သဘာဝတရားနှင့်လူသားများအား ပထမဉီးစားပေးလျှင် ဘာဖြစ်လာနိုင်သလဲ

Put-Nature-First-1

Copenhagenမြို့သည် မြို့ပေါင်း၄၀၏မြို့တော်ဝန်များစုံညီပွဲတော် (C40 Mayors summit)ကို အိမ်ရှင်အဖြစ် လွန်ခဲ့သောလက လက်ခံကျင်းပခဲ့သည်။ ထိုပွဲသို့ ကမ္ဘာပေါ်ရှိသဘာဝပတ်ဝန်းကျင်အရေးအလေးအထားဆုံးနိုင်ငံများမှ မြို့တော်ဝန်များနှင့်မြို့ပြစီမံကိန်းရေးဆွဲသူပေါင်း ၁၀၀၀ကျော်တက်ရောက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြဿနာများကို ဆွေးနွေးဖြေရှင်းခဲ့ကြသည်။ ပွဲအတွေ့အကြုံအရ မြို့အတော်အများတွင် ရေအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေရန် ပြုပြင်ပြောင်းလဲမှုများ အထူးပင်လိုအပ်နေသည်။ ထိုပွဲတွင် မိုးရေလျှံခြင်းပြဿနာများကို မြို့ပြဖွံဖြိုးမှုနှင့်ချိတ်ဆက်ဖြေရှင်းခြင်းဖြင့် ရလဒ်ကောင်းများရရှိနိုင်ကြောင်း တင်ပြခဲ့ကြပြီး လာမည့်နှစ်အောက်တိုဘာလတွင် ကျင်းပမည့် IWAကမ္ဘာ့ရေညီလာခံနှင့်ပြပွဲ၌ ဆက်လက်ဆွေးနွေးနိုင်ရန် မျှော်မှန်းထားကြသည်။

မိုးရေလျှံခြင်းပြဿနာများကိုဖြေရှင်းရာတွင် ခေတ်မီနည်းပညာများကိုသာ စတင်စဉ်းစားလေ့ရှိကြသည်။ ထို့ကြောင့် မြို့ပြများတွင် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးများလာမှုများကိုဖြေရှင်းရန် ကြီးမားသည့် မြေအောက်ရေပိုက်လိုင်းများနှင့်ရေထိန်းကန်များကို တည်ဆောက်အသုံးပြုခဲ့ကြသည်။

သို့ရာတွင် Copenhagenမြို့သည် ကွဲပြားသည့်နည်းလမ်းတစ်ခုကို အသုံးပြုခဲ့သည်။ ယင်းနည်းလမ်းမှာ မိုးရေများကိုသယ်ဆောင်ပြီး ထိန်းသိမ်းပေးထားနိုင်မည့် နေရာတစ်ခုကို မြို့အတွင်းတွင် ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။ ဤနည်းလမ်းသည် သမားရိုးကျနည်းလမ်းများထက် ငွေကုန်ကြေးကျသက်သာရုံသာမက ပိုမိုစိမ်းလန်း၍ သဘာဝနှင့်နီးစပ်ပြီး ဘက်စုံအသုံးပြုနိုင်သည့် အများပြည်သူအပန်းဖြေနေရာတစ်ခုဖြစ်လာခဲ့သည်။ အောက်ပါတို့သည် ထိုနည်းလမ်းကို အကောင်အထည်ဖော်ခဲ့သည့် စီမံကိန်းများဖြစ်သည်။

Tåsinge ရင်ပြင် - ရပ်ကွက်တစ်ခုအား အသွင်ပြောင်းလဲခြင်း။

ဤပြောင်းလဲခြင်းသည် ပထမဦးဆုံး ပြီးမြောက်ခဲ့သော စီမံကိန်းတစ်ခုဖြစ်သည်။ ၎င်းရပ်ကွက်သည် ကိုပင်ဟေဂင် (Copenhagen) မြို့တော်၏ အရှေ့မြောက်ပိုင်းတွင် တည်ရှိပြီး သဘာဝရာသီဥတုနှင့် ကိုက်ညီသော ရပ်ကွက်တစ်ခုဟု ခေါ်ဆိုကြသည်။ ဤရပ်ကွက်သည် မြို့တော်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဖြစ်ပေါ်လာသော ရေကြီးခြင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများကို ကာကွယ်ဖြေရှင်းခြင်းဆိုင်ရာ စီမံကိန်းများတွင် လည်းကောင်း ၊ ရပ်ကွက်အတွင်း သစ်ပင်များအစားထိုးစိုက်ပျိုးခြင်း နှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ စီမံကိန်းများတွင် တစ်စိတ်တစ်ပိုင်းပါဝင်ရန် ရွေးချယ်ခံခဲ့ရသည်။ Tåsinge ရင်ပြင် သည် လမ်းများ ၊ ကားရပ်နားရာနေရာများဖြင့် ဝန်းရံထားသော အစိမ်းရောင်တြိဂံမြေနေရာလေးတစ်ခုသာ ဖြစ်ခဲ့ပြီး ပုံမှန်အားဖြင့် လူများအပန်းဖြေလာရောက်ခြင်း နှင့် စားသောက်နားနေရန် ကော်ဖီဆိုင်မျှပင်မရှိဘဲ ခွေးများဖြင့် လမ်းလျှောက်ထွက်ရုံအတွက်သာ အသုံးပြုခဲ့ကြသည်။

ဤရာသီဥတုနှင့် ကိုက်ညီသော အသွင်ပြောင်းလဲခြင်း စီမံကိန်းဒီဇိုင်းကို ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများ အနီးကပ်ပူးပေါင်း၍ တိုင်ပင်ရေးဆွဲခဲ့ကြသည်။ ၎င်းတို့သည် အဓိကအားဖြင့် ရင်ပြင်ကို လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများပြုလုပ်ရာ နေရာတစ်ခုအဖြစ် စိမ်းလန်းသော ပန်းခြံလေးတစ်ခုဖြစ်အောင် ပြောင်းလဲရန် ရည်ရွယ်ခဲ့ကြသည်။ သို့ဖြစ်၍ ဤစီမံကိန်း၏ ဒီဇိုင်းကိုရင်ပြင်ကို မိုးရေများသိုလှောင်ထိန်းသိမ်းရန် နေရာတစ်ခုအဖြစ်သာမက ဒေသတွင်းနေ ပြည်သူလူထုအတွက် အပန်းဖြေရာနေရာတစ်ခုအဖြစ် မည်သို့ ဖန်တီးရမည်ကိုပါ ထည့်သွင်းစဉ်းစား၍ ရေးဆွဲခဲ့ကြသည်။ ဤဖြေရှင်းချက်တွင် ရင်ပြင်ပတ်လည်ရှိ လမ်းများနှင့် အဆောက်အဦးများမှ မိုးရေများကို သိုလှောင်ရန် ရေလှောင်ကန်တစ်ခု နှင့် ကန်ပတ်ပတ်လည်တွင် လူများသွားလာနိုင်ရန် လျှောက်လမ်းများ နှင့် စိမ်းလန်းသော သစ်ပင်များစိုက်ပျိုးထားရှိပြီး ပန်းခြံအသစ် တည်ဆောက်ခြင်းတို့ ပါဝင်ပါသည်။ လမ်းများထဲမှ တစ်လမ်းကို ပိတ်လိုက်ခြင်းဖြင့်လည်း အဆောက်အဦးများနှင့် ပန်းခြံအကြားတွင် နေရာပိုမို ရရှိလာနိုင်ပြီး ရှင်းလင်းစွာ ဆက်သွယ်သွားလာနိုင်ပေသည်။

ဤနည်းအားဖြင့် အံ့ဖွယ်အကျိုးရလဒ်များ ရရှိနိုင်ခဲ့ပေသည်။ ၂၀၁၄ ခုနှစ် ပန်းခြံစဖွင့်ချိန်မှစ၍ များစွားသော လှုပ်ရှားမှုများဖြင့် စမ်းသပ်ကြိုးစားခဲ့ကြပြီး မိုးရေသိုလှောင်ခြင်းသည်လည်း ကောင်းစွာအလုပ်ဖြစ်ခဲ့ပြီး အောင်မြင်ခဲ့ပေသည်။ သို့သော် ပို၍ အရေးပါသည်မှာ ရင်ပြင် နှင့် ပန်းခြံဒီဇိုင်းသည် ဒေသခံပြည်သူလူထုအတွက် တွေ့ဆုံစည်းဝေးရာ နေရာသစ်တစ်ခု ဖြစ်လာခြင်းပင် ဖြစ်ပေသည်။ နေသာသောနေ့များတွင် ရင်ပြင်၌ လူများပြည့်နှက်နေပြီး စကားစမြည်ပြောဆိုခြင်း ၊ အသစ်ဖွင့်လာသော ကော်ဖီဆိုင်များတွင် ကော်ဖီသောက်ခြင်းတို့ဖြင့် ပျော်ရွှင်စွာလာရောက်လည်ပတ်လေ့ရှိကြသည်။ ထို့အပြင် ၎င်းရင်ပြင်ကို ရပ်ကွက်ရှိ ပစ္စည်းအဟောင်းထည်များ ရောင်းဝယ်ရာနေရာအဖြစ်လည်းကောင်း ၊ ခရစ်စမတ်ပွဲတော်များနှင့် ဈေးရောင်းပွဲတော်များ ၊ အခြားလူမှုရေးပွဲများ ကျင်းပရာနေရာတစ်ခု အဖြစ်လည်းကောင်း အကျိုးရှိစွာ အသုံးပြုလျှက်ရှိနေပေသည်။

Scandiagade - ပျက်စီးနေသော စွန့်ပစ်လမ်း မှ စိမ်းလန်းသော လှုပ်ရှားမှုများဆီသို့

Scandiagade ကို ကိုပင်ဟေဂင် (Copenhagen) မြို့တော်၏ အရှေ့တောင်ပိုင်းတွင် တွေ့နိုင်ပေသည်။ ၎င်းသည် ကိုပင်ဟေဂင်ရှိ အဆင်းရဲဆုံးရပ်ကွက်တစ်ခုဖြစ်သော ဆိပ်ကမ်းတည်ဆောက်မှုနှင့် လူနေအိမ်ခြေများအကြားတွင်တည်ရှိသည်။ အဆိုပါလမ်းတွင် ၁၉၇၀ ခုနှစ်၏ အချိန်တစ်ခုမှစ၍ ရပ်ကွက် အတွင်းမှ ဖြတ်သန်းသွားလာမှုရပ်တန့်သွားခဲ့သည်။ ယင်းအချိန်မှစ၍ လမ်းသည် လမ်းသေတစ်ခုအဖြစ်သို့ရောက်ရှိခဲ့ပြီး သစ်ပင်ကြီးများဖြင့်သာ ပြည့်နှက်နေသောကြောင့် ညအခါများတွင် လွန်စွာမှောင်မိုက်ပြီး တစ်ဦးတည်း ဖြတ်သန်းသွားလာရန် မသင့်တော်သော နေရာတစ်ခုဖြစ်လာပေသည်။
မည်သို့ပင်ဆိုစေ ဒေသခံပြည်သူများ လုံခြုံမှု နှင့်အတူ လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများပြုလုပ်ရန် နေရာလိုအပ်လာခြင်း နှင့် မိုးသည်းထန်စွာရွာသွန်းချိန်တွင် ပတ်ပတ်လည်လမ်းများမှ ပိုလျှံလာသော မိုးရေများကို သိုလှောင်ရန် နေရာလိုအပ်လာခြင်းတို့ ဖြစ်ပေါ်လာပေသည်။ သို့ဖြစ်၍ ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများ ကြာရှည်စွာ ညှိနှိုင်းဆွေးနွေးမှုများအပြီးတွင်ရည်ရွယ်ချက်နှစ်မျိုးသုံးနိုင်သော မြေနိမ့်ဥယျာဉ် (၈) ခု တည်ဆောက်ရန် ဒီဇိုင်းပေါ်ထွက်လာခဲ့ပေသည်။ ခြောက်သွေ့သောအချိန်ရာသီများတွင် ဒေသခံများသည် အဆိုပါဥယျာဉ်များ၌ ဟင်းသီးဟင်းရွက်များစိုက်ပျိုးနိုင်မည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော အမျိုးမျိုးသော ဇီဝမျိုးကွဲများ နေထိုင်ကျက်စားရာ တစ်ခုအဖြစ် ပေါ်ထွက်လာစေမည်ဖြစ်သည်။ အလားတူပင် မိုးရာသီ၌ ရပ်ကွက်အတွင်း မိုးသည်းထန်စွာရွာသွန်းသော အခါများတွင်လည်း ထိုဥယျာဉ်များသည် လမ်းများမှကျော်စီးလာသော ရေများကို သိမ်းဆည်းပေးမည်ဖြစ်ပေသည်။

ဤနည်းအားဖြင့် အံ့ဖွယ်အကျိုးရလဒ်များ လည်းပေါ်ထွက်လာပေသည်။ ဤစီမံကိန်းသည် လမ်းနှင့် လမ်းအသုံးပြုသူများ၏ နေထိုင်မှုပုံစံကို များစွာပြောင်းလဲပေးနိုင်ခဲ့သည်။ ယခင်ကဆိုလျှင် ထိုလမ်း၌ မည်သူတစ်ဦးတစ်ယောက်ကိုမျှ တွေ့နိုင်မည်မဟုတ်ပေ။ သို့သော် ယခုအချိန်တွင် ၎င်းသည် အသုံးပြုသူများဖြင့် အစဉ်မပြတ်စည်ကားလျှက်ရှိပြီး စွန့်ပစ်ထားသော လမ်းအဖြစ်မှ လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများ၏ ဗဟိုအချက်အချာနေရာတစ်ခု ဖြစ်လာပေတော့သည်။

နိဂုံးချုပ်

မိုးများသောဒေသများသည် ရာသီဥတုပြောင်းလဲလာမှု၏ ဆိုးကျိုးများကို ပိုမိုခံစားနေရသည်။ သို့ရာတွင် တီထွင်ကြံဆမှု၊ အများပြည်သူနှင့် ဇီဝမျိုးကွဲများအားထည့်သွင်းစဉ်းစားမှုတို့ဖြင့် မြို့ပြများအား မိုးရေလျှံခြင်းမှကင်းဝေး၍ နေချင့်စဖွယ်ပတ်ဝန်းကျင်တစ်ခုအဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။ အထက်ပါနည်းလမ်းများသည် အခြားသောမြို့များတွင်လည်း အလွယ်တကူ အကောင်အထည်ဖော်နိုင်ပြီး လက်ရှိအချိန်တွင် နယူးယောက်မြို့တွင် စတင်စမ်းသပ်အသုံးပြုနေကြပြီဖြစ်သည်။


Translated by Thinzar Mon and Thandar from Yangon Technological University

Source: "What happens if we put nature and people" - International Water Association

Mandalay disaster response team to work with other...
Water a worry for Myanmar’s farmers
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal