ရေမြှုပ်မြို့တော်အဖြစ်နဲ့ရေကြီးခြင်းကို ကာကွယ်ကြမယ်

Photo

မြေယာဖွံ့ဖြိုးမှုဟာ အထိန်းအကွပ်မရှိဖြစ်လာပြီး ရာသီဥတုဟာလည်း ခန့်မှန်းရ ခက်လာတာနဲ့အမျှ ရေလွှမ်းမိုးနေတဲ့ မြို့ပြလမ်းတွေရဲ့ ပုံရိပ်တွေဟာလည်း ကမ္ဘာကြီးကို သတိပေးနေသလိုပါပဲ။ မြို့တွေမှာ ရေကြီးမှုကြောင့် တစ်နှစ်ကို ဒေါ်လာ ဘီလီယံပေါင်းများစွာ ကုန်ကျစေနိုင်ပါတယ်။ မပြောပလောက်တဲ့ ရေလွမ်းမိုးမှုကလည်း ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်စေနိုင်ပြီး လုပ်ငန်းရှင်တွေ မြို့နေလူထုတွေရဲ့စီးပွားရေးကို ထိခိုက်စေနိုင်ပါတယ်။ အဆိုးဝါးဆုံး ရေကြီးမှုတွေကတော့ လူသေဆုံးမှုတွေ၊ ရောဂါတွေ၊ အခြေခံ အဆောက်အအုံ ပျက်ဆီးမှုတွေ ဖြစ်စေနိုင်ပြီး တိုင်းပြည်ရဲ့ စီးပွားရေး တစ်ခုလုံး ဆုံးရှုံးလုနီးပါး ဖြစ်စေနိင်ပါတယ်။

ဒါပေမဲ့ မြို့ပြတွေဟာ ရေမြှုပ်မြို့တော် ("sponge cities") အဖြစ်ပြောင်းလဲ ပြီး ရေလွှမ်းမိုးမှု ကို ကာကွယ်နိုင်ပါတယ်။ ရေဝပ်ဒေသတွေ၊ ရေလွှမ်းလွင်ပြင်တွေ၊ မြက်ခင်းပြင်၊ သစ်တောတွေနဲ့ စိမ်းလန်းတဲ့နေရာကို လက်တွေ့ကျကျ အကျိုးရှိရှိ အသုံးချခြင်းအားဖြင့် ရေကြီးရေလျှံမှုမဖြစ်ခင် ဒီမြေတွေက ရေမြုပ်တစ်ခုလိုပဲ စုပ်ယူနိုင်ပါတယ်။

ကမ္ဘာရေ၀ပ်ဒေသများနေ့ အဖြစ် ဖေဖော်ဝါရီလ (၂) ရက်နေ့ကို သတ်မှတ်ထားတာ နဲ့ အညီ မြို့ပြတွေဟာလည်း ရေ၀ပ်ဒေသတွေနဲ့ အခြားသဘာဝ မြေနေရာတွေရဲ့ အကျိုးပြု နိုင်စွမ်းကို ပြန်လည်စဉ်းစားရမယ့်အချိန်ရောက်လာပါပြီ။ "sponge cities" တွေအဖြစ်နဲ့ ပြင်းထန် ကြီးမားလာတဲ့ ရေလွှမ်းမိုးမှုဘေးကို တိုက်ထုတ်ရမယ့် အချိန်ပါပဲ။

ထိုင်းနိုင်ငံရဲ့မြို့တွေဟာ ပြင်းထန်တဲ့ ရေကြီးမှုတွေနဲ့ လတ်တလော ရင်ဆိုင်နေရပါတယ်။ ထိုင်းနိုင်ငံမှာ ၂၀၁၁ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုကြောင့် US ဒေါ်လာ ၄၁ ဘီလီယံ ခန့် ဆုံးရှူံးခဲ့ရပါတယ်။ Isan နယ်မြေ အရှေ့မြောက်ပိုင်းမှာရှိတဲ့ အဓိကမြို့ကြီး Udon Thani ကိုလည်းထိခိုက်စေခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း မုတ်သုံရာသီတွေမှာ မြို့ရဲ့ ရေမြောင်းတွေဟာ ရေလျှံလေ့ရှိပါတယ်။

နေရာတော်တော်များများ အိမ်တွေ အခြားအဆောက်အဦးတွေ ဟာ ရေလွှမ်းမိုးခံရပြီး လမ်းတွေဟာလည်း သွားလာလို့မရတော့ပါဘူး။ အညစ်အကြေးတွေနဲ့ရောနေတဲ့ ရေတွေကြောင့် ကျန်းမာရေးပြဿနာတွေ ငွေကြေးကုန်ကျမှုတွေ များပြားလာပါတယ်။

လတ်တလောအတွင်း Udon Thani ကဲ့သို့ မြို့တွေမှာ စီးပွားရေး တိုးတက်မှုတွေ၊ ကျေးလက်ဒေသတွေကနေ ပြောင်းေ၇ွှ့ အခြေချလာတဲ့ လူတွေကြောင့် လူဦးရေဟာ လျင်မြန်စွာတိုးတက်လာပါတယ်။ လူဦးရေတိုးတက်လာတာနဲ့ အမျှ မြေယာအသုံးပြုမှု လည်း များပြားလာပါတယ်။ မြေယာတွေကို ကွန်ကရစ်တွေ ကတ္တရာတွေ အခြားရေမစိမ့်နိုင်တဲ့ အရာတွေနဲ့ ဖုံးလွှမ်းလိုက်တာကြောင့် မိုးရေတွေဟာ မြေအောက်ကိုစိမ့်ဝင်မသွားနိုင်တော့ပဲ ရေကြီးမှုကို ပိုမိုဆိုးဝါးစေပါတယ်။ စိမ့်ဝင်မသွားပဲ တင်ကျန်နေတဲ့ရေတွေဟာ မြို့ကိုရေလွှမ်းစေတာပါပဲ။ 

ထိုင်းနိုင်ငံရဲ့ တစ်ခြားမြို့တွေလိုပဲ Udon Thani ဟာလည်း ဖွံ့ဖြိုးမှုနှုန်းမြန်တာနဲ့အမျှ မြင့်မားလာတဲ့ ရေကြီးနိုင်ခြေကို လျှော့ချဖို့နည်း လမ်းတွေ အမြန်ဆုံးလိုအပ်နေပါတယ်။ ဘန်ကောက်အခြေစိုက် မြို့ပြဖွဲ့စည်းပုံနဲ့ဒီဇိုင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ estudioOCA ရဲ့ ရည်ရွယ်ချက်ကတော့ သဘာဝအခြေခံ အဆောက်အဦးတွေလို့ ခေါ်တဲ့ ရေ၀ပ်ဒေသတွေ၊ သစ်ပင်တွေ နဲ့ ပန်းခြံနေရာ တွေကို အသုံးချပြီးတော့ အနာဂတ်မှာ Udon Thani ကို အစိမ်းရောင်မြို့တော် ("green" city) တစ်ခု ဖြစ်လာစေဖို့ပါပဲ။

တစ်နှစ်ကြာတဲ့ စီမံကိန်းတစ်ခုမှာ ဗိသုကာပညာရှင်တွေ အင်ဂျင်နီယာတွေ နဲ့ သိပ္ပံပညာရှင်တွေဟာ ဒီသဘာဝ အခြေခံ အဆောက်အဦးတွေ ရဲ့ ရေပိုရေလျှံကို စုပ်ယူနိုင်တဲ့ အတိုင်းအတာကို အတူတကွ စမ်းသပ်ခဲ့ကြပြီးတော့ မြို့ရဲ့ စိမ်းလန်းစိုပြေနေသောနေရာ (green areas) တွေကို ချိတ်ဆက်ထားတဲ့ ကွန်ယက်တစ်ခုကို ဖန်တီးရေးဆွဲခဲ့ပါတယ်။  

ဒါကိုကြည့်ခြင်းအားဖြင့် ရေဝပ်ဒေသနဲ့ အခြား အစိမ်းရောင် ဧရိယာတွေဟာ မုန်တိုင်းဖြစ်နေစဉ်မှာ ရေစီးကြောင်းကို ကြားခံအဖြစ်နဲ့ နှောင့်နှေးစေပြီး ရေစိမ့်ဝင်မှု များစေတာကြောင့် ရေကြီးမှုကို လျှော့ချပေးပါတယ်။ အချုပ်အားဖြင့် ၄င်းနေရာတွေဟာ ရေကြီးမှုမဖြစ်ခင်မှာ ရေမြှုပ်တစ်ခုလိုပဲ စုပ်ယူနိုင်ပါတယ်။ 

International Water Management Institute (IWMI) က အာရှမှာ ဆောင်ရွက်ထားတဲ့ သုတေသနမှာ မြို့ကြီးများမှာရှိတဲ့ ရေဝပ်ဒေသများရဲ့ တန်ဖိုးကို ထောက်ပြထားပါတယ်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘက်မြို့ပတ်ဝန်းကျင်မှာ ဆန်စပါး၊ အသီးအနှံ စိုက်ပျိုးနိုင်ပြီး တိရစ္ဆာန် စားကျက်အနေနဲ့လည်း အသုံးဝင်ပါတယ်။ ဒီကနေ ထွက်ရှိတဲ့ အသီးအနှံ အသားငါးတွေကို ရောင်းချခြင်းက လူတွေရဲ့ သက်မွေးဝမ်းကျောင်းမှုကို များစွာ အထောက်အကူပြုပါတယ်။ ထို့နည်းတူ အိန္ဒိယနိုင်ငံ အရှေ့မြောက် ကလ္ကတ္တားရဲ့ ရေဝပ်ဒေသဟာ ရေကြီးရေလျှံနှုန်းကို လျှော့ချပေးရုံတင် မဟုတ်ပဲ ငါးလုပ်ငန်းနဲ့ အသက်မွေးတဲ့ လူပေါင်း ၃၂၀၀၀ ကိုလည်း အကျိုးပြုပါတယ်။

ဒီဖြစ်စဉ် နှစ်ခုမှာစည်းစနစ်မကျတဲ့ မြို့ပြဖွံ့ဖြိုးမှုတွေက ဒီရေဝပ်ဒေသတွေကို ထိခိုက်ပျက်စီးစေပါတယ်။ ကလ္ကတ္တားမြို့မှာ ၂၀၀၀ - ၂၀၁၂ ခုနှစ်အတွင်း ၅၀%ထိ ပျက်စီးစေခဲ့ပါတယ်။ ဒီပျက်စီးမှုတွေဟာရေဝပ်ဒေသတွေပေါ် မှီခိုလုပ်ကိုင်နေရတဲ့ ဝင်ငွေနည်းပါးသောပြည်သူတွေရဲ့ စားဝတ်နေရေးကို ခြိမ်းခြောက်လာနေပါတယ်။ 

ဒီဖြစ်ရပ်တွေနဲ့မတူပဲ သီရိလင်္ကာနိုင်ငံ အစိုးရဟာ မြို့ပြတွေမှာရှိတဲ့ ရေဝပ်ဒေသတွေကို ထိန်းသိမ်းဖို့ နဲ့ ရေကြီးမှုနှုန်းကိုလျှော့ချဖို့ ဆောင်ရွက်နေပါတယ်။ ကိုလံဘိုမြို့ဟာ ရမ်ဆာ သဘောတူညီချက် (Ramsar Convention)မှ ပထမဆုံး အသိအမှတ်ပြု Wetland Cities တစ်ခု ဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်။ 

Udon Thani မှာတော့ ရှိနေတဲ့ ရေဝပ်ဒေသတွေကို ထိန်းသိမ်းရုံမကပဲ ပျက်စီးသွားတဲ့ ဒေသတွေကို ပြန်လည်ပြုပြင်ခြင်းနဲ့ နေရာသစ်ဖန်တီး ဖို့ မျှော်မှန်းထားပါတယ်။အခြား စိမ်းလန်းတဲ့နေရာတွေ ကို အပန်းဖြေစရာ နေရာတွေ ပြုလုပ်ပြီး မြို့ကို ရေကြီးခြင်းမှ ကာကွယ်ဖို့ ရည်ရွယ်ပါတယ်။ estudioOCA က ဆောင်ရွက်နေတဲ့ green infrastructure master plan ရဲ့ အဓိက ပန်းတိုင်က မြို့တွင်းမှာ သဘာဝမြေပြင်ဖွဲ့စည်းမှုပုံစံ အမျိုးမျိုးရှိရန် ဖြစ်ပါတယ်။ ဥရောပနှင့် US မှာရှိတဲ့ ဥပမာတွေက ဒီလိုသဘာဝမြေပြင်ဖွဲ့စည်းမှုပုံစံ အမျိုးမျိုးရှိခြင်းက ရေကြီးမှုကို ကာကွယ်နိုင်တယ်ဆိုတာ သက်သေပြပြီးဖြစ်ပါတယ်။

လတ်တလောနှစ်အတွင်း ထိုင်းနိုင်ငံနဲ့ အရှေ့တောင်အာရှဒေသ အများစုမှာ ကောင်းမွန်တဲ့ မြို့ပြစီမံကိန်း တွေ အများအပြား ဖြစ်လာပါပြီ။ အခုချိန်မှာတော့ ရေဝပ်ဒေသဟာ မြို့ပြစီမံကိန်းတွေအတွက် အဓိကကျတဲ့နေရာ၊ အကျိုးကျေးဇူးများတဲ့နေရာ ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုသင့်တဲ့ အချိန်ပါပဲ။ လျစ်လျူရှူထားလို့မရတော့ပါဘူး။ မြို့ပြစီမံကိန်းတွေမှာ ရေဝပ်ဒေသတွေကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။

Udon Thani အတွက် မျှော်မှန်းချက်က ဘာတွေလုပ်နိုင်တယ်၊ လုပ်လို့ရတယ် ဆိုတာကို ဖော်ပြနေပါတယ်။ ရေဝပ်ဒေသတွေနဲ့ အခြားစိမ်းလန်း ဧရိယာတွေကို Sponge Cities တည်ဆောက်ရန် အမြော်အမြင်ရှိရှိ စီမံခြင်းဟာ ပိုပြီးစိမ်းလန်းတဲ့ ရေကြီးနိုင်ခြေနည်းတဲ့ အနာဂါတ်မြို့တော်တွေ တည်ဆောက်ဖို့ အရေးကြီးတဲ့ အဆင့်ဖြစ်ပါတယ်။


Translated by Khaing Su Lwin

Source: Fighting floods with 'sponge cities' - Research Program on Water, Land and Ecosystems

Vietnam-Myanmar relations increasingly substantive...
Would you like to apply International Young Water ...
 

Comments

Comments are not available for users without an account. Please login first to view these comments.

Providing you the latest news, insights, opportunities and events from the Myanmar water sector.

Myanmar Water Journal