စိမ့်မြေဒေသနှင့် စိုက်ပျိုးရေးဆိုင်ရာ ပြဿနာများကို ရင်ဆိုင်ခြင်း
ဖေဖော်ဝါရီလ ၂ ရက်နေ့သည် ကမ္ဘာ့စိမ့်မြေဒေသများနေ့ ဖြစ်ပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ "စိမ့်မြေဒေသနှင့် စိုက်ပျိုးရေး ယှဉ်တွဲဖွံ့ဖြိုးအောင် ဆောင်ရွက်ပေး" ဟူ၍ ဖြစ်ပါသည်။ စိမ့်မြေဒေသနှင့် စိုက်ပျိုးရေးတို့သည် အကျိုးစီးပွားကွဲလွဲနေသည်ဟု မှတ်ယူထားကြသော လူအတော်များများအတွက် ဒီဆောင်ပုဒ်သည် ထူးခြားကောင်း ထူးခြားနေနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ယခုအခါ လူအများသည် လယ်ယာစိုက်ပျိုးရေးကြောင့် စိမ့်မြေဒေသများ ပျက်စီးကာ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်း၊ စိမ့်မြေဒေသများကြောင့် အကျိုး ဖြစ်ထွန်းစေသည့် ဂေဟစနစ်ကို တန်ဖိုးနိမ့်ကျစေခြင်းတို့  ဖြစ်စေနိုင်သည်ဟု ထင်မြင်လျက်ရှိ ကြသောကြောင့် ဖြစ်ပါသည်။
နည်းလမ်းမမှန်သော စိုက်ပျိုးရေးနည်းလမ်းများကြောင့် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေ နိုင်သည်မှာ မှန်ပါသော်လည်း ကမ္ဘာတစ်ဝှမ်းရှိ စိမ့်မြေဒေသစိုက်ပျိုးရေးသည် လူသန်းပေါင်း များစွာ၏ စားဝတ်နေရေးကို ထောက်ပံ့ပေးနေသည်မှာ အမှန်တရားပင် ဖြစ်ပါသည်။ စင်စစ်ကား ကမ္ဘာ အနှံ့အပြား ၌ ရေ၀ပ်ဒေသကို စိုက်ပျိုးရေး အတွက် အသုံးပြုနေသည်မှာ နှစ်ပေါင်း သန်းပေါင်းများစွာ ရှိနေပြီဖြစ်ပြီး လူသားတို့၏ သမိုင်းတွင် ပဓာနကျသော ယဉ်ကျေးမှုများအား စိမ့်မြေဒေသ စိုက်ပျိုးရေးက ထောက်ပံ့ပေးခဲ့ ထောက်ပံ့ပေးနေဆဲ ဖြစ်ပါသည်။
ဆာဟာရန်အာဖရိကတွင် လူဦးရေတိုးပွားလာပြီး ရာသီဥတုပြောင်းလဲလာသည်နှင့်အမျှ စိမ့်မြေဒေသသည်လည်း စိုက်ပျိုးရေးကဏ္ဍအတွက် အချက်အချာကျသော နယ်မြေအသစ်တစ်ခု ဖြစ်လာပါသည်။ ဥပမာဆိုရလျှင် ယခုလက်ရှိတွင် ဇင်ဘာဘွေနိုင်ငံတွင် "ဒန်ဘို" ဟု ခေါ်ကြသော ရာသီအလိုက် ဖြစ်ပေါ်လာသည့် စိမ့်မြေဒေသ စုစုပေါင်း ဟတ်တာ ၂ သိန်း ၆သောင်း၏ ဟတ်တာ ၂ သောင်းကျော်ကို ထွန်ယက်စိုက်ပျိုးကာ တိရစ္ဆာန်မွေးမြူရေးအတွက် စားကျက်မြေအဖြစ်လည်း များစွာ အသုံးချလျက် ရှိပါသည်။
စိုက်ပျိုးရေးကဏ္ဍအတွက် စိမ့်မြေဒေသ၏ အဓိကဆွဲဆောင်မှုမှာ ရေအဆင့်သင့် ရရှိပြီးဖြစ်သော မြေသြဇာကောင်းသော မြေပြန့်ဒေသများ ဖြစ်ခြင်းပင် ဖြစ်ပါသည်။ ရံဖန်ရံခါသာ မိုးရေရသည့် ခြောက်သွေ့ဒေသများနှင့် မိုးနည်းဒေသများအတွက် အချိန်တော်တော်ကြာ၊ တခါတရံ တစ်နှစ်လုံးနှင့် မိုးခေါင်သည့်အချိန်တွင်ပါ မြေဆီလွှာ အစိုဓာတ်ကို ထိန်းထားပေးနိုင်သော စိမ့်မြေဒေသများသည် အသေးစား စိုက်ပျိုးရေးလုပ်ငန်းများအတွက် အလွန် အဖိုးတန်ပါသည်။ သို့ဖြစ်၍ စိမ့်မြေဒေသ စိုက်ပျိုးရေးသည် မှန်းဆရခက်သော ရာသီဥတုဆိုးရွားမှုကို ကြုံတွေ့ရလေ့ရှိသော ကျေးလက်ဒေသများစွာအတွက် ပဓာနကျသော အခက်အခဲဖြေရှင်းမှု နည်းလမ်းတစ်ခု ဖြစ်ပါသည်။
စိမ့်မြေဒေသများ၏ စီးပွားရေးအကျိုးအမြတ်
စိမ့်မြေဒေသစိုက်ပျိုးရေးမှ စီးပွားရေးအကျိုးအမြတ်အား အခြား စိမ့်မြေဒေသ ဂေဟစနစ်ဆိုင်ရာ အသုံးချမှုများဖြစ်သော ရေသန့်စင်ခြင်း၊ ရေကြီးရေလျှံမှု ကာကွယ်ခြင်းနှင့် ဆေးဖက်ဝင်အပင်များ ရရှိခြင်း စသည်တို့မှ ရရှိနိုင်သည့် အကျိုးအမြတ်နှင့် နှိုင်းယှဉ်ပြသော လေ့လာချက်မျိုးသည် ယခုအချိန်တွင် အလွန်နည်းပါးနေပါသေးသည်။ သို့ရာတွင် သေချာတွက်ချက် ဆန်းစစ်ကြည့်ပါ က စိမ့်မြေဒေသစိုက်ပျိုးရေး၏ စီးပွားရေးအကျိုးအမြတ်သည် အရေးပါလှပြီး တစ်ခါတစ်ရံတွင် စိမ့်မြေဒေသ၏ တစ်ခုတည်းသော တန်ဖိုးအရှိဆုံး အသုံးချမှု ဖြစ်နေကြောင်း တွေ့ရှိရပါသည်။
ဇမ်ဘီယာနိုင်ငံ တွင် စိမ့်မြေ ဒေသဝန်ဆောင်မှုများ၏ စုစုပေါင်းတန်ဖိုးသည် တစ်နိုင်ငံလုံး၏ ဂျီဒီပီ (စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု) ၏ ၅ ရာခိုင်နှုန်းနှင့် ညီမျှသည်ဟု ခန့်မှန်းရပါသည်။ ၄င်းအပြင် ထိုဝန်ဆောင်မှု များအနက် စိုက်ပျိုးရေးသည် အလွန်ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ထိုမျှမက စိမ့်မြေဒေသများသည် အများအားဖြင့် ဒေသတွင်း အဆင်းရဲနွမ်းပါးဆုံး ဖြစ်သော ပြည်သူလူထုကို ထောက်ပံ့ပေးနေသည်ဖြစ်ရာ စိမ့်မြေဒေသမှ ရရှိသော အကျိုးအမြတ်များသည် ၄င်းတို့၏ ဂျီဒီပီတိုးတက်ရန်ပါဝင်လုပ်ဆောင်မှု အတိုင်းအတာတစ်ခုထက် များစွာပို၍ တန်ဖိုးကြီး ပါသည်။
စိမ့်မြေဒေသကို ထိခိုက်စေနိုင်သည့် ကန့်သတ်ချက်များ များစွာရှိနေပါသေးသည်။ နည်းလမ်းမကျသော စိုက်ပျိုးရေးလုပ်ငန်းများသည် ကာလတိုတစ်ခုအတွက် အကျိုးစီးပွား ဖြစ်စေနိုင်သော်လည်း ထိုမှ အကျိုးဆက်အနေဖြင့် ရေ၀ပ်ဒေသ ပျက်စီးခြင်း၊ သယံ ဇာတရင်းမြစ်များ ရှားပါးလျော့နည်းလာခြင်းနှင့် လယ်ယာစိုက်ပျိုးရေး၏ မှီခိုအားထားရာဖြစ် သော ဂေဟစနစ် ပျက်စီးခြင်းတို့ ဖြစ်စေနိုင်ပြီး နောက်ဆုံးတွင် လုံးဝ ပြန်လည်ထိန်းသိမ်း၍ မရနိုင်သော အခြေအနေထိ ရောက်ရှိသွားနိုင်ပါသည်။ အဆိုပါ အခြေအနေမျိုး ဖြစ်ပါ က ရေ၀ပ်ဒေသ ပျက်စီးမှု ကြောင့် စီးပွားရေးအကျိုးအမြတ်များလည်း ဆုံးရှုံးမည်ဖြစ်ပြီး လူအများ ဆင်းရဲနွမ်းပါးလာကြရာမှ တစ်ဆင့် သယံဇာတအရင်းအမြစ်များလည်း ထိခိုက်ပျက်စီးခြင်း ဟူသော အဆိုးသံသရာတစ်ခု ဖြစ်လာနိုင်ပါသည်။ ထိုအခါ ဆင်းရဲနွမ်းပါး၍ ထိခိုက်အလွယ်ဆုံးဖြစ်သူများအနေနှင့် ဆုံးရှုံးနစ်နာမှု အများဆုံး ခံစားရမည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။
စိမ့်မြေဒေသ၊ စိုက်ပျိုးရေးနှင့် ဒေသခံပြည်သူများ
မကြာသေးခင်နှစ်များအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းဆောင်ရွက်ခြင်းမှ အကျိုးကျေးဇူးများရရှိ စေရန်အတွက် ဒေသခံပြည်သူများအား လိုအပ်လာမှုမှာ များပြားလာပြီး သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ခြင်းကြောင့် ဒေသခံများ၏ အကျိုးစီးပွား ထိခိုက်နစ်နာမှု မရှိသင့်ကြောင်း ယူဆချက်များကို တွေ့မြင်ရပါသည်။ တစ်ဖက်တွင်လည်း စိုက်ပျိုးရေးအပါအဝင် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေး၌ လူသားတို့အတွက် မရှိမဖြစ်အရေးကြီးသော ဂေဟစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအား ဧကန် ကျောထောက်နောက်ခံ ပြုရမည်ဟု လက်ခံလာသူများလည်း များပြားလာပါသည်။ သို့ရာတွင် မည်သို့သော အခြေအနေမျိုးတွင်မဆို မတူညီသော စိမ့်မြေဒေသ အသုံးချမှုများနှင့် ပြန်လည် ရရှိလာမည့် အမျိုးမျိုးသော အကျိုးကျေးဇူးတို့အား ဟန်ချက်ညီစွာ ညီတူမျှတူဖြစ်စေရန်မှာ မလွယ်ကူပေ။ ထို့ကြောင့် စိမ့်မြေဒေသကို စီမံခန့်ခွဲ အသုံးချမှု နည်းစနစ်များနှင့် ဖြစ်ပေါ်လာမည့် အကျိုး အပြစ်များကို ချိန်ကိုက်ဆန်းစစ်နိုင်ရန် လိုအပ်ပါသည်။
မကြာသေးခင်က ထုတ်ဝေထားသော "အာဖရိကတိုက်၏ ရေ၀ပ်ဒေသ စီမံခန့်ခွဲခြင်းနှင့် ရေရှည်တည်တံ့သော အသက်ရှင်ရပ်တည်မှု" ဟူသော စာအုပ်နှင့် "စိမ့်မြေဒေသနှင့် လူများ" ဟူသော အစီရင်ခံစာတို့တွင် စိမ့်မြေဒေသစိုက်ပျိုးရေး၏ ကောင်းကျိုးများနှင့် အန္တရာယ်များကို မီးမောင်းထိုး ပြသထားသည်။ ထိုသို့ ဖော်ပြရာတွင် စိမ့်မြေဒေသစီမံခန့်ခွဲမှုအတွက် ဒေသခံဗဟိုပြု ဆောင်ရွက်ခြင်း စနစ်ကို ထောက်ခံဖော်ပြထားသည်ကို တွေ့ရှိရပြီး ဒေသခံများအား မိမိတို့၏ စိမ့်မြေဒေသများကို ကိုယ်ပိုင်အမြင်ဖြင့် စီမံခန့်ခွဲခွင့်ပေးရန် အားပေးထားပါသည်။
ဒေသခံများအား စိမ့်မြေဒေသ အစီအစဉ်ရေးဆွဲခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ် ခြင်းတို့တွင် ပါဝင် ဆောင်ရွက်စေ ၍ ရေ၀ပ်ဒေသများကို အသုံးချခွင့် ပေးခြင်းတို့သည် ရေရှည်ထိန်းသိမ်းရေးအတွက် အလွန် အရေးပါပါသည်။ များသောအားဖြင့် ဒေသခံများသည် နှစ်ရာပေါင်းများစွာ လက်ဆင့်ကမ်း သိရှိလာခဲ့သော အတွေ့အကြုံများဖြင့် စိမ့်မြေဒေသများ၏ အသုံးဝင်မှုနှင့် စီမံခန့်ခွဲအသုံးပြုခြင်း အကြောင်း ကောင်းမွန်စွာ နားလည်လေ့ရှိပါသည်။ ဒေသခံများကြောင့် စိမ့်မြေဒေသများ အများဆုံးပျက်စီးရသည်ဟု ထင်ကြသော်လည်း စင်စစ်တွင် ဒေသခံများအနေနှင့် အကျိုးခံစားရပြီး တန်ဖိုးနားလည်လာလျှင် စိမ့်မြေဒေသများကို ကောင်းစွာ ထိန်းသိမ်း စောင့် ရှောက်ကြမည်သာ ဖြစ်ပြီး ထိန်းသိမ်းလာကြပြီလည်း ဖြစ်ပါသည်။
အာရှနိုင်ငံများ၌ ရမ်ဆာ ထိန်းသိမ်းရေး စိမ့်မြေဒသများ၏ ၄၈ ရာခိုင်နှုန်းကို လယ်ယာ စိုက်ပျိုးရေးအတွက် အသုံးပြုလျက် ရှိကြောင်း ခန့်မှန်းထားပါသည်။ အာဖရိကတိုက်တွင် ၆၆ ရာခိုင်နှုန်းအထိ ရှိပါသည်။ ထို့ကြောင့် စိမ့်မြေဒေသနှင့် စိုက်ပျိုးရေးတို့ကို ယှဉ်တွဲကာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သင့်သည်ဟူသော အဆိုပြုချက်မှာ သင့်တော်လှပါသည်။ ဒီအတွက် စိန်ခေါ်မှုတစ်ခုမှာ လက်ရှိမျိုးဆက်နှင့် အနာဂတ် မျိုးဆက် နှစ်ခုလုံးအတွက် အောင်မြင်သော ယှဉ်တွဲဖွံ့ဖြိုးမှုအဖြစ် ရေရှည်ရပ်တည်နိုင်ရန်ပင် ဖြစ်ပါသည်။
စိမ့်မြေဒေသနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက-
http://www.iwmi.cgiar.org/issues/wetlands/overview/ နှင့် http://www.wetlandaction.org. ဝက်ဘ်ဆိုဒ်များတွင် ဆက်လက် လေ့လာဖတ်ရှုနိုင်ပါသည်။Translated by May Myo Myint
Source Link: WLE Cigar: Addressing the wetland and agriculture conundrum