မြန်မာ့ရာဇဝင်ကို ပြောပြမယ့် ဧရာဝတီမြစ်ဝ အနည်များ လေ့လာရေး အပိုင်း ၂

Picture Irrawaddy Delta, Myanmar 2017 Feb 6 -Landsat 8 (Photo credit USGS)

Share this article:


Source: Burmese VOA

မြန်မာ့ရာဇဝင်ကို ပြောနိုင်မယ့် ဧရာဝတီမြစ်ဝ အနည်တွေကို ပညာရှင်တွေ စတင် လေ့လာနေကြပါပြီ။ ကမ္ဘာပေါ်မှာ ရှားရှားပါးပါး သဘာဝအတိုင်း ကျန်နေသေးတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ ဘာတွေ ဖြစ်ပျက်ခဲ့ပါသလဲ။ ဘာအန္တရာယ်ရော ရှိနေပါသလဲ။ ဂျပန်အဏ္ဏဝါ ဘူမိသိပ္ပံနဲ့ နည်းပညာဌာနက ဒေါက်တာမိုးကျော်သူကပြောပြပေးမှာပါ။


ဒေါက်တာမိုးကျော်သူ။ ။"ကျနော်က ဧရာဝတီတိုင်း ပုသိမ်မြို့မှာ မွေးတာဆိုတော့ ဧရာဝတီဖြစ်ဝကျွန်းပေါ်မှာ ငယ်ငယ်ကတည်းက အကြိမ်ကြိမ်သွားလာ နေထိုင်ခဲ့တာရယ်၊ ဘူမိဗေဒ သုတေသီ ဖြစ်လာတဲ့ အချိန်မှာလည်း မြစ်ဝကျွန်းပေါ်ကြီးကို တောက်လျှောက် စိတ်ဝင်စားနေတာလည်း ပါတာပေါ့နော်။ ဒါပေမယ့် ပြည်ပမှာ ပညာသင်နေရင်းနဲ့ တကယ့် တကယ် နက်နက်နဲနဲ စဉ်းစားမိတာကတော့ ၂၀၀၀ ခုနှစ်မှာပါ။ ၂၀၀၀ ခုနှစ်တုန်းက ဂျပန်နိုင်ငံက နိုင်ငံတကာ သုတေသနစာတမ်းဖတ်ပွဲမှာ အင်္ဂလန်က ပါမောက္ခလူငယ်လေး တယောက်က ပြောသွားတယ်။ ဧရာဝတီမြစ်ကြီးက နေပြီးတော့ စီးဆင်း သယ်ချ လာတဲ့ အနည်တွေက ဘင်္ဂလားပင်လယ်အော်နဲ့ ဒီ မုတ္တမပင်လယ်ကွေ့မှာ အထူကြီးပဲ အနည်တွေထိုင်နေတယ်၊ အဲဒီ ထိုင်နေတဲ့ အနည်တွေကို လေ့လာတဲ့ သုတေသနက ဘယ်သူမှ မလုပ်နိုင်သေးဘူး။ ဒီကိစ္စဟာ အများကြီး လုပ်ဖို့ လိုအပ်တယ်ဆို ပြောတာမှာ ကျနော် ပိုပြီးစိတ်ဝင်စား သွားတယ်။ အဲဒီမှာ ဒီသုတေသီနဲ့လည်း မိတ်ဆက်စကားတွေ ပြောဖြစ်ရင်းနဲ့ အခုအချိန်အထိ လည်း တောက်လျှောက် တွဲပြီး လုပ်ဖြစ်နေပါတယ်။ အဲဒီကနေပြီးတော့ သွားလိုက်တဲ့ ဥစ္စာက ၂၀၀၄ ခုနှစ်မှာ ကျတော့ ကံကောင်းတယ်ပဲ ပြောရမှာပေါ့။ ဒီ ဂျပန်နိုင်ငံမှာ ရှိတဲ့ ကမ္ဘာကျော် သုတေသီ တယောက်က အာရှတိုက်ကြီး တခုလုံးမှာ ရှိတဲ့ မြစ်ဝကျွန်းပေါ် - delta တွေအားလုံးကို သုတေသန ပရောဂျက်ကြီးနဲ့ လုပ်နေတဲ့ သုတေသီနဲ့ တွေ့ဆုံခွင့် ရပြီးတော့ သူကနေမှ ကျနော် မြန်မာနိုင်ငံသား မှန်းလည်း သိရော၊ ဧရာဝတီမြစ်ကြီးရဲ့ သုတေသန လုပ်ငန်းက ဘယ်သူမှ မလုပ်နိုင်သေးတဲ့အတွက် သူ့ရဲ့ ပရောဂျက်ထဲမှာ ထည့်ချင်တဲ့အတွက်ကြောင့် မို့ အမြန်ဆုံး ကြိုးစားကြရအောင်၊ ကြိုးစား ပေးပါဆိုတာနဲ့ အဲဒီကနေ စပြီးတော့ ထဲထဲ ဝင်ဝင် လုပ်ဖြစ်တာပါ။

ဒါပေမယ့် သိတဲ့အတိုင်းပဲ နိုင်ငံရေးအခြေနေ အပြောင်းအလဲတွေနဲ့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကြီး ဖြစ်တဲ့ အချိန်မှာ ကျတော့ အားလုံး ပိုပြီးတော့ မလုပ်မဖြစ်တော့ဘူး၊ ဖြစ်လာတယ်။ အဲဒါက ဧရာဝတီမြစ်ကြီးကနေပြီးတော့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို လေ့လာတာ တခုထဲတင် မဟုတ်ပဲနဲ့ အနာဂတ်မှာ ဖြစ်လာမယ့် မြစ်ဝကျွန်းပေါ်မှာ ရှိလာမယ့် ဘေးအန္တရာယ် တွေကို ဘယ်လို ဆက်ပြီးကာကွယ်နိုင်အောင် လုပ်ကြမလဲ ဆိုတဲ့ အပိုင်းတွေပါ တိုးလာပါတယ်။"

ဘယ်လို ဘေးအန္တရာယ်တွေ ကြုံလာနိုင်ပါသလဲ။

ဒေါက်တာမိုးကျော်သူ။ ။"ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေက အခု ဆိုရင် မြန်မာနိုင်ငံမှာ သစ်တောကလည်း ပြုန်းလာတဲ့ အပိုင်းတွေ ရှိတယ်။ ဒီ လမုတော - mangrove တွေ လည်း အရမ်းကို နဲလာတယ်။ ဒီကြားထဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် တည်နေတဲ့ မြေကြီးက အတော်နိမ့်ရတဲ့ အထဲ ပင်လယ်ရေမျက်နှာပြင် ကလည်း တက်တက်လာနေပြီ။ မြေကြီးနိမ့်တာ နဲ့ ပတ်သက်ပြီး ပြောရမယ် ဆိုရင် ကျနော်တို့မှာ သမိုင်းကြောင်း ရှိပါတယ်။ အဲဒီလို တွေ့ခဲ့တာက သုတေသနထဲက နောက်တခုပါ။ ကမ္ဘာကြီးမှာ ပူနွေးတဲ့ ခေတ်ကြီး ဖြစ်ခဲ့ဘူးပါတယ်။ Pleistocene (လွန်ခဲ့တဲ့ နှစ် တသောင်းကျော်ကနေ နှစ် ၂သန်းခွဲကြားကာလ) လို့ခေါ်တဲ့ကာလ။ အဲဒီ အချိန်တုန်းက ပင်လယ်ရေတွေ မြင့်တက်ခဲ့တာက အခု လက်ရှိ ဧရာဝတီတိုင်းရဲ့ ကမ်းရိုးတန်းကနေ ပြီးတော့ ကုန်းတွင်းပိုင်း ၈၀ ကီလိုမီတာ (မိုင် ၅၀ ခန့်) လောက်အထိ ရေတွေ ပြည့်နေခဲ့တယ် ဆိုတဲ့ သမိုင်းကြောင်းလည်း တွေ့ထား ပါတယ်။ အဲဒီတော့ ၈၀ ကီလိုမီတာ လောက်အထိ ရေတွေ တက်လာခဲ့ဘူးတယ် ဆိုတဲ့ ရာဇဝင်က ကျနော်တို့မှာ ရှိခဲ့ဘူးပါတယ်။ ပြီးတော့ ပင်လယ်ရေ မျက်နှာပြင်ကြီး မြင့်တက်လာတာ ကလည်း အခု ကြည့်မယ် ဆိုရင် တနှစ်ကို ၆ မီလီမီတာ လောက်အထိ တဖြေးဖြေးချင်း တက်လာနေတယ် ဆိုတာ ဧရာဝတီ တိုင်းဘက်မှာလည်း တွေ့ရတယ် ဆိုပြီးတော့ သုတေသန စာတမ်းထဲမှာ ရေးထားပါတယ်။"

ကမ္ဘာတလွှား ကြုံနေကြရတဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတဲ့ အန္တရာယ်ဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအတွက်တော့ ပိုဆိုးနေတာက သူ့ရဲ့ အနေအထားနဲ့ အမြင့်ဖြစ်ပါတယ်။

ဒေါက်တာမိုးကျော်သူ။ ။"ဧရာဝတီမြစ်ဝကျွန်းပေါ်ကြီးက အရမ်းကို မြေပြန့်ပြီးတော့ နိမ့်နေတယ်။ နိမ့်တယ် ဆိုတာက ပင်လယ်မြေမျက်နှာပြင် အထက်ကို ၅ မီတာတောင် မရှိဘူး။ အမြင့်မရှိဘူး ဆိုတဲ့ အချက်က ကျနော်တို့အတွက် အဓိက စိုးရိမ်လာရတာပါ။"

ဟုတ်ပါတယ် စိုးရိမ်တဲ့အတိုင်းပဲ နာဂစ်လို သဘာဝ အန္တရာယ်နဲ့လည်း ကြုံခဲ့ရတာပါ။ ဒါပေမယ့် အခု ကြုံခဲ့ရတဲ့အတိုင်း လူပေါင်း တသိန်း ၄ သောင်းနီးပါး သေဆုံး ရတဲ့အထိ ဖြစ်သင့်ပါသလား။

ဒေါက်တာမိုးကျော်သူ။ ။"ပြည်ပမှာ ရောက်နေတဲ့လူအတွက် ကတော့ ပထမ ကြည့်လိုက်ရင် နာဂစ်မှာ ကျနော်တို့က ကြိုတင် ပြင်ဆင်မှုတွေ သေချာမလုပ်နိုင်ခဲ့ဘူူး။ အားနဲခဲ့တယ်။ ဒါ့ကြောင့်မို့လို့၊ လူတွေ မသေသင့်ပဲ သေရတယ် ဆိုတဲ့ အပိုင်းလေးတွေကို အဓိကထားပြီးတော့ပေါ့နော်၊ သတင်းဌာနတွေက မြင်တဲ့အပိုင်းတွေ ပြောကြပေမယ့်၊ အခု ထဲထဲဝင်ဝင် သုတေသနနဲ့ ပြန်ကြည့်လိုက်တဲ့ အခါကျတော့ ဂျပန်နိုင်ငံမှာလည်း ၂၀၁၁ ခုနှစ်က ငလျင်ကြီးနဲ့ ဆူနာမီလာတဲ့အချိန်မှာ လူတွေ အများကြီး သေတယ်ဆိုတဲ့ အဖြစ်က ဘာ့ကြောင့်လည်း ဆိုတော့ သိနေရက်သားနဲ့ - လူ့ရဲ့ သက်တမ်းး တလျှောက်မှာ မကြုံခဲ့ဘူးတဲ့အတွက် လူတွေက ပေါ့ပေါ့ဆဆနဲ့ နေထိုင်ကြတယ် ဆိုတဲ့ သဘောက အများကြီး အရေးကြီးပါတယ်။ အဲဒါကြောင့် ပညာပေးတဲ့အဆင့်က အရမ်း အရေးကြီးတယ် ဆိုတာကို သဘောပေါက်ရတာပါ။ နာဂစ်မှာ ကျနော်တို့ ဧရာဝတီတိုင်းကို မုန်တိုင်းက တဲ့တဲ့ကြီး ဝင်လာပြီးတော့မှ ရေကြီးတယ် ဆိုတာက ဧရာဝတီတိုင်းမှာ ရာဇဝင်မှာ မရှိခဲ့ပါဘူး။ ကျန်ခဲ့တဲ့ အနှစ် ၈၀ -၁၀၀ လောက် အတွင်းမှာ။ အဲဒါက အဓိက ပြဿနာ တခုပါ။ နောက်တခုက အရမ်းပြင်းတဲ့မုန်တိုင်းကြီး တခု လာမယ်မှန်း ကြိုသိပေမယ့် ကုန်းပေါ်ကို စပြီးတော့ မုန်တိုင်းက ထိတဲ့ အချိန်မှာ land fall လို့ ခေါ်ပါတယ်။ အဲဒီဖြစ်တဲံအချိန်မှာ တကယ့်ကို ဧရာဝတီတိုင်းရဲ့ ရေအနိမ့်ဆုံး မြေအနိမ့်ဆုံး၊ နေရာတွေကို လူအများဆုံး နေတဲ့ နေရာတွေကို တဲ့တဲ့ကျတဲ့ အပြင်ကို၊ land fall က မြန်မြန်မရွေ့ပဲနဲ့ တနေရာထဲမှာ အကြားကြီးနေနေတဲ့ ဥစ္စာက အရမ်းကိုဒုက္ခရောက်သွားတာပါ။"

မေး။ ။ ဂျပန်မှာလည်း ဆူနာမိကြောင့် လူတွေအများကြီးသေတယ်၊ မြန်မာနိုင်ငံမှာလည်း ဒီမုန်တိုင်းကြောင့် သေတယ်၊ ကြိုတင်မလုပ်နိုင်တာထက် နားမလည်လို့ မသိလို့ပေါ့နော်။

ဒေါက်တာမိုးကျော်သူ။ ။"မှန်ပါတယ် ခင်ဗျ။ နောက် သိသာတဲ့ တချက်က - အဲဒီနာဂစ်တိုက်တဲ့ အချိန်က ဧရာဝတီတိုင်းမှာ လူတွေ အများကြီး ပြင်ဆင်ထားခြင်းမရှိ၊ ပေါ့ပေါ့ဆဆနဲ့ နေတဲ့ အပိုင်းတွေ ပါနေတဲ့အချိန်မှာ သူ့ရဲ့ အနောက်ဖက် ဘာမှ သိပ်မဝေးတဲ့ ရခိုင်ကမ်းရိုးတန်းက မုန်တိုင်းခဏခဏ ကျတာ ကြုံဖူးတဲ့ ဂွ နယ်တို့ ဘာတို့ဆို သေချာ ပြင်ဆင်ထားတဲ့အတွက်ကြောင့် သူတို့ တွေက ဘယ်လို ရှောင်တိမ်းရမယ် ဆိုတာ အထိကို သူတို့က အလေ့အကျင့်ရနေပြီးတော့ တော်တော်လေး သက်သာတယ် ဆိုတဲ့ အပိုင်းတွေတွေ့ရတယ်။ ဆိုတော့ ရှေ့ဆက် သုတေသန လုပ်ရအုံးမယ့် future work က အရမ်းကို အရေးကြီးနေတယ်။ ဘာလို့လည်း ဆိုတော့ သမိုင်းကိုလည်း သိဖို့ လိုတယ်။ လက်ရှိဖြစ်နေတဲ့ အန္တရာယ်တွေကိုလည်း ဘယ်လိုမျိုး ဘယ်လောက်အထိ အသေးစိတ်သွားရမလဲ ဆိုတာကို။"

မေး။ ။အဲဒီတော့ ဘာတွေ ဆက်ပြီးလုပ်ဖို့ ရှိပါသလဲ

ဒေါက်တာမိုးကျော်သူ။ ။"ဟုတ်ကဲ့ပါခင်ဗျ။ ဒီဧရာဝတီ မြစ်ဝကျွန်းပေါ်ကြီးရဲ့ အပြင်ဘက်ကနေ ထွက်ပြီးတော့၊ ဒီပင်လယ်ပြင်ထဲမှာ တွင်းအနက်ကိုတူး - ဒီတွင်းအနက်ဆိုတာကလည်း မီတာ ရာဂဏန်း လေးပဲရှိတဲ့ဟာ တခု ကို တူးပြီးတော့မှ သုတေသနကို သေသေချာချာ ခွဲပြီးလုပ်သင့်ပါတယ်။ အဲဒီက ရလဒ်တွေကိုယူပြီး ဒီမြစ်ဝကျွန်းပေါ်ထဲမှာလည်း အသေးစိတ်ကလေးတွေ ထပ်ပြီးတော့ အထောက်အကူ ဖြစ်မယ့်အချက်တွေ ရှာဖွေဖို့က အဓိက target ဦးတည်ချက်ပါ။ ဒီအဓိက targer ကို လုပ်နိုင်ဖို့ အတွက်ကို ပထမစခဲ့တာကတော့ သက္ကရာဇ် ၂၀၀၂ ခုနှစ်က အိန္ဒိယနိုင်ငံက သုတေသန scientific အချက်အလက်တွေက အရမ်းကို အရေးပါတဲ့ ဟာမျိုးတွေ့ခဲ့တဲ့ဟာပါ။ အဲဒါတွေ အပေါ် မူတည်ပြီးတော့ ကျနော်တို့ အခုအခါ အသေးစိတ် နေရာလေးတွေ ရွေးပြီးတော့ သုတေသန လုပ်မှာပါ။ အမေရိကန် ပြည်ထောင်စုရယ်၊ ပြီးတော့ အခု ဂျပန်နိုင်ငံကနေပြီးတော့ ကျနော်လည်း ပါဝင်မယ့် ဥစ္စာကတော့ လာမယ့်နှစ်ကနေပြီးတော့ ဒဂုံ တက္ကသိုလ်နဲ့ ပုသိမ်တက္ကသိုလ်က ဆရာတွေနဲ့ တွဲပြီးတော့ အဲဒီက ဆရာ ၁၀ ယောက်ကို ဂျပန်နိုင်ငံကို ခေါ်ယူပြီးတော့ တရုတ်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံက အလားတူ delta မြစ်ဝကျွန်းပေါ်ဒေသ သုတေသနတွေကို အမြင်ချင်းဖလှယ်၊ ကိုယ်တိုင်ဓါတ်ခွဲ၊ ကိုယ်တိုင်လေ့လာပြီး ကိုယ်တိုင် လုပ်ပေးနိုင်တဲ့ အဆင့်ရောက်အောင် လုပ်ဖို့ နောက်ထပ် ၃ နှစ် မှာ ကျနော်တို့ စီစဉ်ထားပါတယ်။ ပြီးတော့ ဒီလအကုန်မှာပဲ ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်မှာ မီဆာ ဆိုတဲ့ အသုံးချ ကမ္ဘာမြေဆိုင်ရာ သုတေသန ကွန်ဖရင့် - ၂နှစ် တခါ လုပ်တဲ့ အစည်းအဝေးမှာပဲ - ဒါက ဒုတိ အကြိမ်မြောက်ပေါ့နော်။ marine geology အဏ္ဏဝါ ဘူမိဗေဒနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲ workshop တခု လုပ်ပြီးတော့မှ အခု ကျနော်ပြောခဲ့တဲ့ သုတေသနအသစ်တွေကို ရှာဖွေ တွေ့ရှိခဲ့တဲ့ ပညာရှင်တွေ၊ အမေရိကန်က ပညာရှင်တွေကိုယ်တိုင်လာ၊ လာပြီးတော့ သူတို့နဲ့ အတူ ဆွေးနွေးပြီးတော့ ရှေ့ဆက် ဘာတွေ လုပ်သင့်တယ် ဆိုတဲ့ လမ်းကြောင်းကို ကျနော်တို့ ရွေးချယ်ကြမှာပါ။"

ဧရာဝတီကို ပညာရှင်တွေ လေ့လာချင်ကြတဲ့ အဓိက အချက်က မြစ်ကြောင်းထပ်ပိုင်းမှာ ဆည်တွေ မဆောက်သေးတာကြောင့် ဖြစ်ပါတယ်။

ဒေါက်တာမိုးကျော်သူ။ ။"ယန်စီမြစ်တို့လို၊ မဲခေါင်တွေမှာလို၊ မြစ်ရဲ့ ထိပ်မှာ ဆည်ကြီး မဆောက်သေးတဲ့ အတွက်ကြောင့် ကျနော်တို့ရဲ့ အနည်ပို့ချမှုက သဘာဝ အတိုင်းပဲ လာနေသေးတယ်။ ဒီလို သဘာဝ အတိုင်းပဲ လာနေတာမို့လို့လည်း နိုင်ငံတကာက ပညာရှင်တွေက ကမ္ဘာပေါ်မှာ သဘာဝ အတိုင်း ကျန်နေသေးတဲ့ မြစ်ကြီး အကြီးကြီး တခုကို လေ့လာဖို့က အကောင်းဆုံးဟာ ဧရာဝတီမြစ်ပါပဲလို့ အခု အများစုက လေ့လာဖို့ လာနေကြတဲ့ အပိုင်းတွေ ပါတာပေါ့နော်။"

ဒေါက်တာမိုးကျော်သူပါ။


မြန်မာ့ရာဇဝင်ကို ပြောပြမယ့် ဧရာဝတီမြစ်ဝ အနည်များ လေ့လာရေး အပိုင်း ၁

Source: Burmese VOA သိပ္ပံနဲ့နည်းပညာ (ဒေါ်ခင်မျိုးသက်) မြန်မာ့ရာဇဝင်ကို ပြောပြမယ့် ဧရာဝတီမြစ်ဝ အနည်များ လေ့လာရေး အပိုင်း ၁ မြန်မာနိုင်ငံရဲ့ မိခင်မြစ်ကြီးဖြစ်တဲ့ ဧရာဝတီက မြန်မာ့ရာဇဝင်ကို ပြောနိုင်ပါသလား။ ဧရာဝတီမြစ်စီးဝင်ရာ ကမ်းလွန်ပင်လယ်က အနည်ကျကျောက်တွေကို လေ့လာရင် မြန်မာနိုင်ငံရဲ့ ဖြစ်တည်မှု သမိုင်...
https://www.myanmarwaterportal.com/news/1539-မြန်မာ့ရာဇဝင်ကို-ပြောပြမယ့်-ဧရာဝတီမြစ်ဝ-အနည်များ-လေ့လာရေး-အပိုင်း-၁.html

Share this article:

Myanmar Water Journal - November 2019
ADB provides $51.2m for all-weather roads in rural...
 

Comments

Already Registered? Login Here
No comments made yet. Be the first to submit a comment

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal