မြေအောက်မိုးရေလှောင်ကန်စီမံကိန်း

Underground-1

ဟောင်ကောင်မြို့၏ တောင်တန်းများဝန်းရံထားသော "Happy" မြေနိမ့်ပိုင်းတောင်ကြား ဒေသသည် မိုးများချိန်တွင် မကြာခဏရေကြီးရေလျှံမှုများ ကြုံတွေ့ရတတ်ပါသည်။ ဟောင်ကောင် မြို့၏ ယာဉ်ကြောအကျပ်တည်းဆုံးနေရာတစ်ခုတွင် အများပြည်သူနှင့်စီးပွားရေး လုပ်ငန်းများအား အနှောက်အယှက်အနည်းဆုံးဖြင့် ရေကြီးရေလျှံမှုပြဿနာကို ဖြေရှင်းနိုင်ရန် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ၏ ရေနုတ်မြောင်းဝန်ဆောင်မှုဌာနသည် "ရေကြီးရေလျှံမှု ကာကွယ်ရေး စီမံကိန်းသစ်" တစ်ခုကိုရေးဆွဲခဲ့သည်။

စီမံကိန်းအရ ၆၀,၀၀၀ကုဗမီတာ ဝင်ဆံ့နိုင်သော ကြီးမားသည့်မြေအောက် ရေသိုလှောင်ကန် တစ်ခုကို "Happy"တောင်ကြားဒေသ၏ အပန်းဖြေဧရိယာအောက် တွင်တည်ဆောက်ခဲ့သည်။ ထိုရေလှောင်ကန်သည် မိုးများချိန်တွင် ပိုလျှံသော မိုးရေများကို ရေနုတ်မြောင်းအတွင်းသို့မစီးဝင်ခင် ခဏတာသိုလှောင်ထားခြင်းဖြင့် ရေကြီးရေလျှံမှု အန္တရာယ်ကိုလျော့ချပေးသည်။

ဤစီမံကိန်း၏ထူးခြားချက်တစ်ခုမှာ မိုးရေလှောင်ကန်သည် ဟောင်ကောင်မြို့၏ အထင်ကရ နေရာများမှတစ်ခုဖြစ်သည့် "Happy Valley" အားကစားကွင်း၏အောက်တွင် တည်ရှိသောကြောင့် ဖြစ်သည်။ စီမံကိန်းအဖွဲ့သည် ဆောက်လုပ်ရေးလုပ်ငန်းစဉ်အတွင်း ပြိုင်ပွဲပြေးလမ်းများကို အနှောက်အယှက်မဖြစ်စေရန် ကြိုးပမ်းခဲ့ကြသည်။

မိုးရေလှောင်ကန်သည် "L"ပုံသဏ္ဌန်ရှိပြီး "Happy Valley" ဧရိယာ၏ အားကစားကွင်း ၅ကွင်းအောက်တွင် တည်ရှိသည်။ ဆောက်လုပ်ရေးလုပ်ငန်းစဉ်အား အပိုင်းခွဲထားခြင်းဖြင့် လုပ်ငန်းစဉ်အတွင်း အားကစားကွင်းအချို့အား အသုံးပြုနိုင်ရန် ဖွင့်လှစ်ပေးထားခဲ့သည်။

အားကစားကွင်းပတ်လည်ရှိ မူလရေနုတ်မြောင်းအားလမ်းလွှဲ၍ အလျား၆၅၀မီတာရှည်ပြီး အကန့်နှစ်ခုပါဝင်သော ရေနုတ်မြောင်းအသစ်ကို ကွင်း၏အလယ် အောက်ဘက်တွင် တည်ဆောက် ထားသည်။ ရေလှောင်ကန်အတွင်းသို့ရေစီးဝင်မှုကို ထိန်းချုပ်ရန် ရေနုတ်မြောင်းနှင့်ရေလှောင်ကန် အကြားတွင် ရွေ့လျားနိုင်သော ရေကာတာ ၁၅ခုကို တပ်ဆင်ထားသည်။

ရေကာတာများကို အလိုအလျောက်ထိန်းချုပ်မှုနှင့် ဒေတာရယူမှုစနစ် (SCADA system) ဖြင့်လည်ပတ်သည်။SCADAစနစ်သည် အာရုံခံကိရိယာများ၏အကူအညီဖြင့် ဒီရေအတက်အကျ ကို တိုင်းတာနိုင်သည့်အပြင် ရေလှောင်ကန်အတွင်းရှိ ရေအနိမ့်အမြင့်ကိုလည်း အချိန်နှင့်တစ်ပြေးညီ တိုင်းတာပေးနိုင်သည်။ ဤနည်းအားဖြင့် လိုအပ်သောအချိန်တွင် ရေနုတ်မြောင်းမှ ပိုလျှံသော မိုးရေများကို ရေလှောင်ကန်အတွင်းသို့ စီးဝင်စေရန် ရေကာတာများကို ဖွင့်ပေးပြီး ရေအနိမ့်အမြင့် ပြောင်းလဲမှုအပေါ် မူတည်၍ ရေကာတာများ၏ အနေအထားကိုပါ ထိန်းညှိပေးသည်။

မိုးရွာသွန်းပြီးချိန်တွင် သိုလှောင်ထားသောရေ၏ သုံးပုံတစ်ပုံကို ရေနုတ်မြောင်းအတွင်း ပြန်လည်စီးဝင်စေရန် ရေကာတာများကိုနှိမ့်ချကာ ကမ္ဘာမြေဆွဲအားအတိုင်း စီးဆင်းစေခြင်းဖြင့် ရေစုပ်စက်အသုံးပြုမှုအား လျော့ချပေးပြီး စွမ်းအင်ချွေတာနိုင်သည့်ဒီဇိုင်းကို ဖန်တီးထားသည်။ ကျန်ရှိသောသိုလှောင်ရေ၏ သုံးပုံနှစ်ပုံအား ရေစုပ်စက်ဖြင့် စွန့်ထုတ်ပေးရသည်။

ဆန်းသစ်သော ဒီဇိုင်းနှင့် သယံဇာတအရင်းအမြစ်အား ထိရောက်စွာ အသုံးပြုခြင်း

ရေနုတ်မြောင်းဝန်ဆောင်မှုဌာနမှ စတင်အသုံးပြုခဲ့သော ဤရေကာတာများသည် အချိန်မတိုင်မီ နှင့်အချိန်လွန်၍ ရေလှောင်ကန်ပြည့်ခြင်းမှ ကာကွယ်နိုင်သောကြောင့် ရေသိုလှောင်နိုင်မှုစွမ်းအင်ကို တိုးမြှင့်ပေးပြီး ရေလှောင်ကန်၏အရွယ်အစားကိုလည်း ၈၀,၀၀၀ကုဗမီတာ မှ ၆၀,၀၀၀ကုဗမီတာ အထိ ၂၅%လျော့ချနိုင်ခဲ့သည်။ ထို့ကြောင့် သိုလှောင်ရေ၏သုံးပုံတစ်ပုံကို ကမ္ဘာမြေဆွဲအားဖြင့် စွန့်ထုတ် နိုင်ရုံသာမက မြေတူးခြင်းလုပ်ငန်းကုန်ကျစရိတ်ကိုလည်း များစွာလျော့ကျစေခဲ့သည်။

ရေမြှုပ်မြို့တော်နှင့် ရေပြန်လည်အသုံးပြုခြင်း

"ရေမြှုပ်မြို့တော်"အယူအဆဖြင့် ဤစီမံကိန်းတွင် မြေအောက်ရေနှင့်မိုးရေကို စုဆောင်းပေးသော ဟောင်ကောင်မြို့၏ အကြီးမားဆုံးရေသိမ်းစနစ်တစ်ခု ပါဝင်သည်။ ထိုစနစ်သည် မြေဆီလွှာအတွင်းရှိ မြေအောက်ရေနှင့် အားကစားကွင်းမှပိုလျှံသောရေများကို စုဆောင်းကာ ရေသန့်စင်စနစ်အား ဖြတ်သန်းစေပြီး အားကစားကွင်းအတွင်း ရေပေးဝေခြင်း၊ အပင်ရေလောင်းခြင်း နှင့်အိမ်သာရေသုံးစွဲခြင်းတို့တွင် ပြန်လည်အသုံးပြုသည်။

မြေဆီလွှာရေနုတ်မြောင်းစနစ်သည် ရေအား မြေဆီလွှာအတွင်း ထိန်းသိမ်းထားနိုင်သည့်အပြင် ရေလှောင်ကန်အုတ်မြစ် တည်ဆောက်ခြင်းကုန်ကျစရိတ်ကို လျော့ချပေးသောကြောင့် ဆန်းသစ်သော စနစ်တစ်ခုဖြစ်သည်။ ထို့အပြင် "Happy Valley" ဧရိယာ၏ မြေအောက်ရေမြင့်တက်မှုကြောင့် ရေလှောင်ကန်ရွေ့လျားမှုမှကာကွယ်ရန် ကန်အုတ်မြစ်တွင် တိုင်လုံး၅၀၀ခန့်ကို အောက်ခံကျောက်သား အတွင်းသို့ ရိုက်သွင်းထားသည်။

မြေဆီလွှာရေနုတ်မြောင်းစနစ်အား အသုံးပြုခြင်းဖြင့် မြေအောက်ရေတွန်းအားကို လျော့ကျစေပြီး တစ်နှစ်လျှင် အများဆုံး၂၂၀,၀၀၀ကုဗမီတာ အထိ ရေစုဆောင်းနိုင်သည့် ရေသိမ်းစနစ်တစ်ခုဖြစ်ပေါ် စေခဲ့သည်။ ယင်းစနစ်သည် ရေမျက်နှာပြင်ဖြတ်သန်းစီးဆင်းမှုအား လျော့ချရန် ရေစိမ့်ဝင်နိုင်သော လမ်းခင်းကျောက်များကို အသုံးပြုသည့်စနစ်နှင့် အလားသဏ္ဌန်တူပြီး ရေမြှုပ်မြို့တော်အယူအဆ လွှမ်းမိုးသည့်စနစ်တစ်ခု ဖြစ်သည်။

ထို့အပြင် စီမံကိန်းတွင် လေအေးပေးခန်းနှင့် ရေစုပ်စက်ခန်းကဲ့သို့သော မြေပေါ်အဆောက် အအုံများ တည်ဆောက်ခြင်းလုပ်ငန်းလည်း ပါဝင်သည်။ လေအေးပေးခန်းအား အများပြည်သူ လေ့လာနိုင်ရန် ဖွင့်လှစ်ပေးထားပြီး ပတ်ဝန်းကျင်စိမ်းလန်းရေးနှင့် အားကစားကွင်းလာ ပရိတ်သတ်များ အနားယူနိုင်ရန် ရေစုပ်စက်ခန်း၏အမိုးပေါ်တွင် မြက်ခင်းပြင်တစ်ခုကို ဖန်တီး ပေးထားသည်။

ဤစီမံကိန်းသည် အောင်မြင်စွာပြီးမြောက်ခဲ့ပြီး ရေကြီးရေလျှံမှုအန္တရာယ်ကို ကာကွယ်နိုင်သည့် အပြင် နေချင့်စဖွယ်ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်သည့်အတွက် "Smart Drainage-Green Living" ရည်မှန်းချက်အား အကောင်အထည်ဖော်နိုင်ခဲ့သည်။


​Translated by Thinzar Mon

Source: "Underground Stormwater Storage Scheme" - International Water Association

မြို့ပြ ရေဆိုးစွန့်ပစ်ခြင်းစနစ် ကို သဘာဝနှင့် ချိတ...
Myanmar’s earth champions raise awareness about cl...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal