မြန်မာ့ရာဇဝင်ကို ပြောပြမယ့် ဧရာဝတီမြစ်ဝ အနည်များ လေ့လာရေး အပိုင်း ၁

Picture Irrawaddy Sediments (Photo credit- ScienceDirect.com)

Source: Burmese VOA

သိပ္ပံနဲ့နည်းပညာ (ဒေါ်ခင်မျိုးသက်)

မြန်မာ့ရာဇဝင်ကို ပြောပြမယ့် ဧရာဝတီမြစ်ဝ အနည်များ လေ့လာရေး အပိုင်း ၁

မြန်မာနိုင်ငံရဲ့ မိခင်မြစ်ကြီးဖြစ်တဲ့ ဧရာဝတီက မြန်မာ့ရာဇဝင်ကို ပြောနိုင်ပါသလား။ ဧရာဝတီမြစ်စီးဝင်ရာ ကမ်းလွန်ပင်လယ်က အနည်ကျကျောက်တွေကို လေ့လာရင် မြန်မာနိုင်ငံရဲ့ ဖြစ်တည်မှု သမိုင်းကို သိနိုင်တယ်လို့ ဂျပန်အဏ္ဏဝါ ဘူမိသိပ္ပံနဲ့ နည်းပညာဌာနက ဒေါက်တာမိုးကျော်သူက ပြောပါတယ်။ ဒီလိုသိနိုင်ဖို့ လေ့လာမှုတွေ လုပ်နေတဲ့ အကြောင်း ဒီတပတ်မှာ ပြောပြပေးမှာပါ။

မြန်မာနိုင်ငံ့ မြောက်ဖျားမှာ ဟိမဝန္တာကနေ သွယ်တန်းလာတဲ့ တောင်တန်းတွေကြားကနေ အလယ်ပိုင်းက မြေပြန့်တွေကိုဖြတ်ပြီး တောင်ဘက် ပင်လယ်သမုဒ္ဒရာထဲကို စီးဝင်တဲ့ ပင်မမြစ်ကြီးက ဧရာဝတီ ဖြစ်သလို အရှေ့ဘက်ကုန်းပြင်မြင့်မှာ တောတောင်တွေဖြတ်ပြီး တောင်ဘက်က ပင်လယ်သမုဒ္ဒရာထဲကို စီးဝင်တာက သံလွင်မြစ်ပါ။ သူတို့ စီးဝင်ရာ ဧရာဝတီကမ်းလွန်၊ မုတ္တမပင်လယ်ကွေ့ထဲ ပို့ချတဲ့ ဒီအနည်တွေကနေ မြန်မာ့ရာဇဝင်ကို ပြောပြနိုင်ပါတယ်တဲ့။

ကမ္ဘာ့မြစ်ကြီးတွေဟာ ရေစီးနဲ့အတူ သူတို့သယ်ယူလာတဲ့ အနည်တွေကို ပင်လယ်သမုဒ္ဒရာတွေထဲ ပို့ချကြပါတယ်။ ဒီအထဲမှာ ဧရာဝတီတို့ သံလွင်တို့လို မြစ်ကြီးတွေကနေ ပို့ချတဲ့အနည်တွေက သိပ်ကိုအရေးပါတယ်လို့ ဒေါက်တာမိုးကျော်သူက ပြောပါတယ်။

ဒေါက်တာမိုးကျော်သူ။ ။"ဧရာဝတီမြစ်ကြီး ဘယ်လောက် အရေးပါတယ် ဆိုတာကို ကျနော် နဲနဲလေး ပြောပြချင်ပါတယ်။ ဟိမဝန္တာနဲ့ တိဘက် တောင်ကုန်းတွေကနေ သယ်လာတဲ့ အနည်တွေက ပင်လယ်ထဲကို ပို့ချတဲ့ ဥစ္စာက တနှစ်ကို တန်ချိန် သန်းပေါင်း ၃၀၀ ရှိပါတယ် ခင်ဗျ။ အနည်တွေ ချည်းပဲ။ ဆိုတော့ သူက ဘယ်လောက် အဆင့်ရှိနေလဲ ဆိုရင် ဟိမဝန္တာ တောင်တန်းကြီးကနေ ပြီးတော့ သူက ကမ္ဘာတခုလုံးမှာ ပို့ချတဲ့ အနည်တွေ ၂၀ % လောက်ကို ဒီ ဧရာဝတီမြစ်၊ သံလွင်မြစ်က ပို့ချတဲ့ အဆင့်ရှိသလိုမျိုး ဒီ အနည်ကလည်း အနည်အားလုံးရဲ့ စုစုပေါင်း ပမာဏက ကမ္ဘာမှာ နံပတ် ၄ အဆင့်လောက် အထိကို များပါတယ်။"

ဒီလို အနည်ကျမှု များပြားကြီးမားတဲ့ ဧရာဝတီနဲ့ ချင်းတွင်း မြစ်ကြောင်းတွေမှာကျတဲ့ အနည်တွေကို သုတေသန ပညာရှင်တွေ လေ့လာနေကြတာပါ။

ဒေါက်တာမိုးကျော်သူ။ ။"မြစ်ဝကျွန်းပေါ်ဒေသ သုတေသနတွေအတွက် တကယ်ကို အရှိန်ဟုန် မြင့်မြင့် ရလာတာကတော့ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ ဖြစ်ပါတယ်။ ပထမပိုင်းတုန်းကတော့ မိုးလေဝဿနဲ့ မြစ်ချောင်းတွေကနေ တိုင်းတာလို့ ရတဲ့ အချက်လက်တွေပေါ် ကြည့်ပြီးတော့ ရေးကြတဲ့ သုတေသနစာတမ်းတွေ များပါတယ်။ အထူးသဖြင့်ကတော့ ပထဝီ၊ နောက်ခံနဲ့ background ကနေသွားကြတယ်။ ပထဝီ background ကို ဘာကြောင့် သုံးကြသလဲ ဆိုတော့ ဂြိုဟ်တုကနေ ရတဲ့အချက်လက် ဒေတာတွေ GIS တွေ ဘာတွေက အရမ်းကို အသုံးဝင်လို့ပါ။ အဲဒါကိုမှာ ဒီ ၂၀၁၂ နောက်ပိုင်းကျတော့ တကယ်ကို ဘယ်လို ပြောင်းလဲ လာသလဲ ဆိုတော့ marine geology အပိုင်း ဖြစ်လာပြီ။ အဏ္ဏဝါ သုတေသန။ ဘာလို့လည်း ဆိုတော့ သင်္ဘောနဲ့ ရေထဲအထိ ဆင်းလာပြီး တိုင်းထွာတဲ့ အဆင့်တွေ ဖြစ်လာပါတယ်။ အဲဒီမှာ ကျနော်တို့ တွေ့လာရတဲ့ အချက်တွေက ပိုပြီးများလာပါတယ်။ အဲဒါက သင်္ဘောပေါ်ကနေ ကျနော်တို့တွေ အသံလှိုင်းနဲ့ ဖမ်းပြီးတော့ ပင်လယ်ကြမ်းပြင်က မြေလွှာ အနေထားကို တိုင်းတာတာရယ်၊ core လို့ခေါ်တဲ့ ၃ မီတာလောက် ရှိတဲ့ တွင်းနမူနာ လေးတွေကို ပင်လယ် ကျောက်ကြမ်းပြင်ကနေ ယူပြီးတော့ နေရာ အများကြီးကနေ တိုင်းပါတယ်။"

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အနည်ကျမှုကို လေ့လာဆဲဖြစ်ပေမယ့် လက်ရှိမှာပဲ အရေးပါတဲ့အချက်တွေ တွေ့နေရပါပြီ။

ဒေါက်တာမိုးကျော်သူ။ ။"ဘာတွေ ရှာဖွေတွေ့ရှိလဲ ဆိုတော့ ပထမတချက်က ဧရာဝတီမြစ်ဝကျွန်းပေါ် ကြီး ဖြစ်လာတဲ့ ဥစ္စာက ဒီ ဟင်္သာတ ကနေပြီးတော့မှ အခု လက်ရှိပင်လယ်ကမ်းရိုးတန်း ရှိတဲ့ နေရာအထိ စုစုပေါင်း ကီလိုမီတာ ၂၇၀ (၁၆ရ မိုင်) ရှိပါတယ်။ တိုက်ရိုက်တိုင်းလိုက်မယ် ဆိုရင်။ ဒီ ကီလိုမီတာ ၂၇၀ လောက် ဖြစ်တည်လာတဲ့ သမိုင်းကြောင်းက အနှစ် ၇၀၀၀ လောက်ပဲ ရှိပါသေးတယ် ခင်ဗျ။ ဒီအနှစ် ၇၀၀၀ ဆိုတဲ့ သဘောက ၁၀ နှစ် နေလိုက်ရင် ၁ ကီလိုမီတာ 1 km ရွေ့ဖို့အတွက် ဆို ပျမ်းမျှ တွက်ရင် ၂၆ နှစ်ဆို တကီလိုမီတာ လောက်အထိ ကျယ်လာမယ့် သဘောပါ။ ဒါပေမယ့် အဲဒီလို ပျမ်းမျှတော့ ယူလို့ မရပါဘူးခင်ဗျ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ သက်တမ်းအလိုက် လိုက်ပြီးတွက်တဲ့ အချိန်မှာ ပထမဆုံးနှစ် တထောင်ပေါ့နော်။ လွန်ခဲ့တဲ့ အနှစ် ၆၀၀၀ ကနေ အနှစ် ၇၀၀၀ အတွင်းမှာ သွားတဲ့ ပမာဏက ဟင်္သာတကနေ ပြီးတော့ ပုသိမ်မြို့ အနားလောက်အထိကို မြစ်ဝကျွန်းပေါ် အကျယ်ကြီးသွားတာ။ သူကတော့ အမြန်ဆုံးပေါ့။ အဲဒီနောက်ပိုင်းမှာ ဖြေးဖြေးချင်း နှေးလာပါတယ်။ အခုနောက်ဆုံး လွန်ခဲ့တဲ့ အနှစ် တရာမှာ အနည်ကျတဲ့ဟာက အရမ်းကို သိသိသာသာကြီး နှေးလာပါတယ်။

လွန်ခဲ့တဲ့ နှစ်တရာမှာ အနည်ကျမှု ဘာကြောင့် သိသိသာသာ နှေးလာရတာပါလဲ။

ဒေါက်တာမိုးကျော်သူ။ ။"လွန်ခဲ့တဲ့ နှစ်တရာလောက်မှာ ဘာကြောင့်အနည်ကျတာက အရမ်းကို နဲသွားရသလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကြောင့် ပထမကောက်ချက်ချလို့ ရတာက ရာသီဥတု ပုံစံတွေ ပြောင်းလဲသွားတာရယ်၊ မိုးရွာတာတွေ ပြောင်းလို့ပါ။ ဟိမဝန္တာဘက်ကနေ လာတဲ့ ရေစီးလာတဲ့ ပမာဏ ခုလို ဘာကြောင့်ဖြစ်သွားလဲ ဆိုတာကိုတော့ လေ့လာတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ တိတိကျကျ သုံးသပ်တဲ့ အဆင့် မရောက်သေးပါဘူး။"

မြစ်ဝကျွန်းပေါ်ကနေ ပင်လယ်ထဲကို ဆက်ပြီးကျတဲ့ အနည်တွေကိုတော့ သင်္ဘောနဲ့သွားရောက် တိုင်းတာပြီး လေ့လာရပါတယ်။ ဒီအခါမှာ အနည်တွေအပေါ် သက်ရောက်တဲ့ ပြောင်းလဲနိုင်တဲ့ အခြေနေ ၄ မျိုးကို တွေ့ရတယ်လို့ ပြောပါတယ်။

ဒေါက်တာမိုးကျော်သူ။ ။"ပထမဆုံး အဆင့်ကတော့ မြစ်ကနေတဆင့် စီးဆင်းလာတဲ့ အတွက်ကြောင့်မို့လို့၊ ပါလာတဲ့ အနည်တွေ ပေါ့နော်။ ပြီးတော့မှတခါ ပင်လယ်ကနေပြီးတော့ ဒီရေ အတက်အကျ ကနေပြီးတော့ အပြောင်းအလဲ ဖြစ်တဲ့ဟာပေါ့။ ပင်လယ်ဝ ကနေ စောင့်ပြီးတော့ရွေ့တာ မို့လို့ ဒီဟာပေါ်မူတည်ပြီး အတက်အကျ အပြောင်းအလဲ ဖြစ်တာပါ။ တတိယ တမျိုးကတော့ လေထဲကနေပြီးတော့ ရာသီဥတုကြောင့် ဖြစ်တဲ့ဥစ္စာတွေ အပိုင်းတွေ။ စတုတ္ထအချက်ကတော့ နောက်ဆုံးအချက်ကတော့ ဘူမိဗေဒပါ။ ဘာလို့လည်း ဆိုတော့ ကျနော်တို့ ဒီမြစ်ဝကျွန်းပေါ်ကြီးရဲ့ အရှေ့ဘက်မှာ ကပ်ရက်က စစ်ကိုင်း ပြတ်ရွေ့ကြီး ရှိနေပြီး၊ အဲဒီ စစ်ကိုင်းပြတ်ရွေ့ကြီးက ပင်လယ်ထဲ အထိ ဆင်းသွားပြီးတော့ ဒီ spreading center ဆိုပြီးတော့ ဒီ Andaman မုတ္တမပင်လယ်ကွေ့ ဒေသမှာ ရွေ့ပြီးတော့ ချဲ့နေတဲ့ အပိုင်းလေးတွေ ရှိနေပါတယ်။ အဲဒီ ပြတ်ရွေ့ကြီးကနေ ပြီးတော့ ဖြစ်တဲ့အချက်အလက်က အဓိကကတော့ မုတ္တမပင်လယ်ကွေ့နဲ့ စစ်တောင်းနဲ့ သံလွင်မြစ်ရဲ့ ကြားနေရာတွေမှာ အရမ်းရွေ့တယ်။ တခုနဲ့တခုက ချိတ်ဆက်ကလည်း အရမ်းရှိနေတဲ့ အတွက်ကြောင့် ဘူမိဗေဒ အချက်လက် အနေနဲ့ ဒီစစ်ကိုင်း ပြတ်ရွေ့ကြီးကြောင့် ရွေ့လိုက်ချိန်မှာ ရှိနေတဲ့ ဒီအနည်တွေရဲ့ အပြောင်းအလဲကလည်း၊ ဒီရေကြောင့် ဖြစ်တဲ့ဥစ္စာနဲ့ မုန်တိုင်းကြောင့် ဝင်လာတဲ့ လေအား၊ ရေအားတွေကြောင့် ပြောင်းတဲ့ဥစ္စာတွေကို တခါ ထပ်ပြီးတော့ လှည့်လိုက်တာမျိုး ဖြစ်တဲ့အတွက်ကြောင့် နောက်ဆုံးတွေ့ရှိချက် အရဆိုရင် အပြောင်းအလဲ factors တွေ တွေ့ရတဲ့ဥစ္စာက ဒီ ၄ မျိုးပေါ်မူတည်နေတာကို တွေ့ရပါတယ်။"

ဒီလိုအပြောင်းအလဲတွေကို လေ့လာမှုအတွက် ရည်ရွယ်ချက်က ၂ ခု ရှိပါတယ်တဲ့။

ဒေါက်တာမိုးကျော်သူ။ ။"ကျနော်ရဲ့ ပထမဆုံး လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က စခဲ့တဲ့ စိတ်ဝင်စားခဲ့တဲ့ အချက်ကတော့ ဧရာဝတီမြစ်ဝ ပင်လယ်ထဲကနေ စောင့်ပြီးတော့ ဒီ မီတာ ၅၀ - မီတာ တရာလောက် ရှိတဲ့ အနည်တွေကို တူးယူလိုက်ပြီးတော့မှ အဲဒီ core sample နမူနာတွေကို အသေးစိတ်ပြီး နောက်ဆုံးပေါ် ဘူမိဓါတုဗေဒ ပေါ့နော်။ geochemistry analysis တွေ လုပ်လိုက်မယ်၊ chemical analysis တွေ လုပ်လိုက်မယ် ဆိုရင် အခု လက်ရှိ မနှစ်ကအထိ လုပ်နိုင်ခဲ့တာက 3 meter ပဲ ရှိသေးတယ် sediment core - အနက် ပေ ၁၀ ပေ လောက်အထိပဲ အနည်နမူနာ ကောက်နိုင်သေးတယ်။ ၃ မီတာလောက်ပဲ ဖြစ်တဲ့အတွက် သူတို့ကနေ ပြန်ကြည့်နိုင်တဲ့နှစ်က ထောင်ဂဏန်း သောင်းဂဏန်းပဲ ရှိသေးတယ်။ ကျနော်တို့က အဲဒီထက် ပို ကျော်ပြီး ကြည့်ချင်တာပါ။

ဟိမဝန္တာ တောင်တန်းကြီး ဖြစ်လာတာက လွန်ခဲ့တဲ့နှစ် သန်း ၂၂၀ - ၂၅ သန်းကနေ စပြီး တောင်တန်းကြီး မြင့်တက်လာ၊ မြင့်တက်လာပြီးတော့မှ မြစ်ကြီးတွေ စီး၊ မြစ်ကြီးတွေစီးပြီးမှ မုတ်သုန်ရာသီ ဥတုတွေ ဖြစ်လာတယ်။ ဒါတွေ အားလုံးဟာ ဒီ အာရှတိုက်ရဲ့ ရာသီဥတု ပြောင်းလဲမှုတွေ မြေလွှာပြောင်းလဲမှုတွေ၊ စိုက်ပျိုးရေးတွေ ပေါ်မှာ သက်ရောက်နေတဲ့အတွက်ကြောင့် မို့လို့ အဲဒီရာဇဝင်ကို ကျနော်တို့က သိနိုင်အောင် ဆိုပြီးတော့ မီတာ ၅၀- မီတာ ၁၀၀ လောက်အထိကို နက်တဲ့တွင်း တူးပြီး sample အနည် နမူနာယူဖို့ ဆိုတာက အဓိက ရည်ရွယ်ချက်ပါ။ ဒါပေမယ့် အဲဒီ ရာဇဝင်ကို သိရုံ တခုလေးနဲ့ ဘာတွေ သိနိုင်မလဲ ဆိုတော့ ပြောင်းလဲလာတာတွေ၊ လူ့အဖွဲ့အစည်း ပြောင်းလဲလာတာတွေကို ပါ။ သဘောက ရာသီဥတုက အရမ်းသိသိသာသာကြီး ပြောင်းလဲသွားတယ် ဆိုရင် ဟိုးရှေးရှေးတုန်းက လွန်ခဲ့တဲ့ အနှစ် ၅၀၀ - နှစ် တထောင်၊ နှစ် ၂၀၀၀ ဆိုတဲ့ မြို့ပြ နိုင်ငံတွေ ဆိုတာက အပူချိန် ၁ ဒီဂရီ - ၂ ဒီဂရီ ပြောင်းလဲတာ နဲ့တင် ပျက်တယ်။ ပျက်စီးသွားနိုင်တဲ့ အခြေနေ၊ ပျက်လည်း ပျက်ခဲ့ဘူးတယ်။ ဆိုတော့ အဲဒါတွေကို ကျနော်တို့က လေ့လာတာ။ အဲဒါက ပထမ တခု။

ဒုတိယတခုကတော့ ငလျင်ကြီးတွေ၊ ဘယ်လောက်အထိ လှုပ်ခဲ့သလဲ။ ကျန်ခဲ့တဲ့ အနှစ် ၂၀၀၀ - ၃၀၀၀ အတွင်းမှာ အဲဒီငလျင်ကြီးတွေက ဘယ်လောက်အထိ သက်ရောက်တဲ့ ဟာလည်း၊ ဆိုတာတွေကို ကျနော်တို့ သိချင်တာ ဒီ ၂ ချက်ပါ။ အဲတော့ အဲဒီ ၂ ခုကို အဓိကထားပြီး လေ့လာဖို့ ရည်မှန်း နေပေမယ့် အခု ကျနော်တို့ရဲ့ လက်ရှိအခြေနေ ဘဏ္ဍာရေး အခြေနေတွေ၊ ပညာရှင်တွေရဲ့ လုပ်နိုင်တဲ့ အခြေနေတွေအရ ` ၃ မီတာလောက်ရှိတဲ့ core sample တွေ၊ ဒီမြစ်ဝ ကျွန်းပေါ်ဒေသမှာ ဆိုရင် ဒီ ရန်ကုန်တက္ကသိုလ် ပထဝီဌာနတွေကနေ လုပ်နေတဲ့ သုတေသန လေးတွေ ကနေပြီးတော့ ရတဲ့ ရလဒ်လေးတွေကတော့ သူက နှစ် ရာဂဏန်း- ထောင်ဂဏန်းလောက်ပဲ သိသေးတဲ့ အဆင့်ပဲ ရှိပါသေးတယ်။"

ဒေါက်တာ မိုးကျော်သူပါ။ ဒီလို တွေ့ရှိချက်တွေကနေ မြစ်ဝကျွန်းပေါ်ဒေသမှာ ဘာအန္တရာယ်တွေ ကျလာနိုင်တယ် ဆိုတာနဲ့ ရှေ့ဆက် ဘယ်လိုလေ့လာမှုတွေ လုပ်မယ် ဆိုတာကို နောက်တပတ်မှာ တင်ပြပေးမှာပါ။


မြန်မာ့ရာဇဝင်ကို ပြောပြမယ့် ဧရာဝတီမြစ်ဝ အနည်များ လေ့လာရေး အပိုင်း ၂

Source: Burmese VOA မြန်မာ့ရာဇဝင်ကို ပြောနိုင်မယ့် ဧရာဝတီမြစ်ဝ အနည်တွေကို ပညာရှင်တွေ စတင် လေ့လာနေကြပါပြီ။ ကမ္ဘာပေါ်မှာ ရှားရှားပါးပါး သဘာဝအတိုင်း ကျန်နေသေးတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ ဘာတွေ ဖြစ်ပျက်ခဲ့ပါသလဲ။ ဘာအန္တရာယ်ရော ရှိနေပါသလဲ။ ဂျပန်အဏ္ဏဝါ ဘူမိသိပ္ပံနဲ့ နည်းပညာဌာနက ဒေါက်တာမိုးကျော်သူကပြောပြ...
https://www.myanmarwaterportal.com/news/1540-မြန်မာ့ရာဇဝင်ကို-ပြောပြမယ့်-ဧရာဝတီမြစ်ဝ-အနည်များ-လေ့လာရေး-အပိုင်း-၂.html
UN Urges Southeast Asian Countries to Get Tough on...
The Last Undammed River MASTER
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal