ကာဗွန်လျော့ချနိုင်မည့် စီးပွားရေးကိုအားပေးသော အမျှော်အမြင်ရှိသည့် ရေစီမံခန့်ခွဲမှု
ပါရီသဘောတူညီချက်သည် ကမ္ဘာကြီးပူနွေးလာမှုကို ၂ဒီဂရီစင်တီဂရိတ်အောက်တွင် ဆက်လက်ရှိနေစေရန်နှင့် ၁.၅ဒီဂရီစင်တီဂရိတ် အထိကန့်သတ်ရန် ကြိုးပမ်းအားထုတ်မှုများအတွက် ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခုဖြစ်သည်။ ၎င်းသည် ကာဗွန်ဒိုင်အောက်ဆိုက် လျော့ချသည့်စီးပွားရေးကို ရှေ့သို့ခေါ်ဆောင်စေမည့် အဓိကကျသော ခြေလှမ်းတစ်ခုဖြစ်သည်။ ပါရီသဘောတူညီချက်၏ ရည်မှန်းချက်များကို နိုင်ငံရေး၊စီးပွားရေး ခေါင်းဆောင်များအပြင် NGOခေါင်းဆောင်များကလည်း ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးခဲ့ကြသည်။ ယခုကျွန်ုပ်တို့တွင် အရေးတကြီးပြုမူရမည့် အရာများကို ဆောင်ရွက်ရန် အလွန်ကောင်းမွန်သောအခွင့်အလမ်းတစ်ခု ရှိနေပါသည်။
ရေသည်ကြွယ်ဝချမ်းသာမှု၊ သာယာဝပြောမှုနှင့် ပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးတို့အတွက် အခြေခံကျသောအရာ ဖြစ်သည်။ ထို့အပြင် လူသားမျိုးနွယ်နှင့်ကမ္ဘာကြီးအတွက် အသက်သွေးလည်းဖြစ်သည်။ ယခုအခါ ရေစီမံခန့်ခွဲမှုစနစ်များ အနေဖြင့် စက်မှုလုပ်ငန်း မထွန်းကားမီကထက် ၂ဒီဂရီစင်တီဂရိတ် ပိုမိုပူနွေးသောကမ္ဘာ နှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ခြင်းသည် ကြီးမားသောစိန်ခေါ်မှုတစ်ခုဖြစ်သည်။
၂၀၂၀ခုနှစ်မှစတင်၍ အနည်ဆုံးတစ်နှစ်လျှင် အမေရိကန်ဒေါ်လာ၁၀၀ဘီလီယံ အပိုဘဏ္ဍာငွေအား ရာသီဥတုပြောင်းလဲခြင်းကြောင့်ဖြစ်သော ရေကြီးမိုးခေါင်မှုခန့်မှန်းပမာဏအတွက် ကိုင်တွယ်ဖြေရှင်းရန်ထောက်ပံ့သည်။ ထိုအသုံးစရိတ်များကို အမှန်တကယ်လိုအပ်သူများနှင့် ဘဏ္ဍာရေးကို လိုက်လျောညီထွေ ထိရောက်စွာမသုံးစွဲနိုင်သူများကို ဦးတည်သင့်သည်။ ကျွန်ုပ်တို့၏ရေစနစ်များတွင် ဘဏ္ဍာရေးနှင့် လိုက်လျောညီထွေစွာသုံးစွဲတတ်ခြင်းသည် ရေကို ကမ္ဘာလုံးဆိုင်ရာအန္တရာယ်အဖြစ် ဖြေရှင်းရာတွင်အခြေခံကျလှသည်။ ဤရင်းနှီးမြှုပ်နှံမှုများမရှိပါလည်း မည်သည့်စီးပွားရေးနှင့်လူ့အဖွဲ့အစည်းမှ ရှင်သန်နိုင်မည်မဟုတ်ပေ။ ရေစနစ်များအပေါ်တွင် အခြားဖိအားများဖြစ်သည့် လူဦးရေတိုးပွားလာခြင်း၊ စားသုံးမှုပုံစံများပြောင်းလဲခြင်းနှင့် မြို့ကြီးများ၊ စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများမှ ရေလိုအပ်ချက်များ စဉ်ဆက်မပြတ်တိုးလာခြင်းနှင့်အတူ ရာသီဥတုလိုက်လျောညီထွေမှုရှိခြင်းကို သတိရသင့်သည်။ ဤအချက်များသည် ကြီးမားသောစိန်ခေါ်မှုသာမက ရေကဏ္ဍအတွက် ရေနှင့်လိုက်လျောညီထွေစွာ ထိတွေ့ပြီး ရင်းနှီးမြှုပ်နှံမှုတွေရအောင် ကြိုးပမ်းရန် အဓိကကျသော အခွင့်အလမ်းတစ်ခုလည်းဖြစ်သည်။
ရေကဏ္ဍသည် ပတ်ဝန်းကျင်ဆိုင်ရာပြောင်းလဲလျော့ချခြင်းတွင် တတ်ကြွသောအခန်းကဏ္ဍမှပါဝင်သည်။ စွမ်းအင်သုံးစွဲမှုလျှော့ချခြင်းနှင့် မြို့ပြရေစက်ဝန်းမှစွမ်းအင်ထုတ်လုပ်ခြင်းသည် ကာဗွန်လျော့ချသည့်စီးပွားရေးအတွက် သိသာသောအထောက်အပံ့တစ်ခုလည်းဖြစ်သည်။ ဂျာမနီနိုင်ငံရှိ "Ruhrverband"ကဲ့သို့သော ရေအသုံးချမှုလုပ်ဆောင်သည့် အဖွဲ့အစည်းများက ရှေ့ဆောင်လမ်းပြနေသည်။ ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း "Ruhrverband"သည် စွမ်းအင်သုံးစွဲမှုကိုလျှော့ချပြီး စွန့်ပစ်ရေမှထုတ်လုပ်သော ဇီဝဓာတ်ငွေ့ကိုပြန်လည်အသုံးပြုခဲ့သည်။ အခြားသူများကမူ ထုတ်လွှတ်မှုနောက်ကိုလိုက်၍ ကာဗွန်မထုတ်သောရေအသုံးပြုမှုကို ချွင်းချက်ထက် စံသတ်မှတ်ချက်အဖြစ် သတ်မှတ်လာသည်။
၎င်းကိုအကောင်အထည်ဖော်ရန် အကြီးမားဆုံးသောအခွင့်အလမ်းသည် တစ်ကမ္ဘာလုံးရှိ မသန့်စင်ရသေးသော ရေဆိုး၈၀ရာခိုင်နှုန်းရှိသည့် မြို့ကြီးများတွင်ရှိပေသည်။ တစ်နေ့လူတစ်ဦးလျှင်၄၅ကီလိုဂရမ်ပမာဏနှင့်ညီမျှသော ကာဗွန်ဒိုင်အောက်ဆိုက်များကို မသန့်စင်ထားသောစွန့်ပစ်ရေမှ ထုတ်လွှတ်နေသည်။ ဤနေရာတွင် ကမ္ဘာလုံးဆိုင်ရာအစီအစဉ်များ အပြန်အလှန်အကျိုးအမြတ်ရရှိနှိင်သောအဖြေကို ဖန်တီးချိတ်ဆက်ရန်လိုအပ်သည်။
ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်၆.၃သည် မသန့်ရှင်းသောစွန့်ပစ်ရေအချိုးကို ထက်ဝက်လျှော့ချရန်ရည်ရွယ်သည်။ ထို့အတွက် ယခင်ကတစ်ခါမျှမကြုံဖူးသောနှုန်းဖြင့် ကမ္ဘာတစ်ဝန်းရေဆိုးသန့်စင်ရေးစက်ရုံများတည်ဆောက်ရန် လိုအပ်သည်။ SDGကတိကဝတ်ပြုမှု့၏စကေးသည်ကြီးမားလွန်းလှသည်။ ၂၀၃၀ပြည့်နှစ်အထိ နေ့စဉ်လူဦးရေ၀.၆သန်းခန့်အတွက် ရေဆိုးသန့်စင်သောစက်ရုံများတည်ဆောက်ရန် လိုအပ်သည်။အတိုင်းအတာနှင့်သတ်မှတ်ထားသော အချိန်အပိုင်းအခြားအတွင်းရောက်ရှိရန်အတွက် ငွေကြေး၊နည်းပညာသာမက မူဝါဒနှင့်အလေ့အကျင့်များကို သာမန်ထက်ပိုမိုအားထုတ်ရန်လိုအပ်သည်။ ကျွန်ုပ်တို့သည် ဤကတိကို မည်သို့အကောင်အထည်ဖော်ကြမည်နည်း။
လျှပ်စစ်ဓာတ်အားပေးစက်များသည် ၎င်းတို့၏ကိုယ်ပိုင်ကာဗွန်ခြေရာကိုလျှော့ချရန် များစွာလုပ်ဆောင်နိုင်သော်လည်း ကာဗွန်ထုတ်လွှတ်မှုကိုလျှော့ချရာတွင် အမှန်တကယ်အောင်မြင်မှုသည် သုံးစွဲသူများနှင့်အလုပ်လုပ်ခြင်းမှရရှိနိုင်သည်။ ပျမ်းမျှအားဖြင့် အိမ်ထောင်စုတစ်စုတွင် တစ်နှစ်လျှင်လူတစ်ဦးသည် ကီလိုဂရမ်၁၀,၀၀၀ခန့်ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်သည်။ ဤထုတ်လွှတ်မှု၏၁၀%ခန့်သည် ရေအပူပေးခြင်းနှင့်ရေသုံးစွဲမှုမှလာသည်။ စမတ်အိမ်များ၊ ထိရောက်သောဘွိုင်လာများနှင့်ရေချိုးခန်းခေါင်းများ၊ အပူထိန်းကိရိယာရောနှောခြင်းနှင့် ရေနုတ်မြောင်းရေမှအပူပြန်လည်ရရှိမှုတို့ဖြင့် အိမ်သုံးကာဗွန်ဓာတ်ပါဝင်မှုကို သိသိသာသာလျှော့ချနိုင်သည်။
အဓိကသော့ချက်မှာ အသုံးချမှုလုပ်ငန်းခေါင်းဆောင်များအနေဖြင့် သုံးစွဲသူများအား အပြောင်းအလဲပြုလုပ်ရန်ကူညီခြင်းဖြင့် ယင်းတို့၏စီးပွားရေးကို အမှန်တကယ်၀န်ဆောင်မှုအဖြစ်သို့ ပြောင်းလဲစေခြင်းဖြစ်သည်။ ဩစတြေးလျရှိ "SydneyWater"သည် ၎င်း၏သုံးစွဲသူမျာအားဦးစားပေးပြီး အသုံးချ၀န်ဆောင်မှုလုပ်ငန်းကို စစ်မှန်သောသုံးစွဲသူဝန်ဆောင်မှုလုပ်ငန်းအဖြစ် ပြောင်းလဲပေးသည်။ ၎င်းသည် ရေရှည်တည်တံ့သောဘဝပုံစံနှင့် စားသုံးမှုပုံစံများကို အမှန်တကယ်ပြောင်းလဲနိုင်သော အင်အားတစ်ခုဖြစ်လာနိုင်ရန်အတွက် လက်တွေ့ကျကျလမ်းကြောင်းပေးသည့် ဥပမာတစ်ခုဖြစ်သည်။
ပဲရစ်သဘောတူညီချက်အရ ကာဗွန်ကင်းလွတ်သည့် စီးပွားရေးသို့ကူးပြောင်းခြင်းအတွက် ရည်မှန်းချက်များကို ချမှတ်ထားသည်။ လက်ရှိမိမိဆန္ဒအလျောက်ကတိကဝတ်များသည် ဤအရာကိုနားလည်သဘောပေါက်ရန် မလုံလောက်ပေ။ ထို့ကြောင့်ရေကဏ္ဍသည် ၁.၅ဒီဂရီစင်တီဂရိတ်ထက်မကျော်လွန်သော ကာဗွန်လျော့ချသည့်စီးပွားရေးဆီသို့ ဦးတည်နိုင်သည်ကိုပြသကြပါစို့။ ကာဗွန်မထုတ်သော ရေကဏ္ဍတစ်ခုဖြစ်ပေါ်လာစေမည့် နည်းပညာ၊ စီမံခန့်ခွဲမှုနှင့်ဗဟုသုတများကို ပူးပေါင်းရှာဖွေကာ အကောင်အထည်ဖော်နိုင်ကြောင်း သက်သေထူကြပါစို့။
Translated by Htay Htay Aung, a member of Myanmar Water Portal Translation Community
Source: Wise Water Management to Push a Low-Carbon Economy - International Water Association