ဇင်းမယ် ၏ ရေဆိုးပြု ပြင်ရေး တစ်စေ့တစ်စေါင်း

Photo ထိုင်းနိုင်ငံရှိ ရေဆိုးပြုပြင်စက်ရုံတစ်ခု (လေမှုတ်သွင်းပြီး မွှေထားသော ရေဆိုးကန်ကို ပြထားပါသည်။) Photo credit to original post.

"ပင်း" မြစ် နှင့် "မယ်ခ" တူးမြောင်း (Ping River & Mae Kha Canal)
*****************************
ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြို့တော် ဇင်းမယ် (Chiang Mai) ၏ မြို့ပြအမှိုက်များကို ခြေရာခံဖော်ပြခဲ့ရာမှ မြို့ပြလိုအပ်ချက် တစ်ခုဖြစ်သော ထွက်လာသည့် ရေဆိုးများကို မည်သို့မည်ပုံ အရေးယူဆောင်ရွက်နေသည်ကို တစ်စေ့တစ်စေါင်း ဖော်ပြလိုပါသည်။ ဇင်းမယ်မြို့သည် မြောက်မှတောင်သို့ ဖြတ်စီးနေသည့် "ပင်း" မြစ် (Ping River) ကို အလယ်တွင်ထားခါ တောင်-မြောက် ရှည်မျောမျော တည်ရှိနေပြီး လာနာခောတ် မြို့တည်စ (၁၂၉၆ ခုနှစ်) ကပင် ပင်းမြစ်ရေ၏ ရေလျှံမှုကို နှစ်စဉ် မိုးတွင်းလိုလို ခံစားနေရမှုကို ကာကွယ်သည့်အနေဖြင့် မြို့၏ အနောက်ဖက်အခြမ်းတွင် ပင်းမြစ်နှင့် အပြိုင် မယ်ခ (Mae Kha Canal) တူးမြောင်းကို တူးဖော်အသုံးပြုခဲ့ကြရာ မြို့တော်၏ တောင်ဖက်နားတွင် မယ်ခတူးမြောင်းမှ ရေများ ပင်းမြစ်အတွင်းသို့ ပြန်စီးဝင်ပါသည်။

ဇင်းမယ်မြို့တော်ရဲ့ ရေဆိုးပြုပြင်ရေးစက်ရုံဆီသို့ ရေဆိုးများနှင့် လူ့အညစ်အကြေးများကို ပိုက်လိုင်းများဖြင့် ပေးပို့ပုံ။ ရေဆိုးများကို နေရာအလိုက်တိုင်းတာထားပါသည်။ တစ်ခုတည်းသောစက်ရုံမှာ ပုံ၏ အောက်ဆုံးအလယ်တွင်ပြထားပါသည်။ Photo credit to original post.

လူလုပ် ရေတိမ်စိုက်ခင်းများဖြင့် အိမ်သုံးရေဆိုးများကို သဘာဝနည်းဖြင့် သန့်စင်သော နည်းစဉ် ဖြစ်ပါသည်။ Photo credit to original post.

အိမ်တွင်းသုံးရေဆိုးများ နှင့် လုပ်ငန်းသုံးရေဆိုးများ
*******************************************
သူတို့ဆီက အဆိုတစ်ခုက " မြို့တော်တစ်ခု၏ သန့်ရှင်းမှုဆိုသည်မှာ မြို့အနီးတွင် စီးဆင်းနေသော မြစ် ချောင်းများ၏ သန့်ရှင်းမှုပင် ဖြစ်ပါသတဲ့"။ ရှေးယခင်ကနှင့်မတူ လူနေထူထပ်လာခြင်း ရောင်းဝယ်ဖောက်ကားလာကြခြင်း တပိုင်တနိုင် လုပ်ငန်းငယ်များမှအစ စီးပွားဖြစ် စားသောက်ကုန်များ (ခေါက်ဆွဲ ကြာဆံ) စသည်တို့ ထုတ်လုပ်လာကြခြင်း နာမည်ကြီးဇင်းမယ်အထည်များ ယက်လုပ်ခြင်းနှင့်အတူ ဆေးဆိုးလုပ်ငန်းများ လုပ်ကိုင်ကြခြင်း စသည်ဖြင့် အိမ်သုံးမီးဖိုချောင် ရေချိုးခန်းရေများကအစ အဝတ်လျှော်ရေ အားလုံးမှာ မသန့်စင်တော့သော ရေဆိုးများ (Domestic Waste Water) ဖြစ်ပြီး ဈေးများ လုပ်ငန်းများမှ ဆေးကြောရေများကို လုပ်ငန်းသုံး စွန့်ပစ်ရေဆိုးများ (Commercial Waste Water) ဟု အကြမ်းဖြင်း ပြော၍ ရပါသည်။

ထိုင်းနိုင်ငံ၏ ရေဆိုးပြု ပြင်မှု အာဏာပိုင်အဖွဲ့ (Waste Water Treatment Authority, TWWTA) ကို (၁၉၈၀) ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး တနိုင်ငံလုံးရှိ ရေဆိုးပြု ပြင်စွန့်ပြစ်မှုများကို တည်ဆောက်ရေးပါ အပါအဝင်ကြီးကြပ် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဇင်းမယ်မြို့တော်ထွက် ရေဆိုးများကြောင့် ပင်း မြစ်အပါအဝင် မယ်ခ တူးမြောင်းရှိရေများ ညစ်ညမ်းနေမှုကို လျော့ချစေရန်အတွက် မြို့တော်စည်ပင်က ရေဆိုးထုတ်ပိုက်လိုင်းများ (Domestic Waste Water Lines ) ကို မြို့တော်၏ အညစ်အကြေးပိုက်များ (Combined Sewer Pipes) များနှင့်အတူ ရေဆိုးတွန်းစက် (Pump Stations ) ကို အလိုအလျောက်အမှိုက်များကို ဆယ်ထုတ်သည့် စကာများ (Automated Bar Screens) များအပါအဝင် (၁၀ ခု) တည်ဆောက်ထားပြီး မြို့တော်၏ တောင်ဖက်ဖျားတွင် ရေဆိုးပြု ပြင်စက်ရုံကြီး တည်ဆောက်ခါ (၁၉၉၆ )ခုနှစ် ဇူလိုင်လမှ စ၍ ရေဆိုးများကို ပြန်လည်သန့်စင်ပြီးမှ ပင်းမြစ်အတွင်းသို့ ပြန်လည်စွန့်ထုတ်ပေးနေပါသည် ။ တစ်ရက်လျှင် ( ၅၅၀၀၀) ကုဗမီတာ ( 55,000 m3/day) သန့်စင်နိုင်သော စက်ရုံကြီးဖြစ်ပါသည်။ အဓိကတာဝန်အဖြစ် မယ်ခ တူးမြောင်းရေကို မညစ်ညမ်းစေရန် ဖြစ်ပါသည်။ ပိုက်လိုင်းများကိုလည်း ယခင်က စီမံချက်အတိုင်း ထပ်မံတိုးချဲ့နေကြောင်း သိရပါသည်။

ဇင်းမာ်၏ ရေဆိုးသန့်စင်စက်ရုံတွင် သုံးစွဲသည့် သန့်စင်စံနစ်များမှာ သက်ဆိုင်ရာဌာနများမှ ဒီဇိုင်းထုတ်ထားပြီး ကျနော် (၁၉၉၉) ခုနှစ်က မြို့တော်ဘန်ကောက်နားက အညစ်အကြေးသန့်စင်စက်ရုံ စီမံကိန်း တစ်ခုအကြောင်းတွင် ဖော်ပြထားခဲ့သော ရေဆိုးကန်များအတွင်းသို့ လေမှုတ်သွင်းခါ မွှေထားသော နည်းစဉ် (Areated Lagoons) ထိုမှ ပေါ်လစ်ရှင်း (Polishing Pond)ကန် နှင့် နောက်ဆုံး ဓာတုဆေးသုံးခြင်း (Chemical Feeding) များပါဝင်သည်ဟု ဆိုပါသည်။



ဇင်းမယ်မြို့တော်တွင် တည်ဆောက်မည့် မယ်ခ တူးမြောင်းရေကို သန့်စင်မည့် ရေတိမ်စိုက်ခင်း ဥယာဉ်ပုံစံငယ်။ Photo credit to original post.

ရိုးရိုးဥယာဉ်ထက်သာတာက မိမိတို့အိမ် ကျောင်း ဟော်တယ်စသည်တို့ထွက်တဲ့ ရေဆိုးများကို ဒီလို သဘာဝရေတိမ် စိုက်ခင်းလေးက သန့်စင်နိုင်ပါတယ်။ ပုံတွင် ကျောက်စရစ်ခဲလေးများ မြင်နေရသည့်အခြမ်းမှာ Constructed wetland လေးဖြစ်ပါသည်။ Photo credit to original post.

Decentralized Wastewater Treatments များ (သီးခြားရေဆိုးပြု ပြင်သော နည်းစဉ်သုံး လုပ်ငန်းများ)
******************************************
မြို့တော်သို့ တိုးရစ်များအပါအဝင် ခရီးသွားများလာသည်နှင့်အမျှ သားငါး အစားအသောက်များ သုံးစွဲနှုန်းနှင့်အညီ တိုးချဲ့ဆောင်ရွက်လာသော ဈေးများ နှင့် သားသတ်လုပ်ငန်း နေရာများမှ ထွက်သောရေဆိုးများကိုမူ မြို့တော်၏ ရေဆိုးနှင့်မိလ္လာသန့်စင်စက်ရုံသို့ မပို့တော့ဘဲ ဈေးဝင်းအတွင်း (Muang Mai Market) နှင့် သားသတ်စက်ရုံဝင်းအတွင်းတွင် သက်ဆိုင်ရာ ရေဆိုးပြု ပြင်ခြင်းများကို ထည့်သွင်းစေပြီးမှ ပြု ပြင်ပြီး ရေများကို ပြန်လည်သုံးစွဲခြင်း တူးမြောင်း နှင့် မြစ်စသော အများနှင့်ဆိုင်သည့် ရေများအတွင်းသို့ စွန့်ပစ်ခြင်းကို "သီးခြား ရေဆိုးပြု ပြင်သော လုပ်ငန်းများ" (Semi- or Decentralized Wastewater Treatment) ဖြင့် ဆောင်ရွက်နေပါသည်။ သားသတ်ရုံရေဆိုးပြု ပြင်စံနစ် (Slaughterhouse Waste Water Treatment) အတွက် တစ်နေ့လျှင် ရေဆိုး (၁၀၀) ကုဗမီတာ (100 m3/day) သီးခြားသန့်စင်နိုင်သည့် စနစ်ဖြစ်ပါသည်။

Constructed wetland Park for wastewater treatment (လူလုပ်ရေတိမ်စိုက်ခင်းများဖြင့် ရေဆိုးများကို သန့်စင်ခြင်း)
*********************************************
မြို့တော်စည်ပင်နှင့် ဇင်းမယ်တက္ကသိုလ်တို့ ပူးပေါင်း၍ မြို့တော်ကြီး နှစ် (၇၂၀ ) မြောက် အထိမ်းအမှတ်အဖြစ် (၂၀၁၆ ) ခုနှစ် ဧပြီလ က အတည်ပြု ပုံစံရေးဆွဲ ဒီဇိုင်းထုတ်ထားသော မြို့တော်ရှိ စည်ပင်နေရာတွင် တည်ဆောက်မည့် မယ်ခ တူးမြောင်းရေသန့်စင်ရေးစီမံချက်၏ တစ်စိတ်တစ်ဒေသအဖြစ် မြေမျက်နှာပြင်အလိုက် မြို့တော်ရှိရေဆိုး (Domestic Wastewater) တချို့ကို တည်ဆောက်ထားမည့် မြက်သို့မဟုတ် ကျူပင်စသည့်တို့ကို စိုက်ပျိုးထားသော ရေတိမ် ဥယာဉ်များကို ဖြတ်သန်းစီးဆင်းစေခြင်းဖြင့် သန့်စင်သွားစေသည့်နည်း (Constructed Wetland Wastewater Treatment) ဖြင့် ရေဆိုးသန့်စင်ကြရန် ဆောင်ရွက်နေကြပါသည်။ တဆက်တည်းမှာပင် မယ်ခ တူးမြောင်းနဘေး တလျှောက်တွင် သစ်ပင်များဖြင့် အုပ်အုပ်ဆိုင်းဆိုင်းဖြစ်နေမည့် အစိမ်းရောင် လျှောက်လမ်း (Green Corridor) ပါ ထည့်သွင်းတည်ဆောက်ပြီး သန့်စင်ကြည်လင်သော မယ်ခ တူးမြောင်းအတွင်းတွင် အပျော်စီး လှေများကို စီးလို့ရအောင် လုပ်ထားမည်ဟု ဆိုပါသည်။အနိမ့်အမြင့်မြေမျက်နှာပြင်ရှိသော ဟော်တယ်များ ကျောင်းများ တက္ကသိုလ်များ စသည်တို့တွင် ကိုယ်ပိုင် ဥယာဉ်လည်းရ လူအများလည်း အပန်းဖြေနိုင်ပြီး မိမိတို့ ဟော်တယ် ကျောင်း တက္ကသိုလ် မှ ထွက်ရှိသော ရေဆိုးများကိုလည်း သဘာဝနည်းဖြင့် ပေါင်းစပ်ပြီး သန့်စင်စေသော နည်းဖြစ်ရာ ကမ္ဘာတလွှားတွင် ခောတ်စားလာနေပြီး ဇင်းမယ်တွင် တည်ဆောက်မည့် လူလုပ်ရေတိမ်စိုက်ခင်းဥယာဉ် (Constructed Wetland Park for waste water treatment) အကောင်အထည်ပေါ်လာပါက ဇင်းမယ် မြို့တော်အတွက် ဂုဏ်ယူဖွယ်ရာတစ်ခု ဖြစ်လာမှာကို ဝမ်းမြောက်နေကြကြောင်းပါ။ ကျနော်တို့ဆီမှာလည်း လုပ်နေကြပီထင်ပါရဲ့။

အချုပ်အားဖြင့်
**************
ကျနော်တို့နှင့် ရှေးနှစ်ပေါင်းများစွာကပင် ကူးလူးဆက်ဆက်ဆံနေသော မြို့တော်ဖြစ်ရာ ယခုလက်ရှိအားဖြင့်လည်း ဇင်းမယ်တက္ကသိုလ်တွင် တက်ရောက်နေသူများ အလုပ်လုပ်ကိုင်နေကြသူများ ရှိကြပါမည်။ မြင်အောင်ကြည့်တတ်ကြပါစေလို့သာ တိုက်တွန်းရပါသည်။

Ref: သက်ဆိုင်ရာ အင်တာနက် သတင်းများ။

တင်မြင့် (Mech75)
22/07/2019


Floods hit 2000 people
Portfolio B - Storytelling Assignments of Communic...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal