ရေအရင်းအမြစ်စီမံခန့်ခွဲမှုတွင် ပုံမှန်အစဉ်အလာအရ ဗိသုကာပညာရှင်ကပုံစံဖန်တီးပေးပြီး အင်ဂျင်နီယာကရေကိုဖြည့်စွက်ပေးသည်။ သို့ရာတွင် ဗိသုကာပညာရှင်များသည် အဆောက်အအုံများ၏ရေစနစ်များအား ရေးဆွဲသည့်တာဝန်ကို နည်းပညာရှင်များထံသို့ပေးအပ်ခဲ့ပြီး တစ်ပြိုင်တည်းမှာပင် မြို့နှင့်ခရိုင်အဆင့် ရေဘက်ဆိုင်ရာအခြေခံအဆောက်အအုံများအား ဒီဇိုင်းရေးဆွဲသည့်အခန်းကဏ္ဍကိုလည်း လွှဲပြောင်းပေးခဲ့သည်။ ယနေ့အခါတွင် ရာသီဥတုပြောင်းလဲမှု၊ လူဉီးရေထူထပ်သိပ်သည်းလာမှုတို့နှင့်စပ်လျဉ်း၍ မြို့ပြ၏ရေလိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်ရန် ရေရှည်တည်တံ့နိုင်ပြီး ဂေဟဗေဒနှင့်ကိုက်ညီသည့် ရေပေးဝေရေးစနစ်များအား လိုအပ်လာသည့်အတွက် ဒီဇိုင်းပညာရှင်များ၏အခန်းကဏ္ဍသည် အရေးပါလာခဲ့သည်။

ဥတုလေ့လာရေးနှင့်သတင်းထုတ်ပြန်ရေးအဖွဲ့အစည်း(IPCC)၏ ထုတ်ပြန်ချက်များအရ ကမ္ဘာကြီးပူနွေးလာမှုကြောင့် အနောက်မြောက်ပစိဖိတ်ဒေသရှိ Cascades နှင့် Sierras တောင်တန်းဒေသများတွင် ဆီးနှင်းထုထည်နည်းပါးလာမည် ဟုသိရှိရသည်။ ထို့ကြောင့် ကယ်လီဖိုးနီးယားရှိ "crystalline"ရေလှောင်ကန်သည် Seattle နှင့် San Franciscoမြို့တို့၏ နွေရာသီရေလိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်လာသည်။ ယင်းကဲ့သို့ ရေအရင်းအမြစ်များရှားပါးလာမှုအပြင် မိုးရွာသွန်းချိန်တွင် မြို့အတွင်းရှိ အန္တရာယ်ဖြစ်စေနိုင်သောအညစ်အကြေးများသည် မိုးရေနှင့်အတူမျောပါသွားပြီး ရေအရင်းအမြစ်များအား ညစ်ညမ်းစေခြင်းသည်လည်း ပြဿနာတစ်ရပ်ဖြစ်လာခဲ့သည်။

သို့ရာတွင် အဆောက်အအုံနှင့်မြို့ပြဖွံ့ဖြိုးတိုးတက်မှုများအတွက် ရေအရင်းအရင်းအမြစ်ရှားပါးမှုနှင့်ညစ်ညမ်းလာမှုတို့၏ နောက်ဆက်တွဲဆိုးကျိုးများကို ဖြေရှင်းနိုင်မည့် အလားအလာကောင်းများလည်းရှိပေသည်။ အကယ်၍ အဆောက်အအုံတစ်ခုအား နေ့အချိန်တွင်အပူကိုစုပ်ယူထားပြီး ညအချိန်တွင်အနွေးဓာတ်ရစေရန် အပူပြန်လည်ထုတ်ပေးသည့် ဘက်ထရီတစ်ခုကဲ့သို့ နားလည်ထားနိုင်လျှင် ယင်းအဆောက်အအုံသည်ပင် မိုးရွာသွန်းချိန်တွင် မိုးရေကိုသိုလှောင်ထားပြီး အိမ်သုံးစွဲမှု၊ အပူလျော့ချမှု၊ မီးဘေးကာကွယ်မှု၊ ငလျင်ဒဏ်လျော့ချမှုနှင့်အခြားသောကိစ္စရပ်များအတွက် ပြန်လည်အသုံးပြုကာ ပိုလျှံသောရေများကို နီးစပ်ရာစိမ့်မြေများနှင့် ရေအရင်းအမြစ်များထံသို့စီးဆင်းစေသည့် ရေဘက်ဆိုင်ရာဘက်ထရီတစ်ခုကဲ့သို့ ဖန်တီးကြည့်နိုင်သည်။ တစ်နည်းအားဖြင့် ထိရောက်သောမြို့ပြဗိသုကာဒီဇိုင်းများသည် ရေအရင်းအမြစ်များနှင့် ယင်းတို့၏ဂေဟဗေဒစနစ်များအား ပြန်လည်ဖြည့်တင်းပေးနိုင်သည်။

ထို့အပြင် ရာသီဥတုပြောင်းလဲမှုကြောင့် အနောက်မြောက်ပစိဖိတ်ဒေသ၏ စိမ့်မြေများရှိရေပမာဏသည် များစွာလျော့ကျခဲ့ရသည်။ အကယ်၍ မြို့ပြမြေနေရာများနှင့် အဆောက်အအုံများ၏ရေစနစ်များတွင် အထက်ပါနည်းလမ်းအား အကောင်အထည်ဖော်နိုင်လျှင် ရာသီဥတုဖောက်ပြန်မှုများမှ ပိုမိုစိတ်ချရသည့် ရေစီမံခန့်ခွဲမှုစနစ်တစ်ခု ဖြစ်ပေါ်လာနိုင်သည်။  

ထိုသို့အကောင်အထည်ဖော်ရာတွင် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုလျော့နည်းစေရန် မြို့ပြအဆောက်အအုံ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအား အဆင့်မြှင့်တင်ခြင်းနှင့် ပြောင်းလဲသုံးစွဲခြင်းများပြုလုပ်ပေးရမည်။ ထို့အပြင် စိမ့်မြေများနှင့်ရေအရင်းအမြစ်များ၏ အရည်အသွေးကို ထိခိုက်နိုင်မည့် အချို့သောဆောက်လုပ်ရေးလုပ်ငန်းသုံး သတ္တုပစ္စည်းများအား တားမြစ်ရန်လိုအပ်သည်။

ဤအကြံပြုချက်များသည် သမားရိုးကျရေအရင်းအမြစ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များနှင့် ကွဲလွဲနိုင်ပေသည်။တစ်နည်းအားဖြင့် "ဗိသုကာပညာရှင်ကပုံစံဖန်တီးပေးပြီး အင်ဂျင်နီယာကရေကိုဖြည့်စွက်ပေးခြင်း" အစဉ်အလာအစား ရေစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ၏ အပြန်အလှန်အကျိုးသက်ရောက်မှုနှင့် နောက်ဆက်တွဲရလဒ်များကို အားလုံးအတူတကွဝိုင်းဝန်းဖြေရှင်းကြရန် တိုက်တွန်းလိုခြင်းဖြစ်သည်။ အချုပ်ဆိုရသော် ထိရောက်ပြီးရေရှည်တည်တံ့နိုင်သည့် ဗိသုကာဒီဇိုင်းများသည် နေချင့်စဖွယ်ဖြစ်မှုအပြင် မြို့ပြ၏ဂေဟဗေဒစနစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်နေပေသည်။

Translated by Thinzar Mon from Yangon Technological University

Source:  "From Grey to Blue: how architecture plays a role in a water-wise world" - International Water Association