု ကွန်ယက်တစ်ခု ထူထောင်လိုက်နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။ အများပိုင်ရေအသုံးမပြုနိုင်သော အိမ်များသို့ မြေအောက်ရေထုတ်ယူ ထောက်ပံ့ပေးသော ပုဂ္ဂလိကလုပ်ငန်းရှင်များကို တွက်ချက် တိုင်းတာမှုများ ပြုလုပ်နိုင်ရန် တက္ကသိုလ်က လေ့ကျင့်သင်ကြားပေးထားသည်။ အရေးကြီးသော အဆင့်တစ်ခုမှာ စနစ်တစ်ခု၏ ရှု့ထောင့်ပေါင်းစုံကို သိရှိစေရန် ပညာအခြေခံအုတ်မြစ်တစ်ခု ဖန်တီးရန်ဖြစ်သည်။ "ကျွန်တော်တို့ တခြား ပရောဂျက်တွေမှာ လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းတွေနဲ့ ကောင်းကောင်းပေါင်းစည်း လုပ်ကိုင်ခဲ့ကြတယ်။"


  နောက်ထပ်အဆင့်များ

ရာသီဥတု ဖောက်ပြန်မှုကြောင့် လေ့လာနေသော ဧရိယာရှိ မြေအောက်ရေပြဿနာကို နှစ်ဆ ပိုမိုထိခိုက်နိုင်ကြောင်း ခန့်မှန်းထားသည်။ ပို၍ မိုးခေါင်မှုများဖြင့် ပိုမိုခြောက်သွေ့သော ရာသီဥတုကို မျှော်မှန်းနိုင်သကဲ့သို့ ပိုမိုပြင်းထန်သော၊ ပိုမိုရှည်ကြာလာနိုင်သော ပူပြင်းခြောက်သွေ့သော ရာသီဥတု၊ ပိုမိုအေးခဲသော ရာသီဥတုလည်း ဖြစ်ပေါ်နိုင်သည်။ ပိုမိုရှည်ကြာသော ပူပြင်းမှုကာလက ရေအောင်းလွှာ ရေပြန်လည်ဖြည့်တင်းမှုအပေါ် ထိခိုက်မှု ရှိသကဲ့သို့၊ မိုးရာသီတွင် ရေသိုလှောင်နိုင်စွမ်း တိုးတက်မှုမရှိပါက မြေမျက်နှာပြင်အပေါ် မိုးရေအချိန်ကြာမြင့်စွာ စီးဆင်းပြီး ရေဆုံးရှုံးနေမည်ဖြစ်သည်။ လိုက်လျောညီထွေ ပြောင်းလဲမှုလိုအပ်ကြောင်း သက်သေပြနေသည်။

ပရောဂျက်၏ တစ်ဝက်ကျော်ကာလ ရောက်ရှိလာသည်နှင့်အမျှ သုတေသနလုပ်ငန်းသည်လည်း စောင့်ကြည့်လေ့လာခြင်း၊ ရာသီဥတုအခြေအနေများနှင့် ပုံစံပြုလေ့လာခြင်း၊ လူမှုစီးပွားရေး စစ်တမ်းကောက်ခြင်းများ ပြုလုပ်ခဲ့ကြပြီးဖြစ်သည်။ နောက်ထပ်တစ်ဆင့်မှာ ဒေသတစ်ခုချင်းအလိုက် ပြုပြင်ပြောင်းလဲရေး ဗျူဟာများ ပြုလုပ်ရန်ဖြစ်သည်။ တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် "ကမ်းရိုးတန်းဒေသ မြေအောက်ရေအတွင်း ဆားငန်ရေ တိုးဝင်ရောက်မှုမှ ကာကွယ်ရန် ပြုပြင်ပြောင်းလဲရေးနှင့် ဆိုးကျိုးလျှော့ချရေး ဗျူဟာများ" နှင့် စပ်လျဥ်းသည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၇ ရက်မှ ၃၁ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး တရုတ်၊ ဗီယက်နမ်၊ မိုဇန်ဘိခ်နိုင်ငံနှင့် နယ်သာလန်နိုင်ငံများမှ မိတ်ဖက်အဖွဲ့အစည်းများ တက်ရောက်ပြီး ပြဿနာများ၊ ပရောဂျက်၏ လက်ရှိအခြေအနေများနှင့် ရှေ့နှစ်အတွက် ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြဆွေးနွေး ခဲ့ကြသည်။ တဆက်တည်းမှာပဲ အဓိက stakeholders များကို ဦးတည်ပြီး ဒေသတွင်းအဖွဲ့အစည်းများက ပြုလုပ်သော ဆက်စပ်အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ပရောဂျက်ပြုလုပ်သည့် နိုင်ငံတစ်နိုင်ငံစီ အလှည့်ကျ ကျင်းပရန် စီစဉ်ရေးဆွဲခဲ့ကြသည်။

Stakeholders အားလုံး တစ်ညီတစ်ညွှတ်တည်းပါဝင်အောင် လုပ်ဆောင်ခြင်းမှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်ကြောင်း မိတ်ဖက်အဖွဲ့အစည်းအားလုံးက သဘောတူလက်ခံကြသည်။ သို့သော်လည်း လုပ်ငန်း အနာဂတ်ကာလအထိ ရေရှည်ဆက်လက်ဖြစ်ပေါ်စေရန် လုပ်ငန်းစဉ်ကာလတစ်လျှောက် လူထု၏ ပူးပေါင်းပါဝင်မှုရရှိရန် အရေးပါသည်။ Dr. Bui Tran Vuong က ချာဗင်းပြည်နယ်ရှိ ပြည်သူများ ပရောဂျက်ကာလ နောက်ပိုင်းတွင်လည်း ဆက်လက်၍ စောင့်ကြည့်လေ့လာမှု လှုပ်ရှားမှုများတွင် ပါဝင်ရန် မျှော်လင့်လျှက်ရှိသည်။ "လူသားတွေက သူတို့မြင်ရတဲ့အပေါ်မှာပဲ တုန့်ပြန်မှုပြုလေ့ရှိတယ်" ဟု Dr. Dinis Juizo က ဆိုပါတယ်။ ပရောဂျက်က မမြင်နိုင်သော မြေအောက်ရေ အရင်းအမြစ်ကို သတိပြုမိလာအောင် မြင်ကွင်းပုံပေါ်လာအောင် လုပ်ဆောင်နိုင်ခဲ့ပါသည်။ ဤအချက်မှာ ဆုံးဖြစ်ချက်မချမှတ်မီ ကိစ္စရပ်၏ အကျိုးအပြစ်၊ အကြောင်းအရာများကို ကြိုတင်သိရှိနားလည်စေခြင်း (Informed Decision-Making) ကို အကောင်အထည်ဖော်နိုင်ရန် အဓိကသော့ချက် ဖြစ်ပေလိမ့်မည်။


Translated by Ko Arkar Phyo, a member of Myanmar Water Portal Translation Community, port engineer with B.E & M.Sc in port, coastal and offshore engineering field. Working as a marine civil engineer in Myanmar Koei International Ltd. since 2015. Interested in port planning, and breakwater design.

Source: Managing the invisible: Groundwater salinity in coastal areas - IHE-Delft

Over 300,000 gallons of water distributed in 11 to...
Over 4,000 gallons of drinking water distributed i...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal