ကမ္ဘာ့အရှည်ဆုံးမြစ်များထဲမှ သုံးပုံတစ်ပုံသာ လွတ်လပ်စွာ စီးဆင်းနေသည်။
လွတ်လပ်စွာ စီးဆင်းနေသောမြစ်များ၏ တည်နေရာနှင့် အတိုင်းအတာ ပမာဏကို တွက်ချက်ထားသော ကမ္ဘာ့ပထမဆုံး လေ့လာအကဲဖြတ်မှုသည် ကြီးမားသော ယုတ်လျော့ပျက်စီးမှုကို မီးမောင်းထိုးပြနေသည်။
WWF နှင့် မိတ်ဖက်အဖွဲ့များ၏ လေ့လာချက်အရ လူနှင့် သဘာဝအတွက် ကျန်းမာသော မြစ်များမှ ရရှိသော အမျိုးမျိုးသောအကျိုးကျေးဇူးများသည် နေရာတိုင်း၌ အကြီးအကျယ် လျော့နည်းလာပြီး ကမ္ဘာ့အရှည်ဆုံး ၂၄၆ မြစ်များထဲမှ ၃ ပုံ ၁ ပုံ ကျော်သာ လွတ်လပ်စွာ စီးဆင်းသောမြစ်များ အဖြစ်ကျန်ရှိနေတော့သည်။
WWF၊ McGill တက္ကသိုလ်နှင့် အခြားအဖွဲ့အစည်းများ မှ သုတေသီများ ပါဝင်ဖွဲစည်းထားသော အဖွဲ့တစ်ဖွဲ့သည် ကမ္ဘာ့အနှံ့ရှိမြစ်များကို ကောင်းစွာဆက်သွယ်မှုရှိမရှိ သိနိုင်ရန် မိုင်ပေါင်း ၇.၅ သန်းအထိ လေ့လာခဲ့ပြီးဖြစ်သည်။ တွေ့ရှိချက်အဖြစ် ၃၇ ရာခိုင်နှုန်းသာ လွတ်လပ်စွာ စီးဆင်းတော့သည်။ ဆိုလိုသည်မှာ ၄င်းမြစ်များ၏ စီးဆင်းမှုနှင့် ဆက်သွယ်မှုသည် လူပယောဂ ပြောင်းလဲမှုများကြောင့် အကြီးအကျယ်ထိခိုက်ခြင်း မရှိသေးပေ။ မှားယွင်းသောနေရာများတွင် ဆောက်လုပ်ထားသော ဆည် (သို့) ရေကာတာများနှင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်များသည် ကမ္ဘာတဝှမ်းရှိ မြစ်များ၏ ကျန်းမာရေးကို သက်ရောက်စေပြီး ကမ္ဘာဂြိုလ်၌ ကျန်ရှိနေသည့် လွတ်လပ်စွာ စီးဆင်းနေသောမြစ်များသည် ဝေးလံသော အာတိတ်ဒေသ၊ အမေဇုန်နှင့် ကွန်ဂိုမြစ်ဝှမ်းဒေသများတွင်သာ တွေ့ရှိရတော့သည်။
လွတ်လပ်စွာ စီးဆင်းနေသောမြစ်များ ကွယ်ပျောက်သွားခြင်း
ရှည်လျား၍ လွတ်လပ်စွာ စီးဆင်းနေသောမြစ်များမှာ ကွယ်ပျောက်လျက်ရှိသည်။ ကမ္ဘာတဝှမ်းတွင် ရေကာတာနှင့် အခြားဖွံဖြိုးတိုးတက်မှုများဖြစ်သော လမ်း၊ တာတမံများကြောင့် မြစ်များမှာ အစိပ်စိပ်အမွှာမွှာ ပိုမိုပိုင်းခြားခြင်းခံလာရပြီး ရေချိုဂေဟစနစ်များနှင့် ၎င်းတို့အပေါ် မှီခိုနေရသော လူနှင့် တောရိုင်းတိရစ္ဆာန်များအပေါ် အန္တရာယ်သက်ရောက်လာစေသည်။ လွတ်လပ်စွာ စီးဆင်းသောမြစ်များသည် သက်ရှိဇီဝမျိုးကွဲမျိုးစုံကို ရေရှည်တည်တံ့စေပြီး လူသန်းပေါင်းများစွာကို အကျိုးပြုသည့် ရေ၊ အာဟာရနှင့် မျိုးစိတ်များကို သယ်ဆောင်သည်။ နိုင်ငံများနှင့် လူမှုအသိုင်းအဝိုင်းများက ၎င်းတို့၏ ရေချိုအရင်းအမြစ်များကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်ရန် WWF နှင့်မိတ်ဖက်အဖွဲ့များသည် လွတ်လပ်စွာ စီးဆင်းသောမြစ်ဟူ၍ နည်းပညာဆိုင်ရာ အဓိပ္ပာယ်ကို ဖွင့်ဆိုခဲ့ပြီး ပထမဦးဆုံး သိပ္ပံနည်းကျ ကျောထောက်နောက်ခံပြုထားသည့် မြေပုံ၊ ကမ္ဘာ့နောက်ဆုံးလက်ကျန် လွတ်လပ်စွာစီးဆင်းနေသော မြစ်များ၏ စာရင်းအပြည့်အစုံကို ဆက်သွယ်မှုကောင်းသော မြစ်များနှင့် အကျိုးသက်ရောက်မှုခံရသော မြစ်များဟူ၍ ဖန်တီး ပြုစုထားပါသည်။
မြူရာမြစ် (MURA RIVER)
ဆလိုဗေနီးယား (SLOVENIA)
"ဥရောပအမေဇုန်မြစ်" ဟုခေါ်တွင်သော မြူရာမြစ်သည် ရှားပါးပြီး မျိုးသုန်းမှု အန္တရာယ်နှင့်ရင်ဆိုင်နေရသော ဖျံမျိုးစိတ်များ၊ ဒန်းနျု (Danube) ဆော်လမွန်ငါးများ၊ (Black Stork) တောငန်းနက်များ၏ အဓိကကျက်စားရာနေရာများကို ထောက်ပံ့ပေးသည်။ WWF နှင့် အခြားအဖွဲ့အစည်းများ၏ တိုက်တွန်းချက်အရ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဆလိုဗေနီးယားအစိုးရမှ မြူရာမြစ်ကို ထိခိုက်စေနိုင်သည့် ရေအားလျှပ်စစ် စီမံကိန်းများအား ရပ်တန့်ရန် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
အူဆူမာစင်တာမြစ် (USUMACINTA RIVER)
မက်ဆီကို (MEXICO)
၂၀၁၈ ခုနှစ်၊ ဇွန်လတွင် WWF နှင့် မိတ်ဖက်အဖွဲ့များ၏ လမ်းညွှန်မှုဖြင့် မက်ဆီကို နိုင်ငံသည် မြစ်ဝှမ်းပေါင်း ၃၀၀ နီးပါးတွင် ရေသိုလှောင်ထားရှိမှုများ ပြုလုပ်ခဲ့သည်။ နောင်လာမည့်နှစ်ပေါင်း ၅၀ အတွင်း လူဦးရေ ၄၅ သန်းအတွက် ရေပေးဝေမှုကို အာမခံနိုင်ခဲ့သည်။ ယခုအခါ မက်ဆီကိုပိုင်၊ ဗဟိုအမေရိကရှိ အရှည်ဆုံးနှင့် ဇီဝမျိုးကွဲမျိုးစုံတည်ရှိရာ အူဆူမာစင်တာမြစ်ရှိ ရေ၏ ၉၃ ရာခိုင်နှုန်းမှာ ကာကွယ်ထားရှိပြီးဖြစ်သည်။ဘီတာမြစ် (BITA RIVER)
ကိုလံဘီယာ (COLOMBIA)
WWF နှင့် မိတ်ဖက်အဖွဲ့များ၏ လုပ်ဆောင်မှုများကြောင့် ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် ကိုလံဘီယာအစိုးရသည် ဘီတာမြစ်ဝှမ်းဒေသကို အပြည်ပြည်ဆိုင်ရာအရေးပါသည့် ရေဝပ်မြေ ရမ်ဆာဒေသ (Ramsar Site) ဟုအမည်ပေးခဲ့သည်။ ဟက်တာ ၈၂၅၀၀၀ အကျယ်ရှိ၍ တိုင်းပြည်ထဲရှိ ရမ်ဆာဒေသ ၁၁ ခုအနက် အကြီးဆုံးဖြစ်ပြီး ကမ္ဘာပေါ်ရှိ အနည်းငယ်သာရှိသည့် လွတ်လပ်စွာစီးဆင်းသော မြစ်ဝှမ်းတစ်ခုလုံးကို လွှမ်းခြုံထားသည်။
ပါရာဂွေးမြစ်ဝှမ်း (PARAGUAY BASIN)
ဘရာဇီးလ် (BRAZIL)
အထက် ပါရာဂွေးမြစ်ဝှမ်းဒေသတွင် တည်ဆောက်မည့် ရေကာတာ ၁၀၀ ကျော်သည် ရေပေးဝေမှု၊ ဇီဝမျိုးကွဲများနှင့် ဒေသခံလူထုကို ထိခိုက်စေနိုင်သည်။ WWF အပါအဝင် ညွှန့်ပေါင်းအဖွဲ့၏ ကြီးမားသောကြိုးပမ်းမှုများအပြီးတွင် ဘရာဇီးလ်နိုင်ငံအမျိုးသားရေအေဂျင်စီသည် ရေကာတာစီမံကိန်းသစ်ကို ၂၀၂၀၊ မေလ အထိဆိုင်းငံ့ခဲ့သည်။ သို့သော် ထိုဆိုင်းငံ့ခြင်းသည် ပြည်ထောင်စုတရားစီရင်ပိုင်ခွင့်အောက်ရှိ မြစ်များနှင့်သာ သက်ဆိုင်သည်။
လူအမ်ဂွာမြစ် (LUANGWA RIVER)
ဇမ်ဘီယာ (ZAMBIA)
လွတ်လပ်စွာစီးဆင်းနေသော်လည်း အနီးအနားမြစ်ပေါ်ရှိ ရေကာတာကြောင့် ထိခိုက်မှုရှိသော လူအမ်ဂွာမြစ်သည် အန္တရာယ်ရှိနေသည်။ နင်ဒဲဗူချိုင့်ဝှမ်း (Ndevu Gorge) တွင်တည်ဆောက်ရန် အဆိုပြုထားသောဆည်သည် များပြားသောတောရိုင်းတိရစ္ဆာန်နှင့် လူပေါင်းများစွာ အမှီအခိုပြုနေရသည့် ရေလမ်းကြောင်းကို ခြိမ်းခြောက်နေသည်။ ဇမ်ဘီယာတွင် WWF သည် ပြည်သူလူထုနှင့် သဘာဝတရားတို့အတွက် ကိုယ်စားပြုပေးပြီး အစိုးရအား ၎င်း၏ စွမ်းအင်အစီအမံများကို ပြန်လည်စဥ်းစားရန်နှင့် ဒေသခံပြည်သူများ၏ သဘာဝသယံဇာတများ အပေါ် ရပိုင်ခွင့်အခွင့်အရေးများကို ဆက်လက်ထိန်းသိမ်းထားရန် တွန်းအားပေးလျက်သည်။
ဧရာဝတီနှင့် သံလွင်မြစ်များ (IRRAWADDY AND SALWEEN RIVERS)
မြန်မာ (MYANMAR)
မြန်မာနိုင်ငံတွင် နက်ရှိုင်းသောမဟာဗျူဟာမြောက် ပတ်၀န်းကျင်ဆိုင်ရာအကဲဖြတ်လေ့လာမှုက အရှေ့တောင်အာရှတွင် နောက်ဆုံးကျန်ရှိနေသည့် လွတ်လပ်စွာစီးဆင်းနေသော ဧရာဝတီမြစ်နှင့် သံလွင်မြစ်၏အဓိက ပင်မရေလမ်းကြောင်းများတွင် ရေကာတာများ တည်ဆောက်ခြင်းမှ လွတ်မြောက်သင့်ကြောင်း အကြံပြုခဲ့သည်။ သို့သော် နေရောင်ခြည်စွမ်းအင်သုံးနှင့် လေစွမ်းအင်ကဲ့သို့သော အခြားရွေးချယ်စရာ စွမ်းအင်များကို လူများ၊ မြစ်များနှင့် တိုင်းပြည်၏စီးပွားရေးအတွက် ပိုမို၍ အရေးကြီးလာအောင်လုပ်ရန် အခက်အခဲရှိနေသေးသည်။
ဆည် မြေပုံရေးဆွဲခြင်း (သို့) ဆည် နေရာရွေးချယ်ခြင်း
သန်းပေါင်းများစွာသောလူများအတွက် လုံလောက်သောသောက်သုံးရေနှင့် လျှပ်စစ်ဓာတ်အားရရှိရန် ဆည် များမှထောက်ပံ့ပေးသည်။ သို့သော် မှားယွင်းသောနေရာများတွင် တည်ဆောက်ခြင်း၊ ဥပမာ မြစ်၏ ပင်မရေလမ်းကြောင်းပေါ်တွင် တည်ဆောက်မိလျှင် မြစ်၏စီးဆင်းမှုကို အဟန့်အတားဖြစ်စေပြီး ဇီဝမျိုးကွဲများ သိသာစွာလျော့နည်းခြင်း၊ ငါးများရွှေ့ပြောင်းကျက်စားခြင်းတို့ကို ထိခိုက်ခြင်း၊ စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကျောင်းမှုများကို ထိခိုက်နိုင်သည်။ ယနေ့ကမ္ဘာအနှံ့တွင် အဓိကဆည်ပေါင်း ၆၀၀၀၀ ကျော်သည် ရေအားလျှပ်စစ်လိုအပ်ချက်အရ တိုးပွားလာသော အရေအတွက်ဖြစ်သည်။ WWF သည် အစိုးရများ၊ စက်မှုလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကူညီရာတွင် ဒေသခံပြည်သူများနှင့် နေရင်းဒေသများအပေါ် ရေရှည်သက်ရောက်မှုများ၊ ရေနှင့်စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းရန် အခြားအလားအလာရှိသော ရွေးချယ်စရာများကို စဥ်းစားရန်သာမက မြစ်ပြန်လည်ထူထောင်ရေး စီမံကိန်းများအတွက် အကောင်းဆုံးအခွင့်အလမ်းများ ဖော်ထုတ်ရန်အတွက်ပါ ကူညီလျက်ရှိသည်။
Translated by Zaw Linn Htet.
Source - Just one-third of the world's longest rivers remain free-flowing - World Wild Life (WWF)