ပလတ်စတစ် ပြ⁠⁠⁠⁠⁠⁠⁠⁠⁠⁠⁠⁠⁠⁠⁠⁠⁠⁠⁠⁠⁠⁠⁠⁠⁠⁠⁠⁠⁠⁠⁠⁠ဿနာနှင့် ၎င်းကနေ ကမ္ဘာ့သမုဒ္ဒရာဂေဟစနစ်အပေါ် သက်ရောက်နေတဲ့ ထိခိုက်မှုတွေကို ကောင်းစွာမှတ်တမ်းတင်ထားခဲ့ပြီးပြီ ဖြစ်ပါတယ်။ သတင်းတွေမှာ ဖော်ြပကြတဲ့ ပလတ်စတစ်အမှိုက်တွေ ပြန့်ကျဲ ပြည့်နှက်နေတဲ့ ပင်လယ်ဓာတ်ပုံတွေနဲ့ ၎င်းတို့ကြား ပင်လယ်နေသတ္တဝါတွေပိတ်မိနေရပုံ စတဲ့ စိတ်ထိခိုက်စရာဓာတ်ပုံတွေကို အားလုံးမြင်တွေ့ကြရမှာပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ ရာစုနှစ် အနည်းငယ်ကစပြီး ကျွန်တော်တို့ မျက်စိနဲ့ မမြင်နိုင်တဲ့ အရာတစ်ခုအပေါ် အာရုံစိုက်မှုတွေ များပြားလာခဲ့ပါတယ်။

အရွယ်အစားအားဖြင့် ၅မီလီမီတာထက်သေးငယ်တဲ့ ပလတ်စတစ်အမှုန်လေးတွေကို မိုက်ခရိုပလတ်စတစ်လို့ ခေါ်ဆိုပြီး သူတို့ကို ပင်လယ်ကြမ်းပြင်အောက်၊ တောင်ထိပ်ဖျား၊ ကျွန်တော်တို့ အသက်ရှုနေတဲ့ လေထုနဲ့ မိုးရေ အထိ နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။ မိုက်ခရိုပလတ်စတစ်တွေဟာ ကျွန်တော်တို့ဆီက ထွက်ရှိတဲ့ စွန့်ပစ်ရေဆိုးထဲအထိ ရှိနေကြပါပြီ။

ပလတ်စတစ်မှာ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ဓာတုပစ္စည်းတွေပါဝင်ပြီး အခြားပတ်ဝန်းကျင်ကို အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေနဲ့လည်း အလွယ်တကူ ပေါင်းစပ်နိုင်ပါတယ်။ သူတို့ရဲ့ သေးငယ်လှတဲ့ အရွယ်အစားကြောင့်ပဲ မိုက်ခရိုပလတ်စတစ်တွေဟာ သက်ရှိတွေရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်ပြီး သူတို့ကနေ ဂေဟစနစ်အပေါ် ဒါမှမဟုတ် လူသားတွေရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေကို တိတိကျကျ ကောက်ချက်ချနိုင်တဲ့ သုတေသနတွေတော့ အခုထိ မရှိသေးပါဘူး။

မိုက်ခရိုပလတ်စတစ်အများစုဟာ နေ့စဉ်သုံးပစ္စည်းတွေဖြစ်တဲ့ အဝတ်အထည်များ၊ ပလတ်စတစ်ထုတ်ပိုးမှုများ၊ အလှကုန်ပစ္စည်းများနဲ့ ကားတာယာတွေကနေ ထွက်ရှိလာတာ ဖြစ်ပေမယ့် အကြီးစားပလတ်စတစ်တွေ ပြိုကွဲတဲ့အခါမှာလည်း ဖွဲ့စည်းပေါ်ပေါက်နိုင်ပါတယ်။ ပတ်ဝန်းကျင်ထဲ ရောက်ရှိပြီးသွားပြီဆိုတာနဲ့ သူတို့ကို ဖယ်ရှားဖို့ဆိုတာ မဖြစ်နိုင်သလောက်ရှိတာြဖစ်လို့ ပြဿနာကို ရင်ဆိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ သူတို့ ထွက်ရှိနိုင်တဲ့ မူလအရင်းအမြစ် ဒါမှမဟုတ် သူတို့ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေကို တားဆီးပိတ်ပင်ဖို့ပါပဲ။

Riku Vahala (Aalto University, Finland) presenting current knowledge on microplastics in drinking water at the IWA Leading Edge Conference on Water and Wastewater Technologies, 10 June 2019

ရေဆိုးသန့်စင်မှုဆီ အာရုံစိုက်မှုတွေ ရှိလာခဲ့ရပြီ

သုတေသနရဲ့ဖော်ပြချက်အရ ရေဆိုးသန့်စင်စက်ရုံတွေဟာ မိုက်ခရိုပလတ်စတစ်တွေ ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ သူတို့ဟာ မသန့်စင်တဲ့ရေဆိုးနှင့် အနည်အနှစ်တွေကနေတစ်ဆင့် မြေကြီးနှင့် ရေထဲကို ရောက်ရှိနိုင်ပါတယ်။ ဒါပေမယ့် အခုလက်ရှိသုတေသနတွေ အရတော့ ရေဆိုးကနေ ဝင်ရောက်တဲ့ လမ်းကြောင်းက အခြားသော လမ်းကြောင်းတွေဖြစ်တဲ့ မြို့ပြရေစီးရေ၊ စွန့်ပစ်ပစ္စည်းစီမံဆောင်ရွက်မှု စတာတွေနဲ့ နှိုင်းယှဉ်ရင် ဘယ်လောက်ပိုများနိုင်ပါတယ် ဆိုပြီးတော့ မပြောနိုင်သေးပါဘူး။

ဒါပေမယ့် ရေဆိုးသန့်စင်စက်ရုံတွေဟာ မိုက်ခရိုပလတ်စတစ်တွေကို ပိတ်ဆို့တားဆီးဖို့နဲ့ သူတို့ကနေ ပတ်ဝန်းကျင်အပေါ်သက်ရောက်တဲ့ ဆိုးကျိုးတွေကို လျှော့ချနိုင်တဲ့ ဖြစ်နိုင်ချေအလားအလာတွေရှိပြီး သတင်းကောင်းကတော့ အဲ့ဒီအတွက် နည်းပညာတွေ ရှိနေပြီးသား ဖြစ်နေခြင်းပါ။

အခုလက်ရှိအသုံးပြုနေတဲ့ ရေဆိုးသန့်စင်ခြင်းနည်းလမ်းတွေက ပလတ်စတစ်ညမ်းညမ်းမှုအတွက်ရယ်လို့ စဉ်းစားပြီး ဖော်ထုတ်ထားတာ မဟုတ်ပေမယ့်လည်း မိုက်ခရိုပလတ်စတစ်တွေကို ဖယ်ရှားတဲ့နေရာမှာ တော်တော်လေး အစွမ်းထက်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် အယ်တိုတက္ကသိုလ်က လေ့လာမှုတစ်ခုအရ တွင်တွင်ကျယ်ကျယ် အသုံးပြုလေ့ရှိတဲ့ လေနဲ့ ဇီ၀ထုအစုအဝေးကိုအသုံးပြုပြီး ရေဆိုးသန့်စင်ခြင်းနည်းလမ်း (Activated Sludge Method)ဟာ ၂၀မီလီမီတာကနေ ၅မီလီမီတာ အရွယ်အစားရှိတဲ့ အမှုန်အမွှားတွေကို ၉၉ရာခိုင်နှုန်းအထိ ဖယ်ရှားနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

Julia Talvitie (Marine Research Center, Finnish Environment Institute, Finland), presenting current knowledge on microplastics in wastewater treatment plants at the IWA Leading Edge Conference on Water and Wastewater Technologies, 10 June 2019

ပိုမိုအဆင့်မြင့်တဲ့ သန့်စင်ခြင်းနည်းလမ်းတွေဖြစ်တဲ့ စစ်ယူခြင်းနည်းလမ်းများနဲ့ ပေါလောပေါ်စေခြင်းနည်းလမ်းတွေမှာဆိုရင် ပိုမိုဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆဲလ်အမြှေးပါးဖြင့်စစ်ယူခြင်းနည်းပညာကို အသုံးပြုတဲ့ ဆဲလ်အမြှေးပါး ဇီ၀ဓာတ်ပြုခြင်း (Membrane Bioreactor (MBR)) နည်းစနစ်ဟာ မူလပထမအဆင့် သန့်စင်ခြင်းကို ဖြတ်ပြီးတဲ့​ ရေဆိုးထဲက ၉၉.၉ ရာခိုင်နှုန်းသော မိုက်ခရိုပလတ်စတစ်ကို ဖယ်ရှားနိုင်တယ်လို့ လေ့လာချက်တစ်ခု ရှိပါတယ်။

ဒီလိုဆို ရှိရှိသမျှ ရေဆိုးသန့်စင်စက်ရုံတွေကို ဒီလို မိုက်ခရိုပလတ်စတစ်ကို ဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေကို အကောင်အထည်ဖော်သင့်တယ်လို့ တောင်းဆိုသင့်ပြီလား။ ရေဆိုးသန့်စင်စနစ်တွေမှာလည်း အာဟာရဓာတ်သတ္တု၊ ဆေးဝါးပစ္စည်းတွေနဲ့ ဆိုင်းငံ့အစိုင်အခဲစတဲ့ အန္တရာယ်ရှိအရာ၀တ္ထုတွေကိုလည်း ဖယ်ရှားဖို့လည်းလိုအပ်သေးလို့ ရေဆိုးသန့်စင်စက်ရုံတွေအနေနဲ့ မျှတတဲ့နည်းစနစ်တစ်ခုကိုကျင့်သုံးဖို့ လိုအပ်ပါတယ်။

မိုက်ခရိုပလတ်စတစ်နဲ့ပတ်သက်တဲ့ သုတေသနတွေဟာ သိပ္ပံနယ်ပယ်သစ်တစ်ခုဖြစ်ပြီး အရှိန်အဟုန်ကောင်းကောင်းနဲ့ တိုးတက်နေလို့ ပိုမိုအဆင့်မြင့်မှုတွေကို မျှော်လင့်လို့ရပါတယ်။ ရေဆိုးကျွမ်းကျင်ပညာရှင်တွေကိုလည်း နောက်ဆုံးသုတေသနအချက်အလက်တွေ ရရှိစေဖို့ ဆွေးနွေးမှုတွေမှာ ပါဝင်စေသင့်ပြီး အသစ်သစ်သော နည်းပညာတွေ တီထွင်ဖော်ဆောင်တဲ့အခါမှာလည်း ပါဝင်အကြံပေးစေသင့်ပါတယ်။

သုတေသနပညာရှင်တွေအတွက်လည်း သုတေသနနည်းပညာတွေ ဖော်ထုတ်မှုအတွက် တစ်နှစ်ဆိုသော အချိန်ကာလမှာ အမှီလိုက်နိုင်ဖို့၊ ရရှိလာတဲ့ အဖြေတွေဟာ မှန်ကန်ယုံကြည်ရဖို့ဆိုတာ စိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။ ဒီသုတေသနနယ်ပယ်က အစောပိုင်းအဆင့်မှာပဲ ရှိသေးတဲ့အတွက် သုတေသနနည်းလမ်းတွေလည်း ခြေခြေမြစ်မြစ် တိတိကျကျရယ်လို့ မရှိသေးတာကြောင့် ရလာတဲ့ သုတေသနအဖြေတွေကို နှိုင်းယှဉ်ကြည့်ဖို့ ဆိုတာလည်း စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်လို့နေပါတယ်။

သုတေသနပညာရှင်တွေအနေနဲ့ တစ်ဦးအတွေးအခေါ်၊ အယူအဆတွေကို တစ်ဦးလက်ခံနားလည်ပေးဖို့ လိုအပ်လှပြီး ဒီလိုမှသာပဲ ယုံကြည်စိတ်ချရပြီး နှိုင်းယှဉ်နိုင်တဲ့ အဖြေတွေ ရနိုင်မှာပါ။ ဒီကနေတစ်ဆင့် အသစ်သစ်သော နည်းပညာတွေနဲ့ မိုက်ခရိုပလတ်စတစ်ထိန်းချုပ်မှုတွေမှာ တိုးတက်မှုတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

အခြားထည့်သွင်းစဉ်းစားရမှာတစ်ခုက ကမ္ဘာ့နေရာတော်တော်များများမှာ ရေဆိုးကိုလုံး၀မသန့်စင်ဘဲ စွန့်ပစ်နေသေးတယ်ဆိုတဲ့ အချက်ပါ။ ကုလသမဂ္ဂရဲ့ ပြောကြားချက်အရ ကမ္ဘာ့ရဲ့ ၈၀ရာခိုင်နှုန်းသော ရေဆိုးတွေဟာ မသန့်စင်ဘဲ သဘာ၀ထဲပြန်လည်ရောက်ရှိနေပြီး ဥရောပလိုနေရာမျိုးမှာတောင် ရေဆိုးကို နည်းလမ်းဟောင်းတွေနဲ့ပဲ သန့်စင်တဲ့​နေရာဒေသတွေ ရှိနေပါသေးတယ်။

ရေဆိုးစနစ်တကျသန့်စင်မှုဆိုတာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ မေးခွန်းတစ်ရပ်ပါ။ မြို့ပြတည်ထောင်ခြင်း၊ လူဦးရေတိုးပွားလာခြင်းတို့ကြောင့် များစွာသော တစ်ကမ္ဘာလုံးဆိုင်ရာအတိုင်းအတာနဲ့ လူတွေဟာ ရေပေးဝေရေးနဲ့ မိလ္လာစနစ်တွေကို အသုံးပြုကြရဦးမှာပါ။ တစ်လက်စတည်း တိုးပွားလာမယ့် ရေဆိုးထွက်ရှိမှုပမာဏနဲ့အတူ ပတ်ဝန်းကျင်ထဲ မိုက်ခရိုပလတ်စတစ်နဲ့ အခြားညစ်ညမ်းမှုတွေ ဝင်ရောက်နိုင်မှု အခြေအနေတွေကလည်း များပြားနေဦးမှာပါ။


​Translated by Ei Thinzar Myo, a junior environmental expert. 

Source - "Are microplastics a challenge for wastewater treatment" - International Water Association